ဝမ်းနည်းနေသည့် ချန်ဟန်း
Vol. 77 Ch. 1065
" ငါ ဘာလို့ ဒီလောက်အထိ ကံဆိုးနေရတာလဲကွာ " ချန်ဟန်းမှာ အရှိန်ကုန်မြှင့်တင်ကာ ထွက်ပြေးနေရင် ရူးသွပ်လုမတတ် ခံစားနေရ၏။ သူသည် မြန်ဆန်ပါသော်လည်း သူ၏ နောက်တွင် ရှိနေသည့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် မြန်နေသည်။ ထို့ကြောင့် ထစ်ချူန်းသံများပင် ထွက်ပေါ်လာရပြီး ဘေးပတ်ပတ်လည်ရှိ မြူခိုးများမှာလည်း အပြင်အထန် တုန်ရီနေရတော့သည်။ ထို့အပြင် ချန်ဟန်းမှာ ဝမ်ပေါင်လဲ့၏ သတ်ဖြတ်လိုစိတ် အငွေ့အသက်များကို အာရုံခံမိနေသဖြင့် တစ်ကိုယ်လုံး ပေါက်ကွဲသွားတော့မည့်အလား ဖြစ်နေ၏။
" ဒီကောင်က... လုံးဝကို မူမမှန်ဘူးပဲ " ချန်ဟန်းမှာ ဦးရေခွံများ ထုံကျဉ်နေပြီး ခန္ဓာကိုယ်ထဲ၌ စူးစူးဝါးဝါး နာကျင်မှုတစ်မျိုးကို ခံစားနေရသည်။ သူ၏ ဝိညာဉ်ပင်လျှင် အနည်းငယ် ထိခိုက်သွားရပြီ ဖြစ်သည်။ ထို့အပြင် သူသည် သူ့အား လိုက်လံဖမ်းဆီးနေသည့် သူမှာ လူတစ်ယောက်မဟုတ်ပဲ ဝါးမျိုခြင်း စည်းမျဉ်းဥပဒေသနှင့် သွေးစည်းမျဥ်းဥပဒေသများဖြင့် ပြည့်နှက်နေသည့် အဆုံးအစ မရှိလောက်အောင် ရှည်လျားသော အလင်းတန်းကြီးတစ်ခု ဖြစ်နေသည်ဟုပင် ခံစားနေရ၏။
ထိုသို့သာမဟုတ်ပါက အဘယ်ကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ စူးစူးဝါးဝါး နာကျင်ကိုက်ခဲနေရသလို ထိုအလင်းတန်းကြီးကြောင့် အရည်ပျော်ကျသွားတော့မည်အလား ခံစားနေရပါသနည်း။ အဘယ်ကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှသွေးများမှာ သူ၏ နောက်ရှိ အငွေ့အသက်ကြီး၏ ဆွဲငင်ခြင်းကို ခံနေရသည့်အလား ဗြောင်းဆန်နေကြပါသနည်း။
ထို့အပြင် ဝါးမျိုခြင်း စွမ်းအားတစ်မျိုးမှာလည်း အဆက်မပြတ် ထွက်ပေါ်လာနေသေးသည်။ ထို့ကြောင့်လည်း သူသည် မည်မျှပင် မြန်ဆန်နေစေကာမူ အဝေးသို့ လွတ်မြောက်သွားနိုင်စွမ်း မရှိဘဲ ဖြစ်နေရ၏။
" အားးး " ချန်ဟန်းမှာ သူ၏ နောက်တွင် ရှိနေသည့် သတ်ဖြတ်လိုစိတ် အငွေ့အသက်ကြီး သူ၏ အနီးသို့ တဖြည်းဖြည်း ချဥ်းကပ်လာသည်ကို အာရုံခံမိလိုက်သောအခါ သွေရူးသွေးတန်းနှင့် အော်ပြောလိုက်၏။
" ဒီကိစ္စကြီးတစ်ခုလုံးကို ရှုယင်လင်းက ကြိုးကိုင်နေတာ။ သူ့ကို သွားဖမ်းလေကွာ။ ပြီးတော့ လမ်းကိုးသွယ်တာအိုဂိုဏ်းက ကောင်လေးလည်း ရှိသေးတယ်။ ဘာလို့ သူ့နောက်ကို လိုက်မသွားရတာလဲ။ နတ်ဧကရာဇ်ကျိကျားရဲ့ နံပါတ်ကိုးတပည့်ဆိုတဲ့ မျိုးမစစ်ကောင်လည်း ကျန်သေးတယ်။ သူဆိုရင် တော်တော်လေးကို မောက်မာဝင့်ကြွားပြီးတော့ ရက်စက်တာကွ။ သူ့ကို သွားပြီးတော့ ဆုံးမပါလား "
" ဘာလို့ ငါ့ကို လိုက်ဖမ်းနေရတာလဲ။ ဘာလို့ ငါ့နောက်ကို လိုက်လာရတာလဲ... မင်းက ဘာမှ အပြစ်မရှိတဲ့ လူတစ်ယောက်ကို အနိုင်ကျင့်နေတာပဲကွ "
" နားငြီိးတယ်ကွာ " ဝမ်ပေါင်လဲ့မှာမူ အေးစက်စက် လေသံကြီးဖြင့်သာ ပြန်ပြောလိုက်၏။ သူ၏ အငွေ့အသက်များမှာလည်း ပို၍ အားကောင်းလာသည်။ သူတို့နှစ်ယောက်မှာ အဖြူရောင်မြူခိုးများထဲ၌ အရှိန်ကုန်မြှင့်တင်၍ ပြေးလွှားနေကြသဖြင့် တရွှီးရွှီးမြည်သံများပင် ထွက်ပေါ်လာရ၏။ ထို့အပြင် သူတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ မြူခိုးများမှာလည်း အရပ်မျက်နှာအနှံသို့ လွင့်စင်သွားကြသည်သာဖြစ်သည်။
သို့ဖြစ်ရာ ထို မြူခိုးများပင်လျှင် သူတို့နှစ်ယောက်အား တားဆီးနိုင်စွမ်း မရှိသည့်ပုံ ပေါက်နေတော့သည်။ သူတို့ ဖြတ်သန်းသွားသည့် နေရာများ၏ ဘေးနားတစ်ဝိုက်တွင် ရှိနေကြသည့် ပြိုင်ပွဲဝင်များမှာမူ တုန်လှုပ်ချောက်ချားကာ မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် နောက်သို့ ထွက်ပြေးဆုတ်ခွာသွားကြသည်သာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော မြူခိုးများထဲမှ ထွက်ပေါ်လာနေသည့် တုန်ခါမှုလှိုင်းများမှာ သူတို့ ရင်ဆိုင်နိုင်စွမ်း မရှိလောက်အောင် ကြောက်စရာကောင်းလွန်းနေသောကြောင့်ပင်။
ထို့အချိန်တွင် မြူခိုးများထဲမှ ထစ်ချုန်းသံများအပြင် ချန်ဟန်း၏ သွေးပျက်ချောက်ချားဖွယ်ရာ အော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံကြီးအား ကြားလိုက်ရသည့်သူတိုင်းမှာ အရှိန်ကုန်မြှင့်တင်၍ အဝေးသို့ ထွက်ပြေးသွားကြသည်သာ ဖြစ်သည်။ ယခုတွင် ချန်ဟန်းမှာ လက်တစ်ဖက် မရှိတော့ပေ...
ဝမ်ပေါင်လဲ့၏ အမြန်နှုန်းမှာ တစ်မုဟုတ်ချင်း ထိုးတက်သွားသဖြင့် သူသည် ချန်ဟန်း၏ အနီးသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားခဲ့၏။ ထို့ကြောင့် ချန်ဟန်းမှာ ရှောင်တိမ်းချိန် မရလိုက်ဘဲ သူ၏ ညာဘက်လက်အား ဖောက်ခွဲပစ်လိုက်ရပြီး ၎င်းအား သွေးမြူခိုးများအဖြစ် ပြောင်းလဲကာ ဝမ်ပေါင်လဲ့၏ တိုက်ကွက်အား ခုခံတွန်းလှန်လိုက်ရခြင်း ဖြစ်သည်။
ထို ဖောက်ခွဲမှုပညာရပ်မှာ တဒင်္ဂစွမ်းအားများကို ပေးစွမ်းနိုင်ပါသော်လည်း ခဏအကြာတွင် အားအင်များနုံးချည့်သွားသလို ခံစားလိုက်ရမည်သာဖြစ်သည်။ ထို့အပြင် ထိုပညာရပ်ကြောင့် ခံစားရသည့် နာကျင်မှုမှာလည်း အလွန်အင်မတန်မှ ပြင်းထန်၏။ ထို့ကြောင့်လည်း ချန်ဟန်းမှာ အသံကုန် အော်ဟစ်မိလိုက်ခြင်း ဖြစ်သည်။
ယခုတွင် သူသည် လက်တစ်ဖက်အား အဆုံးရှုံးခံလိုက်ပြီးနောက် အရှိန်မြှင့်တင်လိုက်သဖြင့် သူတို့နှစ်ယောက်၏ ကြားမှ အကွာအဝေးမှာ ကြီးမားသွား၏။ သူသည် အော်ငိုပစ်ချင်စိတ် များပေါက်နေပြီဖြစ်သည်။
" ဘယ်လိုလုပ်ပြီးတော့ အခုလိုတွေ ဖြစ်နေရတာလဲကွာ... လူတိုင်းက သူတို့ရဲ့ အတိတ်ဘဝတွေကို နားလည်အောင် လုပ်နေတာပဲလေ။ ဘာလို့ ဒီကောင်ကျမှ အခုလောက်အထိ အစွမ်းထက်လာရတာလဲ။ သူ့ရဲ့ အတိတ်ဘဝက ဘာများ ဖြစ်နေလို့လဲ " ချန်ဟန်းမှာ သူ၏ လက်ရှိအခြေအနေအား လက်မခံချင်လောက်အောင် ဖြစ်နေပြီး တစ်ခုခုမှာ လွဲနေခြင်းဖြစ်ကြောင်း ခံစားနေရသည်။ ထိုသို့သာမဟုတ်ပါက တစ်ဘဝလုံး အမြဲတမ်း ကံကောင်းခဲ့နေခဲ့သည့် သူသည် ယခုလို ရုပ်ပျက်ဆင်းပျက် ထွက်ပြေးနေစရာအကြောင်း မရှိပေ။ ထို့အပြင် သူသည် သူ၏ အတိတ်ဘဝများအကြောင်း ပြန်တွေးမိလိုက်တိုင်း ပို၍ပင် ငိုချင်စိတ်ပေါက်လာရသည်သာဖြစ်သည်။
" ငါက ပထမဆုံး အတိတ်ဘဝထဲမှာတုန်းက နတ်ဘုရားမျိုးနွယ်စု တက်နင်းတာ ခံခဲ့ရတဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်ခဲ့တာ။ ဒုတိယဘဝထဲမှာတုန်းက ဖုတ်ကောင်တွေ ကိုက်သတ်တာခံခဲ့ရတဲ့ သက်ရှိတစ်ယောက် ဖြစ်ခဲ့တာ။ တတိယ ဘဝထဲမှာတုန်းကကျ သက်ရှိတစ်ယောက် မဟုတ်တော့ဘဲ ပန်းပွင့်တစ်ပွင့်ဖြစ်နေခဲ့တာ... အဆိုးဆုံးကတော့ စတုတ္ထဘဝပဲ။ အဲဒီ ဘဝထဲမှာ ငါက လူတစ်ယောက်ရဲ့ အူထဲမှာရှိတဲ့ ရောဂါပိုးမွှားတွေ ဖြစ်နေခဲ့တာ "
" ချန်ဟန်းဆိုတဲ့ ငါက ခုနစ်နှစ်သားကတည်းက ခေါင်းဆောင်ကြီး ကောင်းချီးပေးတာကို ခံခဲ့ရတာကွ။ ငါက ပါရမီရှင်တစ်ယောက်အဖြစ် ဖွားမြင်လာခဲ့ပြီးတော့ ကြယ်နယ်မြေအဆင့်အထိ ရောက်အောင် လေ့ကျင်ခဲ့တာ။ ဒါပေမဲ့ စကြဝဠာအဆင့်အထိ ဖောက်ထွက်နိုင်အောင်လို့ လူပြန်ဝင်စားလာခဲ့တာပဲ။ ငါ ဆယ့်လေးနှစ်သားတုန်းက မိုးကောင်းကင်တာအိုရဲ့ အစိတ်အပိုင်းတစ်ခုကို ရှာတွေ့ခဲ့ပြီးတော့ ငါ့ရဲ့ ခန္ဓာကိုယ်ထဲကို ပေါင်းထည့်နိုင်ခဲ့တာ... အဲတာပြီးတော့ ငါ တတိယအကြိမ်အဖြစ် ပြန်လည်ဖွားမြင်လာခဲ့တာပဲ။ ငါ နှစ်ဆယ့်တစ်နှစ်သား အရွယ်ကိုရောက်တော့ သဘာဝစည်းမျဉ်းဥပဒေသတွေကို နားလည်သွားခဲ့လို့ ပိုပြီးတော့ အစွမ်းထက်လာခဲ့တာ... "
" ဒါပေမဲ့ စကြဝဠာအဆင့်ကို ဖောက်ထွက်နိုင်ဖို့အတွက် ငါ နောက်ထပ်တစ်ကြိမ် ပြန်ပြီးတော့ ဖွားမြင်လာခဲ့တာပဲ။ ငါ နှစ်ဆယ့်ရှစ်နှစ်သား အရွယ်ကိုရောက်တော့ မဟာဆီးနှင်းသွေးကို ရယူနိုင်ခဲ့တာမလို့ ငါ့ရဲ့ ဝိညာဉ်က အများကြီးတိုးတက်ပြောင်းလဲသွားခဲ့တာ... အခု ငါ နောက်ထပ်တစ်ကြိမ် ထပ်ပြီးတော့ ပြန်လည်ဖွားမြင်လာခဲ့ပြီးပြီဆိုတော့ သုံးဆယ့်ငါးနှစ်သား အရွယ်ကိုရောက်ရင် ငါ့ရဲ့ အတိတ်ဘဝတုန်းက တာအိုကို ပြန်ရတော့မှာ။ ဒီနှစ်ဆိုရင် ငါ သုံးဆယ့်ငါးနှစ်ပြည့်ပြီလေ " ချန်ဟန်းမှာ ထိုအကြောင်းများ ပိုတွေးလေလေ ပို၍ပင် မကျေမချမ်း ဖြစ်လာရလေလေ ဖြစ်နေတော့သည်။ သို့သော် သူ မည်မျှပင် မကျေမချမ်းဖြစ်နေစေကာမူ အချည်းနှီးပင်...
ခဏအကြာတွင် နောက်ထပ် အော်သံကြီးတစ်သံ ထပ်၍ ထွက်ပေါ်လာပြန်သည်။
ယခုအကြိမ်တွင်မူ ချန်ဟန်းမှာ သူ၏ အခြားလက်တစ်ဖက်အား ဆုံးရှုံးလိုက်ရ၏...
ဝမ်ပေါင်လဲ့မှာမူ သူ့အား လိုက်ဖမ်းနေဆဲပင်... ထိုသို့ဖြင့် နာရီဝက်တိတိ ကုန်ဆုံးသွားချိန်တွင် နောက်ထပ် အော်ဟစ်သံကြီးတစ်သံ ထပ်၍ ထွက်ပေါ်လာပြန်သည်။ ချန်ဟန်း၏ အော်ဟစ်သံများမှာ တစ်ကြိမ်ပြီးတစ်ကြိမ် ပို၍ သနားစရာကောင်းလာသည်သာ ဖြစ်သည်။ ယခုအကြိမ်တွင်မူ သူသည် သူ၏ ညာဘက်ခြေထောက်အား ဖောက်ခွဲပစ်လိုက်ရ၏။
ထို့နောက် သူ၏ ဘယ်ဘက်ခြေထောက်၊ ခါးနှင့် နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်အထက်ပိုင်းတို့မှာ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားကြသည်သာဖြစ်သည်...
နှစ်နာရီတိတိ ကုန်ဆုံးပြီးသွားချိန်တွင် ခေါင်းတစ်လုံးသာကျန်တော့သည့် ချန်ဟန်းမှာ အခြားရွေးချယ်စရာ မရှိတော့သဖြင့် ရပ်တန့်လိုက်ပြီး သူ၏ ရှေ့၌ ပေါ်ပေါက်လာသည့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်တော့သည်။
" အစ်ကိုကြီးပေါင်လဲ့... " ခေါင်းတစ်လုံးသာ ကျန်တော့သည့် ချန်ဟန်းမှာ သနားစရာကောင်းသည့်လေသံဖြင့် ခေါ်လိုက်၏။
" ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ဦးလေ။ မင်းက ထွက်ပြေးတဲ့နေရာမှာ ဆရာကြီးမဟုတ်ဘူးလား။ လုပ်ပါ။ ငါ မင်းထွက်ပြေးတာကို စောင့်နေတယ် " ဝမ်ပေါင်လဲ့မှာမူ ချန်ဟန်း၏ ဦးခေါင်းအား စိုက်ကြည့်ကာ ဆိုလိုက်၏။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း မတည်မငြိမ် ဖြစ်နေရပြီဖြစ်သည်။ ချန်ဟန်းမှာ ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ထွက်ပြေးနေခဲ့သည့်အပြင် သူ၏ ခန္ဓာကိုယ်အား အဆက်မပြတ် ဖောက်ခွဲကာ သူ့အား တားဆီးနိုင်ရန် ကြိုးစားခဲ့သေးသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူ့အား လိုက်လံဖမ်းဆီးရင်း မောပန်းနွမ်းနယ်နေရပြီ ဖြစ်သည်။
ထို့ကြောင့် သူသည် ချန်ဟန်းအား လိုက်မီသွားသည်နှင့် အလောတကြီး ပြုမူနေခြင်းမရှိဘဲ သူ့အား စိုက်ကြည့်ကာ အေးစက်စက်လေသံဖြင့် နှာမှုတ်လိုက်၏။
" ဂိုဏ်းတူအစ်ကိုကြီး... ကျွန်တော် ထပ်ပြီးတော့ ဖောက်ခွဲနိုင်စွမ်း မရှိတော့လို့ပါ " ချန်ဟန်း၏ မျက်နှာပေါ်၌ မျက်ရည်များစီးကျလာပြီ ဖြစ်သည်။
" ဘာလို့လဲကွ " ဝမ်ပေါင်လဲ့မှာ အဖြေအား သိထားပြီးဖြစ်ပါသော်လည်း ထပ်မေးလိုက်၏။
" ဂိုဏ်းတူအစ်ကိုကြီး။ ကျွန်... ကျွန်တော့်ဆီမှာ ခေါင်းတစ်လုံးပဲ ကျန်တော့တာလေဗျာ... "
" ငါလည်း မြင်ပါတယ်ကွ။ လုပ်စမ်းပါ။ ငါ ကြားချင်တဲ့ စကားလေးတွေ ပြောပေး။ မပြောနိုင်ရင်တော့ ကိုယ့်ကိုယ်ကိုယ် ထပ်ပြီးတော့ ဖောက်ခွဲပစ်ဖို့သာ ပြင်ထား "
" ဂိုဏ်းတူအစ်ကိုကြီးခင်ဗျား၊ ဦးလေးဆရာခင်ဗျား၊ ခေါင်းဆောင်ကြီးခင်ဗျား၊ ဘိုးဘိုးကြီးခဗျား... ကျွန်တော် မှားသွားပါတယ်ဗျာ " ချန်ဟန်းမှာ ရှိုက်ကြီးတငင် ငိုကြွေးလိုက်ပြီး သူ၏ အမှားကို ဝန်ခံလိုက်ပါက အသက်ရှင်ခွင့်ရလိမ့်မည်ဟု မျှော်လင့်နေ၏။ သို့သော် ဝမ်ပေါင်လဲ့မှာမူ သူ့အား စိန်းစိန်းဝါးဝါးစိုက်ကြည့်ကာ ပြန်ပြောလိုက်သည်။
" မင်းက မင်းကိုယ်မင်း မဖောက်ခွဲတော့ဘူးပေါ့ ဟုတ်လား။ အေး။ အဲတာဆိုလည်း ငါ ကူညီပေးရတာပေါ့ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ ချန်ဟန်း၏ အနီးသို့ ချဥ်းကပ်သွားလိုက်၏။ ထို့နောက် သူသည် ညာဘက်လက်ကိုမြှောက်လိုက်သဖြင့် သွေးစည်းမျဉ်းဥပဒေသမှာ သူ၏ လက်ဖဝါးထဲ၌ ပေါ်ပေါက်လာသည်။ ချန်ဟန်းမှာမူ အဆုံးအစမရှိလောက်အောင် များပြားသည့် မကျေနပ်ချက် အငွေ့အသက်များဖြင့် ပြည့်နှက်နေသော သွေးပင်လယ်ကြီးတစ်စင်း သူ့အား ဖုံးလွှမ်းသွားတော့မည့်ပုံ ပေါက်နေသည်ကို မြင်လိုက်ရသည်။
" အစ်ကိုကြီး၊ ဦးလေး၊ အဖေ... " ယခုလိုမျိုး အသက်အန္တရာယ်ကြီးနှင့် ရင်ဆိုင်နေရချိန်တွင် ချန်ဟန်းမှာ သူ၏ ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အသံကုန် အော်ဟစ်ငိုကြွေးနေတော့သည်။ သူ၏ မျက်ဝန်းများထဲတွင်မူ မျှော်လင့်ချက်များအားလုံး ပျက်သုဉ်းနေပြီ ဖြစ်သည်။ သူသည် အခြား ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် သတ်သေသွားကြသည်ကို မြင်ခဲ့ရသည်ဖြစ်ရာ အကယ်၍ သူသာ ထိုသွေးပင်လယ်ကြီးထဲ၌ နစ်မြုပ်သွားမည်ဆိုပါက သူသည်လည်း သူ့ကိုယ်သူ သတ်သေလိုက်ရမည်သာဖြစ်ကြောင်း သိထားပြီးသားဖြစ်သည်။
ထို့အပြင် သူသည် ဤ နေရာ၌ သေဆုံးသွားပါက အသက်ပြန်ရှင်လာနိုင်မည်မဟုတ်ကြောင်း ခံစားနေရ၏။ သို့ဖြစ်ရာ သူ ထိုကဲ့သို့ မျက်ရည်လည်ရွဲ ဖြစ်နေရသည်မှာ မထူးဆန်းပေ။ သို့သော် သူ ရှိုက်ကြီးတငင်ငိုကြွေးကာ သေဆုံးသွားတော့မည်ဟု တွေးနေစဉ်မှာပင် ဝမ်ပေါင်လဲ့၏ လက်မှာ သူ၏ နဖူးရှေ့၌ ရပ်တန့်သွား၏။
" မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တယ် "
ထိုအခါ မျှော်လင့်ချက်များ ပျက်သုဉ်းနေသည့် ချန်ဟန်းမှာ တစ်ခဏမျှ မှင်တက်သွား၏။ ထို့နောက် သူသည် အသက်ရှင်နိုင်မည့် အခွင့်အရေးတစ်ခုကို ရှာတွေ့သွားသည့်အလား အလောတကြီး ဆိုလိုက်တော့သည်။
" အစ်ကိုကြီးလား... ဦးလေးလား။ မဟုတ်ဘူး။ အဖေ... အဖေ... အဖေလို့ ခေါ်လိုက်တာပါ "
ဝမ်ပေါင်လဲ့တစ်ယောက် ထိုကဲ့သို့ အခေါ်မခံရသည်မှာ အတော်အတန် ကြာနေပြီဖြစ်သည်။ ထို့ကြောင့် သူ၏ မျက်ဝန်းများထဲ၌ အတိတ်ကို ပြန်ပြောင်းသတိရနေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ သူသည် အတိတ်ဘဝပေါင်း မြောက်မြားစွာအား ဖြတ်သန်းခဲ့ရသဖြင့် အဖေဟု ခေါ်ခံရသည့် အရသာကိုပင် မေ့ပျောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
" အဖေ။ ကျွန်တော် အမှားကြီး မှားသွားပါတယ်ဗျာ " ချန်ဟန်းမှာ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲမှ ခံစားချက်များကို မြင်လိုက်ရသည်နှင့် ချက်ချင်းဆိုသလိုပင် စိတ်လှုပ်ရှားသွားပြီး ရိုးသားမှုအပြည့်ရှိသော လေသံဖြင့် ထပ်၍ တောင်းပန်လိုက်၏။ ထို့အပြင် သူသည် သူ၏ အသက်စွမ်းအားများကိုပင် ထုတ်ပေးလိုက်သေးသည်။ ထိုမျှသာမက သူသည် သူ၏ အသိစိတ်ထဲ၌ ဝမ်ပေါင်လဲ့၏ တံဆိပ်အမှတ်အသားကိုပင် လက်ခံလိုက်သေးသည်။
သို့ဖြစ်ရာ သူသည် သူ၏ ဘဝတစ်ခုလုံးအား ဝမ်ပေါင်လဲ့၏ လက်ထဲသို့ အပ်လိုက်ပြီဖြစ်သည်။ ထိုအခါမှသာ သူသည် စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွား၏။ သို့သော်လည်း သူ၏ နှလုံးသားထဲတွင်မူ ပူဆွေးသောကများနှင့် ရှက်စိတ်များဖြင့် ပြည့်နှက်သွားရဆဲပင်။
" တစ်ဘဝလုံး သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့တဲ့ ချန်ဟန်းဆိုတဲ့ ငါ... အသက်သုံးဆယ့်ငါးနှစ်အရွယ်မှာ လူပြန်ဝင်စားလာပြီးတော့ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ အဖိုးတန်ရတနာတစ်ခုကို မရခဲ့ဘဲ... အဖေတစ်ယောက် ရသွားရတယ်လို့ကွာ " ချန်ဟန်းမှာ အတွေးများထဲ၌ တစ်ကိုယ်တည်းရေရွတ်ရင်း ဝမ်ပေါင်လဲ့၏ ဘေး၌ရစ်ဝဲနေ၏။ သူသည် ခေါင်းတစ်လုံးသာ ကျန်တော့သည်ဖြစ်ပြီး ငိုမဲ့မဲ့ ဖြစ်နေသည်...
ဝမ်ပေါင်လဲ့မှာမူ တင်ပျဥ်ခွေထိုင်ချကာ သူ့အား လျစ်လျူရှုထားပြီး ပဉ္စမနေ့ ရောက်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေသည်။ ထို့ကြောင့် ချန်ဟန်းမှာ မျက်ရည်များ ကျမလာအောင် ဆက်လက် ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့ပေ။
" ငါ ကြယ်နယ်မြေအဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်အဆင့်မှာပဲ ရပ်မနေမိခဲ့တာ နာတယ်ကွာ။ ငါ... ငါ... ဘာလို့ သေသေချာချာ မစဉ်းစားခဲ့ရတာလဲ။ ဘာလို့ တစ်ကြိမ်ပြီးတစ်ကြိမ် ပြန်ပြီးတော့ ဖွားမြင်လာအောင် လုပ်ခဲ့ရတာလဲ... "
" မဖြစ်ဘူး။ ငါ လက်မခံနိုင်ဘူး။ တောက်ကွာ။ လမ်းကိုးသွယ်တာအိုဂိုဏ်းက ဟိုငနဲက ဘာလို့ လွတ်သွားရတာလဲ။ နတ်ဧကရာဇ်ကျိကျားရဲ့ တပည့်ဆိုတဲ့ကောင်ကရော ဘာလို့ လွတ်သွားရတာလဲ။ သူတို့ပါ ဒီကောင့်ကို အဖေလို့ ခေါ်ရအောင် ငါ လုပ်မှဖြစ်မယ် " ချန်ဟန်း၏ မျက်ဝန်းများထဲ၌ ရူးသွပ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ သူသည် အဖြစ်ဆိုးကြီးနှင့် ကြုံနေရပြီဖြစ်ရာ အခြားမည်သူ့ကိုမှ အေးအေးဆေးဆေးနေခွင့် ပေးနိုင်မည်မဟုတ်ပေ။
ထိုသို့ဖြင့် ချန်ဟန်းတစ်ယောက် အံတကြိတ်ကြိတ်ဖြစ်နေစဉ် အချိန်များ ကုန်လွန်သွား၏။ ခဏအကြာတွင်... ရှေးဆန်သည့် စကားသံကြီးမှာ မြူခိုးများထဲ၌ နောက်ထပ်တစ်ကြိမ်ထပ်၍ ပဲ့တင်ထပ်သွားပြီး ပြိုင်ပွဲဝင်များအားလုံး၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာတော့သည်။
" ပဉ္စမနေ့၊ ပဉ္စမဘဝ “