သတိပေး ရွှေရောင်မီးတောက်
Vol. 86 Ch. 1205
လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုများ ထိတ်လန့်သွားကြသည်။
ရွှေရောင်မီးတောက်သည် အစိုင်အခဲ မဟုတ်ပါသော်လည်း အမှန်တကယ် တည်ရှိနေသည်။
“အား.... ဘာလုပ်လိုက်တာလဲ။”
လဟာပြင်စိတ်ဝိဥာဥ်ဘုရင် အော်ဟစ်လိုက်သည်။
အန်လင်းမှာ နတ်ဘုရား တစ်ပါးအလား ကောင်းကင်ထက်သို့ တက်သွားသည်။
“မင်းတို့ကို မဟာအပြစ်ဒဏ် ပေးလိုက်တာလေ။ မင်းတို့သာ နောင်တရပြီး အပြစ်ကြွေးကို ပေးဆပ်ရင် မီးတောက်လည်း ပျောက်ကွယ်သွားလိမ့်မယ်။ အဲ့လို မဟုတ်ရင်တော့....”
အန်လင်း ဖြည်းညင်းစွာ ပျောက်ကွယ်သွားတော့သည်။
“မဟုတ်ရင် ဘာဖြစ်မှာလဲ။”
လဟာပြင်စိတ်ဝိဥာဥ်ဘုရင် ထိတ်လန့်နေသည်။
လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စု တစ်ခုလုံးလည်း အော်ဟစ်နေလေပြီ။
“ဘုရားရေ မဟုတ်ရင် ဘာတွေဖြစ်လာမှာလဲ။”
“မပြောပြပဲ မနေပါနဲ့။”
“တမာန်တော် အန်လင်း ပြန်လာခဲ့ပါဦး။”
“အား ငါတော့ OCDနဲ့ သေမှာပဲ။”
......
တမာန်တော် အန်လင်းမှာ စကားဆုံးအောင် မပြောခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စု တစ်ခုလုံး ကြောက်ရွံ့ကုန်ကြသည်။
မကြာမီပင် အဓိကမြို့တော် အပြင်ဘက်တွင် ရှိနေသော လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုဝင်များမှာလည်း တမာန်တော် အန်လင်းအကြောင်း သိရှိသွားရသည်။
လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုဝင်များ အားလုံး၏ နှလုံးအိမ်တွင် ရွှေရောင်မီးတောက်များ ရှိနေလေပြီ။ ထိုသည်မှာ အရေးကြီးသော ကိစ္စဖြစ်သောကြောင့် မျိုးနွယ်စု တစ်ခုလုံးမှာ ဖြစ်ပျက်ခဲ့သည်များအား အလျင်အမြန် သိရှိသွားကြသည်။
တီနာနှင့် အန်လင်းမှာ ၎င်းတို့အား တိတ်တဆိတ် ကြည့်ရှုနေခဲ့သည်။
“အဲ့ရွှေရောင်မီးတောက်က ဘာလဲ။ မျိုးနွယ်စု တစ်ခုလုံးကို နှောင့်ယှက်တာ မကောင်းဘူးဆို....”
အန်လင်း မေးမြန်းလိုက်သည်။
သူသည်ပင် ရွှေရောင်မီးတောက်အား မသိသေးပေ။
“မျိုးနွယ်စုကို မနှောင့်ယှက်ပါဘူး။ အဲ့ရွှေရောင်မီးတောက်က စိတ်အဆင်မပြေ ဖြစ်လောက်တာကလွဲရင် လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုကို ဘာမှဖြစ်စေမှာ မဟုတ်ဘူး။”
တီနာ ပြုံးကာပြောလာသည်။
“တကယ်ရော အလုပ်ဖြစ်ပါ့မလား။”
အန်လင်း ကြောင်တောင်တောင် ဖြစ်နေမိသည်။
“ဖြစ်တာပေါ့။ ရွှေရောင်မီးတောက်ကိုမြင်တိုင်း သူတို့လုပ်ရပ်တွေကို ပြန်တွေးနေမိမှာလေ။ အဲ့ဒါက သူတို့ကို အဆက်မပြတ် သတိပေးနေမယ့် ကြေးမုံတစ်ချပ်လိုပဲ။ အချိန်ကြာလာတာနဲ့အမျှ အကျိုးသက်ရောက်မှု ပိုရှိလာလိမ့်မယ်။”
တီနာ၏ မျက်ဝန်းများမှာ တောက်ပနေသည်။
“အတိတ်က အမှားတွေကို ပြန်ပြင်ရမယ်။ တဖြည်းဖြည်းချင်းပေါ့။”
သူမသည် ဉာဏ်ရည်မြင့် မျိုးနွယ်စုများအား ဖျက်စီးရန် ဝိဥာဥ်ဝါးမြိုသားရဲများ ဖန်ဆင်းခဲ့ဖူးသည်။ ဆင့်ကဲပြောင်းလဲလာသော လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုသည် ၎င်းတို့၏ ဘိုးဘေးများထံမှ တာဝန်ဝတ္တရားအား လက်လွှဲယူထားသောကြောင့် အဆင်မပြေ ဖြစ်ရသည်။ ထို့ကြောင့် လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုအားထိန်းကာ သူမ မှားခဲ့သော အရာအား အမှန်ပြင်ရမည်ပင်။
ထို့နောက် အန်လင်းနှင့် တီနာတို့ အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာမှ ထွက်လာခဲ့ကြသည်။
ယခုပြင် ယခုဖြစ်လာမည် မဟုတ်သောကြောင့် အချိန်အတိုင်းအတာ တစ်ခုမျှ ကြာမြင့်ဦးမည်ပင်။
......
ကောင်းကင်ထက်တွင် တွဲလဲခိုနေသော နေမင်းမှာ တောက်ပသော အလင်းရောင်များ ဖြန့်ကျက်ပေးနေသည်။
ရောင်စုံအမျှင်တန်းလေးများမှာ သစ်ပင်များတွင် ချိတ်ဆွဲနေပြီး လေနှင့်အတူ ကခုန်နေ၏။
စာသင်နှစ်အသစ်သို့ ရောက်ရှိခဲ့ပြန်လေပြီ။
ကိုးပြည်ထောင်နှင့် ထိုက်ချူကုန်းမြေ တစ်ခုလုံးမှ ပါရမီရှင်များမှာ စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်သို့ ရောက်ရှိလာခဲ့ကြသည်။
ဒုကျောင်းအုပ် ယွီဟွားမှာ ကျောင်းသားသစ် စာရင်းအားကြည့်ကာ ပြုံးလိုက်သည်။
“ဟားဟားဟား မနှစ်ကထက် ပိုကောင်းတာပဲ။ စိတ်ဝိဥာဥ်ပျိုးထောင်ခြင်းအဆင့် သုံးယောက်နဲ့ အဆင့်မြင့် တာအိုခန္ဓာ ကျင့်ကြံသူ ရှစ်ဆယ်ရာခိုင်နှုန်းကျော်တောင် ရှိတယ်။ နတ်ဘုရားတွေက ကောင်းကင်ဘုံခုံရုံးကို ကောင်းချီးပေးနေတာပဲ။”
“ဟုတ်တယ်။”
မြေကမ္ဘာအင်မော်တယ် ယွဲ့ရင် မျက်ဆံလှန်လိုက်သည်။
“အားလုံးက အန်လင်းကြောင့် လာကြတာလေ။ ထိုက်ချူကုန်းမြေရဲ့ ဒဏ္ဍာရီလာ သူရဲကောင်းကြီးကို မြင်ချင်နေကြတာ။ သူတို့တွေ ကျောင်းပြီးသွားရင်တော့ စုကျိုးအင်မော်တယ်ဂိုဏ်းဆီ အလုအယက် ဝင်ကြမှာ သေချာတယ်။”
ဒုကျောင်းအုပ် ယွီဟွား စကားဆိုလာသည်။
“စုကျိုးအင်မော်တယ်ဂိုဏ်းက လူအများကြီး လက်မခံနိုင်လောက်ဘူး။”
မြေကမ္ဘာအင်မော်တယ် ယွဲ့ရင် ပြုံးကာပြောလိုက်သည်။
“ဒါပေါ့။ ကောင်းကင်ဘုံခုံရုံးက သူတို့ ငြင်းကျန်တွေကို လက်ခံလိုက်ရုံပဲလေ။”
ဒုကျောင်းအုပ် ယွီဟွား : “....”
“ဟူး..... ငါ့ခံစားချက်ကောင်းလေး ပျက်သွားရပြီ။”
ဒုကျောင်းအုပ် ယွီဟွား လှဲချလိုက်သည်။
“လျှိုချင်းဟွမ်၊ ထျန်းရှီမန်၊ ရွှမ်းယွမ်ချန်၊ စုချန်းရန်၊ စုရှောင်လန်၊ ယောင်မင်ရှီ၊ ယောင်ရှိုး.... သူတို့အားလုံး စုကျိုးအင်မော်တယ်ဂိုဏ်းဆီ ရောက်သွားတယ်။ မသိရင် ငါတို့ ကျောင်းတော်က သူတို့အတွက် လေ့ကျင့်ရေးကွင်းကြီးလိုပဲ။”
ဒုကျောင်းအုပ် ယွီဟွား ဝမ်းနည်းသွားရသည်။
“ဘာမှမဖြစ်ပါဘူး။”
မြေကမ္ဘာအင်မော်တယ် ယွဲ့ရင် ခပ်ဖွဖွ ပြုံးလိုက်သည်။
“တခြားသူဆိုရင် အဆင်မပြေလောက်ပေမယ့် စုကျိုးအင်မော်တယ်ဂိုဏ်းချုပ်က အန်လင်းလေ။ သူက ကောင်းကင်ဘုံခုံရုံး အဖွဲ့ဝင်ဆိုတော့ စုကျိုးအင်မော်တယ်ဂိုဏ်းထဲ ဝင်သွားတဲ့ သူတွေက ကောင်းကင်ဘုံခုံရုံးနဲ့ တစ်နည်းတဖုံ ပက်သတ်နေမှာပဲ။”
ဒုကျောင်းအုပ် ယွီဟွား ခေါင်းညိတ်ပြလာသည်။
“အန်လင်း ကျောင်းပြီးသွားရင် အရသာရှိတဲ့ အစာသွပ်ပေါက်စီတွေနဲ့ ဝေးပြီပေါ့။”
“အချက်အပြုတ် နတ်ဘုရား အန်လင်းစားတော်ဆက်ကတော့ ရှိနေဦးမှာပါ။”
မြေကမ္ဘာအင်မော်တယ် ယွဲ့ရင် အသိပေးလိုက်သည်။
“ငါက ဆင်းရဲတယ်လေ။ စိတ်ဝိဥာဥ်ကျောက်တုံးမိုင်းတွင်းပိုင်တဲ့ အင်မော်တယ် မိသားစုကြီးလည်း မဟုတ်ဘူး။ ဇိမ်ခံပစ္စည်းတွေတောင် မသုံးနိုင်တဲ့ သာမန် ဒုကျောင်းအုပ်ပါ။”
ဒုကျောင်းအုပ် ယွီဟွား စကားဆိုလာသည်။
.......
ကျောင်းသားသစ်များ ကျောင်းတော်သို့ ရောက်ရှိလာလေပြီ။
၎င်းတို့သည် အဆောင်တည်နေရာအား အရင်မမေးကြပေ။
ထိုအစား.....
“စီနီယာအန်လင်းက ဘယ်မှာနေတာလဲ။”
“စီနီယာကျောင်းသား အန်လင်းက ဘယ်မှာလဲ။”
“ဝါး... မိုးကြိုးကပ်ဘေး အရှင်သခင်ကို တွေ့ချင်လိုက်တာ။”
အန်လင်းမှာ ရှောင်လန်လက်အားဆွဲကာ မျက်နှာသစ်လေးများကို ကြည့်နေမိသည်။
သူသည် ဒဏ္ဍာရီလာ သူရဲကောင်း ဖြစ်နေရုံသာမက ကျောင်းတော်၏ လာဘ်ကောင်ပါ ဖြစ်နေလေပြီ။ အလွန်အမင်း ကျော်ကြားနေသောကြောင့် ကိုယ့်ကိုယ်ကိုပါ ဖုံးကွယ်ထားရသည်။ ထိုသို့မဟုတ်ပါက ယင်းကျောင်းသားသစ်များကြောင့် ဘယ်မှသွားနိုင်မည် မဟုတ်ပေ။
“အန်လင်း ဒါငါတို့ ပထမဆုံး တွေ့တဲ့နေရာပဲ။”
စုရှောင်လန် လက်ညှိုးထိုးပြလာသည်။
အန်လင်းမှာ သစ်ပင်ကြီးအားကြည့်ကာ လွန်ခဲ့သော လေးနှစ်မှ အဖြစ်အပျက်များ ပြန်လည်မြင်ယောင်လာမိသည်။
သူခပ်ဖွဖွ ပြုံးလိုက်သည်။
“ဟုတ်ပါ့။ ကောင်းကင်နတ်မိမယ် တစ်ပါးကို ပထမဆုံး မြင်ဖူးတာပဲ။”
စုရှောင်လန် ရှက်သွေးဖြာကာ နှာမှုတ်လိုက်ပါသော်လည်း အပြုံးများမှာ တောက်ပနေ၏။
သူမ ရုတ်တရက် အန်လင်းအား စချင်လာသည်။
“ငါလည်း ခွေးလိုဟောင်တဲ့သူကို ပထမဆုံး မြင်ဖူးတာပဲ။ အဲ့တုန်းက နင်တကယ် ခွေးနဲ့တူတယ်။”
“အဲ့ဒါတောင် မှတ်မိနေသေးတာလား။”
“ပထမဆုံး တွေ့ဆုံမှုက အထူးခြားဆုံးပဲလေ။”
စုရှောင်လန် စကားဆိုလာသည်။
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
“ကိုယ်ကခွေးပါ။ ကြောက်စရာကောင်းပေမယ့် သစ္စာရှိပြီး မင်းဘေးမှာ တသက်လုံး နေသွားမယ့်ခွေး။”
စုရှောင်လန် ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။
သူမ ရှက်သွေးဖြာကာ နားရွက်လေးများပင် ရဲကုန်သည်။
သူမသည် အန်လင်းအားစရန် ကြံရွယ်ခဲ့ပါသော်လည်း ၎င်း၏ စကားလုံးများအောက် ကျရှုံးသွားရလေပြီ။