← Chapters

အန်လင်း၏ အံ့ဖွယ်ဆေးလုံး

Vol. 85 Ch. 1194

အန်လင်း၏ အံ့ဖွယ်ဆေးလုံး

Vol. 85 Ch. 1194

ဆေးလုံးမှာ အရိုက်ခံလိုက်ရသောကြောင့် မူးဝေသွားပုံပင်။

၎င်းသည် ခေတ္တအနားယူပြီးနောက် ချန်အယ်ထံ ပြေးဝင်လာပြန်သည်။

ဖြောင်း....

ဝုန်း.....

ဆေးလုံးမှာ သမခံလိုက်ရပြန်သည်။

“အဲ့ဆေးက နင်နဲ့တော်တော်တူတယ်။”

စကားသံတစ်ခု ထွက်ပေါ်လာသည်။

အန်လင်း လှည့်ကြည့်လိုက်သောအခါ ယွဲ့တုအား တွေ့လိုက်ရသည်။

သူကြောင်တောင်တောင် ဖြစ်သွားရသည်။

“မင်းက ဘာလာလုပ်တာလဲ။”

ယွဲ့တု မကျေမနပ် ပြောလာသည်။

“နင့်ကို မယုံလို့ စိတ်ဝိဥာဥ်ကျောက်တုံး သန်းတစ်ရာကို ကိုယ်တိုင်လာကြည့်တာ။”

“သန်းတစ်ရာ မလိုပါဘူး။”

ညင်သာသော စကားသံအား ကြားလိုက်ကြရသည်။

ချန်အယ် အန်လင်းအားကြည့်ကာ ပြုံးလိုက်သည်။

“စရံငါးသန်း ချေပြီးသားလေ။ ကိုးဆယ့်ငါးသန်းဆိုရပြီ။”

ချန်အယ်သည် ပြီးပြည့်စုံသော အနုပညာ လက်ရာတစ်ခုအလား ရင်သက်ရှုမောဖွယ် ကောင်းလွန်းလှသည်။

အန်လင်းသည်ပင် ရင်ခုန်သွားမိသည်။

“အဟမ်း... ပိုက်ဆံက ဒီမှာပါ။”

အန်လင်း သိုလှောင်လက်စွပ်မှာ တောက်ပသွားပြီးနောက် ချီကျောက်တုံးများ ထွက်ကျလာသည်။

ဝုန်း....

မြေပြင်တွင် ချီကျောက်တုံးများ စုပုံသွားရသည်။

“အများကြီးပဲ။”

ယွဲ့တု မျက်လုံးပြူးကာ မြေပြင်ပေါ် ထိုင်ချလိုက်မိသည်။

သူမ အမှန်တကယ် ရှုံးနိမ့်သွားလေပြီ။

ချန်အယ် ယွဲ့တုအားကြည့်ကာ ရယ်ချင်သွားရသည်။

ထို့နောက် ချီကျောက်တုံးများအား သိမ်းဆည်းလိုက်၏။

“အန်လင်း နင်လုပ်နိုင်မယ်လို့ မထင်ထားမိဘူး။”

ချန်အယ် အန်လင်းအား ကြည့်ရှုလာသည်။

“ဒီငွေကို အသက်နဲ့ရင်းပြီး ရှာထားရတာ။”

အန်လင်း သက်ပြင်းချလိုက်သည်။

တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်၊ အနောက်ပင်လယ်အုတ်ဂူ၊ ရှေးဟောင်းထိုက်ချူကုန်းမြေမှ နဂါးနယ်မြေ....

သူသည် ကိစ္စပေါင်းများစွာ ကြုံတွေ့ခဲ့ရသည်။

“ဘာပဲဖြစ်ဖြစ် ကတိကတော့ တည်ရမှာပဲလေ။”

အန်လင်း လေးလေးနက်နက် ပြောလာသည်။

ချန်အယ်သည် စိတ်အခြေအနေ ကောင်းနေပုံရကာ နားလည်ရလွယ်သော စကားများ ပြောနေသည်။

ထိုအချိန်တွင် ဆေးလုံးမှာ ပြေးဝင်လာပြန်သည်။

ဖြောင်း.....

ချန်အယ်မှာ သက်ညှာမှုမရှိ သမကာ ဝင်္ကပါထဲ ရိုက်ထည့်လိုက်သည်။

“ဒါက နင့်အတွက် သန့်စင်ပေးနေတဲ့ ဆေးလုံးပဲ။ ခုနစ်ဆယ် ရာခိုင်နှုန်းတော့ ပြီးနေပြီ။”

ချန်အယ် ပြုံးကာပြောလာသည်။

အန်လင်း အသက်ရှူသံများပင် မြန်လာရသည်။

“တကယ်လား။”

အန်လင်း အမှန်တကယ် ရင်နာနေမိသည်။

“ဒီလို အရိုက်ခံနေရတာ အဆင်ပြေရဲ့လား။”

“ဒါပေါ့။ အဲ့ဒါက ဆေးလုံးသန့်စင်တဲ့ နည်းတစ်မျိုးပဲလေ။”

ချန်အယ်၏လက်မှာ မှိန်ဖျော့ဖျော့ တောက်ပလာသည်။

“အံ့ဖွယ်ဆေးလုံးထဲကို တာအိုစိတ်ဆန္ဒ ထည့်သွင်းပေးရတယ်။”

အန်လင်း နားလည်သွားရသည်။ မလိမ္မာသော ကလေးအား ရင့်ကျက်လာစေရန် နာနာကလေး ရိုက်ပေးရမည်ပင်။

“ဒါနဲ့ အနီရောင်လကို တိုက်မှာမလား။”

အန်လင်း မေးမြန်းလိုက်သည်။

“ငါ့ကို စိတ်ပူနေတာလား။”

ချန်အယ် အန်လင်းအား ကြည့်ရှုလာသည်။

“ဒါပေါ့။ သူငယ်ချင်းတွေပဲကို... ကူညီနိုင်တာ ရှိလည်းပြောလေ။”

အန်လင်း လေးနက်စွာ ပြောလိုက်သည်။

ချန်အယ် ခပ်ဖွဖွ ပြုံးလိုက်သည်။

“တာအိုပေါင်းစည်းခြင်းအဆင့် တိုက်ပွဲက ထင်ထားတာနဲ့ မတူဘူး။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။ လိုအပ်တာရှိရင် ပြောမယ်။”

“ဒါက ငါလုပ်ထားတဲ့ စန္ဒာပင်လုံးကြိုင် လက်ဖက်ရည်ကြမ်းပဲ။ သောက်သွားပါဦး။”

ချန်အယ် ခုံတစ်လုံးပေါ်ထိုင်ကာ အကြမ်းရည် ငှဲ့ပေးလာသည်။

အန်လင်း ဝမ်းသာသွားရသည်။

ချန်အယ်က ပုံမှန်နဲ့ မတူပဲ အရမ်းသဘောကောင်းနေပါလား.....

“စုချန်းရန် ချန်အယ် အဆင်ပြေနေရဲ့လား။”

အန်လင်း ရုတ်တရက် စိတ်မသက်မသာဖြစ်ကာ အသံဖြင့် ဆက်သွယ်လိုက်သည်။

“အနီရောင်လ ပေါ်လာတည်းက အစ်မကြီး ချန်အယ်က အရင်ကထက် နွေးထွေးလာတာ။ တာအိုပေါင်းစည်းခြင်း အဆင့်တက်တော့မှာမို့ ပျော်နေတယ် ထင်တာပဲ။ စိတ်မပူပါနဲ့။”

စုချန်းရန် နှစ်သိမ့်ပေးလိုက်သည်။

အန်လင်း : “....”

မည်သို့ပင်ဆိုစေကာမူ အန်လင်းမှာ စိတ်မအေးနိုင်ပေ။

“စုချန်းရန်နဲ့ ရှောင်ယွဲ့လည်း လာကြလေ။”

ချန်အယ် ညင်သာစွာ ပြောလိုက်သည်။

ထို့ကြောင့် ၎င်းတို့လေးဦး အတူတကွ ထိုင်ဖြစ်သွားကြသည်။

၎င်းတို့သည် ပေါ့ပေါ့ပါးပါးသာ စကားစမြည် ပြောဆိုခဲ့ကြသည်။

ထိုက်ချူကုန်းမြေမှ သတင်းများအား ဆွေးနွေးခဲ့ကြသည်က ပို၍များသည်။ တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်တွင် နေနှစ်စင်း ထွက်ပေါ်လာခြင်း၊ ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေမှ နှင်းပျိုမဒီများနှင့် တစ္ဆေမျိုးနွယ်စုတို့၏ တိုက်ပွဲ၊ ဝိဥာဥ်ငါးကလန်နှင့် ကောင်းကင်ဘုံလိပ်မျိုးနွယ်စုတို့မဟာမိတ် ဖြစ်သွားကြခြင်း အစရှိသည်တို့ ဖြစ်သည်။

အန်လင်း ပြန်တွေးကြည့်သောအခါ ထိုက်ချူကုန်းမြေ၏ သတင်းကြီးများမှာ သူနှင့် တစ်နည်းတဖုံ ဆက်နွယ်နေကြောင်း သိလိုက်ရသည်။

စုကျိုးအင်မော်တယ်ဂိုဏ်းချုပ်မှ ကောင်းကင်ပြင်ခဲ့သော သတင်းသည်လည်း ဟိုးလေးတကျော်ကျော် ဖြစ်နေလေပြီ။

ထိုသတင်းမှာ အမျိုးအစားများစွာပင် ကွဲပြားနေပြီ ဖြစ်သည်။

သို့သော် မည်သည့်သတင်းကမှ မတိကျပေ။

နဂါးမျိုးနွယ်စု နှစ်ခုသည် ရှေးဟောင်းထိုက်ချူကုန်းမြေတွင် ဖြစ်ပျက်ခဲ့သော မိစ္ဆာနဂါးများ၏ ပြဿနာအား အတိအကျ မဖော်ပြလိုကြပေ။

မည်သို့ပင်ဆိုစေကာမူ ချန်အယ်နှင့် စုချန်းရန်သည် ရင်းနှီးနေသူများ ဖြစ်သောကြောင့် အန်လင်းမှာ အမှန်အတိုင်း ပြောပြခဲ့သည်။

ဖြောင်း....

ချန်အယ်သည် အံ့ဖွယ်ဆေးလုံးအားရိုက်ကာ မျက်မှောင်ကျုံ့လိုက်သည်။

“နင့်ဓားက ကောင်းကင်ကိုတောင် ပြင်နိုင်တယ်လား။ တကယ်အထင်ကြီးစရာပဲ။ အဲ့ဒါကြောင့် တောင်ပံနက်မျိုးနွယ်စုက အရှင်မ နွီဝါးကိုတောင် ဂရုမစိုက်ပဲ ကမ္ဘာမြေဆီ ကျူးကျော်ခဲ့တာကိုး....”

သူမ အနည်းငယ်တွေးကာ မေးလိုက်သည်။

“ငါ မိစ္ဆာရှင်းဓားကို ထိကြည့်လို့ရလား။”

အန်လင်း ကြက်သီးထလာရသည်။

ထင်မှတ်ထားသည့်အတိုင်း မိစ္ဆာရှင်းဓားမှ အော်ဟစ်လိုက်သည်။

“လစ်စမ်းပါ။”

ချန်အယ် : “....”

စုချန်းရန်နှင့် ယွဲ့တု : “....”

အန်လင်း အလျင်အမြန် ရှင်းပြလိုက်သည်။

“ဒီဓားက အရမ်းစိတ်တိုလွယ်တယ်။ စိတ်ထဲမထားပါနဲ့။”

ချန်အယ် လက်ခါပြလိုက်သည်။

“ငါကဓားကို အငြှိုးမထားပါဘူး။”

ထိုအချိန်တွင် ဆေးလုံးမှာ ပျံသန်းလာပြန်သည်။

ချန်အယ် ပြင်းထန်စွာ ရိုက်ချလိုက်သည်။

“လစ်စမ်း...”

ဖြောင်း.....

အံ့ဖွယ်ဆေးလုံးမှာ ဝင်္ကပါထဲ လွင့်သွားရသည်။

ကြောက်မက်ဖွယ် စွမ်းအားကြောင့် လနန်းတော်သည်ပင် တုန်ခါသွားရသည်။

စုချန်းရန်နှင့် ယွဲ့တုလည်း ကြောင်တောင်တောင် ဖြစ်သွားရသည်။

အန်လင်း ပါးစပ်အဟောင်းသားဖြစ်ကာ ချွေးစေးများပင် ပျံလာမိသည်။

အငြှိုးမထားရင် အဲ့လောက်ပေါက်ကွဲနေစရာလား....

အန်လင်း မကျေမနပ် ဖြစ်နေပါသော်လည်း ဆေးလုံးအားတွေးကာ ပြုံးသာပြုံးနေရသည်။

လနန်းတော်တွင် အချိန်ခဏမျှ ဆက်နေပြီးနောက် အန်လင်းမှာ ချန်အယ်အား နှုတ်ဆက်လိုက်သည်။

ထို့နောက် အံ့ဖွယ်လက်နက်အတွက် ဧကရာဇ် ဇီဝေးထံ ထွက်လာခဲ့တော့သည်။

All Chapters