မိုးဖြိုဂိုဏ်း၏ စတုတ္ထမြောက် ကောင်းကင်တမာန်တော်
Vol. 86 Ch. 1200
မိုးဖြိုဂိုဏ်းလား.....
မိစ္ဆာနဂါးများ ကြောင်တောင်တောင် ဖြစ်သွားကြသည်။
နဂါးဧကရီသည်ပင် နားမလည်နိုင်ပေ။
“မိုးဖြိုဂိုဏ်းကဘာလဲ။ ငါနဲ့ဘာဆိုင်လို့လဲ။”
“တစ်ကြိမ်မှာ မေးခွန်းတစ်ခုပဲမေးလေ။ ဂိုဏ်းအကြောင်း ပြောပြမယ်။”
ချန်းချန်သည် နွေးထွေးစွာပြုံးကာ မိုးဖြိုဂိုဏ်းအကြောင်း ပြောပြလိုက်သည်။
ဘဝအတွေ့အကြုံ ရင့်သန်သော နဂါးဧကရီမှာ ကြားရသည်များကို မယုံကြည်နိုင် ဖြစ်သွားရသည်။
ကောင်းကင်တာအိုကို ဖျက်စီးမယ်..... ကောင်းကင်တာအိုကို ပြန်တည်ဆောက်မယ်.... ခန္ဓာတစ်ခုကို ကောင်းကင်တာအိုအစား သုံးမယ်ပေါ့လေ....
သောက်ကျိုးနည်း ဘာတွေလဲ.....
ရောက်ရှိလာသူ နှစ်ဦးသည် ဆရာ့ဆရာကြီးများ ဖြစ်နေသောကြောင့်သာ မဟုတ်ပါက သူမသတ်ပစ်လိုက်လောက်ပြီပင်။
“အဲ့တော့.....”
နဂါးဧကရီ မေးမြန်းလိုက်သည်။
“အဲ့ဒါ ငါနဲ့ဘာဆိုင်လို့လဲ။”
ချန်းချန် ဖြည်းညင်းစွာ ပြောလာသည်။
“ဒီကမ္ဘာက ခင်ဗျား ထင်ထားသလောက် မကောင်းဘူး။ ထိုက်ချူကုန်းမြေကလည်း ရှေးဟောင်းထိုက်ချူကုန်းမြေလိုမျိုး တဖြည်းဖြည်း ဖြစ်လာမှာ။ ကမ္ဘာအသစ်ကို ရောက်လာပြီးမှ ရှေးဟောင်းထိုက်ချူကုန်းမြေထက်ဆိုးတဲ့ အဖြစ်မျိုး မကြုံချင်ဘူးမလား။”
သူ နဂါးဧကရီအား လက်ညှိုးထိုးလိုက်သည်။
“ခင်ဗျားက ကမ္ဘာနှစ်ခုကြား လမ်းဖောက်ပြီး ရှေးဟောင်းထိုက်ချူကုန်းမြေကို ဖျက်စီးခဲ့တယ်။ ခင်ဗျားမှာ ကောင်းကင်ကို ဖျက်စီးဖို့ ပါရမီ ရှိနေပြီ။ ငါတို့ မိုးဖြိုဂိုဏ်းက မင်းကိုလိုအပ်တယ်။ ငါတို့နဲ့အတူ ကမ္ဘာကြီးကို ကယ်တင်ရအောင်။”
နဂါးဧကရီ ခေါင်းကိုက်လာရသည်။ လူငယ်လေးသည် သူမအကြောင်းများ သိနေပါသော်လည်း ကမ္ဘာကြီးအား ကယ်တင်ရန်မှာ အဓိပ္ပါယ် မရှိသည့်အပြင် အန္တရာယ် များလွန်းသလို ခံစားရသည်။
“ငြင်းလို့ရမလား။”
နဂါးဧကရီ စကားဆိုလာသည်။
“ငါက သာမန် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူပါ။ ရှေးဟောင်းထိုက်ချူကုန်းမြေထဲမှာ အံ့ဖွယ်တာအိုကို အလွန်အကျွံ သုံးလိုက်ရလို့ တာအိုပေါင်းစည်းခြင်း အဆင့်တောင် မတက်နိုင်တော့ဘူး။ နင်တို့အတွက် အသုံးဝင်မယ် မထင်ပါဘူး။”
ရွှယ်ယန်၏ လက်ညှိုးထက်တွင် သန့်စင်သော အဖြူရောင်အလင်း တောက်ပလာသည်။
“နင်စိတ်ပူတာက အဲ့ဒါဆိုရင် တာအိုပေါင်းစည်းခြင်း အဆင့်တက်လို့ရအောင် လုပ်ပေးနိုင်တယ်။”
နဂါးဧကရီ မယုံကြည်နိုင် ဖြစ်သွားရသည်။
“တကယ်လား။”
“ဒါပေါ့။”
ချန်းချန် ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။
“မိုးဖြိုဂိုဏ်းထဲဝင်ရင် လုပ်ကိုလုပ်ပေးမှာပါ။ ဒါတင်မကသေးဘူး။ ခင်ဗျားနောက်က နဂါးငါးကောင်ရဲ့ သွေးမျိုးဆက်ကိုပါ ပြန်ပြီးသန့်စင်ပေးမှာ။”
မိစ္ဆာနဂါးများ အံ့အားသင့်သွားရသည်။
သွေးမျိုးဆက်အား အသုံးချခဲ့ရသော မိစ္ဆာနဂါးများမှာ စိတ်လှုပ်ရှားကုန်သည်။
မဟာတာအိုအား မည်သူကမှ လက်မလျှော့လိုကြပေ။
နဂါးဧကရီမှာ ထင်မှတ်ထားသည်ထက် သာလွန်နေသူနှစ်ဦးအား သတိအပြည့်ဖြင့် ကြည့်ရှုလိုက်သည်။
သူမ နှုတ်ခမ်းအားကိုက်ကာ ညင်သာစွာ ပြောလိုက်သည်။
“တကယ်လို့ ငါ့မျိုးနွယ်စုသာ.....”
“သူတို့က မိုးဖြိုဂိုဏ်းထဲ ဝင်နိုင်သလို၊ သူတို့စိတ်ကြိုက်လည်း နေထိုင်သွားလာနိုင်တယ်။ ငါတို့ မိုးဖြိုဂိုဏ်းက ဘယ်သူ့ကိုမှ ဖိအားမပေးဘူး။”
ချန်းချန် တည်ငြိမ်စွာ ပြောလိုက်သည်။
“ပြီးတော့ မိုးဖြိုဂိုဏ်းကို မဝင်ချင်ရင်လည်း ငြင်းလိုက်ရုံပါပဲ။ ငါတို့ ချက်ချင်းထွက်သွားပေးမယ်။”
နဂါးဧကရီ တိတ်ဆိတ်သွားသည်။
ချန်းချန်နှင့် ရွှယ်ယန်မှာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလေသည်။
“အချိန်တစ်ရက်လောက် ပေးနိုင်မလား။”
နဂါးဧကရီ မေးမြန်းလာသည်။
“ဒါပေါ့။ အပြင်မှာ စောင့်နေပါ့မယ်။”
ချန်းချန် ခေါင်းညိတ်ကာ ရွှယ်ယန်နှင့်အတူ ပျောက်ကွယ်သွားသည်။
အချိန်တစ်ရက်မှာ မသိမသာ ကုန်ဆုံးနေသည်။
နဂါးဧကရီသည် အာဏာရှင် မဟုတ်သောကြောင့် မျိုးနွယ်စုဝင်များအား ခေါ်ဆောင်လိုက်သည်။
မိစ္ဆာနဂါးများမှာ စတင်ဆွေးနွေးလိုက်ကြသည်။
အကြီးအကဲများမှာ ၎င်းတို့အမြင်အား ဖော်ပြလာကြသည်။
နဂါးဧကရီသည်လည်း သူမ အတွေးအား ပြောပြခဲ့သည်။
နောက်တစ်နေ့၌...
နဂါးဧကရီ တုံ့ပြန်ချက် ပေးလာသည်။
“မိုးဖြိုဂိုဏ်းထဲဝင်မယ်။”
“ငါ့ရဲ့ မျိုးနွယ်စုလည်း အဲ့ဒါကို ဆန္ဒရှိတယ်။”
၎င်းတို့အတွက် ထိုက်ချူကုန်းမြေ၌ နောက်ခံအင်အား လိုအပ်သောကြောင့် မိုးဖြိုဂိုဏ်းမှာ သင့်တော်ပေသည်။
ထို့အပြင် သူမသည်လည်း ဤကမ္ဘာကြီးအား ပိုမိုကောင်းမွန်စေလိုသည်။
ချန်းချန် ခပ်ဖွဖွပြုံးကာ လက်ဆန့်ထုတ်လိုက်သည်။
“မိုးဖြိုဂိုဏ်းကနေ ကြိုဆိုပါတယ်။ မင်းက စတုတ္ထမြောက် ကောင်းကင်တမာန်တော် ဖြစ်လာလိမ့်မယ်။ တာအိုပေါင်းစည်းခြင်း အဆင့်ရောက်တာနဲ့ အဲ့ရာထူးက တရားဝင်ဖြစ်ပြီ။”
“စတုတ္ထမြောက် ကောင်းကင်တမာန်တော်လား။”
နဂါးဧကရီ ချန်းချန်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
“နင်က ဒုတိယမြောက်ဆိုတော့ သခင်မလေး ရွှယ်ယန်က တတိယလား။”
ရွှယ်ယန် ခေါင်းခါပြလာသည်။
“ငါက ဒုတိယမြောက် ကောင်းကင်တမာန်တော်ရဲ့အခြွေအရံပါ။”
“အာ....”
နဂါးဧကရီ အံ့အားသင့်သွားရသည်။
“အဲ့ဒါဆို တခြား ကောင်းကင်တမာန်တော် နှစ်ယောက်က ဘယ်သူလဲ။”
ချန်းချန် ပြုံးကာပြောလိုက်သည်။
“ပထမ ကောင်းကင်တမာန်တော်က စိုင်ရယ်တဲ့။ တတိယမြောက် ကောင်းကင်တမာန်တော်ကတော့ မိုးဖြိုဂိုဏ်းထဲ မဝင်ထားဘူး။ ဒါပေမယ့် သူ့အတွက် ဒီရာထူးကို သီးသန့်ဖယ်ထားဖို့ ဆုံးဖြတ်ခဲ့ကြတာ။”
နဂါးဧကရီ ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။ ချန်းချန်သည် သူမကိုပင် ထိုသို့သော ဖိတ်ကြားမှုမျိုး မပြုလုပ်ခဲ့ပေ။ ထိုသူမှာ မိုးဖြိုဂိုဏ်းထဲဝင်ရန် ငြင်းဆန်ခဲ့ပါသော်လည်း ရာထူးတစ်နေရာ ရထားဆဲပင်။
ဘယ်သူကများ အဲ့လောက်ထိ တန်ဖိုးထားခံရတာလဲ.....
.......
ကောင်းကင်ဘုံခုံရုံး၏ အချက်အပြုတ် နတ်ဘုရား အန်လင်း စားတော်ဆက်၌...
“ဘီလူးအန်လင်း ဘီလူးအန်လင်း ကူညီပါဦး။”
တီနာမှာ ပတ်ပြေးနေပြီး အနက်ရောင် အရိပ်မှာ အန္တရာယ် အငွေ့အသက်များနှင့်အတူ နောက်မှလိုက်နေသည်။ ထိုသည်မှာ မိစ္ဆာရှင်းဓား ဖြစ်သည်။
“ရှဲ့လေး တော်တော့နော်။”
အန်လင်းမှာ ရေခဲနတ်ဘုရားမြှားကို လေ့လာရင်း ပြောလိုက်သည်။
ရှဲ့လေး တီနာအား မျက်စောင်းထိုးလိုက်သည်။
“ငါဘာမှ မလုပ်ပါဘူး။ မိစ္ဆာရှင်းဓားက အသိစိတ် ရှိတယ်လေ။”
အန်လင်း စိတ်တိုသွားရသည်။
“မင်းက မိစ္ဆာရှင်းဓား မဟုတ်ဘူးလား။”
ရှဲ့လေး အန်လင်းအား ကြည့်ရှုလာသည်။
“ခန္ဓာကိုယ်ကို ထိန်းချုပ်မရတာ မဖြစ်ဖူးဘူးလား။ အခုက မိစ္ဆာရှင်းဓားကိုယ်တိုင် လုပ်နေတာပဲ။”
အန်လင်း : “....”
သူဘာမှမပြောနိုင်တော့ပေ။
မကြာမီတွင် မိစ္ဆာရှင်းဓား ငြိမ်သက်သွားသည်။
၎င်းသည် လိမ္မာသော အိမ်မွေးတိရစ္ဆာန်လေးအလား ရှဲ့လေးဘေးသို့ ရောက်လာသည်။
တီနာ အသက်ပြင်းပြင်းရှူကာ အန်လင်း ပုခုံးပေါ် နားလိုက်သည်။
“ဟူး.... ဘီလူးအန်လင်း နင့်ဓားက ဘာဖြစ်နေတာလဲ။”
တီနာ မကျေနပ်ပေ။
“ရှဲ့လေးကို မေးကြည့်လေ။”
အန်လင်းမှာ ရေခဲနတ်ဘုရားမြှားကိုကိုင်ရင်း ယင်းနတ်ဘုရားကျင့်စဥ်ကို အသုံးပြုလိုက်သောအခါ အတူတကွ ပေါင်းစည်းနိုင်သည်ကို တွေ့လိုက်ရသည်။
တီနာမှာ အေးစက်စက် ရှဲ့လေးအားကြည့်ကာ စိတ်တိုနေမိသည်။
“ထားလိုက်ပါတော့။ အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာမှာ သူပုန်တွေ ရှိနေပြီလို့ လာပြောတာ။”
အန်လင်း ထိတ်လန့်သွားရသည်။
“ဘာ... ပုန်ကန်ထကြွတာလား။”