ချစ်စဖွယ် ဓားဝိဥာဥ်လေး
Vol. 85 Ch. 1187
“အန်လင်း နင်အဆင်ပြေရဲ့လား။”
စုရှောင်လန် အန်လင်းဆီ ရောက်ရှိလာသည်။
“ပြေပါတယ်။ အားလုံးနဲ့ မိတ်ဆက်ပေးရဦးမယ်။ ဒါက ငါ့ရဲ့ဓားဝိဥာဥ် ရှဲ့လေးလေ။”
အန်လင်းမှာ ကလေးမလေးအား ညွှန်ပြလိုက်သည်။
“ရှဲ့လေး... ငါ့နာမည်က စုရှောင်လန်ပါ။ အန်လင်း အနိုင်ကျင့်ရင် မမကိုပြောနော်။ သူ့ကို သေချာလေး ဆုံးမပေးမယ်။”
စုရှောင်လန် ပြုံးကာပြောလာသည်။
ရှဲ့လေး ခပ်ဖွဖွ ပြုံးလိုက်သည်။
“သိပါတယ်။ အတိတ်မေ့သွားတာမှ မဟုတ်တာ။ အားလုံးကို မှတ်မိတယ်။”
“ကောင်းတာပေါ့။ ထိကြည့်လို့ ရမလားဟင်။”
စုရှောင်လန်၏ မျက်ဝန်းများမှာ တောက်ပနေသည်။
“အမ်...”
ရှဲ့လေး ကြောင်တောင်တောင် ဖြစ်သွားရသည်။
စုရှောင်လန်သည် ဝိုင်းဝိုင်းစက်စက် ရှဲ့လေး၏ ပါးဖောင်းဖောင်းလေးများအား ဆုပ်ကိုင်နေလေပြီ။
“ဘုရားရေ အရမ်းအရမ်းကို ချစ်ဖို့ကောင်းတာပဲ။”
စုရှောင်လန်မှာ ရှဲ့လေးအား စမြင်လိုက်ရစဥ်တည်းက အူယားနေခဲ့ရခြင်းပင်။
ရှဲ့လေး၏ ပါးဖောင်းဖောင်းနှင့် ချစ်စဖွယ် ကလေးမလေး ပုံစံမှာ အသည်းယားစရာ ကောင်းလွန်းလှသည်။
ထိုသည်မှာ အန်လင်း အတွေးနှင့် အနည်းငယ်ပင် မတူညီပေ။
အန်လင်းသည် ရှဲ့လေးအားကြည့်ကာ ဓားဝိဥာဥ် မှားမွေးလာသလိုပင် ခံစားနေခဲ့ရသည်။
သူသည် ပြိုင်ဘက်ကင်း ဓားအင်မော်တယ်တစ်ပါး ဖြစ်သည်။ သူ၏ ဓားဝိဥာဥ်သည် တစ်ချက်ကြည့်ရုံမျှဖြင့် ရန်သူများအား ခြိမ်းခြောက်နိုင်သော ရက်စက်ကြမ်းကြုတ်သူ မဟုတ်လျှင်ပင် ချစ်စဖွယ် ကလေးမလေး ဖြစ်မနေသင့်ပေ။
အန်လင်းမှာ ထိုအတွေးကြောင့် စိတ်တိုသွားရသည်။
သူသည် လိုလီများအား သဘောမကျသောကြောင့် မည်သို့မှ ဝမ်းမသာနိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ အခြားသူများမှာ အလွန်ပင် တက်ကြွနေကြ၏။
“ကြည့်ပါဦး။ ဓားဝိဥာဥ်တဲ့... တစ်ခါမှ မမြင်ဖူးသေးဘူး။”
အော့ယွီထန် စိတ်လှုပ်ရှားနေသည်။
“မြင်ဖူးသမျှ ဓားဝိဥာဥ်ထဲမှာ ချစ်စရာ အကောင်းဆုံးပဲ။ စိတ်နေစိတ်ထားကလည်း တကယ်ထူးခြားတယ်။”
ရှောင်တု မှတ်ချက်ပြုလာသည်။
အန်လင်း မျက်နှာပျက်သွားသည်။
“မွေးလာတာနဲ့ သခင်ကို ထရိုက်တာကို ပြောချင်တာလား။”
“ဟားဟားဟား....”
ရှောင်တု ကသိကအောက်ဖြစ်စွာ ရယ်မောလိုက်သည်။
“အဲ့ဒါက မင်းတို့က မိသားစုတွေမို့လို့လေ။ မင်းရဲ့ စိတ်နေစိတ်ထားက ထူးခြားနေမှတော့ မင်းဓားဝိဥာဥ်က အခုလို ဖြစ်နေတာ မဆန်းပါဘူး။”
“ငါ့ဓားကရော ဘယ်တော့ဝိဥာဥ် ရှိလာမှာလဲ။”
အော့ချင်းယွီ အားကျမနာလို ဖြစ်နေမိသည်။
စကားပြောနိုင်သော လက်နက်များသည် ကိုယ်ပိုင်အသိစိတ်နှင့် အသိဉာဏ် ရှိကြသည်။ ထိုလက်နက်များသည် ရှားပါးလှပါသော်လည်း တစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေ့လာနိုင်သည်။
သို့သော် ဝိဥာဥ်ခန္ဓာရှိသော လက်နက်များသည် ထိုက်ချူကုန်းမြေ တခွင်လုံးတွင်ပင် ရေတွက်၍ရသည်အထိ ရှားပါးကာ ဒဏ္ဍာရီလာ ရတနာဟုပင် ခေါ်ဆိုနိုင်သည်။
နဂါးမင်းပိုင်နက်၏ အကြွားဘုရင်ထံတွင်ပင် ထိုကဲ့သို့ လက်နက်မျိုး မရှိပေ။
ရှဲ့လေးမှာ ချစ်စဖွယ် ကောင်းလွန်းလှသဖြင့် အပျင်းဘုရင်မ အော့ရှောင်ဝူသည်ပင် အနားရောက်လာရသည်။
“ချစ်ဖို့ကောင်းလိုက်တဲ့ ဓားဝိဥာဥ်လေးပဲ။ ငါရော ထိကြည့်လို့ ရမလား။”
ရှဲ့လေး မျက်စောင်းထိုးလာသည်။
“လစ်စမ်းပါ။”
အော့ရှောင်ဝူ : “.....”
အခြားသူများ : “......”
“ဟားဟားဟား သူ့စိတ်နေစိတ်ထားက ထူးခြားတယ်လို့ ပြောသားပဲ။”
ရှောင်တု ရယ်မောကာ အခြေအနေအား တက်ကြွစေရန် ကြိုးပမ်းလိုက်ပါသော်လည်း ပို၍ပင် ကသိကအောက် ဖြစ်သွားရသည်။
အန်လင်း ဒေါသထွက်ကာ ကလေးမလေး၏ပါးအား ဆွဲလိုက်သည်။
“မင်းမှာ ယဥ်ကျေးမှု မရှိဘူးလား။”
“ငါးပါးစပ်နဲ့ ကောင်ကများ နင့်ရဲ့ ရွံစရာ လက်တွေကို ဖယ်လိုက်နော်။”
ရှဲ့လေးမှာ စိတ်တိုနေပါသော်လည်း အလွန်ပင် ချစ်စရာကောင်းနေသည်။
အန်လင်းမှာ ရှဲ့လေး၏ ပါးပြင်များသည် အမှန်တကယ် ကိုင်ချင်စဖွယ်ကောင်းကြောင်း သိလိုက်ရသည်။
နွေးထွေးနူးညံ့ကာ ချစ်စဖွယ်ကောင်းသော ပါးဖောင်းဖောင်းလေးများမှာ ကိုင်ထားချင်စရာပင်။
အန်လင်းမှာ ရပ်ပင်မရပ်တန့်နိုင်တော့ပေ။
သူသည် အသစ်အဆန်း တစ်ခုကို တွေ့ရှိသွားသည့်အလား စိတ်လှုပ်ရှားနေမိသည်။
“ငါပြောထားသမျှ ပြန်ရုတ်သိမ်းတယ်။ မင်းလို ဓားဝိညာဉ်လေးရတာ ငါတကယ်ကံကောင်းတာပဲ။”
အန်လင်း စကားဆိုလာသည်။
ရှဲ့လေး : “....”
“ရုတ်သိမ်းချရာ မလိုပါဘူး။”
အန်လင်းမှ ပါးများကို ဖျစ်ညှစ်ထားသောကြောင့် သူမ စကားမပီ ဖြစ်နေရသည်။
“နင်က တကယ် ငကြောင်ကောင်ပဲ။”
“အမ်...”
အန်လင်း နားမလည်နိုင် ဖြစ်သွားမိသည်။
ထို့နောက် ရှဲ့လေး၏ ခန္ဓာကိုယ် တောက်ပလာကာ မိစ္ဆာရှင်းဓားထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
အန်လင်း : “......”
“ရှဲ့လေး တောင်းပန်ပါတယ်နော်။ ပါးတွေကို မကိုင်တော့ပါဘူး။ လေကောင်းလေသန့်လေး လာရှူပါလား။”
အန်လင်း မိစ္ဆာရှင်းဓားအားကိုင်ကာ တောင်းပန်လိုက်သည်။
“လစ်လိုက်တော့။”
အန်လင်း : “......”
ရှဲ့လေးသည် အမြဲလိုလို ပြောရဆိုရ ခက်လွန်းလှ၏။
အန်လင်း အနားယူရန် အုတ်ခဲနက်ပေါ် တက်လိုက်သည်။
နဂါးမျိုးနွယ်စုဝင်များမှာ အန်လင်းအား ကျေးဇူးတင်ကြောင်း ဖော်ပြလာကြသည်။
အချို့သည် မျက်နှာလို မျက်နှာရလုပ်ကာ၊ အချို့မှာ စိတ်ပူခဲ့ရကြောင်း ပြောလာသလို၊ အချို့မှာမူ လေးစားအားကျရကြောင်း ပြောလာကြသည်။ လက်ဆောင်များ ပေးလာသူများလည်း ရှိပေသည်။
အချို့မှာ အကျော်ကြားဆုံး ကျင့်ကြံသူ ဖြစ်လာခဲ့သည်။
ထိုက်ချူကုန်းမြေသို့ ပြန်ရောက်ပါကလည်း ထိုအကြောင်းများမှာ ဝက်ဝက်ကွဲဦးမည်ပင်။
အနောက်နဂါးတောနှင့် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်သည် တစ်နေရာစီခွဲကာ အနားယူကြသည်။ ယခုကဲ့သို့ တိုက်ပွဲတစ်ပွဲပင် မဖြစ်ပဲ ငြိမ်းချမ်းနေသည်မှာ ရှားပါးလွန်းလှသည်။
ကမ္ဘာပျက်ကပ်အား ကြုံခဲ့ရပြီးနောက် အားလုံးမှာ အတွေးအမြင်များ ပြောင်းလဲသွားပုံပင်။
အန်လင်းသည် မိစ္ဆာရှင်းဓားအား သိမ်းဆည်းရန် ပြင်လိုက်ပါသော်လည်း သိုလှောင်လက်စွပ်မှ လက်မခံတော့ပေ။
“မရူးစမ်းပါနဲ့။ သိုလှောင်လက်စွပ်က သက်မဲ့တွေကိုပဲ သိမ်းလို့ရတာ။ ငါက အခု ဝိဥာဥ်ခန္ဓာ ရှိနေပြီလေ။”
အေးစက်စက် စကားသံ ထွက်ပေါ်လာသည်။
“အဲ့ဒါဆို တစ်ချိန်လုံး သယ်သွားရမှာလား။”
အန်လင်း အံ့အားသင့်သွားသည်။
“ဘာလဲ။ မကြိုက်လို့လား။”
မိစ္ဆာရှင်းဓားမှာ တိုက်ခိုက်ချင်သည့်အလား တုန်ခါလာသည်။
“မဟုတ်ပါဘူး။ မင်းအထင်လွဲနေပြီ။”
အန်လင်းမှာ သိုလှောင်လက်စွပ်ထဲမှ ဓားအိမ်တစ်ခုအား ထုတ်လိုက်သည်။
ထိုသည်မှာ အနက်နှင့် ရွှေရောင် ပေါင်းစပ်ထားသော တောက်ပသည့် ဓားအိမ်တစ်ခုပင်။
မိစ္ဆာရှင်းဓားအား ဓားအိမ်ထဲထည့်ကာ ကျောဘက်တွင် လွယ်လိုက်သည်။
“နည်းနည်းတော့ ကြောင်တောင်တောင် နိုင်ပေမယ့် ဓားအင်မော်တယ်နဲ့ ပိုတူသွားတာပေါ့။”
အန်လင်း ပုခုံးတွန့်လိုက်သည်။
“ဒါနဲ့ လေးတော့လေးသားနော်။ ရှဲ့လေး မင်းဝိတ်ချသင့်တယ်။”
မိစ္ဆာရှင်းဓား : “.......”
“ဘယ်လိုလုပ်ပြီး ဝိဥာဥ်ခန္ဓာ ရလာတာလဲ။ ကောင်းကင်ကိုပြင်ရင်း ဉာဏ်အလင်း ရသွားတာလား။”
အန်လင်း မေးမြန်းလာသည်။
မိစ္ဆာရှင်းဓား တုံ့ပြန်လိုက်သည်။
“ကောင်းကင်ကို ပြင်တာက ငါ့စွမ်းရည်ထဲက တစ်ခုပဲ။ ဒီကမ္ဘာရဲ့ အစွမ်းတွေ စုပ်ယူရင်း ဝိဥာဥ်ခန္ဓာ ရလာတာ။”
“အစွမ်းတွေ စုပ်ယူတာလား။”
အန်လင်း မျက်တောင်ခတ်လိုက်သည်။
“ကမောက်ကမ ဖြစ်နေတဲ့ လောကနိယာမတွေကို ပြောတာလား။”
“ဟုတ်တယ်။”
ရှဲ့လေးမှာ ပျော်ရွှင်နေပုံရသည်။
“လောကနိယာမ တချို့ကို ကမ္ဘာက ပစ်ပယ်ထားတာလေ။ ပြောရရင် နဂါးတစ်ကောင်နဲ့ တစ်ကောင်သတ်ပြီး အစွမ်းတွေ ယူလို့ရနေတာမျိုးပေါ့။ အဲ့လောကနိယာမတွေကို ဖြတ်တောက်ပြီး ငါ့အတွက် စုပ်ယူပစ်လိုက်တာ။ အဲ့ဒါကြောင့် ဝိဥာဥ်ခန္ဓာ လုပ်လို့ရသွားတာ။”
အန်လင်း သဘောပေါက်ကာ ခေါင်းညိတ်လိုက်သည်။
“တော်တော်မိုက်တာပဲ။ နဂါးဧကရီက ကျိန်စာသင့်နေတဲ့ လောကနိယာမကနေ လွတ်မြောက်ဖို့ တစ်ဘဝလုံး ကြိုးစားခဲ့ရတာ။ နဂါးမျိုးနွယ်စု သုံးခုလုံးလည်း အဲ့ဒါကြောင့် တော်တော်ထိခိုက်ခဲ့ရတယ်။ မင်းက အဲ့လိုကြောက်စရာကောင်းတဲ့ လောကနိယာမကိုတောင် စားပစ်နိုင်မယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ။”
“အကုန်လုံးက ကံကြမ္မာပါပဲ။”
ရှဲ့လေး ရှင်းပြလာသည်။
“ကမ္ဘာပျက်ခါနီးတုန်းက ရုတ်တရတ် ဉာဏ်အလင်းရပြီး ကောင်းကင်ကို ပြင်နိုင်တယ်ဆိုတာ သိလိုက်ရတယ်။ ကောင်းကင်ကို ပြင်ပြီးတော့ လောကနိယာမတွေကိုပါ ဖြတ်တောက်ဝါးမြိုနိုင်တယ်ဆိုတာ သိလာရတာ။”
အန်လင်း လေးနက်စွာ ပြောလိုက်သည်။
“မင်းက အဲ့လောက်ကြမ်းနေတာတောင် အင်မော်တယ်လက်နက် အထွဋ်အထိပ် အဆင့်ပဲ ရှိတာလား။ အံ့ဖွယ်လက်နက်တွေတောင် မင်းကိုမှီမယ် မထင်ဘူး။ ရိုးရိုးသားသား ပြောစမ်းပါ။ မင်းက ဘယ်လိုဓားမျိုးလဲ။”
ရှဲ့လေး မကျေမနပ် ဖြစ်သွားရသည်။
“နင်လည်း စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်နဲ့တင် မိုးကြိုးကပ်ဘေးကို ထိန်းချုပ်ပြီး ဟင်းလင်းပြင်သို့အပြန် အဆင့်တွေကိုတောင် သမနေတာပဲလေ။ တာအိုပေါင်းစည်းခြင်း အဆင့်တွေတောင် နင့်လောက်မကြမ်းဘူး။ ရိုးရိုးသားသား ပြောစမ်းပါ။ နင်က ဘယ်လိုလူမျိုးလဲ။”
အန်လင်း : “......”
သူပြန်မဖြေနိုင်ပေ။
တကယ်ကို ငါတို့က မိသားစုတွေပဲ.....