← Chapters

ကျောင်းသားဘဝ၏ နောင်တများ

Vol. 86 Ch. 1207

ကျောင်းသားဘဝ၏ နောင်တများ

Vol. 86 Ch. 1207

“နှင်းပျိုမဒီတွေ ဒုက္ခရောက်ပြန်ပြီတဲ့။”

ကျောင်းသားအချို့မှာ နောက်ဆုံးပေါ် သတင်းများအား သိနေကြပြီ ဖြစ်သည်။

“ဘာဖြစ်ပြန်တာလဲ။”

“ရေခဲကုန်းမြေက နှင်းတောင်တန်းတွေက နှင်းပျိုမဒီတွေ ခိုလှုံနေတဲ့ နေရာပေါ် ပြုတ်ကျလာလို့ တော်တော်လေး ထိခိုက်သွားကြတယ်လေ။”

“ဟာ.... သောက်ကျိုးနည်း ဘယ်လိုကြီးလဲ။”

“ငါလည်း မပြောတတ်ဘူး။ ကြီးမြတ်ဧကရီတောင် အဖြေမရှာနိုင်ဘူးတဲ့။”

“နှင်းပျိုမဒီတွေက တကယ်ကံဆိုးလွန်းတာပဲ။”

“မင်းက ရန်သူတွေကို သနားနေတာလား။”

“အလှလေးတွေ သေကြေပျက်စီးရတာ မကောင်းဘူးလေ။”

“နှင်းပျိုမဒီတွေ အခုတလော ကံဆိုးနေတာက ထူးတော့ထူးဆန်းတယ်ကွ။ မွေးရပ်မြေ ပျက်စီးလို့ ထွက်ပြေးကြတာတောင် မွေးရပ်မြေက နှင်းတောင်တန်းက လိုက်လာသေးတယ်။ မသိရင် အပြတ်ရှင်းခံရမယ့် ဇာတာပါတာ ကြနေတာပဲ။”

အန်လင်းမှာ ထိုစကားဝိုင်းအား တိတ်တဆိတ် နားထောင်နေမိသည်။

နှင်းပျိုမဒီတွေက နှင်းတောင်တန်း ပိကြတာလား.....

အစ်မတော် ရှန့်ကွမ်းယီ အဆင်ပြေရဲ့လား မသိဘူး....

ရှေးဟောင်းထိုက်ချူကုန်းမြေတွင် တွေ့စဥ်အခါက သူမသည် မုန့်ကျီကဲ့သို့ ငွေရောင်ဆံနွယ်နှင့် ရွှေရောင်မျက်ဝန်းများ ပိုင်ဆိုင်ထားပြီ ဖြစ်သည်။ သူမသည်လည်း အလုံးစုံ နှင်းပျိုမဒီတစ်ဦး ဖြစ်သွားမည့်ပုံ ရသည်။

အန်လင်း တိုးညင်းစွာ ရေရွတ်လိုက်သည်။

“နှင်းပျိုမဒီတွေဆီသွားပြီး ရှန့်ကွမ်းယီဆီ သွားလည်ဦးမှပဲ... “

နေ့ရက်များမှာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးနေသည်။

ကောင်းကင်ဘုံ မက်မွန်ပွဲတော်မှာ ပိုမိုနီးကပ်လာလေပြီ။

ထိုက်ချူကုန်းမြေ တခွင်မှ ကောင်းကင်ဘုံခုံရုံးနှင့် ခင်မင်ရင်းနှီးနေသော အင်အားစုများမှာ စတင်ရောက်ရှိလာကြပြီ ဖြစ်သည်။

ကောင်းကင်ဘုံခုံရုံးမှာ ယခင်ကထက် သက်ဝင်စည်ကားလာ၏။

အန်လင်းသည် အေးအေးဆေးဆေး ကျောင်းတက်နေဆဲပင်။ ဂျူနီယာများထံမှ ပြတိုက်ရုပ်ထုလို ဝိုင်းဝန်းကြည့်ရှုခံရပြီးနောက် သူ၏ကျော်ကြားမှုမှာ စတင်လျော့ကျလာပြီး ဟိုဟိုသည်သည် သွားလာရန် ပြန်လည်လွယ်ကူသွားသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ထိုအတွေ့အကြုံအား ကျေနပ်မိသည်။

ကျောင်းပြီးသွားပါက သူ့အား လေးစားအားကျသော ဂျူနီယာများကိုလည်း ထားခဲ့ရပေလိမ့်မည်။

တစ်ချိန်တွင် သူသည် ကောင်းကင်ဘုံခုံရုံး၏ စစ်နတ်ဘုရား အားလန်ကဲ့သို့ ဒဏ္ဍာရီလာ သူရဲကောင်း ဖြစ်လာနိုင်သည်။ သို့မဟုတ် ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်ငါးပါးအား ယှဥ်နိုင်သော အဆင့်သို့ ရောက်လာနိုင်သည်။ သူ့အား ကျောင်းတော်တစ်ခုလုံးမှ ဒဏ္ဍာရီလာ သူရဲကောင်းအဖြစ် သတ်မှတ်နေကြပါသော်လည်း သူ့ကိုယ်သူ ထိုသို့မခံစားမိသေးပေ။

ထိုကျောင်းသားများသည် ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်ငါးပါးအား ရည်းစားစာ ပေးရဲကြမည် မဟုတ်ပေ။

သို့သော် အန်လင်းသည် ယောက်ျား၊ မိန်းမ၊ လူသားများသာမက အခြားမျိုးနွယ်စုများထံမှပါ ရည်းစားစာများ လက်ခံနေခဲ့ရသည်။

တစ်ကျောင်းတည်းသား ဖြစ်သည့်အပြင် အန်လင်းသည် သဘောမနောကောင်းသောကြောင့် ဖြစ်ပုံရသည်။

နံနက်ခင်းတစ်ခု၌...

အန်လင်း၊ စုရှောင်လန်၊ ရွှမ်းယွမ်ချန်နှင့် စုချန်းရန်တို့မှာ ကျောင်းတော်ထဲရှိ တောင်ထိပ်တစ်ခုပေါ် စုဝေးရောက်ရှိနေသည်။

ရွှမ်းယွမ်ချန်မှာ တောက်ပနေသော နေမင်းအား ငေးကြည့်လိုက်သည်။

“ငါတို့က မနက်ခင်း နေတစ်စင်းလိုပဲ။ မျှော်လင့်ချက်တွေ၊ စွမ်းအင်တွေနဲ့ ကမ္ဘာကြီးကို အလင်းပေးနေကြတယ်။ ဒါပေမယ့် ငါတို့ရဲ့ အကောင်းဆုံး အချိန်ကို မရောက်သေးဘူး။”

စုချန်းရန် ခပ်ဖွဖွ ပြုံးလိုက်သည်။

“တစ်နေ့ကြရင်တော့ ညဥ့်ကောင်းကင်ယံကို တောက်ပစေတဲ့ အစ်မကြီး ချန်အယ်လို ဖြစ်လာချင်မိတယ်။”

“လက တစ်စင်းပဲ ရှိတာလေ။ မင်းကရော ချန်အယ်နဲ့ တာအိုပေါင်းစည်းခြင်းအဆင့်အတွက် တိုက်ပွဲဖြစ်ချင်တာလား။”

အန်လင်း မေးမြန်းလိုက်သည်။

စုရှောင်လန် ပြုံးကာပြောလာသည်။

“ဘာမှမဖြစ်ပါဘူး။ ကမ္ဘာပေါ်မှာ အတည်တကျဆိုတာ မရှိဘူး။ ကောင်းကင်နဲ့မြေပြင်ရဲ့ လောကနိယာမတွေလည်း ကျိုးပျက်နိုင်တာပဲ။ အန်လင်း ရှေးဟောင်းထိုက်ချူကုန်းမြေက လောကနိယာမတွေတောင် နင်ဖျက်စီးခဲ့တာပဲလေ။ စုချန်းရန်ကရော ဘာလို့မလုပ်နိုင်ရမှာလဲ။”

အန်လင်း ဘာမှပြန်မပြောဖြစ်ပေ။

“ဟုတ်တယ်။ လုံလောက်တဲ့ စွမ်းအင်သာရှိရင် အတားအဆီးတွေ ဖြတ်ကျော်နိုင်မှာပါ။”

ရွှမ်းယွမ်ချန်မှာ မျက်ဝန်းများ တောက်ပနေသည်။

စုချန်းရန် လက်ခါပြလိုက်သည်။

“နင်တို့ ထင်နေသလို မဟုတ်ပါဘူး။ အစ်မကြီး ချန်အယ်က လနတ်ဘုရားမ ဖြစ်လာပြီး ပျင်းလာတဲ့ အချိန်ကြရင် ငါ့ကို လက်လွှဲပေးမယ်လို့ ပြောထားတယ်။ အဲ့ဒါကို ပြောချင်တာပါ။”

အန်လင်း လက်ဖက်ရည်များ မှုတ်ထုတ်မိမလို ဖြစ်သွားရသည်။

စုရှောင်လန် : “.....”

ရွှမ်းယွမ်ချန် : “......”

၎င်းတို့သည် လောကနိယာမများအား ဆန့်ကျင်ကာ တိုက်ပွဲဝင်ရန် ပြောနေကြပါသော်လည်း စုချန်းရန်မှာ သူမအတွက် အနောက်တံခါး ရှိနေသည်ဟု ဆိုလာခဲ့သည်။

၎င်းတို့အားလုံး အတွေးတစ်ခု ဝင်လာကြသည်။

အားကိုးရတဲ့ အစ်မရှိနေတာ ကောင်းလိုက်တာ....

“စီနီယာကျောင်းသား ဝမ်ရွှမ်ကျန်းက အားလပ်ရက်ယူပြီး ကျောင်းတော်ကို လာလည်မယ်လို့ကြားတယ်။”

ရွှမ်းယွမ်ချန် စကားဆိုလာသည်။

“စီနီယာကျောင်းသား ဝမ်ရွှမ်ကျန်းက အခုဆိုရင် နှင်းပျိုမဒီတွေ ကြောက်ရတဲ့ သူရဲကောင်းကြီး ဖြစ်နေပြီ။ ငါတို့ သူ့ကို သွားတွေ့သင့်တယ်။”

အန်လင်း အကြံပြုလိုက်သည်။

“သူက ဘာနောင်တမှ မရှိပဲ ကျောင်းပြီးခဲ့တာပဲ။”

စုရှောင်လန် သက်ပြင်းချလိုက်သည်။

စုချန်းရန် လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။

“ငါလည်း ဘာနောင်တမှ မရှိဘူး။ ကျောင်းမပြီးခင် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ရောက်ခဲ့တဲ့အပြင် ကျောင်းတော်ရဲ့ အောင်မြင်ကျော်ကြားသူများစာရင်းထဲ ဝင်နိုင်ခဲ့တယ်လေ။”

“ငါရောပဲ။ ပထမနှစ်တည်းက ထားခဲ့တဲ့ ရည်မှန်းချက်ကို အောင်မြင်ခဲ့ပြီးပြီ။ အခုဆို စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ဖြစ်နေပြီလေ။ ပြီးတော့ ကျောင်းတော်ရဲ့ အောင်မြင်ကျော်ကြားသူများစာရင်းမှာ မှတ်တမ်းဝင်ခဲ့ပြီမလား။”

ရွှမ်းယွမ်ချန် ပြုံးကာပြောလာသည်။

စုရှောင်လန် တောက်ပစွာ ပြုံးလိုက်သည်။

“ငါလည်း နောင်တမရှိဘူး။ ကျောင်းတော်ရဲ့ အောင်မြင်ကျော်ကြားသူများစာရင်းထဲ ပါပြီးတဲ့အပြင် ကျောင်းတက်နေတုန်း ဟင်းလင်းပြင်သို့အပြန် အဆင့်ရောက်တာ ငါက ပထမဆုံးပဲလေ။”

စုချန်းရန်နှင့် ရွှမ်းယွမ်ချန်မှာ ရုတ်တရတ် ခံစားချက် မကောင်းတော့ပေ။

အန်လင်း ဝမ်းနည်းသော အမူအရာ ဖြစ်လာသည်။

“ငါတော့ နောင်တရှိတယ်။ ကျောင်းတော်ရဲ့ အောင်မြင်ကျော်ကြားသူများစာရင်းထဲပါပြီး အင်မော်တယ်စိတ်ဝိဥာဥ်မျှော်စင်မှာ သမိုင်းတွင်နိုင်ခဲ့ပေမယ့် ဟင်းလင်းပြင်သို့အပြန် အဆင့်တော့ မရောက်သေးဘူး။ အချိန်မှီဖို့ မျှော်လင့်ရတာပဲ။”

စုချန်းရန်နှင့် ရွှမ်းယွမ်ချန်တို့မှာ နှလုံးဖောက်တော့မလို ခံစားလာရသည်။

သိပါပြီ အစ်ကိုကြီးရယ်.... တော်ပါတော့......

တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေကို မနာကျင်စေပါနဲ့လား....

“အတန်းဖော်အန်လင်းက ပြောင်းလဲသွားပြီ။ အရင်တုန်းကလို ဘာမှမသိတဲ့ ချစ်စရာ လူငယ်လေး မဟုတ်တော့ဘူးပဲ။”

ရွှမ်းယွမ်ချန် စကားဆိုလာသည်။

“ရုတ်တရက် စီနီယာ ထျန်းရှီမန်ကို သတိရလာတယ်။ သူသာရှိနေရင် လက်ဖက်ရည်ကြမ်းက ပိုအရသာ ရှိနေမှာပဲ။”

စုချန်းရန် နှုတ်ခမ်းစူနေသည်။

သူမနှင့် ရွှမ်းယွမ်ချန်မှာ ထျန်းရှီမန်နေရာ ရောက်နေရသလိုပင်။

“ဟီးဟီး ငါတို့အားလုံးမှာ တူတဲ့နောင်တတစ်ခုတော့ ရှိပါသေးတယ်။”

စုရှောင်လန် စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ဘာနောင်တလဲ။”

ရွှမ်းယွမ်ချန် မေးမြန်းလာသည်။

အားလုံး စုရှောင်လန်အား ဝိုင်းကြည့်နေကြသည်။

စုရှောင်လန် ပြုံးကာပြောလိုက်သည်။

“ကောင်းကင်အင်မော်တယ် ယွီဟွားက ကျောင်းတော်ရဲ့ ဒုကျောင်းအုပ်လေ။ စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးက ဘယ်သူလဲ။ နင်တို့ရော မြင်ဖူးကြလား။”

၎င်းတို့အားလုံး မမြင်ဖူးကြပေ။

“ဟုတ်တယ်။ ကျောင်းပြီးတော့မယ့် အချိန်ထိ ကျောင်းအုပ်ကြီးကို မမြင်ရသေးပါလား။ နောင်တရစရာပဲ။”

“သူက ဘာလုပ်နေတာပါလိမ့်။ မသိရင် ရှိတောင်ရှိမနေသလိုပဲ။”

“ကောင်းကင်ဘုံ မက်မွန်ပွဲတော်ကို လာမယ်ကြားမိတယ်။”

“နောင်တမရှိအောင် ကျောင်းအုပ်ကြီးကို မြင်ဖူးသွားချင်လိုက်တာ။”

အန်လင်းတို့အားလုံး ကျောင်းအုပ်ကြီးအားတွေးကာ စိတ်လှုပ်ရှားလာကြသည်။

၎င်းတို့၏ စကားဝိုင်းမှာ ပျော်ရွှင်ဖွယ် ကောင်းခဲ့လေသည်။

ကောင်းကင်ယံတွင် အမှောင်ထုများ စတင်ကြီးစိုးလာသည်။

အန်လင်း မတ်တပ်ထရပ်လိုက်သည်။

ကြည်လင်နေသော ကောင်းကင်ပြာတွင် တိမ်တိုက်မည်းများ စုဝေးလာ၏။

“တစ်ခုခုတော့ ဖြစ်နေပြီ။”

အန်လင်း လေးနက်စွာ ပြောလိုက်သည်။

စုရှောင်လန် ဓားထုတ်လိုက်သည်။

“အားကြီးမယ့်ပုံပဲ။”

ဝုန်း....

ကျယ်လောင်လှသော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။

ကြီးမားလှသော ခန္ဓာကိုယ်ကြီးတစ်ခုအား တွေ့လိုက်ကြရသည်။

၎င်းသည် ငါးနှင့်ဆင်ကာ မည်းမည်းပြောင်ပြောင်ကြီးဖြစ်ပြီး ခြေထောက်တိုတိုများအပြင် ခရမ်းရောင် လျှပ်စီးများ လှည့်လည်နေသော အမြှီးရှည်တစ်ခု ပါဝင်သည်။ ထိုသတ္တဝါမှာ ကျောင်းတော်ထဲ ပြုတ်ကျလာသည်။

ဝုန်း....

မြေပြင်သည်ပင် တုန်ခါသွားရသည်။

“ဘာကြီးလဲဟ။”

အန်လင်း အံ့သြသွားရသည်။

မကောင်းဆိုးဝါးကြီး ကျဆင်းလာသည်မှာ ရုတ်ချည်းဆန်လွန်းလှသည်။

ရွှမ်းယွမ်ချန်မှာ ဓားပေါ်ပင် ရောက်နေလေပြီ။

“သွားကြည့်ကြရအောင်။”

All Chapters