← Chapters

ဘာလို့ ငါ့ကို လိုက်ဖမ်းနေရတာလဲ

Vol. 77 Ch. 1064

ဘာလို့ ငါ့ကို လိုက်ဖမ်းနေရတာလဲ

Vol. 77 Ch. 1064

" ငါ့အတွက်... သေလိုက်တော့ " ထို မကျေနပ်ချက်များနှင့်အတူ ဝမ်ပေါင်လဲ့၏ ဝိညာဉ်ထဲမှ ကြောက်မက်ဖွယ်ရာ နတ်ဘုရားစိတ်ဆန္ဒတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ ထို နတ်ဘုရားစိတ်ဆန္ဒကြီးမှာ လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။

" မင်း... " ထိုအခါ အဖြူရောင်ပုဆိန်ကြီးအား လက်ထဲ၌ကိုင်ကာ ဝမ်ပေါင်လဲ့ဆီသို့ ဆင်းသက်လာနေသည့် လူသန်ကြီးမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားရ၏။ ရှုယင်လင်းမှာ သူ၏ ခန္ဓာကိုယ်ထဲ၌ ကြယ်သစ်စေ့တစ်စေ့ ထည့်သွင်းထားပြီး သူ့အား ထိန်းချုပ်ထားသည့်တိုင်အောင် သူသည် ကိုယ်ပိုင်အသိစိတ်ရှိနေဆဲပင်။ ထို့ကြောင့် ယခုတွင် သူသည် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သည့် အငွေ့အသက်တစ်မျိုး သူ၏ အသိစိတ်ထဲသို့ ကျူးကျော်ဝင်ရောက်လာတော့မည်လား သူ့ဆီသို့ ဦးတည်လာနေသည်ကို အာရုံခံမိလိုက်တော့သည်။

သူ၏ ရှေ့တွင် ရှိနေသည့် ကျင့်ကြံသူကြီးမှာ မကျေနပ်ချက်များအားလုံး၏ ရင်းမြစ်တစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ ထို မကျေနပ်ချက် အငွေ့အသက်များမှာ အားကောင်းလွန်းလှသောကြောင့် အနီရောင်ပြောင်းသွားရသဖြင့် ထိုနေရာတစ်ဝိုက်ရှိ မြူခိုးများပင်လျှင် ရဲရဲနီနေရပြီ ဖြစ်သည်။

သို့ဖြစ်ရာ ထိုလူသန်ကြီး၏ ပုဆိန်မှာလည်း ထိုနည်းတူပင်။

ထို အဖြူရောင် ပုဆိန်ကြီးမှာ ချက်ချင်းဆိုသလိုပင် အနီရောင်ပြောင်းသွား၏။ ဂြိုဟ်ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် လူသန်ကြီးမှာမူ တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီနေပြီး ပြန်လည်ခုခံနိုင်စွမ်းမရှိတော့ပေ။ သူသည် လေထဲတွင်သာ ရှိနေသေးသည့်တိုင်အောင် မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်များထဲမှ သွေးများစီးကျလာတော့သည်။

သူ၏ အသိစိတ်မှာ ကျူးကျော်ခံနေရပြီဖြစ်သလို သူ၏ ဝိညာဉ်မှာလည်း တိုက်စားခံနေရပြီဖြစ်သည်။ ယခုတွင် သူ၏ရှေ့၌ သွေးနီရောင် ကမ္ဘာကြီးတစ်ခု ပေါ်ပေါက်လာ၏။ သူသည် အချိန်တိုလေးအတွင်းတွင် ချန်းရန်၏ ဘဝတစ်ခုလုံးအား အစမှအဆုံးအထိ မြင်တွေ့လိုက်ရခြင်းဖြစ်သည်။ သို့သော် သူသည် ချန်းရန်လောက် စိတ်ဓာတ်မမာပေ။ ဤ ကမ္ဘာကြီး တစ်ခုလုံးထဲတွင်ပင် ချန်းရန်ကဲ့သို့ နောက်ဆုံးအထိ တောင့်ခံနိုင်မည့် လူအရေအတွက်မှာ များများစားစားမရှိပေ။

ထို့ကြောင့် ထိုအခိုက်အတန့်တွင် သူ၏ အသိစိတ်ထဲ၌ စကားသံကြီးတစ်သံသာ ပေါ်ပေါက်လာတော့သည်။

" သေပေတော့ "

ထို စကားသံကြီးမှာ တဖြည်းဖြည်းနှင့် သူ၏ အသိစိတ်တစ်ခုလုံးအား ဖုံးလွှမ်းသွား၏။ ထို့ကြောင့် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ အနီရောင်ပုဆိန်ကြီးဖြင့် သူ၏ လည်ပင်းအား အားပါပါ ခုတ်ထစ်လိုက်တော့သည်။

ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် သွေးများ ပန်းထွက်လာ၏။ သူ၏ ဦးခေါင်းမှာ လေပေါ်သို့ မြောက်တက်သွားပြီ သူ၏ ခန္ဓာကိုယ်မှာမူ မြေကြီးပေါ်သို့ပြုတ်ကျသွားသည်။ ထို့နောက် သူ၏ ဝိညာဉ်လည်း ပျက်စီးသွားပြီး သူသည် ဇီဝန်ချုပ်သွားရတော့သည်။

ထို့အပြင် ရှုယင်လင်း၏ ထိန်းချုပ်မှုအောက်တွင် ရောက်နေသော ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများထဲမှ ပေါက်ကွဲသွားခဲ့ခြင်းမရှိသည့် ကျင့်ကြံသူများမှာလည်း သေဆုံးသွားကြ၏။ သူတို့အားလုံးမှာ အဆုံးမရှိသော နာကျင်မှုများနှင့် နှိပ်စက်ညှဉ်းပန်းမှုများဖြင့် ပြည့်နှက်နေသည့် ကမ္ဘာကြီးတစ်ခုထဲသို့ ရောက်သွားကြသည့်အလားပင်။ သူတို့မှာ အသိစိတ်မရှိတော့သည့်တိုင်အောင် ဝမ်ပေါင်လဲ့ ပြန်လည်နိုးထလာသည်နှင့် သူ၏ အတိတ်ဘဝထဲမှ မကျေနပ်ချက်များကြောင့် သူတို့၏ မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်များထဲမှ သွေးများ စီးကျလာကြ၏။ ထို့နောက် သူတို့မှာ ကတုန်ကယင်နှင့် လက်များကိုမြှောက်ကာ သူတို့၏ နဖူးများအား အားပါပါ ထိုးနှက်လိုက်ကြသည်သာ ဖြစ်သည်။

ထိုသို့ဖြင့် ပေါက်ကွဲသွားခဲ့ခြင်းမရှိဘဲ ကျန်ရစ်နေခဲ့သည့် ကျင့်ကြံသူများအားလုံးမှာ မျက်စိတစ်မှိတ်အတွင်းတွင် ဦးခေါင်းများ တစ်စစီ ကြေမွသွားကြ၏။ နေရာနှံ့၌ သွေးများ ပန်းထွက်နေပြီး သူတို့၏ ခန္ဓာကိုယ်များ မြေကြီးပေါ်သို့ လဲကျသွားသည့် မြင်ကွင်းမှာ ကျောချမ်းဖွယ်ရာကောင်းလှပေသည်။ မကျေနပ်ချက် အငွေ့အသက်များဖြင့် ပြည့်နှက်နေသည့် လေမုန်တိုင်းကြီးမှာမူ ဆက်လက်တိုက်ခိုက်နေဆဲပင်။ ရှုယင်လင်း ထိန်းချုပ်ထားသည့် ကျင့်ကြံသူများထဲမှ မြူခိုးများ၏ အပြင်ဘက်၌ စောင့်နေသည့် ဒုတိယအသုတ်ပင်လျှင် လှုပ်ရှားရန် အချိန်မရှိလိုက်ဘဲ ထို မကျေနပ်ချက် အငွေ့အသက်များ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရ၏။ ထို့ကြောင့် သူတို့မှာလည်း ကတုန်ကယင်နှင့် လက်များကိုမြှောက်ကာ သူတို့ကိုယ်သူတို့ သတ်သေသွားကြသည်သာ ဖြစ်သည်။

ထိုမျှသာမက ပါရမီရှင် လေးယောက်ပင်လျှင် အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားရသည်။ ရှေ့ဆုံးတွင်ရှိနေသည့် လမ်းကိုးသွယ်တာအိုဂိုဏ်းမှ သတ္တမအဆင့် တာအိုဂိုဏ်းသားမှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာ၏။ သူသည် သူ၏ ဂိုဏ်းမှ သူ့အား ပေးထားသော အသက်ကယ်ရတနာပစ္စည်းကို အသုံးပြုခဲ့သောကြောင့်သာ အသိစိတ် ပျောက်မသွားအောင် သူ့ကိုယ်သူ ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ကြောက်စိတ်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် နောက်သို့ အလျင်အမြန်ဆုတ်ခွာလာ၏။

" ဒါ ဘယ်လို မိစ္ဆာမျိုးလဲဟ "

ပါးစပ်ထဲမှ သွေးများအန်ထွက်လာရသည့် နောက်ထပ်တစ်ယောက်မှာ နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့် ဖြစ်ပေသည်။ သူသည် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေပြီး မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။

" သူက ပိုပြီးတော့တောင် အစွမ်းထက်လာတာပဲ "

" တောက်ကွာ " ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းမှ နံပါတ်ဆယ့်ခုနစ် တာအိုကလေးငယ်မှာလည်း သူ၏ မျက်နှာပေါ်မှ သွေးများကို လက်ဖြင့်သုတ်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင်မူ နောင်တရနေသည့် အရိပ်အယောင်များ ပထမဆုံးအကြိမ်အဖြစ် ပေါ်ပေါက်လာပြီဖြစ်သည်။ သူသည် အရာအားလုံးမှာ အဆင်ပြေချောမွေ့နေသည်ဟု ထင်မှတ်ထားခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့အား ရန်စခဲ့ပြီးနောက် သူ့အား ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းမရှိကြောင်း သိခဲ့ရ၏။ ထို့နောက် သူသည် အမဲလိုက်ခံရသလို လိုက်လံတိုက်ခိုက်ခံခဲ့ရသဖြင့် သူ၏ ကိုယ်ပွားများအားလုံး ပျက်စီးသွားခဲ့ရသလို သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း တစ်ဆင့်ကျသွားတော့မည့်ဆဲဆဲ အနေအထားသို့ ရောက်သွားခဲ့ရသည်။ သို့ဖြစ်ရာ သူ၏ အနာဂတ် တက်လမ်းအားလုံးမှာလည်း ပိတ်သွားရပြီဖြစ်သည်။ ထို့အပြင် သူသည် လူပြန်ဝင်စားလာခဲ့သည့် အဘိုးကြီးတစ်ယောက်ဖြစ်ပါသော်လည်း လူငယ်လေးတစ်ယောက်၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဖြစ်ရာ သူ၏ ဂုဏ်သိက္ခာမှာလည်း အများကြီးထိခိုက်သွားရပြီ ဖြစ်သည်။

သို့သော် ထိုအချင်းအရာများမှာ အရေးမကြီးပေ။ အရေးကြီးသည့်အချက်မှာ သူသည် နောက်ဆုံးတွင် အသက်ရှင်လျက် လွတ်မြောက်လာနိုင်ခဲ့သည်မဟုတ်ပါလော။ သို့သော် သူသည် အဘယ်ကြောင့် ဤ အရှုပ်ထုပ်ကြီးထဲ၌ ပါဝင်ပတ်သက်ခဲ့ရပါသနည်း။ အဘယ်ကြောင့် ဝမ်ပေါင်လဲ့အား နောက်ထပ်တစ်ကြိမ် ထပ်၍ ရန်ရှာမိခဲ့ရပါသနည်း။

ဝမ်ပေါင်လဲ့ ယခုအကြိမ်တွင် ထုတ်လွှတ်လိုက်သည့် စွမ်းအားများကြောင့် သူသည် သွေးပျက်နေရပြီဖြစ်သည်။ လေမုန်တိုင်းကြီးထဲရှိ မကျေနပ်ချက် အငွေ့အသက်များမှာ ဂြိုဟ်အဆင့် ကျင့်ကြံသူများအပေါ်တွင်ပါ သက်ရောက်နိုင်စွမ်းရှိပြီး ထိုကျင့်ကြံသူများအား သူတို့ကိုယ်သူတို့ သတ်သေသွားအောင် ဖိအားပေးနိုင်စွမ်း ရှိနေသည် မဟုတ်ပါလော။ သူသည် သူ၏ ဘဝတစ်လျှောက်လုံးတွင် ထိုကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် လုံးဝ မကြုံခဲ့ဖူးပေ။

ထိုသို့ဖြင့် သူတို့လေးယောက်မှာ နောက်သို့ ထွက်ပြေးဆုတ်ခွာသွားကြ၏။ ရှုယင်လင်းမှာ အမြန်ဆုံးဖြစ်သည်။ သူမသည် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေသလို နှလုံးသားတစ်ခုလုံးလည်း တဆတ်ဆတ် တုန်ရီနေရပြီဖြစ်သည်။ ထို့ကြောင့် သူမသည် အမြန်ဆုံးနည်းဖြင့် ထွက်ပြေးနိုင်ရန်ကိုသာ အာရုံစိုက်ထား၏။ ဤ အရည်အချင်းစမ်းသပ်ပွဲထဲရှိ စည်းမျဉ်းစည်းကမ်းများမှာ လူသတ်ခြင်းအား တားမြစ်ထားပါသော်လည်း ထို စည်းကမ်းများအား လက်တစ်လုံးခြား လုပ်နိုင်သည့် နည်းလမ်းပေါင်းမြောက်မြားစွာ ရှိနေသည်မဟုတ်ပါလော။

သူမသည် သူမနှင့်အတူ ဂြိုဟ်အဆင့် ကျင့်ကြံသူ အယောက်တစ်ရာကျော်နှင့် အခြား ပါရမီရှင်သုံးယောက်ကိုပင် ခေါ်ဆောင်လာခဲ့သည်ဖြစ်ရာ ယခုလိုဖြစ်သွားလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။

" ဘယ်လိုလုပ်ပြီး အခုလိုဖြစ်သွားရတာလဲ "

သူတို့လေးယောက် ထွက်ပြေးဆုတ်ခွာသွားနေကြစဉ် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲမှ ကြက်သွေးရောင် အလင်းရောင်များမှာ မှေးမှိန်သွားပြီး သူ၏ ရှေးဟောင်းဂြိုဟ်ထဲမှ သွေးစည်းမျဉ်းဥပဒေသနှင့် တစ်သားတည်း ပေါင်းစည်းသွား၏။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ထို သွေးစည်းမျဥ်းဥပဒေသ၏ ထပ်တူကျနိုင်စွမ်းမှာ ကိုးဆယ့်ရှစ်ရာခိုင်နှုန်းအထိ ရောက်ရှိသွားတော့သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်မှာမူ နှောင်းပိုင်းဂြိုဟ်အဆင့်သို့ ဖောက်ထွက်သွားပြီဖြစ်သည်။

သို့သော် ထို ကျင့်ကြံခြင်းအဆင့် တိုးတက်မှုနှင့် သဘာဝစည်းမျဉ်းဥပဒေသ ထပ်တူကျနိုင်စွမ်း တိုးတက်မှုတို့ကြောင့် ဝမ်ပေါင်လဲ့၏ စကားသံအား ကြားလိုက်ရသည့်လူတိုင်း သတ်သေသွားကြခြင်းတော့ မဟုတ်ပေ။ အမှန်တွင် ရှုယင်လင်းနှင့် အခြားသူများမှာ ကံဆိုးသွားခဲ့ခြင်းသာဖြစ်သည်။ သူတို့မှာ ဝမ်ပေါင်လဲ့ ပြန်လည်နိုးထလာသည့် အချိန်တွင်မှ သူ့ဆီသို့ အချိန်ကိုက် ရောက်သွားကြခြင်း ဖြစ်ပေသည်။

သူ နိုးထလာခဲ့စဉ် သူ၏ မျက်ဝန်းများထဲမှ ထွက်ပေါ်လာခဲ့သည့် မကျေနပ်ချက်များမှာ သူ၏ အတိတ်ဘဝမှ အတွေ့အကြုံများကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်၏။ ၎င်းတို့မှာ သူ ကမ္ဘာကြီးတစ်ခုလုံးအပေါ် ထားရှိသည့် မကျေနပ်ချက်များ ပေါင်းစည်းသွားရာမှ ပေါ်ပေါက်လာသည့် မုန်းတီးစိတ်များ ဖြစ်ပေသည်။ ထို့အပြင် သူ၏ မျက်ဝန်းများထဲရှိ ကြက်သွေးရောင် အလင်းရောင်များထဲတွင် ချန်းရန်၏ ပုံရိပ် ရှိနေသေးသည်။

သို့ဖြစ်ရာ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ရာကျော် သူတို့ကိုယ်သူတို့ သတ်သေသွားခဲ့ရခြင်းမှာ ဝမ်ပေါင်လဲ့ကြောင့် မဟုတ်ဘဲ သူ၏ အတိတ်ဘဝထဲမှ ပုံရိပ်ဖြစ်သည့် ချန်းရန်ကြောင့်သာ ဖြစ်ပေသည်။

ယခုတွင် ဝမ်ပေါင်လဲ့မှာ သတိပြန်ရလာပြီး စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားသောကြောင့် သူ၏ အတိတ်ဘဝမှ ပုံရိပ်မှာလည်း ပျောက်ကွယ်သွား၏။ ထို့နောက် သူ၏ မျက်ဝန်းများမှာ ကြည်လင်ပြတ်သားသွားတော့သည်။

" မင်းတို့တွေ... " ဝမ်ပေါင်လဲ့မှာ သတိပြန်ရလာသည်နှင့် မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။ သူသည် သူ၏ အတိတ်ဘဝထဲမှ ရရှိခဲ့သည့် အတွေ့အကြုံများမှာ သူ၏ ခန္ဓာကိုယ်အပေါ် အများကြီး အကျိုးသက်ရောက်မှုရှိနေကြောင်း ရိပ်မိလိုက်ပြီဖြစ်သည်။ ထိုအကျိုးသက်ရောက်မှုများထဲမှ အဓိကအချက်မှာ သူ၏ ဝိညာဉ် ဖိနှိပ်ချုပ်တီးခံလိုက်ရခြင်းပင်။

သူသည် အတိတ်ဘဝထဲမှ အပြည့်အဝ ပြန်လည်နိုးထလာပြီ ဖြစ်သည့်တိုင်အောင် ယခုလို ချုံခိုတိုက်ခိုက်ခံလိုက်ရသဖြင့် နှလုံးသားထဲမှ ဒေါသစိတ်များမှာ ပေါက်ကွဲထွက်ပေါ်လာဆဲပင်။

" သေပေတော့ " ဝမ်ပေါင်လဲ့ ထိုသို့အော်ဟစ်လိုက်သည်နှင့် ဒဏ်ရာရထားကြသည့် သူ၏ ကိုယ်ပွားများအားလုံးမှာ သူ့ဆီသို့ ချက်ခြင်းပြန်ရောက်လာကြ၏။ ၎င်းတို့မှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားကြသဖြင့် သူ၏ အငွေ့အသက်များမှာ လှိုင်းလုံးကြီးတစ်လုံးကဲ့သို့ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ထို့နောက် သူသည် မတ်တတ်ထလာပြီး ရှေ့သို့ ပြေးထွက်သွားလိုက်သဖြင့် သူ၏ အငွေ့အသက်များကြောင့် ဘေးပတ်ဝန်းကျင်တစ်ခုလုံးမှာ တုန်ရီသွားရ၏။ ထိုအခါ သူ၏ ရှေ့၌ ထွက်ပြေးနေကြသည့် လူလေးယောက်မှာလည်း မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြတော့သည်။

သူတို့လေးယောက်မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ချက်ချင်း လူစုခွဲလိုက်ကြပြီး မတူညီသည့် အရပ်မျက်နှာ လေးခုသို့ ပြေးထွက်သွားကြ၏။ ထို့နောက် သူတို့ တစ်ယောက်ချင်းစီတိုင်းမှာ အမြန်နှုန်း မြှင့်တင်ပေးနိုင်စွမ်းရှိသော လျှို့ဝှက်ပညာရပ်များကိုလည်း တစ်ကြိမ်ပြီးတစ်ကြိမ် အသုံးပြုလိုက်ကြသေးသည်။

သူတို့လေးယောက် အတူတကွ ပူးပေါင်းခဲ့ခြင်းမရှိသည့် အကြောင်းရင်းမှာ တစ်ယောက်ကိုတစ်ယောက် မယုံကြသောကြောင့်ပင်။

သို့ဖြစ်ရာ ယခုလို လူစုခွဲသွားကြခြင်းမှာ သူတို့အတွက် ပိုကောင်းပေသည်။ ထို့အပြင် သူတို့မှာ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားများအားလုံး ဒဏ်ရာရရှိထားသည်ကို မြင်လိုက်ရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ကိုယ်ပွားများကို ထုတ်လွှတ်၍ သူတို့ လေးယောက်စလုံးအား လိုက်ဖမ်းနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူတို့လေးယောက်ထဲမှ တစ်ယောက်သာလျှင် ကံဆိုးသူမောင်ရှင်အဖြစ်သို့ ရောက်သွားနိုင်ခြေရှိပေသည်။

သူတို့လေးယောက်စလုံးမှာ သူတို့သည် ထိုအဖြစ်သို့ ရောက်သွားနိုင်ကြောင်း ခံစားနေရ၏။ သို့သော်ငြားလည်း အနှေးဆုံးလူမှာ ကံအဆိုးဆုံးဖြစ်သွားမည် ဖြစ်သည်။

ထို့ကြောင့်လည်း သူတို့အားလုံးမှာ အရှိန်မြှင့်တင်လိုက်ကြပြီး မျက်စိတစ်မှိတ်အတွင်းတွင် အခြားသူများ၏ ဝေးရာသို့ ထွက်ပြေးသွားကြခြင်း ဖြစ်သည်။

သူတို့၏ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။

ဝမ်ပေါင်လဲ့၏ ကိုယ်ပွားများမှာ ဒဏ်ရာရနေသောကြောင့် သူသည် ၎င်းတို့အား ထုတ်လွှတ်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် သူသည် တစ်ယောက်တည်းကိုသာ လိုက်လံဖမ်းဆီးနိုင်မည် ဖြစ်သည်။ သူသည် သူ၏ နတ်ဘုရားအာရုံဖြင့် ကြည့်ရှုစစ်ဆေးလိုက်သောအခါ ရှုယင်လင်း၊ လမ်းကိုးသွယ်တာအိုဂိုဏ်းမှ သတ္တမအဆင့် တာအိုဂိုဏ်းသား၊ နတ်ဧကရာဇ်ကျိကျား၏ နံပါတ်ကိုးတပည့်နှင့် ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းမှ နံပါတ်ဆယ့်ခုနစ် တာအိုကလေးငယ်တို့အား မြင်လိုက်ရ၏။

ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းမှ နံပါတ်ဆယ့်ခုနစ် တာအိုကလေးငယ်အား မြင်လိုက်ရသည်နှင့် သူ သူ၏လက်ထဲမှ လွတ်မြောက်သွားခဲ့သည့် အဖြစ်ကို ပြန်၍မှတ်မိသွားသည်။ ထို့ကြောင့် သူသည် ရုတ်တရက် ဆိုသလို လမ်းကြောင်းပြောင်းကာ သူ၏ နောက်သို့ ပြေးလိုက်သွားတော့သည်။

" အား။ ဘာလို ငါ့နောက်ကို လိုက်လာရတာလဲ။ ဘာလို့ ငါ့ကို လိုက်ဖမ်းနေရတာလဲကွ " ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်းမှ နံပါတ်ဆယ့်ခုနစ် တာအိုကလေးငယ်မှာ ဝမ်ပေါင်လဲ့ သူ၏ နောက်သို့လိုက်လာသည်ကို သတိထားမိလိုက်သည်နှင့် သွေးပျက်လုမတတ် ကြောက်ရွံ့ထိတ်လန့်သွားရပြီး အော်ငိုပစ်ချင်စိတ်များ ပေါက်လာရတော့သည်။

All Chapters