← Chapters

အန်လင်း၏ ခက်ခဲကြမ်းတမ်းသော ကျင့်ကြံရေးလမ်း

Vol. 86 Ch. 1198

အန်လင်း၏ ခက်ခဲကြမ်းတမ်းသော ကျင့်ကြံရေးလမ်း

Vol. 86 Ch. 1198

အန်လင်း အမှန်တကယ် ကြောက်ရွံ့သွားမိသည်။

ကောင်းကင်နတ်မိမယ် ခုနစ်ပါးသည် သူ့ကိုပါ ၎င်းတို့နှင့်အတူ သေဖော်ညှိနေလေသည်။

“ဘာမှမဖြစ်ပါဘူး။”

ကောင်းကင်နတ်မိမယ် ထျန်းချင် အန်လင်းနားသို့ လာလိုက်သည်။

“ကောင်းကင်ဘုံခုံရုံးမှာ နင်က ပါရမီ အရှိဆုံး ကျင့်ကြံသူပဲ။ ခမည်းတော်က သတ်ရက်မှာ မဟုတ်ဘူး။”

လင်ကျွင်းကျွင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

“နင်သာ ဟင်းချက်ပေးရင် ငါတို့မှာ အကြောင်းပြချက် ရှိသွားပြီ။ အလကား စားထားမှတော့ အကြွေးပြန်ဆပ်သင့်တာပေါ့။ အဲ့လိုဆို နင့်ကို အပြစ်တင်လို့ မရတော့ဘူး။ ဟုတ်တယ်မလား။”

အန်လင်း အနည်းငယ် တွေးတောလိုက်သည်။

“ဟင်းတစ်ပွဲချင်းက စိတ်ဝိဥာဥ်ကျောက်တုံး နှစ်သိန်းဝန်းကျင် တန်တယ်။ ဆယ်နေရာစာကို ဟင်းလျာ ခုနစ်ပွဲနဲ့ လဲဖို့တန်ရဲ့လား။”

“ဒါပေါ့။ နင်က ကံတောင်ကောင်းသေးတာ။”

လင်ကျွင်းကျွင်း အန်လင်းနား တိုးကပ်သွားသည်။

“ကောင်းကင်ဘုံ မက်မွန်ပွဲတော်မှာ ပါတဲ့သူတွေက နှစ်တစ်ရာတိုင်း တစ်ခါရင့်မှည့်တဲ့ စိတ်ဝိဥာဥ်အဆင့် မက်မွန်သီး သုံးမျိုးကို ရနိုင်တယ်။ ပြီးတော့ စိတ်ဝင်စားစရာ ပြိုင်ပွဲတွေပြိုင်ပြီး နှစ်တစ်ထောင်မှတစ်ခါ ရင့်မှည့်တဲ့ အင်မော်တယ်အဆင့် မက်မွန်သီးကို ရနိုင်သေးတယ်။ နင်ဘယ်လိုထင်လဲ။”

ကောင်းကင်နတ်မိမယ် ထျန်းရှို့ စကားဆိုလာသည်။

“ကောင်းကင်ဘုံ မက်မွန်ပွဲတော်က ကောင်းကင်ဘုံခုံရုံးအတွက် ငွေရှာတဲ့ အခမ်းအနား မဟုတ်ဘူး။ ထိုက်ချူကုန်းမြေက အင်အားစုတွေစုပြီး ခင်မင်ရင်းနှီးမှုကို တည်ဆောက်တာအပြင် ကောင်းကင်ဘုံခုံရုံးရဲ့ ဂုဏ်သတင်းကို မြှင့်တင်ဖို့ပဲ။”

“နင့်လိုမျိုး မင်္ဂလာဆောင် နှစ်ခါကျင်းပတာမျိုး မဟုတ်ဘူးလေ။”

ကောင်းကင်နတ်မိမယ် ထျန်းရှို့ ရယ်မောလိုက်သည်။

အခြားသော ကောင်းကင်နတ်မိမယ်များပါ ရယ်မိလိုက်ကြသည်။

အန်လင်း မျက်ဆံလှန်လိုက်သည်။

“ကောင်းပြီလေ။ အယောက်နှစ်ဆယ်စာအတွက် ဟင်းလျာခုနစ်ပွဲ လဲကြတာပေါ့။”

“ရေး....”

ကောင်းကင်နတ်မိမယ် ခုနစ်ပါး အောင်ပွဲခံလိုက်ကြသည်။

“ဟင်းလျာခုနစ်ပွဲ ငါတို့တော့ ကောင်းချီးရတာပဲ။”

“ငွေရှာရတာထက် ပိုလွယ်တယ်။”

“စိတ်မပူပါနဲ့ အချက်အပြုတ် နတ်ဘုရား အန်လင်း အယောက်နှစ်ဆယ်စာ မရခဲ့ရင် ငါတို့ကိုယ့်ကိုယ်ကို နင့်ဆီအပ်နှံပါ့မယ်။”

.......

ကောင်းကင်နတ်မိမယ် ခုနစ်ပါးသည် အောင်ပွဲခံပြီးနောက် ထွက်ခွာသွားကြသည်။

အန်လင်းသည်လည်း ယခုမှသာ နားအေးရသည်။

ကောင်းကင်ဘုံ မက်မွန်ပွဲတော်သည် နှစ်လခန့် ကျန်နေသေးသောကြောင့် သူ့အနေဖြင့် ဟင်းချက်လက်ရာ တိုးတက်စေရန် ကြိုးပမ်းရမည်။

ချက်ပြုတ်ခြင်းတွင် ဓားကိုင်သော နည်းလမ်းနှင့် မီးတောက်အား ထိန်းချုပ်ရသည်မှာ အရေးပါလှသည်။

အန်လင်းသည် အနောက်ပင်လယ်တွင် အမဲလိုက်ခဲ့သော ပင်လယ်သတ္တဝါအားယူကာ မိစ္ဆာရှင်းဓားအား ထုတ်လိုက်သည်။

အနက်ရောင် အလင်းနှင့်အတူ ချစ်စဖွယ် ကလေးမလေး ပေါ်ထွက်လာသည်။

သူမသည် ဒေါသထွက်နေဟန်ဖြင့် အန်လင်းအား ပေစောင်းစောင်း ကြည့်နေသည်။

“ရှဲ့လေး လေကောင်းလေသန့် ရှူမလို့လား။”

အန်လင်းမှာ ဓားရေးလေ့ကျင့်ရင်း မေးလိုက်သည်။

“နင်ကငါ့ကို မီးဖိုချောင်ဓား ထင်နေလား။”

ရှဲ့လေးမှာ သတ်ဖြတ်ချင်စိတ်များပင် ပေါက်နေသည်။

အန်လင်း နဖူးထက်တွင် ရွှေဓားငယ် ပေါ်ထွက်လာကာ ရှဲ့လေး၏ ခေါင်းပေါ်လက်တစ်ဖက် တင်လိုက်သည်။

“အာ...”

ရှဲ့လေးမှာ ပါးပြင်လေးများရဲကာ မျက်ရည်အဝဲသား ဖြစ်သွားရသည်။

“ခံစားလို့ ကောင်းတယ်မလား။ ငြိမ်ငြိမ်လေး ကြည့်နေနော်။”

အန်လင်း ပြုံးကာဆက်လေ့ကျင့်နေလိုက်သည်။

“အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့။ ကောင်းကင်ဘုံခုံရုံးက နံပါတ်တစ် အချက်အပြုတ် နတ်ဘုရားရဲ့ မီးဖိုချောင်သုံးဓား ဖြစ်ရတာ ဂုဏ်တောင်ယူသင့်တယ်။”

“ဒီဟင်းလျာတွေကို စားရဖို့အရေး အင်မော်တယ်တွေ ငမ်းငမ်းတက်နေတာနော်။”

ရှဲ့လေးမှာ စူပုပ်ပုပ်ဖြင့် နားထောင်နေသည်။

အန်လင်း၏ အံ့ဖွယ်လက်နက် မူလစွမ်းအင်ဖြင့် အားဖြည့်ခံလိုက်ရပြီးနောက် ပွစိပွစိ မပြောရဲတော့ပေ။

“ကောင်းကင်ဘုံခုံရုံးက အင်မော်တယ်တွေအတွက် ငါကြိုးစားနေတာပါ။ သူတို့က ငါ့လက်ရာကို အရမ်းလွမ်းနေတာလေ။”

အန်လင်း သက်ပြင်းချလိုက်သည်။

“ငွေအတွက် လုပ်နေတာပါ။ အရှက်မရှိ သရက်စေ့ကောင်...”

ရှဲ့လေး ဝေဖန်လိုက်သည်။

“မင်းနဲ့ ငါ့မိသားစုတွေအတွက်ပဲ ငွေရှာနေရတာလေ။”

“မင်းတို့ကို ကာကွယ်နိုင်ဖို့အတွက် ငွေရှာနေတာပါ။ လိုအပ်တာတွေ ဝယ်ပေးဖို့လည်း ငွေလိုတယ်လေ။ အဲ့ဒါကြောင့် ငွေမက်တာ ရှက်စရာ မဟုတ်ပါဘူး။ အားလုံးကို ပိုကောင်းတဲ့ ပတ်ဝန်းကျင် ရှိစေချင်ရုံပါ။”

ရှဲ့လေး ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။

အန်လင်း စိတ်ကျေနပ်ကာ ခေါင်းညိတ်လိုက်ပြီးနောက် ဓားရေးလေ့ကျင့်နေလိုက်သည်။

သူသည် ဓားရေးနှင့် မီးတောက် ထိန်းချုပ်ခြင်းများအပြင် ချက်ပြုတ်ခြင်းတာအိုကိုပါ လေ့လာခဲ့သည်။ နေ့ရက်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။

သူသည် ကောင်းကင်နတ်မိမယ်များအား တစ်ပတ်လုံးလုံး ချက်ပြုတ်ပေးခဲ့ရ၏။

ရှစ်ရက်မြောက်နေ့မှသာ စားတော်ဆက်အား ပြန်ဖွင့်နိုင်ခဲ့သည်။

ထို့နောက် ဘွဲ့နှင်းသဘင် မစတင်ခင် တစ်ရက်တွင် ရင်းနှီးနေသော ပုံရိပ်တစ်ခုအား တွေ့ခဲ့ရသည်။

ထိုသူသည် အဖြူရောင်ဝတ်စုံနှင့် သွေးနီရောင် မျက်ဝန်းများ ပိုင်ဆိုင်ထားကာ ကီရင်ချိုကိုလည်း မြင်နိုင်သည်။

“စီနီယာ တုန်းဖန်းကျွမ်းရှီး မတွေ့တာကြာပြီ။”

အန်လင်း နှုတ်ဆက်လိုက်သည်။

“သခင်လေးအန်လင်းက အလုပ်များနေတာကိုး။ စုကျိုးအင်မော်တယ်ဂိုဏ်းက ပိုတိုးတက်လာတဲ့အပြင် မိုးကြိုးကပ်ဘေး အရှင်သခင်နဲ့ အချက်အပြုတ် နတ်ဘုရားဘွဲ့ကလည်း ပိုကျော်ကြားလာတယ်လေ။”

တုန်းဖန်းကျွမ်းရှီး ချီးကျူးလာသည်။

“အမှန်တွေ ပြောမနေပါနဲ့တော့။”

အန်လင်း စကားဆိုလိုက်သည်။

“ခင်ဗျားရော သတင်းကောင်း ရှိလို့လား။”

“ကျုပ်ခန္ဓာ ပြန်တည်ဆောက်လို့ ရတော့မယ်။”

တုန်းဖန်းကျွမ်းရှီး ရယ်မောလာသည်။

“မြန်လှချည်လား။”

အန်လင်း ဝမ်းသာသွားသည်။

အန်ကီရင်သည် တုန်းဖန်းကျွမ်းရှီး၏ သွေးကီရင်ကျောက်စိမ်းအား အတင်းအကြပ် ယူပစ်ခဲ့သောကြောင့် တုန်းဖန်းကျွမ်းရှီးမှာ သူ့အား မှီခိုနေခဲ့ရသည်။

ယခု တုန်းဖန်းကျွမ်းရှီးသာ ခန္ဓာပြန်တည်ဆောက်နိုင်ပါက အန်လင်းသည်လည်း အနောက်မှ လိုက်နေမည့် သက်လတ်ပိုင်းအရွယ် အမျိုးသားအား ပူနေစရာ မလိုတော့ပေ။

“အဲ့ဒါလာပြောတာလား။”

အန်လင်း ရင်ထဲထိသွားရသည်။

တုန်းဖန်းကျွမ်းရှီးသည် သူနှင့်အတူ ပျော်စရာသတင်း မျှဝေလာသည် မဟုတ်လော။

“ခန္ဓာ တည်ဆောက်ရတာက စွမ်းအင်ကုန်တယ်လေ။ အဲ့ဒါကြောင့် မင်းနားကပ်နေမှဖြစ်မှာ။ ပြောရရင် မင်းကို ပြင်းပြင်းထန်ထန် စုပ်ရလောက်တယ်။”

တုန်းဖန်းကျွမ်းရှီးမှာ မျက်ဝန်းများ တောက်ပနေသည်။

အန်လင်း : “ .....”

ယီးတဲ့မှ...

ဘာပဲဖြစ်ဖြစ် လွတ်လပ်ရေးဆိုတာ တိုက်ယူရမှာပဲ....

“လာသာစုပ်လိုက်တော့။”

“လာပြီနော်။ အား.... အိုး.... အရမ်းကောင်းတာပဲ။”

All Chapters