ပွပေါက်ကြီး
Vol. 85 Ch. 1189
ရှောင်တုမှာ အန်လင်းနှင့် စာချုပ် ချုပ်နိုင်လိုက်သောကြောင့် အလွန်ဝမ်းသာနေမိသည်။
ထို့နောက် တစ်စုံတစ်ခု မှားယွင်းနေသလို စတင်ခံစားမိလာသည်။
“နေပါဦး။ ငါက မင်းတပည့်လုပ်ဖို့ ဘာလို့ငမ်းငမ်းတက်နေရတာလဲ။”
ရှောင်တု ကြောင်တောင်တောင် ဖြစ်သွားရသည်။
“တပည့်လေးက အမှန်တရားကိုမြင်ပြီး ဖြစ်သင့်တာကို ဆုံးဖြတ်နိုင်ခဲ့လို့လေ။”
အန်လင်း ပြုံးကာပြောလာသည်။
ရှောင်တုမှာ ရင်ဘတ်ဆင်နင်းခံရသလို ခံစားလိုက်ရသည်။
သူအသက်ပြင်းပြင်းရှူကာ စိတ်အားငြိမ်စေလိုက်သည်။
“ဆ... ဆရာ အချိန်ခဏလောက် ပေးပါလား။”
ရှောင်တုမှာ ဆရာခေါ်ရင်း ရူးတော့မလို ဖြစ်နေလေပြီ။
သူသည် နှစ်သိန်းနှင့်ချီ ရှင်သန်လာသော နဂါးအိုကြီး ဖြစ်ပါသော်လည်း နှစ်ဆယ်ကျော် လူငယ်လေးအား ဆရာဟု ခေါ်ဆိုနေရသည်။
“ကောင်းပြီလေ။ တပည့်လေး စိတ်ငြိမ်အောင် အချိန်ယူလိုက်ပါဦး။ ဆရာ့ကို ဘာပဲဖြစ်ဖြစ် ပြောပြလို့ ရတယ်နော်။ စိတ်ထဲသိမ်းထားစရာ မလိုဘူး။”
အန်လင်း ကြည်လင်စွာ ပြုံးပြလိုက်သည်။
သူသည် ဆရာတပည့် ဆက်ဆံရေးအား ရှောင်တု နေသားကျလာစေရန် စကားလုံးများအား ရွေးချယ်အသုံးပြုနေသည်။
ရှောင်တု ခေါင်းညိတ်ကာ ထိုင်ချလိုက်သည်။
အန်လင်းမှာ ဘာမှမဖြစ်ခဲ့သည့်အလား အုတ်ခဲနက်ပေါ် ပြန်သွားလေသည်။
နဂါးမျိုးနွယ်စုဝင်များမှာ မယုံကြည်နိုင် ဖြစ်နေရသည်။
သူသည် ထိပ်တန်းအဆင့် နဂါးမျိုးနွယ်စုဝင်အား မျက်စိတမှိတ်အတွင်း တပည့်တော်နိုင်ခဲ့သည်။
အော့မန်မှာ ခေါင်းကိုခါယမ်း၍ 'ပြီးသွားပြီ' ဟူသော စကားကိုသာ အထပ်ထပ်အခါခါ ရေရွတ်နေမိသည်။
“အန်လင်းက ကြောက်စရာ ကောင်းလိုက်တာ။ ရှေးဟောင်းနဂါးမျိုးနွယ်စုဝင်ကိုတပည့်အဖြစ် လက်ခံလိုက်တာတောင် ဘာမှမဖြစ်ခဲ့သလိုပဲ။”
တကယ်ကို ကြောက်စရာကောင်းတယ်....
“ငါတို့နဲ့ ဆရာ့ဆရာကြီးတွေက ဘယ်တူပါ့မလဲ။”
နဂါးမျိုးနွယ်စုဝင်များမှာ အားကျမနာလို ဖြစ်နေမိကြသည်။
အန်လင်း ရှောင်ဇယ်အား ကြည့်ရှုလာသည်။
“အရမ်းတော်တယ် ရှောင်လေး...”
ရှောင်ဇယ်မှာ ယခုကဲ့သို့ ဖြစ်လာရန် များစွာကြိုးစားပေးခဲ့သည်။
“ကျွန်တော်က အမှန်တရားကိုမြင်အောင် ပြောပြရုံပါ။”
ရှောင်ဇယ် ရိုးရိုးသားသား ပြောလိုက်သည်။
“မင်းက အတော်ဆုံး တပည့်ပဲ။”
အန်လင်း အမှန်တကယ် ဝမ်းသာနေမိသည်။
စုရှောင်လန်မှာ လေပေးဖြောင့်နေသော ဆရာတပည့် အတွဲကြောင့် ဘာမှပင် မပြောနိုင်တော့ပေ။
အချိန်မှာ ဖြည်းညင်းစွာ ကုန်ဆုံးလာနေသည်။
အန်လင်းသည် အုတ်ခဲနက်ပေါ်ထိုင်ကာ ရရှိထားသော အကျိုးအမြတ်များ တွက်ချက်နေလိုက်သည်။
သူသည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် နဂါးမျိုးနွယ်စုများထံမှ သိုလှောင်လက်စွပ် ငါးကွင်း ရရှိခဲ့သည်။ ထိုလက်စွပ်များထဲတွင် စိတ်ဝိဥာဥ်ဆေးလုံးအချို့၊ စိတ်ဝိဥာဥ်လက်နက် အချို့၊ တောက်ပသော ရတနာများနှင့် ပစ္စည်းအချို့သာ ပါရှိသောကြောင့် တန်ဖိုးရှိလှသည် မဟုတ်ပေ။
သို့သော် စိတ်ဝိဥာဥ်ကျောက်တုံး စုစုပေါင်း သုံးဆယ့်နှစ်သိန်းခန့် ရရှိခဲ့သည်။
ကျိုမာ့နှင့် ဇုစ့်တို့ထံမှလည်း သိုလှောင်လက်စွပ်များ ရခဲ့သေးသည်။
၎င်းတို့သည် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်များ ဖြစ်သောကြောင့် သူဋ္ဌေးကြီးများဟု ဆိုနိုင်ပေသည်။
“ဇုစ့်ရဲ့ သိုလှောင်လက်စွပ်ကို အရင်ကြည့်ရအောင်။”
အန်လင်း တက်ကြွစွာဖြင့် သိုလှောင်လက်စွပ်အား သန့်စင်လိုက်သည်။
အသိစိတ် ထည့်သွင်းလိုက်သည်နှင့် ရွှေရောင်တောက်တောက်များကြောင့် မျက်စိကျိန်းမတတ် ဖြစ်သွားရ၏။
“ဘာတွေလဲဟ....”
ရွှေရောင် လျှပ်စီးလုံးသည် အသက်ရှူနေသည့်အလား စည်းချက်ကျကျ တောက်ပနေသည်။ အတောက်ပဆုံး အချိန်တွင် နေမင်းသူရိန်ထက် သာလွန်ပြီး အမှေးမှိန်ဆုံး အချိန်တွင် မြင်ပင်မမြင်ရပေ။
အန်လင်းသည် လက်တဝါး အရွယ်ခန့်ရှိသော ထိုလျှပ်စီးလုံးအား ထုတ်လိုက်သည်နှင့် အနားတွင် ရှိနေသော နဂါးမျိုးနွယ်စုဝင်များ ထိတ်လန့်သွားရသည်။
“သခင်လေးအန်လင်း ငါဘယ်လိုလုပ် အိပ်ရတော့မှာလဲ။”
အော့ရှောင်ဝူ စိတ်အလိုမကျစွာ ပြောလိုက်ပြီးနောက် မျက်လုံးအားအုပ်ကာ ပြန်လှဲချလိုက်သည်။
အန်လင်းသည်လည်း တောက်ပလွန်းသော အလင်းကြောင့် ကြောင်တောင်တောင် ဖြစ်သွားရကာ နတ်ဘုရားစစ်ဆေးမှုနည်းစနစ်ကို အသက်သွင်းလိုက်သည်။
(စစ်မှန်ယန်စွမ်းအင် အံ့ဖွယ်လျှပ်စီးလုံး : နေသူရိန်စွမ်းအင်များ ပါဝင်နေသော အံ့ဖွယ်လျှပ်စီးလုံး ဖြစ်သည်။ ကိုယ်ပိုင် လျှပ်စီးအား ထည့်သွင်းကာ အဆင့်မြှင့်တင်နိုင်သည်။ အဆင့်မြင့် အင်မော်တယ်လက်နက် ဖြစ်၏။)
“သောက်ကျိုးနည်း အဆင့်မြင့် အင်မော်တယ်လက်နက်ပါလား။”
အန်လင်း မျက်ဝန်းများ တောက်ပသွားရသည်။
အင်မော်တယ်လက်နက်များသည် အဖိုးဖြတ်မရသော ရတနာများဖြစ်ကာ အဆင့်မြင့် အင်မော်တယ်လက်နက်မှာ အလွန့်အလွန် ရှားပါးသည်။ ထို့အပြင် ယခု စစ်မှန်ယန်စွမ်းအင် အံ့ဖွယ်လျှပ်စီးလုံးသည် သူနှင့်လည်း အဆင်ပြေလွန်းလှသည်။
အမှန်တကယ် ပွပေါက်တိုးသွားခြင်းပင်။
ဇုစ့်သည် ကံဆိုးကောင် သွားလေရာ မိုးလိုက်လို့ရွာသည်ထက် ဆိုးရွားခဲ့ရသည်။ သူသည် လျှပ်စီးစွမ်းအင် ပိုင်ဆိုင်ထားရုံသာမက ဝှက်ဖဲသည်လည်း လျှပ်စီးအား အားဖြည့်ပေးသော အင်မော်တယ်လက်နက် ဖြစ်နေခဲ့သောကြောင့် အန်လင်းအား ရင်ဆိုင်ရစဥ်က ထုတ်ပင်မသုံးရဲခဲ့ပေ။
အန်လင်းမှာ ဇုစ့်၏ သိုလှောင်လက်စွပ်အား ဆက်လက်စူးစမ်းနေသည်။
ချီကျောက်တုံးနှင့် စိတ်ဝိဥာဥ်ကျောက်တုံး တောင်ပုံရာပုံ ပမာဏအား မြင်လိုက်ရသောအခါ အသက်ရှူသံများပင် စူးရှသွားရသည်။
စိတ်ဝိဥာဥ်ကျောက်တုံး စုစုပေါင်း ဆယ့်နှစ်သန်းခန့် ရှိပေသည်။
“ဒီနဂါးက တကယ်ချမ်းသာတာပဲ။”
သူအခြားရတနာများကိုပါ တွက်ချက်လိုက်သည်။
အင်မော်တယ်ဆေးလုံး သုံးလုံး၊ အင်မော်တယ်သစ်သီး ငါးလုံး၊ စိတ်ဝိဥာဥ်လက်နက် အချို့နှင့် စိတ်ဝိဥာဥ်ဆေးလုံး တစ်ရာကျော် ရှိသည်။
အန်လင်း သတ်ဖြတ်ခဲ့သော ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများအနက် ဇုစ့်မှာ အချမ်းသာဆုံးပင်။
ထို့နောက် ကျိုမာ့၏ သိုလှောင်လက်စွပ်အား သန့်စင်လိုက်သည်။
ကျိုမာ့သည်လည်း သူ့အားစိတ်မပျက်စေပေ။
အင်မော်တယ်လက်နက် တစ်ခုအား တွေ့လိုက်ရသည်။
(ရေခဲနတ်ဘုရားမြှား : စစ်မှန်ယင်း အင်မော်တယ် သွေးကြောမှ ပြုလုပ်ထားသော မြှားဖြစ်သည်။ အရှိန်မှာ လျင်မြန်လွန်းလှပြီး အလယ်အလတ်အဆင့် အင်မော်တယ်လက်နက် ဖြစ်၏။)
“လုပ်ကြံသတ်ဖြတ်ရေး အင်မော်တယ်လက်နက်လည်း ရှားတာပဲ။”
အန်လင်း ခေါင်းညိတ်လိုက်သည်။
ကျိုမာ့ထံတွင် စိတ်ဝိဥာဥ်ကျောက်တုံး ကိုးသန်း ရှိပေသည်။
အင်မော်တယ်ဆေးလုံး ငါးလုံးနှင့် အင်မော်တယ်သစ်သီး ကိုးလုံးတို့လည်း ရရှိခဲ့သည်။
ထိုသည်မှာလည်း ပွပေါက်ကြီးပင်။
“နဂါးတွေက တကယ်ကို စုဆောင်းတတ်ကြတာပဲ။”
အန်လင်း ရယ်မောလိုက်သည်။
လက်ရှိအချိန်တွင် သူ၏ငွေကြေးမှာ စိတ်ဝိဥာဥ်ကျောက်တုံး သန်းတစ်ရာ့ငါးဆယ် ရှိနေလေပြီ။
အန်လင်းမှာ အလွန်အမင်း ဝမ်းသာနေမိသည်။
“ငွေတွေ အများကြီးဆိုတော့ ငါ့အတွက် အဓိပ္ပါယ်ရော ရှိပါဦးမလား။ မဟုတ်သေးဘူး။ ပိုက်ဆံဆိုတာ ပျော်ရွှင်မှုရဲ့ အရင်းအမြစ်ပဲ။”
ရှေးဟောင်းထိုက်ချူကုန်းမြေသို့ ခရီးစဥ်တလျှောက် ငွေကြေးများစွာ ရရှိခဲ့သည်။
တိုက်ခိုက်ရေးစွမ်းရည်လည်း တိုးတက်ခဲ့သည်။
မိစ္ဆာရှင်းဓားသည်လည်း ဝိဥာဥ်ခန္ဓာ ရသွားသဖြင့် ဟင်းလင်းပြင်သို့အပြန် အဆင့်သို့တက်ရန် ခြေလှမ်းတလှမ်း နီးစပ်လာလေပြီ။
အံ့ဖွယ်လက်နက်နှင့် အံ့ဖွယ်ဆေးလုံး ရရှိသည်နှင့် ဟင်းလင်းပြင်သို့အပြန်အဆင့် ဖြစ်လာပေလိမ့်မည်။
အန်လင်း စိတ်လှုပ်ရှားနေမိသည်။
ထိုအချိန်တွင် ဆင့်ခေါ်ခြင်း စွမ်းအင်များ ရုတ်တရတ် ဖြာထွက်လာသည်။
အားလုံးမှာ ရွှေရောင်အလင်းများ တောက်ပလာကြသည်။
“ရှောင်တု တပည့်လေး တူတူပြန်ကြတာပေါ့။”
အန်လင်း ပြုံးကာပြောလာသည်။
ရှောင်တု : “.....”
ရှောင်တုမှာ အန်လင်းလက်အား ကိုင်ထားလိုက်သည်နှင့် ဆင့်ခေါ်သော စွမ်းအင်အား ခံစားမိလိုက်သည်။
ထို့နောက် ၎င်းတို့အားလုံး ပျောက်ကွယ်သွားကြတော့သည်။