← Chapters

စုကျိုးအင်မော်တယ်ဂိုဏ်းနှင့် နဂါးမင်းပိုင်နက်ကြားမှရန်ငြှိုး

Vol. 85 Ch. 1190

စုကျိုးအင်မော်တယ်ဂိုဏ်းနှင့် နဂါးမင်းပိုင်နက်ကြားမှရန်ငြှိုး

Vol. 85 Ch. 1190

အရှေ့ပင်လယ်၌....

တိမ်တိုက်မည်းများ ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။

ဒဏ္ဍာရီလာသားရဲ ပါ့ရှာ သက်ပြင်းချလိုက်သည်။

“ဟူး..... ဘိုးဘေးမြေ ပျက်စီးတော့မယ်တောင် ထင်နေတာ။ မိစ္ဆာနဂါးတွေက တကယ်ရူးနေကြတာပဲ။ ဘယ်သူကများ ဘိုးဘေးမြေကို ကယ်တင်လိုက်ပါလိမ့်။ သေသေချာချာ ကျေးဇူးတင်ရမယ်။”

မိုးပြာရောင် နဂါးရုပ်ထုရှေ့ ပုံရိပ်များ တစ်ခုပြီးတစ်ခု ရောက်ရှိလာသည်။

“ဒီတစ်ခေါက် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်က အယောက်နှစ်ဆယ် ဝင်ခဲ့ပေမယ့် ဆယ့်နှစ်ယောက်ပဲ ပြန်လာနိုင်တယ်ဆိုတော့ သေဆုံးနှုန်းက စံချိန်သစ်ပဲ။”

“ဒါပေမယ့် အဆုံးသတ်ရလဒ်က မဆိုးပါဘူး။ ဘိုးဘေးမြေသာ ပျက်စီးခဲ့ရင် မျိုးနွယ်စု နှစ်ခုလုံး ဒုက္ခရောက်မှာ။ အနောက်နဂါးတောလည်း အခြေမခိုင်တော့ဘူး ဖြစ်သွားလိမ့်မယ်။ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ကတော့ ကျိန်းသေပေါက် သွားပြီပဲ။”

ဒဏ္ဍာရီလာသားရဲ ပါ့ရှာ ရုတ်တရက် အမူအရာ ပြောင်းလဲသွားသည်။

“တခြားသူပါ ရောက်လာတာလား။”

မိုးပြာရောင် နဂါးရုပ်ထုရှေ့၌....

“ဟူး.... ဒါက ထိုက်ချူကုန်းမြေလား။”

ရှောင်တု အသက်ပြင်းပြင်း ရှူလိုက်သည်။

“သက်ရှိစွမ်းအင်တွေ ပြည့်နေတဲ့ လောကတစ်ခုပဲ။ ငါသဘောကျတယ်။”

ဝုန်း....

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

လိပ်ခန္ဓာနှင့် နဂါးခေါင်းအား ပိုင်ဆိုင်ထားသော သားရဲကြီးတစ်ကောင်ကို တွေ့လိုက်ရလေသည်။

နဂါးမျိုးနွယ်စုဝင်များအားလုံး အရိုအသေ ပေးလိုက်ကြသည်။

ထိုသည်မှာ ပါ့ရှားကိုယ်ပွားပင်။

ပါ့ရှား ရှောင်တုအား ကြည့်ရှုလိုက်သည်။

“မင်းက ရှေးဟောင်းနဂါးမျိုးနွယ်စုဝင်လား။”

“ဟုတ်ပါတယ်။”

ရှောင်တု ခေါင်းညိတ်ပြလာသည်။

“ရှေးဟောင်းနဂါးတောင်ရဲ့ ရှောင်မိသားစုကပါ။ နာမည်က ရှောင်တုပါ။”

ပါ့ရှား ဝမ်းသာသွားသည်။

“ဘာတွေဖြစ်ခဲ့တာလဲ။”

အားလုံးမှာ ဖြစ်ပျက်ခဲ့သည်များအား ပါ့ရှားထံ ပြောပြကြတော့သည်။

ရှေးဟောင်းနဂါးနယ်မြေထဲ ဝင်ခွင့်မရခဲ့သူများမှာ သိလိုစိတ်ကြောင့် အနားရောက်ရှိလာကြသည်။

အဖြစ်အပျက်များမှာ လျှို့ဝှက်ထားစရာ မရှိသောကြောင့် တစ်ခုမကျန် ပြန်လည်ပြောပြကြသည်။

နဂါးဧကရီသည် ရှောင်တုအား အသုံးချကာ ပြစ်ချက်ရှိနေသော ကောင်းကင်တာအိုအား လမ်းပွင့်စေခဲ့ကြောင်း ကြားသိရသောအခါ ပါ့ရှား ကူကယ်ရာမဲ့စွာ အံ့အားသင့်သွားရသည်။

အန်လင်းသည် မိစ္ဆာရှင်းဓားဖြင့် ကောင်းကင်အားပြင်ကာ ဓားချက်တစ်ချက်တည်းဖြင့် ရှေးဟောင်းထိုက်ချူကုန်းမြေအား အဆင့်နှိမ့်ပစ်လိုက်ကြောင်း သိလိုက်ရစဥ် ပါ့ရှားကိုယ်ပွားမှာ ထိတ်လန့်ကာ ပျောက်ကွယ်တော့မလိုပင် ဖြစ်သွားခဲ့သည်။

အော့ယင်ယွီမှာလည်း အရှေ့တွင်ရှိနေသော အမျိုးသားအားကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေမိသည်။ ကျင့်ကြံရေးနှင့် ပတ်သတ်သော သူမ၏ အတွေးအမြင်များလည်း ပြောင်းပြန်လန်ခဲ့ရပြီပင်။

ဒဏ္ဍာရီလာသားရဲ ပါ့ရှာသည် အန်လင်းအား မယုံကြည်နိုင် ဖြစ်နေပြီးနောက် မိစ္ဆာရှင်းဓားအား ကြည့်ရှုလာသည်။

“မင်းရဲ့ ဓားဝိဥာဥ်ကို ကြည့်လို့ရမလား။”

ပါ့ရှာ မေးမြန်းလိုက်သည်။

အန်လင်း ဘာမှမပြောရသေးခင်မှာပင် အေးစက်စက် စကားသံ ထွက်ပေါ်လာသည်။

“လစ်စမ်းပါ။”

အန်လင်း : “.....”

ပါ့ရှာ : “....”

ကျန်ရှိနေသူများလည်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ပါ့ရှာသည် တာအိုပေါင်းစည်းခြင်းအဆင့် ဒဏ္ဍာရီလာသားရဲ ဖြစ်သည်။

အဲ့ဓားက သေချင်နေတာများလား....

“ဖွီး...”

အော့ရှောင်ဝူ မနေနိုင်ပဲ ရယ်မောလိုက်မိသည်။

သူမသည်လည်း ယခုကဲ့သို့ အော်ထုတ်ခံရဖူးသည် မဟုတ်ပါလော။

အန်လင်းသည်ပင် သွေးအန်ချင်သွားသည်။

“ရှဲ့လေး မင်းယဥ်ယဥ်ကျေးကျေး မပြောတတ်ဘူးလား။”

ပါ့ရှားသည်လည်း မထင်မှတ်ထားသော တုံ့ပြန်မှုကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားမိသည်။

ရှောင်တုမှာ အခြေအနေအား ဖြန်ဖြေရန် ကြိုးစားလိုက်သည်။

“မိစ္ဆာရှင်းဓားရဲ့ စိတ်နေစိတ်ထားက ထူးခြားတယ်လေ။ ကျွန်တော်တို့အားလုံး သူမရဲ့ လျှာစောင်းပေါ်မှာ အပြောခံရတာပါပဲ။ အန်လင်းတောင် မလွတ်ဘူးရယ်။”

ပါ့ရှာ အသိစိတ်ဝင်လာကာ လိပ်ခွံပင် တုန်ယင်သွားရသည်။

၎င်းသည် စိတ်တိုလွယ်ပါသော်လည်း ကိုယ့်ကိုယ်ကို ပြန်ထိန်းထားလိုက်ရသည်။

“ကောင်းပြီလေ။ အခုကိစ္စက နဂါးမျိုးနွယ်စုတွေအတွက် သက်ရောက်မှုကြီးတယ်။ ငါလည်းလုပ်စရာ ရှိသေးတယ်ဆိုတော့ မင်းတို့ ပြန်လို့ရပြီ။”

ပါ့ရှာသည် အားလုံးအား ပြန်သွားစေချင်ကြောင်း သိသာလှ၏။

လူတိုင်းမှာ အခြေအနေအား နားလည်နေသောကြောင့် ထွက်ခွာသွားလိုက်ကြသည်။

နဂါးမျိုးနွယ်စုဝင် အများစုမှာ အန်လင်းအား ထပ်မံကျေးဇူးတင်ခဲ့ကြသည်။ စုကျိုးအင်မော်တယ်ဂိုဏ်းနှင့် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်၏ ဆက်ဆံရေးသည်လည်း အတော်ပင် တိုးတက်သွားခဲ့သည်။

အော့မန်မှာ အတိတ်အား လက်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ အန်လင်းသည်လည်း အငြှိုးထားပုံ မရသောကြောင့် ကျေးဇူးတင်မိရသည်။ အန်လင်းသည် ဆန္ဒရှိပါက အရှေ့ပင်လယ နဂါးမင်းပိုင်နက်အား မွှေပစ်နိုင်မည့်သူပင်။

အော့မန်သည် လုံအော့ထျန်းအား အရှေ့ပင်လယ် နဂါးမင်းပိုင်နက်သို့လာရန် ကောင်းကောင်းမွန်မွန် ဖိတ်ခေါ်ခဲ့သည်။ သို့သော် လုံအော့ထျန်းသည် စုကျိုးအင်မော်တယ်ဂိုဏ်းကိုသာ ရွေးချယ်သွားလေသည်။

အရှေ့ပင်လယ် နဂါးမင်းပိုင်နက်မှ ကျင့်ကြံသူများမှာ သွေးအန်ချင်စိတ်ပင် ပေါက်သွားရသည်။

၎င်းတို့၏ အထူးချွန်ဆုံး စစ်သည်တော်အား စုကျိုးအင်မော်တယ်ဂိုဏ်းမှ မ,သွားခဲ့သည် မဟုတ်လော။

လုံအော့ထျန်းသည် အစပိုင်းတွင် တွေဝေနေပါသော်လည်း ကောင်းကင်အား ပြင်နိုင်သော အန်လင်း၏ အရည်အချင်းများအပြင် ရှောင်တုကိုပါ ထည့်တွေးလိုက်ပြီးနောက် ဆုံးဖြတ်ချက် ပြတ်သားသွားသည်။

အရှေ့ပင်လယ် နဂါးမင်းပိုင်နက်သည် စုကျိုးအင်မော်တယ်ဂိုဏ်းအား ဘယ်သောအခါမှ ယှဥ်နိုင်တော့မည် မဟုတ်ကြောင်း ၎င်းတို့အားလုံး နားလည်သွားရသည်။

“သွားရအောင်။”

အော့မန်မှာ ဆယ်ဘဝစာ အိုစာသွားသည့်ရုပ်နှင့် နဂါးအသွင်ပြောင်းကာ ပင်လယ်ထဲ ခုန်ချသွားသည်။

အခြားနဂါးများလည်း သူ၏နောက်မှ လိုက်ပါသွားလေသည်။

ယခုခရီးစဥ်တွင် ရဲဘော်ရဲဘက်များစွာ ဆုံးရှုံးလိုက်ရသောကြောင့် ၎င်းတို့အနေဖြင့် ကိုယ်ရောစိတ်ပါ အနားယူရန် လိုအပ်သည်။

အန်လင်းသည်လည်း အားလုံးကို ဦးဆောင်ကာ စုကျိုးအင်မော်တယ်ဂိုဏ်းထံ ခေါ်လာလိုက်သည်။

ပိုင်လင်သည် နွေးထွေးသော ကြိုဆိုမှုပေးရန် နန်းဆောင်သခင်များ၊ အကြီးအကဲများနှင့် တပည့်များကို စုဝေးထားခဲ့သည်။

ဂိုဏ်းချုပ်သည် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်မှ အောင်အောင်မြင်မြင် ငွေချေးလာခဲ့သောကြောင့် ကြိုဆိုသင့်သည်ပင်။

စုကျိုးအင်မော်တယ်ဂိုဏ်း အပြင်ဘက်၌....

ပိုင်လင်၊ လျှိုချင်းဟွမ်၊ ထျန်းရှီမန်နှင့် အခြားသော နန်းဆောင်သခင်များ၊ ရဲ့လင်၊ ပေလျန်ကဲ့သို့သော အဓိက တပည့်များ စုဝေးနေကြသည်။

မကြာမီပင် ဂိုဏ်းချုပ်မှာ အုတ်ခဲနက်အားစီးကာ ရောက်ရှိလာလေသည်။

“ကြိုဆိုပါတယ် ဂိုဏ်းချုပ်.... ဂိုဏ်းချုပ်ရဲ့ အရှိန်အဝါက ထာဝရ တည်တံ့ပြီး သမိုင်းတွင်မယ့် အကြောင်းအရာတွေကို မျိုးဆက်အဆက်ဆက် ကဗျာရေးဖွဲ့ သီကြူးကြပါလိမ့်မယ်။”

တပည့်များအားလုံး သံပြိုင်အော်ဟစ်လိုက်ကြသည်။

အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။

စုရှောင်လန်၊ ရှောင်ဇယ်၊ တီနာနှင့် ဘရိုင့်စ်တို့လည်း အံ့သြသွားကြသည်။

ရှောင်တုနှင့် လုံအော့ထျန်းမှာ အသက်ရှူသံများပင် ပြင်းသွားရသည်။

“ငါတို့ မိစ္ဆာဂိုဏ်းကို ဝင်မိတာလား။”

ရှောင်တု ရေရွတ်လိုက်သည်။

“မင်းဘာသိလို့လဲ။ ဒါက သူရဲကောင်းတွေကို ခရီးဦးကြိုပြုတာပဲ။ ငါတော့ သဘောကျတယ်။”

လုံအော့ထျန်း စိတ်လှုပ်ရှားနေသည်။

အန်လင်း : “....”

အန်လင်း ပိုင်လင်နားသို့ ဆင်းသွားလိုက်သည်။

“ကလေးဆန်လိုက်တာ။”

“နင်သဘောကျလား။”

ပိုင်လင် ပြုံးကာမေးလာသည်။

“အရမ်းမိုက်တယ်။”

အန်လင်း လက်မထောင်ပြလိုက်သည်။

စုရှောင်လန် : “.....”

တပည့်များ : “.....”

ဂိုဏ်းချုပ်မှာ ငြင်းဆန်မည်ဟု ထင်ထားခဲ့ပါသော်လည်း ၎င်း၏အကြိုက်မှာ ထိုမျှထူးဆန်းကြောင်း မသိခဲ့ကြပေ။

All Chapters