ဂီတအင်မော်တယ်၏စွမ်းအား
Vol. 86 Ch. 1203
“ဘယ်လိုလုပ် သေမျိုးလူသား တစ်ယောက်က ဒီလိုလုပ်နိုင်တာလဲ။”
အန်လင်း မယုံကြည်နိုင်ပေ။
ရှီယန်းဇယ်မှာ ပရိသတ်များအား ဝေ့ယမ်းကာ နှုတ်ဆက်နေသည်။
“အားလုံးပဲ မတွေ့ရတာ ကြာပြီနော်။ နောက်ထပ် ဘာသီချင်း နားထောင်ချင်ကြလဲ။ ပြောပြပေးကြပါဦး။ မဲအများဆုံး သီချင်းကို ဆိုပေးမှာပါ။”
ရှီယန်းဇယ် ပြုံးကာပြောလာသည်။
ပရိသတ်များမှာ သီချင်းနာမည်များ အော်ဟစ်လာကြသည်။
ဆယ်စက္ကန့် ကြာပြီးနောက်...
“သုံးထောင့် ခုနစ်ရာ ရှစ်ဆယ့်နှစ်မဲနဲ့ အချစ်ဦးခံစားချက်ကို ဖျော်ဖြေပေးပါ့မယ်။”
ရှီယန်းဇယ်၏ အဝတ်အစားမှာ အဖြူရောင် မင်းသမီးဝတ်စုံအဖြစ် ပြောင်းလဲသွားသည်။ အနီရောင်ဆံနွယ်များနှင့် တစ်ပတ်လှည့်လိုက်သောအခါ ကြာပန်းဖြူလေးဟုပင် ထင်မှတ်ရလေသည်။
သံစဥ်မှာ စတင်လွင့်မြောလာသည်။
အန်လင်း တီနာအား ကြည့်ရှုလိုက်သည်။
“သူမက သေမျိုးလူသားဆို....”
သေမျိုးလူသား တစ်ဦးသည် လူတစ်သိန်းကျော်၏ အော်ဟစ်သံများအား ခွဲခြားစိပ်ဖြာနိုင်မည် မဟုတ်ပေ။ အနိမ့်ဆုံး ၎င်း၏ အံ့ဖွယ်အာရုံမှာ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်မျှ ရှိရပေလိမ့်မည်။
“အဲ့ဒါက ကွမ်တမ်အသံလှိုင်းဖြစ်စဥ်လို့ခေါ်တဲ့ နည်းပညာ တစ်မျိုးပဲ။”
တီနာမှာ ရှီယန်းဇယ်၏ နားကြပ်များကို လက်ညှိုးထိုးပြလာသည်။
“အဲ့မှာ လုပ်ဆောင်ချက်တွေ အများကြီးပါတယ်။”
အန်လင်း ကြောင်တောင်တောင် ဖြစ်နေဆဲပင်။
အချစ်ဦးခံစားချက် သီချင်းသည် အမှန်တကယ်ပင် အချစ်ဦး ခံစားချက်များကို ရရှိစေသည်။ ထိုသည်မှာလည်း သီချင်းနောက်ကွယ်မှ စိတ်ဆန္ဒနယ်ပယ်ကြောင့် ဖြစ်၏။
သီချင်းပြီးဆုံးသွားပြီးနောက် အားပေးသံများ ဆူညံသွားသည်။
အန်လင်းနှင့် တီနာမှာလည်း ရင်ခုန်သံများ မြန်နေသောကြောင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။
“အထင်ကြီးစရာ ကောင်းတယ်မလား။”
တီနာ ခပ်ဖွဖွ ပြုံးလိုက်သည်။
“သေမျိုးလူသားက ဒါကိုလုပ်နိုင်တာလား။”
အန်လင်းမှာ အသိဉာဏ်များ မှားနေသလို ခံစားရသည်။
တီနာ ပြုံးကာပြောလာသည်။
“သေမျိုးလူသား ဖြစ်တာနဲ့ပဲ သာမန်ဆန်နေစရာ မလိုပါဘူး။ သူတို့လည်း တောက်ပနိုင်ပါတယ်။”
“ရှီယန်းဇယ်က သူမ စိတ်ဝိဥာဥ်နဲ့ လွှမ်းမိုးနေတာလေ။ အဲ့ဒါက အားကောင်းတဲ့ သိစိတ်အာရုံ မလိုဘူး။ သူမက စိတ်ဝိဥာဥ်နဲ့ ဉာဏ်အလင်းရအောင် လုပ်ပေးတာ။”
“နှစ်ရာချီ ကျင့်ကြံလာတဲ့ ကျင့်ကြံသူ တစ်ယောက်က လမ်းမှားရောက်နိုင်တယ်။ ဒါမှမဟုတ် လမ်းပျောက်သွားနိုင်တယ်။ အဲ့လိုအချိန်မှာ သေမျိုးဘဝကို တောင့်တမိကြမှာပဲ။”
တီနာ စင်မြင့်ပေါ်မှ မိန်းမငယ်အား ကြည့်ရှုလိုက်သည်။
“ရှီယန်းဇယ်ရဲ့ စိတ်ဝိဥာဥ် လွှမ်းမိုးနိုင်စွမ်းက တခြားနာမည်ကြီးတွေထက် သာတယ်။ သူမက အမှောင်ထုထဲက မီးအိမ်လေးပဲ။ ပြီးတော့ နှလုံးအိမ်ပေါ်က အညစ်အကြေးတွေ ဖယ်ရှားပေးမယ့် မိုးစက်ပေါ့။”
အန်လင်းမှာ မိန်းမငယ်လေးအားကြည့်ကာ ချီးကျူးလိုက်သည်။
“သူမက အဆိုတော်ထက်စာရင် သမားတော်လိုပဲ။ လူတစ်သိန်းကျော်ကို တစ်ခါတည်း ကုစားပေးနိုင်တယ်။ ကျင့်ကြံသူရော၊ သေမျိုးတွေပါ အကျိုးကျေးဇူး ရစေတယ်လေ။”
“ပြီးတော့ အတွေ့အကြုံကလည်း တကယ်ပျော်စရာကောင်းတယ်။”
တီနာ စကားဆိုလာသည်။
“နာမည်ကြီးတွေက ဘာလို့လေးစားခံရလဲ သိပြီလား။ တစ်ခါတလေကြရင် ကျင့်ကြံသူတွေထက်တောင် လေးစားခံရတယ်။ ဒါပေမယ့် အောင်မြင်တဲ့ နာမည်ကျော် ဖြစ်လာဖို့လည်း မလွယ်ဘူး။”
“သူမ စိတ်ဝိဥာဥ်က ငါ့ကိုတောင် လွှမ်းမိုးနိုင်တဲ့ စိတ်ဆန္ဒနယ်ပယ်ကို ဘယ်လိုလုပ်နိုင်တာလဲ။”
ကမ္ဘာမြေနှင့် ကိုးပြည်ထောင်တွင် ထိုသို့လုပ်ဆောင်နိုင်သော သေမျိုးမရှိပေ။
တီနာ အသံချဲ့စက်များအား ညွှန်ပြလိုက်သည်။
“အဲ့ဒါက အာဒမ်နဲ့ဧဝရဲ့ ကိုးယောက်မြောက်သား ဆဒ် တီထွင်ထားတဲ့ စိတ်ဝိဥာဥ်အတွေးပဲ့တင်သံနည်းစနစ်လေ။”
အန်လင်း ငေးကြောင်သွားရသည်။
“တကယ်တော်တဲ့သူပဲ။”
တီနာလည်း တစ်စုံတစ်ခု တွေးမိကာ ရယ်မောလိုက်သည်။
“အာဒမ်နဲ့ဧဝက နတ်ဖတ်တဲ့ဖူးစာဆို ဆဒ်ကလည်း ကောင်းကင်ဘုံက သတ်မှတ်ထားတဲ့ FAဖြစ်မယ်။ သူ့ညီအစ်ကို မောင်နှမတွေအကုန် အိမ်ထောင်ရက်သား ကျသွားပေမယ့် သူကတော့ FAဖြစ်နေတုန်းပဲ။”
အန်လင်းလည်း ထိုသည်ကို ထောက်ခံလိုက်သည်။
“ဒါကတော့ FA တွေရဲ့ အစွမ်းပေါ့လေ။”
“ခေတ်တွေပြောင်းသွားတာတောင် သူကတော့ သိပ္ပံပညာကိုပဲ ချစ်နေတုန်း...”
တီနာ စကားဆိုလိုက်သည်။
“သူက ဒါအတွက် မွေးဖွားလာတာပဲ။”
အန်လင်း သုံးသပ်လိုက်သည်။
“သိပ္ပံသုတေသနတွေကပဲ သူ့ကိုပျော်ရွှင်စေတာ ဖြစ်မယ်။”
၎င်းတို့မှာ ဖျော်ဖြေပွဲ အစအဆုံး ထိုင်ကြည့်ခဲ့ကြသည်။
အချိန်တစ်ခုမျှ ကြာပြီးနောက် ဖျော်ဖြေပွဲ ပြီးဆုံးသွားသည်။
ရှီယန်းဇယ်သည် နားနေခန်းတွင် ချွေးများဖြင့် အနားယူရင်း ဧဒင်ဥယျာဥ်တော်ထဲမှ ပန်းသီးဖျော်ရည်အား သောက်သုံးလိုက်သည်။
“ဟူး... ပင်ပန်းလိုက်တာ။”
သူမ ပျင်းရိစွာ ရေရွတ်လိုက်သည်။
ဒေါက်...ဒေါက်....
ရုတ်တရတ် တံခါးခေါက်သံ ထွက်ပေါ်လာသည်။
“ဘယ်သူလဲ။”
ရှီယန်းဇယ် အနည်းငယ် စိတ်တိုသွားပါသော်လည်း တံခါးသွားဖွင့်ပေးလိုက်၏။
သူမ မရင်းနှီးသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
“မင်္ဂလာပါ ရှီယန်းဇယ်..”
ထိုသူမှ နွေးထွေးစွာ နှုတ်ဆက်လာသည်။
“ဝါး.... ဘယ်... ဘယ်သူလဲ။”
ရှီယန်းဇယ် ဖြူဖျော့သွားရသည်။
“မလန့်ပါနဲ့ ငါကမင်းပရိသတ် အန်လင်းပါ။”
ထိုအမျိုးသား ရှင်းပြလိုက်သည်။
“အော် ပရိသတ်လား။”
ရှီယန်းဇယ် နှုတ်ခမ်းအား ဖိကိုက်လိုက်သည်။
“အစောင့်တွေ ဘာလုပ်နေတာလဲ။ ငါ့နားမကပ်နဲ့နော်။ လျှပ်စစ်နဲ့ ထိုးပစ်မှာ။”
အန်လင်း : “....”
ပရိသတ်ဟု ပြောလိုက်ပါသော်လည်း သူမမှာ ကြောက်ရွံ့နေပုံသာပေါ်သည်။
ရှီယန်းဇယ်သည် ထိတ်လန့်နေသော သမင်မလေးအလား အခန်းထောင့်သို့ကပ်ကာ လူခေါ်ရန် ပြင်လိုက်သည်။
အန်လင်းမှာ တံခါးဝတွင် ကြောင်တောင်တောင် ရပ်နေမိ၏။ ထိုအချိန်တွင် ရှီယန်းဇယ်၏ မျက်ဝန်းများ တောက်ပလာသည်။
“နေပါဦး နင့်ကို မြင်ဖူးသလိုပဲ။”
ရှီယန်းဇယ် အသက်ရှူသံများပင် မြန်လာသည်။
“အန်လင်းလို့ ပြောလိုက်တာမလား။”
အန်လင်း ခေါင်းညိတ်ပြလာသည်။
“တမာန်တော် အန်လင်းလား။”
ရှီယန်းဇယ် မျက်လုံးပြူးသွားသည်။
အန်လင်း အတည်ပြုလိုက်သည်။
“ဟုတ်တယ်လေ။”
ရှီယန်းဇယ် ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။
“အား....”
အန်လင်းမှာ ရုတ်ချည်းအော်ဟစ်သံကြောင့် လန့်သွားရသည်။
“ဘုရားရေ တမာန်တော် အန်လင်းနဲ့ တူတယ်ထင်နေတာ။ တကယ်ဖြစ်နေတာပဲ။”
ရှီယန်းဇယ် စိတ်လှုပ်ရှားသွားသည်။
“ကျွန်မက ရှင့်ပရိသတ် အကြီးစားပါ။ လက်မှတ်လေး ရနိုင်မလား။”
ရှီယန်းဇယ် တောင်းဆိုလာသည်။
“တိုက်ဆိုင်လိုက်တာ။ ငါလည်း လက်မှတ်လာတောင်းတာပဲ။”
အန်လင်း တုံ့ပြန်လိုက်သည်။
အခန်းမှာ တိတ်ဆိတ်သွားလေသည်။
ရှီယန်းဇယ်မှာ ရင်ဘတ်အား လက်ဖြင့်ဖိထားလိုက်ရသည်။
“တမာန်တော် အန်လင်းက ကျွန်မလက်မှတ် လိုချင်တယ်တဲ့လား။ အိပ်မက်မက်နေတာများလား။”
“မဟုတ်ပါဘူး။ မင်းသီချင်းဆိုတာ အရမ်းကောင်းတယ်လေ။ လက်မှတ်ကို နှစ်ခုထိုးပေးနော်။”
၎င်းတို့မှာ လက်မှတ်များ လဲလိုက်ကြသည်။
အန်လင်းသည် ရှီယန်းဇယ်အား အသက်ရှည်စေမည့် အဆင့်နိမ့် စိတ်ဝိဥာဥ်သစ်သီးကိုပါ လက်ဆောင်ပေးခဲ့သည်။
ကောင်းကင်ထက်တွင် လစန္ဒာ ထိန်ထိန်သာနေသည်။
အန်လင်းနှင့် တီနာမှာ လက်မှတ်များအား ထုတ်ကြည့်နေကြသည်။
“လက်မှတ်တောင် လှတယ်နော်။”
အန်လင်း ချီးကျူးလိုက်သည်။
“ဒီညက ပျော်စရာပဲ။”
တီနာ ဝမ်းသာနေသည်။
“အခု ဘာလုပ်ကြမလဲ။”
အန်လင်း မေးဖျားကိုပွတ်ကာ မေးလိုက်သည်။
“နေပါဦး။ ငါတို့က ဘာလာလုပ်တာလဲ။”
နှစ်ဦးလုံး ငြိမ်သက်သွားသည်။
တီနာနှင့် အန်လင်းမှာ တစ်ဦးကိုတစ်ဦး ကြည့်မိလိုက်ကြသည်။
“လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုက ပုန်ကန်နေတာလေ။”
တီနာ စကားဆိုလာသည်။
အန်လင်း အမူအရာ ပြောင်းလဲသွားသည်။
“အဲ့ကို သွားကြတာပေါ့။”
၎င်းတို့မှာ လုပ်စရာ အလုပ်ကိုပင် မေ့လျော့နေခဲ့ကြသည်။
တီနာသည် အန်လင်းအားခေါ်ကာ လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စု ပိုင်နက်ထံ သွားလိုက်တော့သည်။