ရှဲ့လေးအား သင်ခန်းစာပေးခြင်း
Vol. 85 Ch. 1186
အချို့သော ကျင့်ကြံသူများသည် ကံကောင်းထောက်မစွာဖြင့် လက်နက်ဝိဥာဥ်များ မြင်တွေ့ခဲ့ကြဖူးသည်။
သို့သော် မွေးဖွားလာသည်နှင့် သခင်ဖြစ်သူအား ဆော်ပလော်တီးသော ဓားဝိဥာဥ်အား တစ်ကြိမ်တစ်ခါမှ မမြင်ဖူးကြပေ။
“တကယ် အံ့သြစရာပဲ။”
“ပထမက ဓားနဲ့ ကောင်းကင်ကိုပြင်တယ်။ အခုကြ ဓားဝိဥာဥ်က သူ့ကိုသမနေတယ်။ တကယ်အမြင်ကျယ်ရတယ်။ သခင်လေးအန်လင်းက တော်တော်ထူးခြားတာပဲ။”
“ဓားဝိဥာဥ်က အရမ်းချစ်စရာကောင်းတာပဲ။ ပါးလေးတွေဆို ညှစ်ချင်စရာလေး...”
“သေရမှာ မကြောက်ရင် စမ်းကြည့်ပါလား။”
နဂါးမျိုးနွယ်စုဝင်များ ဆွေးနွေးကြပြန်သည်။
စုရှောင်လန်သည် ပါးစပ်အဟောင်းသားဖြစ်ကာ အန်လင်းအား ကူညီရန် ပြင်လိုက်ပါသော်လည်း ခြေလှမ်းများ ရပ်တန့်သွားသည်။
အန်လင်းသည် အရှိန်အားထိန်းကာ သွေးဝိဥာဥ်ဆေးတစ်လုံး သောက်သုံးလိုက်၏။
သူဒေါသထွက်နေသည်။
“ဘယ်လို ဓားဝိဥာဥ်က သခင်ကို ပြန်တိုက်လို့လဲ။”
မိစ္ဆာရှင်းဓားမှာ ကလေးမလေးအနီးတွင် လှည့်ပတ်ပျံဝဲနေသည်။
သူမ အေးစက်စွာ ရယ်မောလိုက်သည်။
“ဟုတ်လား။ ဘယ်သခင်ကရော သူတို့ရဲ ဓားဝိဥာဥ်ကို အခုလို စော်ကားလို့လဲ။”
“နောက်လိုက်တဲ့ဟာကို...”
အန်လင်း မကျေနပ်သေးပေ။
“ကလေးမက လူကောင်သေးသလောက် ဒေါသမသေးဘူးပဲ။”
ကလေးမလေး ရယ်မောနေဆဲပင်။
“နင်က ငါ့အသက်ကို ငါ့ပုံစံနဲ့ ဆုံးဖြတ်နေတာလား။ နင်က တကယ်ကို မောက်မာတဲ့ အရူး၊ စိတ်မရှည်၊ လောဘကြီး၊ အရှက်မရှိတဲ့ကောင်ပဲ။”
အန်လင်း မျက်နှာပျက်သွားသည်။
“မင်းကတော့ သင်ခန်းစာပေးဖို့ လိုနေပြီပဲ။”
“လာစမ်းပါ။”
မိစ္ဆာရှင်းဓားထံမှ ဓားပုံရိပ်ကြီး ထွက်ပေါ်လာသည်။
“ငါ့လက်သီးကိုစားလိုက်...”
“ငါ့ဓားကိုစားလိုက်...”
၎င်းတို့နှစ်ဦး တပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။
ဝုန်း.... ဝုန်း..... ဝုန်း....
ဘန်း.... ဘန်း.... ဘန်း....
ဝှစ်.... ဝှစ်.... ဝှစ်..
ကြယ်စင်ကောင်းကင်ယံအောက်၌...
ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ပျံ့နှံ့နေသည်။
အန်လင်းနှင့် ဓားဝိဥာဥ်မှာ အသည်းအသန် ဆော်ပလော်တီးနေလေသည်။
နဂါးမျိုးနွယ်စုဝင်များမှာ ထိုသည်ကိုကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေမိကြသည်။
ဘာလို့ တိုက်နေကြတာလဲ....
ဘာတွေဖြစ်နေတာလဲ.....
သခင်နဲ့ ဓားဝိဥာဥ်က ဆဲဆိုပြီး သမနေကြပါလား.....
ယခုကဲ့သို့ အဖြစ်အပျက်မျိုး မည်သူကမှ မကြုံဖူးခဲ့ပေ။
နဂါးမျိုးနွယ်စုဝင်များမှာ မေးခွန်းတစ်ခုအား တွေးနေမိကြသည်။
ဒီကလေးမလေးက သခင်လေးအန်လင်းရဲ့ ဓားဝိဥာဥ်ရော ဟုတ်ရဲ့လား....
ဒါအတုပဲ ဖြစ်ရမယ်....
နဂါးမျိုးနွယ်စုဝင်များသာမက အန်လင်းကပါ ထိုသို့တွေးမိလာသည်။
၎င်းတို့၏ တိုက်ပွဲမှာ ဆယ်မိနစ်ခန့် ကြာမြင့်ခဲ့သည်။
ကလေးမလေး အသက်ပြင်းပြင်းရှူကာ လက်ခါပြလာသည်။
“ဆက်မတိုက်ချင်တော့ဘူး။ အခုမှ ဝိဥာဥ်ခန္ဓာ ရလာတာဆိုတော့ အားနည်းလွန်းနေသေးတယ်။”
အန်လင်း ကလေးမလေးထံသွားကာ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ဘန်း....
“အား....”
သူမ နာကျင်စွာ အော်ဟစ်ရင်း မြေပြင်ပေါ် ပြုတ်ကျသွားရသည်။
နဂါးမျိုးနွယ်စုဝင်များ : “.....”
“ဟမ့်.... မင်းမတိုက်ချင်တိုင်း ပြီးလိုက်လို့ ရမလား။”
အန်လင်းမှာ ကလေးမလေးအား အလွယ်တကူ လွှတ်မပေးနိုင်ပေ။
သူမသည် ဝိဥာဥ်ခန္ဓာသာ ရှိပါသော်လည်း လောကဧကရီတစ်ပါးကဲ့သို့ အလွန်ပင် မောက်မာလှသည်။
အန်လင်းမှာ ကလေးမလေးအား လက်တစ်ဖက်ဖြင့်ထိန်းကာ ကျန်တစ်ဖက်ဖြင့် မိစ္ဆာရှင်းဓားအား ဆုပ်ကိုင်လိုက်သည်။
“နင်.... နင်ဘာလုပ်ချင်လို့လဲ။”
ကလေးမလေး ကြောက်မိလာလေပြီ။
“ဟားဟားဟား ရှဲ့လေး မင်းက ဝိဥာဥ်ခန္ဓာ ရလာတာနဲ့ လုပ်ချင်တာ လုပ်လို့ရမယ် ထင်နေတာလား။”
အန်လင်း ပြုံးကာပြောလိုက်သည်။
“မင်းသခင်က ဘယ်သူလဲ မမေ့နဲ့ဦး။”
အန်လင်း၏ ဦးခေါင်းထက်တွင် ရွှေဓားငယ်တစ်လက် ပေါ်ထွက်လာကာ ကောင်းကင်နှင့်မြေပြင်အား ရွှေရောင်စွမ်းအင်လှိုင်းများ လွှမ်းခြုံသွားသည်။
“အား...”
ကလေးမလေး ပါးပြင်များ နီရဲကာ ညည်းညူနေရသည်။
ရွှေရောင်စွမ်းအင်လှိုင်းသည် ကလေးမလေးနှင့် မိစ္ဆာရှင်းဓားတို့အား စွမ်းအင်များစွာ ဖြည့်တင်းပေးလာသည်။
“အရှုံးပေးပြီလား။”
အန်လင်း မေးမြန်းလိုက်သည်။
“ဟင့်အင်း...”
ကလေးမလေးမှာ မျက်ရည်အဝဲသား ဖြစ်နေလေပြီ။
“တကယ်လား...”
အန်လင်း၏ ဦးခေါင်းထက်မှ ရွှေဓားငယ်မှာ ပိုမိုတောက်ပလာသည်။
“အား...”
ကလေးမလေး၏ ပါးပြင်များမှာ ပန်းသီးအလား နီရဲနေလေပြီ။
“တော်... တော်ပါတော့။ အဲ့အစွမ်းတွေ ထပ်မပေးနဲ့တော့။ ငါရှုံးပြီ။”
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
“အဲ့ဒါဆို ငါ့ကို သခင်လို့ခေါ်..”
“သခင်...”
ကလေးမလေးမှာ မျက်ရည်များ ဘူးသီးလုံးမျှ ကျဆင်းလာတော့သည်။
“လိမ္မာတဲ့ ကလေးမလေး...”
“မင်းကို ခေါ်နေကြအတိုင်း ရှဲ့လေးလို့ပဲ ခေါ်မယ်။”
အန်လင်း ဝမ်းသာစွာ ခေါင်းညိတ်လိုက်ပြီးနောက် ရွှေဓားငယ် ပျောက်ကွယ်သွားသည်။
“အင်း...”
ကလေးမလေး သဘောတူလိုက်သည်။
အန်လင်း ကလေးမလေးအားထူကာ ဖုန်ခါပေးလိုက်သည်။
“မင်းကတော့ သန့်သန့်ရှင်းရှင်း နေသင့်တယ်နော်။”
ရှဲ့လေး : “...”
ငါအခုလို ညစ်ပတ်နေတာ နင့်ကြောင့်ပဲလေ....
ဘာလို့ အဲ့လောက်တောင် အရှက်မရှိရတာလဲ....
နဂါးမျိုးနွယ်စုဝင်များမှာ ကြောင်တိကြောင်တောင် ဖြစ်နေကြဆဲပင်။
“ဒါ... ဒါက ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုများလား။”
“သခင်လေးအန်လင်းက ဘာလုပ်လိုက်တာလဲ။”
“ယုတ်မာလိုက်တာ။ ကလေးမလေးကိုတောင် အနိုင်ကျင့်ရက်တယ်။”
.....
စုရှောင်လန်၏ အမူအရာမှာ တည်ငြိမ်နေသည်။
သခင်နှင့် ဓားဝိဥာဥ်သည် အချင်းချင်း စော်ကားပြောဆိုကာ တိုက်ခိုက်ခဲ့ကြပြီးနောက် အဆုံးတွင် နွေးထွေးသော မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။
ထိုသည်မှာ သူမကိုယ်သူမ ဦးနှောက်ဆေးထားသော အချက်အလက်ပင်။
ရှဲ့လေး အေးစက်စွာ မေးလာသည်။
“နင်သုံးလိုက်တာ ဘာအစွမ်းလဲ။”
အန်လင်း လျှို့ဝှက်စွာ ပြုံးလိုက်သည်။
“မှန်းကြည့်လေ။”
ရှဲ့လေးမှာ အန်လင်းအား သမချင်လာရပြန်သည်။
“ရှဲ့လေး ငါကမင်းကို အစွမ်းဖြည့်ပေးတာတောင် ကျေးဇူးမတင်ဘူးလား။”
အန်လင်း ကလေးမလေးအားကြည့်ကာ ပြောလာသည်။
ရှဲ့လေးမှာ နှုတ်ခမ်းစူသွားရသည်။
အန်လင်း အနည်းငယ် စိတ်ညစ်သွားမိသည်။ မိစ္ဆာရှင်းဓားသည် ဝိဥာဥ်ခန္ဓာ ရလာသည့်တိုင် ပြောရဆိုရ လက်ပေါက်ကပ်နေမည်ဟု ထင်မထားခဲ့ပေ။
အနာဂတ်တွင် ယခုထက်ပို၍ ဆုံးမလာရနိုင်သည်။
အန်လင်းမှာ အတွေးများ ဖယ်ထုတ်ကာ ရရှိလာသော စွမ်းအင်အား လေ့လာလိုက်သည်။
မိစ္ဆာရှင်းဓားမှ ဝိဥာဥ်ခန္ဓာ ရလာပြီးနောက် သူသည် အံ့ဖွယ်လက်နက်၏ မူလစွမ်းအင်ကို ရရှိခဲ့သည်။
အံ့ဖွယ်လက်နက်၏ မူလစွမ်းအင်သည် လက်နက်များအားလုံးကို အမိန့်ပေးနိုင်၏။
လက်ရှိအချိန်တွင် သူသည် လက်နက်အား စွမ်းအင်ဖြည့်ကာ ပိုမိုကောင်းမွန်လာစေရန်သာ လုပ်နိုင်သေးသည်။
ရှဲ့လေးမှာ တိုက်ပွဲကြောင့် ပင်ပန်းနေပြီး အန်လင်းမှ ချက်ချင်းပင် အစွမ်းဖြည့်ပေးခဲ့သောကြောင့် အလွန်ပင် သက်တောင့်သက်သာ ဖြစ်သွားခဲ့ရသည်။
ထို့ကြောင့်ပင် သူမသည အရှက်ကွဲခံကာ အရှုံးပေးခဲ့ခြင်း ဖြစ်တော့သည်။