← Chapters

ပြန်လည်နိုးထလာခြင်း

Vol. 77 Ch. 1063

ပြန်လည်နိုးထလာခြင်း

Vol. 77 Ch. 1063

အဆုံးမဲ့တာအိုနယ်မြေ၊ ကံကြမ္မာကြယ်စင်စု၊ ကံကြမ္မာဂြိုဟ်ပေါ်တွင် ဖြစ်သည်။

အစတွင် အရည်အချင်းစမ်းသပ်ပွဲကြီးထဲမှ မြူခိုးများထဲ၌ ကျင့်ကြံသူများဖြင့် ပြည့်နှက်နေခဲ့သည့် နေရာလွတ်ပေါင်း တစ်သိန်းကျော် ရှိနေခဲ့၏။ သို့သော် ယခုတွင်မူ ထို နေရာလွတ်များထဲမှ တစ်ဝက်ကျော်မှာ လူမရှိကြတော့ပေ။

ပြိုင်ပွဲဝင်တစ်ဝက်နီးပါးမှာ ပထမဆုံး အတိတ်ဘဝအား နားလည်အောင်လုပ်နိုင်ခဲ့ပြီးနောက် ဒုတိယဘဝထဲသို့ပင် မသွားနိုင်ခဲ့ကြပေ။ သူတို့မှာ အကြောင်းရင်းအမျိုးမျိုးကြောင့် လက်လျှော့ခဲ့ရသည်သာ ဖြစ်သည်။

သူတို့ထဲမှ အချို့မှာ သူတို့၏ အတိတ်ဘဝထဲမှ ရရှိခဲ့သည့် အတွေ့အကြုံများကို တောင့်ခံနိုင်စွမ်း မရှိခဲ့သဖြင့် သူတို့၏ ခန္ဓာကိုယ်များမှာ အားအင်များ ကုန်ခမ်းသွားခဲ့ရ၏။ သူတို့ရရှိခဲ့သည့် အကျိုးကျေးဇူးများမှာ မနည်းပါသော်လည်း သူတို့၏ ဝိညာဉ်များမှာ လက်ခံနိုင်သည့် ကန့်သတ်ချက်ပြည့်သွားခဲ့သည့် အလားပင်။

သူတို့ထဲမှ အချို့မှာမူ သူတို့၏ အတိတ်ဘဝများထဲမှ အတွေ့အကြုံများကို တောင့်ခံနိုင်စွမ်း ရှိခဲ့ပါသော်လည်း ကျောထောက်နောက်ခံများ၊ တိုက်ရည်ခိုက်ရည် စွမ်းအားများနှင့် ချမ်းသာကြွယ်ဝမှုများကို အလွဲသုံးစားလုပ်ခဲ့ကြသည့် လူယုတ်မာများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။ သို့ဖြစ်ရာ သူတို့မှာ သူတို့၏ လမ်းပြအလင်းရောင်များကို ထုတ်ပေးခဲ့ရသည်။ ထို့ကြောင့်လည်း နောက်ဘဝအသစ်တစ်ခု စတင်သွားသည့်အချိန်တွင် သူတို့မှာ စမ်းသပ်ပွဲထဲမှ အပြင်သို့ တည်နေရာပြောင်းရွှေ့ခံခဲ့ရသည်သာ ဖြစ်သည်။

ကျန်ရှိနေသေးသည့် ပြိုင်ပွဲဝင်တစ်ဝက်အတွက်လည်း ထို ဖြစ်ရပ်နှစ်ခုအား ရှောင်လွှဲနိုင်ရန်မှာ မလွယ်ကူပေ။ ထို့ကြောင့် သူတို့မှာ ဒုတိယနေ့နှင့် တတိယနေ့များတွင် အရည်အချင်းစမ်းသပ်ပွဲထဲ၌ ဆက်လက်ယှဉ်ပြိုင်ခွင့်မရှိတော့ဘဲ ထွက်ခွာသွားခဲ့ရသည်သာ ဖြစ်သည်။ သို့ဖြစ်ရာ စတုတ္ထနေ့သို့ ရောက်လာပြီး စတုတ္ထဘဝ စတင်သွားခဲ့သည့်တိုင်အောင် ပြိုင်ပွဲဝင်အားလုံး၏ ကိုးဆယ်ရာခိုင်နှုန်းခန့်မှာ ပြင်ပကမ္ဘာထဲသို့ ပြန်ရောက်သွားကြပြီ ဖြစ်သည်။

ထို့ကြောင့်လည်း ပြင်ပကမ္ဘာထဲရှိ သားရဲကြီး သုံးဆယ့်ကိုးကောင်ပေါ်တွင် ကျင့်ကြံသူများဖြင့် ပြည့်နှက်နေ၏။ ထိုကျင့်ကြံသူများထဲမှ အချို့မှာ လေသံတိုးတိုးဖြင့် ဆွေးနွေးငြင်းခုံနေကြပြီး အချို့မှာ အံတကြိတ်ကြိတ် ဖြစ်နေကြ၏။ အချို့မှာမူ သူတို့ ရရှိခဲ့သည့် အကျိုးကျေးဇူးများကိုသာ စိတ်ဝင်စားနေကြသည်။

သို့သော်လည်း သူတို့အားလုံးမှာ မီးတောင်ကြီး၏ အထက်ရှိ တလိပ်လိပ်ထနေသော အဖြူရောင်မြူခိုးများကို လှမ်း၍ အကဲခတ်နေကြဆဲပင်။

အချိန်ကုန်ဆုံးမှုနှုန်းမှာ မတူသောကြောင့် အဖြူရောင်မြူခိုးများထဲရှိ အချိန်လေးရက်မှာ ပြင်ပကမ္ဘာထဲမှ လူများအတွက် သိပ်၍ မကြာခဲ့သည့်ပုံပင်။ ထို့ကြောင့် လူတိုင်းမှာ အတိတ်ဘဝဆယ်ခုစလုံးကို နားလည်သွားအောင် လုပ်နိုင်မည့် ပြိုင်ပွဲဝင်များအား သိချင်သောကြောင့် စောင့်ဆိုင်းနေကြတော့သည်။

သူတို့အားလုံး ထိုကဲ့သို့ စောင့်ဆိုင်းနေကြစဉ် မီးတောင်ဝ အထက်ရှိ ကျွန်းကြီး၏ အလယ်တွင်ထိုင်နေသော ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ မျက်လုံးများပွင့်လာပြီး သူ၏ အထက်ရှိ မြူခိုးများကို လှမ်းကြည့်လိုက်၏။ သူ၏ အကြည့်မှာ အဓိပ္ပါယ်လေးနက်နေသည်။

အသက်ရှူကြိမ်အနည်းငယ်ခန့် ကုန်ဆုံးသွားပြီးနောက် သူသည် လေသံတိုးတိုးဖြင့် မေးလိုက်၏ " ဘယ်နှရက် ရှိသွားပြီလဲ "

" လေးရက် ရှိသွားပါပြီ သခင် " ထိုအခါ ကြယ်နယ်မြေအဆင့်တွင် ရှိနေသည့် အစေခံအိုကြီးမှာ ပြန်ဖြေလိုက်သည်။

" လေးရက် ... " ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာမူ တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ ထို့နောက် သူသည် နှုတ်ဆိတ်သွားပြီး စကားတစ်ခွန်းမှမပြောတော့ပေ။ တစ်ချိန်ထဲမှာပင် မြူခိုးများထဲတွင်မူ... ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ပေါင်း မြောက်မြားစွာထဲတွင် လူပေါင်းများစွာမှာ သူ့ဆီသို့ အရှိန်အဟုန်ဖြင့်ပြေးလာနေကြ၏။

ထိုကဲ့သို့ ပြေးလာနေကြသည့် လူများအားလုံးမှာ ပြိုင်ပွဲဝင်များဖြစ်ကြပြီး အယောက်တစ်ရာကျော် ရှိကြပေသည်။ သူတို့မှာ ရုပ်သေးရုပ်များ ဖြစ်နေကြသည့်အလား မျက်ဝန်းများ အသက်မဲ့နေကြ၏။ သို့သော် ထူးဆန်းသည့်အချက်မှာ သူတို့မှာ အလွန်အင်မတန်မှ မြန်ဆန်နေကြသည့်တိုင်အောင် အသံတစ်သံမှ မထွက်ဘဲ နှုတ်ဆိတ်နေကြခြင်းပင်။

ထို ကျင့်ကြံသူ အယောက်တစ်ရာကျော်၏ နောက်ရှိ မြူခိုးများထဲတွင် လူရိပ်နှစ်ခု ရှိနေ၏။ သူတို့နှစ်ယောက်၏ ကြားမှ အကွာအဝေးမှာ မီးတာသုံးဆယ်ခန့် ရှိနေသောကြောင့် သူတို့မှာ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်နေကြသည့်တိုင်အောင် မသဲမကွဲသာ မြင်နိုင်စွမ်းရှိကြပေသည်။

" နင်က သူ့ရဲ့ တည်နေရာကို ရှာတွေ့ခဲ့တာတောင် ဘာလို့ သူ့ရဲ့ တာအိုဂြိုဟ်ကို ပိုင်ဆိုင်နိုင်မယ့်အခွင့်အရေးကို လက်လွှတ်လိုက်ရတာလဲ " ထိုအချိန်တွင် ထို လူရိပ်နှစ်ခုထဲမှ တစ်ခုမှာ မေးလိုက်၏။ သူ၏ လေသံမှာ အေးစက်စက်နှင့် မောက်မာဝင့်ကြွားမှုအပြည့် ရှိနေသည်။

" ယင်လင်းဆီမှာ တာအိုဂြိုဟ်တစ်လုံး ရှိပြီးသားလေ။ အဲတာမလို့ သူ့ရဲ့ တာအိုဂြိုဟ်ကို မလိုအပ်ပါဘူး။ ပြီးတော့ ယင်လင်းက လောဘမကြီးတတ်သလို အလိုက်သိတတ်တဲ့ လူတစ်ယောက်ပါ။ အဲတာမလို့ သူ့ရဲ့ တာအိုဂြိုဟ်ကို မလိုချင်တာပါ "

" ယင်လင်း သူ့ကို သတ်ချင်ရတဲ့ အကြောင်းရင်းကတော့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့်ပါ။ ဘာလဲ... ရှင်က မဟာလက်ဝဲတာအိုနယ်မြေထဲက အဆင့်တစ်ဂိုဏ်းဖြစ်တဲ့ လမ်းကိုးသွယ်တာအိုဂိုဏ်းရဲ့ သတ္တမအဆင့် တာအိုဂိုဏ်းသား မဟုတ်ဘူးလား။ ထောင်ချောက်ဆင်ခံမှာ ကြောက်နေတာလား။ ဒါမှမဟုတ် ဝမ်ပေါင်လဲ့ကို ကြောက်နေတာလား " သူ၏ မေးခွန်းအား ပြန်ဖြေလိုက်သည့် ကျင့်ကြံသူမှာ အမျိုးသမီးတစ်ယောက်ဖြစ်၏။ သူမသည် ရှုယင်လင်း ဖြစ်ပေသည်။

" ဒီလို ကလေးကလား စကားလုံးတွေနဲ့ ငါ့ရဲ့စိတ်ကို ဆွပေးနေစရာ မလိုပါဘူး။ ငါက သူ့ရဲ့ တာအိုဂြိုဟ်ကို မရရအောင်ယူမှာ။ မင်းရော။ ဘာလိုချင်တာလဲ " လမ်းကိုးသွယ်တာအိုဂိုဏ်းမှ သတ္တမအဆင့် တာအိုဂိုဏ်းသားမှာ ဂရုမစိုက်သည့် အမူအရာဖြင့် ဆိုလိုက်ပြီးနောက် အခြားတစ်ဖက်သို့ လှမ်းကြည့်လိုက်၏။

ထိုအခါ မြူခိုးများထဲ၌ နောက်ထပ်လူရိပ်တစ်ခု ပေါ်ပေါက်လာသည်။ ထို လူရိပ်မှာ ရှေ့သို့လှမ်းလာသဖြင့် သူ၏ ပုံပန်းသွင်ပြင်များမှာ တဖြည်းဖြည်းနှင့် ကြည်လင်ပြတ်သားလာတော့သည်။ သူသည်... ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းမှ နံပါတ်ဆယ့်ခုနစ် တာအိုကလေးငယ် ဖြစ်ပေသည်။

" လူကြီးမင်းလည်း ဒီနေရာအထိ ရောက်လာပြီးပြီဆိုမှတော့ ဘာလို့ လူလုံးထွက်မပြသေးတာလဲ " လမ်းကိုးသွယ်တာအိုဂိုဏ်းမှ သတ္တမအဆင့် တာအိုဂိုဏ်းသားမှာ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းမှ နံပါတ်ဆယ့်ခုနစ် တာအိုကလေးငယ်အား အေးစက်စက်မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ပြီးနောက် နောက်သို့လှည့်ကာ အဝေးတစ်နေရာရှိ မြူခိုးများကို လှမ်းကြည့်၍ ဆိုလိုက်ပြန်သည်။

ထိုအခါ ထိုမြူခိုးများမှာ စတင် တုန်ရီလာပြီး နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့် ပေါ်ပေါက်လာတော့သည်။ သူသည် မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး လေသံတိုးတိုးဖြင့် ဆိုလိုက်၏။

" ငါက သူ သေသွားတာကို မြင်ချင်ရုံပါပဲ "

" ငါလည်း အတူတူပဲ " ထိုအခါ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းမှ နံပါတ်ဆယ့်ခုနစ် တာအိုကလေးငယ်မှာလည်း လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။

သူတို့သုံးယောက်စလုံး ဤနေရာ၌ အတူတူ ရှိနေရသည့် အကြောင်းရင်းမှာ ရှုယင်လင်းတစ်ယောက် သူတို့အား ရှာတွေ့ခဲ့ပြီး ဝမ်ပေါင်လဲ့ တရားထိုင်နေသည့် နေရာအကြောင်း သူတို့အား ပြောပြခဲ့သောကြောင့်ပင်။ ပုံမှန်အတိုင်းသာဆိုပါက ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းမှ နံပါတ်ဆယ့်ခုနစ် တာအိုကလေးငယ်နှင့် နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်တို့မှာ သူတို့နှင့် ပူးပေါင်းရန် ဆန္ဒရှိမည် မဟုတ်ပေ။

သို့သော်လည်း သူတို့မှာ ဝမ်ပေါင်လဲ့နှင့် ရင်ဆိုင်ခဲ့ရပြီးနောက် သူ၏ စွမ်းအားများကြောင့် တုန်လှုပ်ချောက်ချားသွားခဲ့ရသည် မဟုတ်ပါလော။ သူတို့မှာ တစ်ယောက်ချင်းစီ တိုက်ခိုက်မည်ဆိုပါက ဝမ်ပေါင်လဲ့အား ယှဉ်နိုင်မည်မဟုတ်ကြောင်း ကောင်းကောင်းကြီး သိထားပြီး ဖြစ်သည်။

ထို့ကြောင့်လည်း သူတို့မှာ ယခုလို အချိန်တိုလေးအတွင်း သဘောတူညီချက်တစ်ခု ရယူနိုင်ခဲ့ပြီး ပူးပေါင်းလိုက်ကြခြင်း ဖြစ်သည်။ အကယ်၍ ဝမ်ပေါင်လဲ့အား ယခုချက်ချင်း ဖိနှိပ်ချုပ်တည်းနိုင်စွမ်းမရှိပါက သူ သူ၏ အတိတ်ဘဝမှ မှတ်ဉာဏ်များကို ထပ်၍ ရရှိသွားသည့်အချိန်တွင် သူတို့အားလုံးမှာ သူ၏ရှေ့၌ ပါမွှားအဆင့်တွင်သာ ရှိနေတော့မည်ဖြစ်ကြောင်း သူတို့နှစ်ယောက်မှာ နားလည်ထားကြပြီး ဖြစ်သည်။

ဝမ်ပေါင်လဲ့၏ တိုးတက်မှုနှုန်းကြောင့် သူတို့မှာ သွေးပျက်လုမတတ် ကြောက်ရွံ့တုန်လှုပ်နေရ၏။

လမ်းကိုးသွယ်တာအိုဂိုဏ်းမှ သတ္တမအဆင့် တာအိုဂိုဏ်းသားမှာမူ ထိုအကြောင်းများကို သိထားခြင်းမရှိပါသော်လည်း သူသည် တုံးအသူတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့်လည်း သူသည် ဖြစ်နိုင်ခြေအချို့အား ခန့်မှန်းမိထားပြီဖြစ်သည်။ သူသည် နောက်ဆုံးတွင် အသုံးချခံလိုက်ရသလို ဖြစ်သွားနိုင်ကြောင်း သိထားပါသော်လည်း ဂရုမစိုက်ပေ။ သူ၏ နှလုံးသားထဲတွင် ဝမ်ပေါင်လဲ့၏ တာအိုဂြိုဟ်သာလျှင် နေရာယူထား၏။ အရည်အချင်းစမ်းသပ်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကိုမူ သူသည် နည်းလမ်းမျိုးစုံအသုံးပြုကာ လက်တစ်လုံးခြား လုပ်နိုင်ပေသည်။

" သွားကြစို့ " ထို့ကြောင့် သူသည် ထိုလူရိပ်နှစ်ခု ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်နှင့် သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားလိုက်ပြီး ဝမ်ပေါင်လဲ့ရှိရာသို့ ပြေးသွားနေကြသည့် ကျင့်ကြံသူ အယောက်တစ်ရာကျော်၏ နောက်မှ ပြေးလိုက်သွားတော့သည်။

ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းမှ နံပါတ်ဆယ့်ခုနစ် တာအိုကလေးငယ်၊ နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်နှင့် ရှုယင်လင်းတို့ သုံးယောက်စလုံးမှာလည်း ရှေ့သို့ ချက်ချင်း ပြေးထွက်သွားကြပြီး ဝမ်ပေါင်လဲ့ တရားထိုင်နေသည့်နေရာသို့ တန်းတန်းမတ်မတ် ဦးတည်သွားနေကြပြီဖြစ်သည်။

အသက်ရှူကြိမ် ဆယ်ကြိမ်ခန့် ကုန်ဆုံးသွားပြီးနောက် ထို ကျင့်ကြံသူ အယောက်တစ်ရာကျော်မှာ ဝမ်ပေါင်လဲ့ ရှိနေသည့်နေရာသို့ ရောက်ရှိလာကြ၏။ သူတို့၏ မျက်ဝန်းများမှာ အရောင်မှေးမှိန်ကာ အသက်မဲ့နေသည့်ပုံ ပေါက်နေကြ၏။ သို့ဖြစ်ရာ သူတို့မှာ အသိစိတ်မရှိကြတော့သည့်ပုံပင်။ သူတို့မှာ တစ်ခဏလေးပင် ရပ်တန့်သွားခြင်းမရှိဘဲ မြူခိုးများထဲမှ ပြေးထွက်လာကြ၏။ ထိုအခါ သူတို့မှာ ဟင်းလင်းပြင်ကြီး၏ အလယ်၌ မျက်လုံးများမှိတ်ကာ တင်ပျဉ်ခွေထိုင်နေသည့် ဝမ်ပေါင်လဲ့အား မြင်လိုက်ရတော့သည်။

ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင်မူ တင်ပျဉ်ခွေထိုင်နေသည့် လူရိပ်ဆယ်ခုကျော် ရှိနေသေးသည်။ ကျင့်ကြံသူ အယောက်တစ်ရာကျော် ပေါ်ပေါက်လာသည်နှင့် ထို လူရိပ်များမှာလည်း မျက်လုံးများပွင့်လာကြ၏။

သူတို့မှာ စကားတစ်ခွန်းမှ ပြောနေကြခြင်းမရှိပေ။ ထို လူရိပ်များနှင့် ကျင့်ကြံသူ အယောက်တစ်ရာကျော် အကြည့်ချင်းဆုံသွားကြသည်နှင့် တိုက်ပွဲကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ ကျင့်ကြံသူ အယောက်တစ်ရာကျော်မှာ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားများဆီသို့ အရှိန်အဟုန်ဖြင့်ပြေးလာကြ၏။ ထို့ကြောင့် လေထုထဲ၌ တအုန်းအုန်းမြည်သံများ ပဲ့တင်ထပ်သွားပြီး အရပ်မျက်နှာအနှံ့တွင် ထစ်ချုန်းသံများ ပေါ်ပေါက်လာသဖြင့် ဘေးပတ်ပတ်လည်ရှိ မြူခိုးများမှာ စတင်တုန်ရီလာရတော့သည်။

ဝမ်ပေါင်လဲ့မှာ အသာစီးရနေ၏။ ရန်သူ့ဘက်တွင် ကျင့်ကြံသူ အယောက်တစ်ရာကျော် ရှိနေသည့်တိုင်အောင် သူတို့၏ တိုက်ရည်ခိုက်ရည်စွမ်းအားများမှာ မပြောပလောက်ပေ။ သူတို့မှာ လူစုခွဲကာ သူ၏ ကိုယ်ပွားများကို တစ်ခုချင်းစီ တိုက်ခိုက်နေကြသည့်တိုင်အောင် စွမ်းအားခြားနားချက်မှာ ကြီးမားလွန်းနေသောကြောင့် သူတို့၏ ချုံခိုတိုက်ခိုက်မှုမှာ အကျိုးသက်ရောက်မှု သိပ်မရှိခဲ့ပေ။

သို့သော် သူတို့မှာ အသိစိတ်ပျောက်နေကြသည်ဖြစ်ရာ သေဆုံးသွားရမည်ကို ကြောက်ရွံ့နေကြခြင်းမရှိပေ။ ထို့ကြောင့် သူတို့အား တစ်ချက် ထိမိလိုက်ရုံနှင့် သူတို့မှာ အလိုလို ပေါက်ကွဲသွားကြသည်သာဖြစ်သည်။

ထို့အပြင် သူတို့မှာ တိုက်ရည်ခိုက်ရည်အပိုင်းတွင် အားနည်းနေကြသည့်တိုင်အောင် ဂြိုဟ်အဆင့် ကျင့်ကြံသူများဖြစ်နေကြဆဲပင်။ ထိုမျှသာမက ကောင်းကင်ဘုံဓမ္မသခင်ကြီးအား မွေးနေ့ဆုမွန်ကောင်းတောင်းပေးရန် ရောက်လာကြသည့် လူများထဲတွင် ပျော့ညံ့သည့်သူ တစ်ယောက်မှမပါပေ။ ထို့ကြောင့် သူတို့ ပေါက်ကွဲသွားရာမှ ထွက်ပေါ်လာသည့် ပြင်အားမှာ ကြောက်မက်ဖွယ်ရာကောင်းနေဆဲပင်။

ထို့အပြင် သူတို့မှာ ဝမ်ပေါင်လဲ့ တရားထိုင်နေသည့်နေရာ၌ ရှိနေကြသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူ အတိတ်ဘဝထဲ၌ ရှိနေစဉ် ထို ကျင့်ကြံသူများ ပေါက်ကွဲသွားကြမည်ဆိုပါက သူ့အတွက် အများကြီး ထိခိုက်နစ်နာသွားနိုင်ပေသည်။ ၎င်းမှာ ရှုယင်လင်း၏ ပထမ အကြံအစည် ဖြစ်သည်။

ထို ကျင့်ကြံသူများ ပေါက်ကွဲသွားကြချိန်တွင် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားများမှာ နောက်သို့ဆုတ်ခွာလာရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။ သူ၏ ခန္ဓာကိုယ်အစစ်မှာမူ ထိုပေါက်ကွဲမှုများမှ ထွက်ပေါ်လာသည့် တုန်ခါမှုလိုင်းများကြောင့် တဆတ်ဆတ် တုန်ရီနေရ၏။ အခြေအနေများ တဖြည်းဖြည်းနှင့် ပို၍ ဆိုရွားလာပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ် အဆက်မပြတ် တုန်ရီနေစဉ်မှာပင် သူ၏ အထက်ရှိ မြူခိုးများထဲမှ လူရိပ်ကြီးတစ်ခု ရုတ်တရက်ဆိုသလို ဆင်းသက်လာတော့သည်။

ထို လူရိပ်ကြီးမှာ လူသန်ကြီးတစ်ယောက်ဖြစ်၏။ သူသည် ဤ ချုံခိုတိုက်ခိုက်မှုအား စီစဉ်ခဲ့သည့် ပါရမီရှင်လေးယောက်ထဲမှ မဟုတ်ဘဲ ရှုယင်လင်း၏ လက်အောက်ငယ်သားတစ်ယောက်သာ ဖြစ်သည်။ ထို လူသန်ကြီးမှာ အခြား ပါရမီရှင်သုံးယောက်လောက် နာမည်မကြီးပါသော်လည်း သူ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာ ဂြိုဟ်ထိပ်ဆုံးအဆင့်တွင် ရှိနေပြီဖြစ်သည်။ ထို့အပြင် ရှုယင်လင်းမှာ သူ့အား ထိပ်သီးအဆင့် ရတနာတစ်ခုပေးထားသောကြောင့် ထိုလူသံကြီးမှာ ကောင်းကင်ဘုံမှဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးနှင့် တူနေတော့သည်။

" သေပေတော့ "

ထို လူသံကြီးမှာ အဖြူရောင် အလင်းရောင်များတောက်ပနေသည့် တိုက်ပွဲသုံး ပုဆိန်ကြီးတစ်လက်အား ကိုင်ဆောင်ထား၏။ သူသည် ထိုပုဆိန်ကြီးဖြင့် တင်ပိဥ်ခွေထိုင်နေသည့် ဝမ်ပေါင်လဲ့၏ ဦးခေါင်းအား လှမ်းခုတ်လိုက်သည်။ ထို ပုဆိန်ကြီး၏ အရှိန်အဟုန်မှာ အားကောင်းလွန်းလှသောကြာင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ပင် တုန်ရီသွားရသည့်အထိပင်။ ထို့အပြင် အားကောင်းသည့် တုန်ခါမှုလိုင်းတစ်မျိုး ပေါ်ပေါက်လာသဖြင့် ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများမှာလည်း ခြေလှမ်းများ ရပ်တန့်သွားရ၏။

သို့သော် ထိုကျင့်ကြံသူများ ရပ်တန့်သွားပြီး လူသန်ကြီး သူ၏ ပုဆိန်အား အားပါပါနှင့် လွှဲလိုက်သည့်အချိန်တွင် တစ်ဆတ်ဆတ် တုန်ရီနေသည့် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာတော့သည်။

သူ၏ မျက်ဝန်းထဲမှ အကြည့်အား အတိအကျ ဖော်ပြနိုင်ရန်မဖြစ်နိုင်ပေ။ သူ၏ သူငယ်အိမ်များမှာ နီမြန်းနေပြီး သူ၏ မျက်နှာအမူအရာမှာ ဒေါသစိတ်များဖြင့် ပြည့်နက်နေ၏။ ထိုအချိန်တွင် သူ့အား မြင်လိုက်ရသည့် လူတိုင်း၏ အသိစိတ်များထဲ၌ စကားလုံးတစ်လုံး အလိုလို ပေါ်ပေါက်လာတော့သည်။

" မကျေနပ်ချက် "

၎င်းမှာ ကမ္ဘာကြီးထဲ၌သာမက မိုးကောင်းကင်ကြီးနှင့် စကြာဝဠာကြီးတစ်ခုလုံးထဲတွင်ပါ ပြည့်နှက်သွားနိုင်သည့် မကျေနပ်ချက်မျိုး ဖြစ်ပေသည်။

All Chapters