ပေါင်ပေါင်
Vol. 77 Ch. 1066
" ငါ့ကို မိုးကောင်းကင်ကြီး ပြိုကျလာတဲ့နေ့မှာ မွေးခဲ့တာ "
" ငါ့အမေကတော့ ပြောပါတယ်။ ကောင်းကင်ကြီးထဲမှာ တိမ်တိုက်တွေကို မီးမြှိုက်ပြီးတော့ ကမ္ဘာကြီးတစ်ခုလုံးကို မီးလောက်တိုက်သွင်းနေတဲ့ မီးတောက်ကြီးတစ်ခု ရှိတယ်တဲ့ "
" အဲဒီနေ့တုန်းက ငါ့ရဲ့ မျိုးနွယ်စုဝင်တွေထဲက တစ်ဝက်ကျော် သေဆုံးသွားခဲ့တာပဲ။ အဲဒီနေ့မှာပဲ ငါ့ကို ဖွားမြင်ခဲ့တာပဲ "
" ငါ့မှာ နာမည်မရှိဘူး။ ငါ့ရဲ့ မျိုးနွယ်စုထဲမှာ နာမည်တွေက သိပ်ပြီးတော့ အရေးမပါတဲ့ ပုံပါပဲ။ တကယ်အရေးပါတဲ့ တစ်ခုတည်းသောအရာက ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ကမ္ဘာကြီးထဲမှာ အသက်ရှင်နေထိုင်နိုင်ဖို့ပဲ "
" ဘာကြောင်မှန်းတော့ မသိပေမဲ့ တခြား ဘယ်သူ့ကိုမှ မသတ်ဖူးတဲ့ ငါတို့တွေက အမြဲတမ်း တခြားလူတွေရဲ့ သားကောင်တွေ ဖြစ်ခဲ့ရတာပဲ။ လူသားတွေက ငါတို့ကို အမဲလိုက်၊ အရေဆုတ်ပြီး သူတို့ရဲ့ အဝတ်အစားတွေအဖြစ် ချုပ်ဝတ်ရတာ အရမ်းကြိုက်ကြတာ "
" ငါတို့ရဲ့ ခန္ဓာကိုယ်ပေါ်က သွေးတွေကို ဖယ်ရှားသန့်စင်ပစ်လို့ ရပေမဲ့ သေမင်းအငွေ့အသက်ကိုရော ဖယ်ရှားပစ်လို့ ရပါ့မလား "
" သူတို့က ငါတို့ရဲ့ ဦးချိုတွေကို ဖြတ်တောက်ပြီးတော့လည်း အလှဆင်ပစ္စည်းတွေ လုပ်ကြသေးတယ် "
" ဒါပေမဲ့ ငါတို့လို အားနည်းတဲ့ သူတွေက ဘယ်လိုလုပ်ပြီးတော့ အလှဆင်ပစ္စည်းတွေ ဖြစ်ခွင့်ရှိပါမလဲ "
" ပြီးရင် သူတို့က ရောဂါတွေ ပျောက်တယ်ဆိုပြီး ငါတို့ရဲ့ သွေးတွေကိုလည်း အစိမ်းလိုက် သောက်တတ်ကြသေးတယ် "
" ငါတို့ရဲ့ နှလုံးသားထဲကို ဖောက်ဝင်လာတဲ့ ဓားမြှောင်က သွေးတွေကို ပူပူနွေးနွေး ထုတ်လွှတ်ပေးနိုင်စွမ်း ရှိတာပေါ့။ သူတို့ရဲ့ ရောဂါတွေကို ပျောက်ကင်းစေတာ မှန်ပေမဲ့ ငါတို့ကတော့ ငါတို့ရဲ့အသက်တွေနဲ့ ပေးဆပ်လိုက်ရတာလေ "
" အဲတာကြောင့်မလို့ ငါက ဒီကမ္ဘာကြီးထဲကို ရောက်လာတဲ့ အချိန်ကတည်းက အမြဲတမ်း ကြောက်ရွံ့နေခဲ့ရပြီးတော့ အမြဲတမ်း သတိဝီရိယရှိရှိနဲ့ ပုန်းကွယ်နေခဲ့ရတာ။ ဒါပေမဲ့လည်း မရပါဘူး။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာကြီးက ဓားလှံ လက်နက်တွေ၊ လူသားတွေနဲ့ ခမ်းနားထည်ဝါတဲ့ မြို့နံရံကြီးတွေရဲ့ ဩဇာအောက်မှာ ရှိနေလို့ပဲ "
" ပြီးတော့ ငါကလည်း နည်းနည်း ထူးခြားနေသေးတယ်။ ငါ့ရဲ့ အရေခွံက အဖြူရောင် ဖြစ်နေတာမလို့ တခြား မျိုးနွယ်စုဝင်တွေနဲ့ မတူဘူးလေ။ ငါ့ရဲ့ ဦးချိုတွေနဲ့ မျက်လုံးတွေကပါ အဖြူရောင်ဖြစ်နေတာ "
" အဲဒီ ကွဲပြားခြားနားချက်တွေကြောင့်ပဲ ငါ့ကို လူတွေ ရှာတွေ့သွားတဲ့အချိန်မှာ ငါ ဘေးဒုက္ခတွေ တစ်ခုပြီးတစ်ခု ကြုံတွေ့ခဲ့ရတာပဲ "
" အဲဒီ ဘေးဒုက္ခတွေကြောင့်ပဲ ငါ ငါ့ကို မွေးခဲ့တဲ့နေ့တုန်းက အမေပြောခဲ့တဲ့ ကောင်းကင်ကြီးထဲက မီးတောက်ကြီးအကြောင်း သိခဲ့ရတာ။ အဲဒီ မီးတောက်ကြီးဆိုတာ လက်နက်တစ်ခုပဲ။ ဒီကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိတယ်လို့ ပြောကြတဲ့ လက်နက်တစ်ခုပေါ့ "
" ငါ အဲဒီအချက်တွေကို သိနေရတဲ့ အကြောင်းရင်းက ငါ့ရဲ့ ကံကြမ္မာကို မရှောင်လွှဲနိုင်လို့ပဲ။ ငါ ဘေးဒုက္ခတွေနဲ့ ကြုံရတော့ ငါ့ရဲ့ မျိုးနွယ်စုရော ငါ့ရဲ့အမေကပါ ငါ့ကို စွန့်ခွာသွားခဲ့တာ။ ဘာလို့လဲဆိုတော့ ငါ့ကြောင့် မျိုးနွယ်စုတစ်ခုလုံး ပျက်စီးသွားရလို့တဲ့ "
" ငါ သူတို့နောက်ကို ပြေးလိုက်သွားချင်ခဲ့ပေမဲ့ သတ္တိမရှိခဲ့ပါဘူး.... ငါ့ကို ဖွားမြင်ခဲ့တဲ့ အချိန်ကတည်းက ငါက အမြဲတမ်း စိုးရိမ်စိတ်တွေ လွန်ကဲနေခဲ့တာလေ။ အဲတာကြောင့်မလို့လည်း ငါက အသံအကျယ်ကြီး မအော်ရဲသလို ပြေးတာလွှားတာမျိုးလည်း မလုပ်ရဲခဲ့ဘူး။ ငါ အဲဒီလိုပြေးလိုက်လို့ ထွက်လာတဲ့ အသံတွေကြောင့် အန္တရာယ်တွေနဲ့ ပိုပြီးတော့ ကြုံရနိုင်တယ်လေ "
" ငါ အဲဒီလို စွန့်ပစ်ခံခဲ့ရပြီးတဲ့နောက်မှာ ငါ နာမည်မသိတဲ့ လူတစ်ယောက်က ငါ့ကို ဖမ်းမိသွားခဲ့တာပဲ "
" သူက သေမင်းအငွေ့အသက်တွေ ကိန်းအောင်းနေတဲ့ ငါ့ရဲ့ အရေခွံကို လိုချင်ခဲ့တာလည်း မဟုတ်ဘူး။ အရင်တုန်းကလို မနွေးတော့တဲ့ ငါ့ရဲ့သွေးကို လိုချင်ခဲ့တာလည်းမဟုတ်ဘူး။ ငါ့ကု အရှင်လက်လက်ပဲ လိုချင်ခဲ့တာ။ သူက ငါ့ကို မြို့တော်သခင်ဆီ လက်ဆောင်တစ်ခုအဖြစ် ဆက်သမှာလေ "
" အဲလိုနဲ့... ငါ အချိန်အကြာကြီး အစာငတ်ခံခဲ့ရပြီးတဲ့နောက်မှာ မြို့တော်ထဲကို ရောက်သွားခဲ့ပြီးတော့ မြို့တော်သခင်ကြီးရဲ့ အိမ်နောက်ဖေး ဥယျာဉ်ထဲမှာ မွေးထားတဲ့ လျှို့ဝှက်ဆန်းကြယ် သားရဲကြီးတွေထဲကတစ်ကောင် ဖြစ်သွားခဲ့တာပဲ "
" တစ်ခါတစ်လေကျရင်တော့ ငါ့ကိုယ်ငါ ကံကောင်းတယ်လို့ တွေးမိသား။ ငါ ငါ့ရဲ့ လွတ်လပ်မှုတွေ၊ မျိုးနွယ်စုဝင်တွေကို ဆုံးရှုံးလိုက်ရပြီးတော့ ဒီဥယျာဉ်ကြီးထဲမှာပဲ ပြုစုပျိုးထောင်ခံခဲ့ရတာ မှန်ပေမဲ့ ပုန်းကွယ်နေစရာ၊ ကြောက်ရွံ့နေစရာ၊ ပြေးလွှားနေစရာ မလိုတော့ဘူးလေ။ ပြီးတော့... ဒီဥယျာဉ်ကြီးထဲမှာ ငါ့ရဲ့ မိတ်ဆွေတွေလည်း ရှိနေသေးတယ် "
" ငါ့ရဲ့ မိတ်ဆွေတွေက ပညာရှိ လူဝံအိုကြီး၊ ကျားရိုင်းလေးနဲ့ အလှပဂေး မြေခွေးလေးတို့ပဲ။ တခြား သားရဲကြီးတွေက ရက်စက်ကြမ်းကြုတ်လွန်းလို့ ငါ သူတို့ကို သိပ်ပြီးတော့ သဘောမကျဘူး "
" ပညာရှိ လူဝံအိုကြီးက တော်တော်လေးကိုထူးဆန်းတာ။ သူက အရမ်း အသက်ကြီးနေပြီမလို့ တစ်ကိုယ်လုံး အရေးကြောင်းတွေနဲ့ ပြည့်နေတဲ့အထိပဲ။ သူက တောင်ငယ်လေးတစ်လုံးပေါ်မှာ တင်ပျဥ်ခွေထိုင်ပြီးတော့ ကျောက်တုံးလေးတွေ စီရတာကို အရမ်းသဘောကျတာလေ။ ပြီးရင် သူက တစ်နှစ်တစ်ကြိမ် ငါတို့ကိုခေါ်ပြီး သူ့ရဲ့ မွေးနေ့ပွဲကို ကျင်းပတတ်သေးတယ် "
" သူ ဒီနေရာကို ရောက်လာတာ တော်တော်လေးကို ကြာပြီလို့ သူများတွေက ပြောကြတာပဲ။ အဲတာကြောင့်မလို့ သူက ဒီဥယျာဉ်ကြီးထဲက အကြောင်းတွေ အကုန်လုံးကို သိတဲ့ သတ္တဝါတစ်ကောင် ဖြစ်နေတာပဲ "
" ကျားရိုင်းလေးကတော့ သူနဲ့ မတူဘူး။ သူက တိုက်ရခိုက်ရတာကို အရမ်းဝါသနာပါပြီး ဒီ ဥယျာဉ်ကြီးရဲ့ အရှင်သခင်ဖြစ်လာအောင် ကြိုးစားနေတဲ့ပုံပါပဲ။ သူ့ကြောင့်လည်း ဒီဥယျာဉ်ကြီးထဲမှာ ငါ့ကို ဘယ်သူကမှ အနိုင်မကျင့်ရဲတာ။ ပြီးတော့ သူ့ဆီမှာ ရေကို အရမ်းကြိုက်တဲ့ ဝါသနာတစ်ခုရှိသေးတယ်။ သူ အသက်ကြီးပြီး သေသွားတဲ့အချိန်ကျရင် သူ့ကို ရေတံခွန်တစ်ခုထဲမှာ ဒါမှမဟုတ် ရေကန်တစ်ကန်ထဲမှာ မြှုပ်ပေးရင် အရမ်းကောင်းမှာပဲလို့ သူ တစ်ခေါက် ပြောခဲ့ဖူးတယ် "
" မြေခွေးလေးကတော့... ငါနဲ့ မိတ်ဆွေတွေဆိုပေမဲ့ သူ့ဆီမှာ ငါ သဘောမကျတဲ့ အချက်လေးတွေတော့ ရှိတယ်။ သူက ငါ့နောက်မှ ဒီဥယျာဉ်ကြီးထဲကို ရောက်လာခဲ့တာလေ။ သူက ဒီကို ရောက်လာတာနဲ့ သူ့ရဲ့ အမွေးတွေကို တခြား သားရဲကြီးတွေဆီ ပေးပစ်ခဲ့တာ။ သူ့ရဲ့ အမွေးတွေရလိုက်တဲ့ သားရဲကြီးတွေ အကုန်လုံးကလည်း ဝမ်းသာမဆုံး ဖြစ်သွားခဲ့ကြတာပဲ "
" ဒါပေမဲ့ ငါက တစ်ရက်ရက်ကျရင် သူ့ရဲ့အမွေးတွေ အကုန်လုံးပြောင်သွားမှာကို စိုးရိမ်နေခဲ့တာ။ ပြီးတော့ ငါ သူ့ရဲ့ လျှို့ဝှက်ချက်တစ်ခုကိုလည်း သိထားသေးတယ်။ သူ့ဆီကနေ အမွေးအများဆုံးရလိုက်တဲ့ သားရဲကြီးတွေက သိပ်မကြာခင်မှာ သေသွားကြတာချည်းပဲ "
" ဘာပဲဖြစ်ဖြစ်ပါ။ ငါတို့က မိတ်ဆွေတွေ ဖြစ်နေတာဆိုတော့ ငါ သူပေးတဲ့ အမွေးတွေကို မယူခဲ့ပါဘူး "
" အစတုန်းကတော့ ငါ့ရဲ့ တစ်ဘဝလုံးကို ဒီ ဥယျာဉ်ကြီးထဲမှာပဲ ကုန်ဆုံးရလိမ့်မယ်လို့ တွေ့ထားခဲ့တာပဲ။ တစ်ရက်ရက်ကျရင် ငါလည်း လူဝံအိုကြီးလို ပညာရှိကြီး ဖြစ်ရင်ဖြစ်လာမှာပေါ့။ ဒါပေမဲ့လည်း သူနဲ့ တွေ့လိုက်ရပြီးတဲ့နောက်မှာ အရာအားလုံး ပြောင်းလဲသွားခဲ့တာပါပဲ "
" သူက အသက် လေးနှစ်၊ ငါးနှစ်လောက်ပဲ ရှိသေးတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ သူ့ရဲ့ အမူအရာလေးတွေက ချစ်စရာလေး။ တစ်ခါတလေကျရင် သူက လူကြီးပေါက်စလေးတစ်ယောက်လို ဟန်ဆောင်တတ်သေးတယ်။ ဒါပေမဲ့လည်း သူက ဝကစ်ကစ်လေး ဖြစ်နေတော့ မပီပြင်ခဲ့ပါဘူး "
" ဒါပေမဲ့ သူ့ရဲ့ မျက်လုံးတွေကတော့ ကြယ်တာရာတွေလိုမျိုး တောက်ပနေတာ "
" သူ့ရဲ့ဘေးမှာ တစ်ခေါင်းလုံး ဆံပင်အဖြူတွေပေါက်နေတဲ့ သက်လတ်ပိုင်းလူကြီးတစ်ယောက် ရှိတယ်။ သူတို့နှစ်ယောက်ရဲ့ အဝတ်အစားတွေက ဒီကမ္ဘာကြီးထဲက တခြားလူတွေ အကုန်လုံးနဲ့ လုံးဝမတူဘူး။ ငါ သူတို့အကြောင်း ဘယ်လိုပြောပြရမှန်း မသိပေမယ့် ဥယျာဉ်ကြီးတစ်ခုလုံးထဲမှာ ပညာအရှိဆုံး လူဝံကြီးကတော့ သူတို့ကို နတ်ဝိဇ္ဇာတွေလို့ ခေါ်တယ်ဆိုပြီး ငါ့ကို ပြောပြခဲ့တာ "
" နတ်ဝိဇ္ဇာတွေဆိုတာ ဘာမှန်း ငါမသိပေမဲ့ အဲဒီ အဖြူရောင်ဆံပင်နဲ့လူကြီး ရောက်လာတဲ့အချိန်တုန်းက ငါ နတ်ဘုရားတွေအဖြစ် သတ်မှတ်ထားရတဲ့ မြို့တော်သခင်တွေတောင်မှ အစေခံတွေလိုမျိုး ကတုန်ကယင်နဲ့ ဒူးထောက်ချပြီး အရိုအသေပေးရတာလေ "
" အဲဒီတုန်းက အဲဒီ အဖြူရောင်ဆံပင်နဲ့ လူကြီး ဒူးထောက်နေတဲ့ မြို့တော်သခင်တွေကို ပြောခဲ့တဲ့ စကားတစ်ခွန်းရှိတယ် "
" ငါ့သမီးက စာအုပ်တစ်အုပ် ရေးချင်တယ်ဆိုလို့ သူ အချက်အလက် ကုန်ကြမ်းတွေ ရှာလို့ရအောင် ဒီနေရာကို ခေါ်လာတာပဲ "
" စာအုပ်ဆိုတာ ဘာမှန်း ငါ သိပေမဲ့ သူပြောတဲ့ အချက်အလက် ကုန်ကြမ်းဆိုတာ ဘာကိုဆိုလိုမှန်း ငါ နားမလည်ခဲ့ဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူးလေ။ ပညာရှိလူဝံအိုကြီးက ငါ့ကို အကုန်လုံးရှင်းပြခဲ့ပါတယ်... ဒါပေမဲ့လည်း ငါ အဲဒီ ကောင်မလေးကို ဘယ်လောက်ပဲ စိုက်ကြည့်ခဲ့ စိုက်ကြည့်ခဲ့ သူကတော့ ငါ့ကို သတိမထားမိခဲ့ပါဘူး "
" အဲတာ ငါတို့တွေ ပထမဆုံး ဆုံခဲ့တဲ့ အချိန်ပေါ့။ ငါ့ရဲ့ တစ်ဘဝလုံးစာ အဖော်ပြုပေးရမယ့် မိတ်ဆွေတစ်ယောက်နဲ့ စတွေ့လိုက်ရတဲ့ အချိန်ဆိုရင်လည်း မမှားပါဘူး။ ဘာလို့လဲဆိုတော့... ငါ့ရဲ့ရှေ့ကနေ ပျောက်သွားလိမ့်မယ်လို့ ထင်ထားခဲ့တဲ့ ကောင်မလေးက ပျော်ပျော်ရွှင်ရွှင် ပြေးလွှားခုန်ပေါက်နေရင်း လဲကျသွားခဲ့လို့ပါပဲ "
" သူ့အဖေက သူ့ကို ဆွဲမထူပေးခဲ့ဘဲ သူ့အားသူကိုးပြီး ပြန်ထလာတာကို နူးညံ့သိမ်မွေ့တဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေခဲ့တာ။ အဲဒီအချိန်တုန်းက ဘယ်လိုစွမ်းအားမျိုးတွေက ငါ့ကို တွန်းအားပေးခဲ့သလဲဆိုတာ ငါ သေချာမမှတ်မိဘူး။ အဲဒီ ကောင်မလေးရဲ့ ဖြူစင်မှုတွေကြောင့်ပဲလား ဒါမှမဟုတ် သူ မတ်တတ်ထလာပြီးတော့ မငိုမိအောင် ကြိုးစားနေခဲ့ပေမဲ့ သူ့ရဲ့မျက်နှာပေါ်ကနေ စီးကျလာခဲ့တဲ့ မျက်ရည်တွေကြောင့်ပဲလား... "
" အဲဒီလိုနဲ့ ငါ သူ့ဆီကို တစ်လှမ်းချင်းစီ လှမ်းသွားခဲ့တာပဲ။ ငါ့ရဲ့ မိတ်ဆွေတွေနဲ့ ဘေးပတ်ပတ်လည်က မြို့တော်သခင်တွေ အကုန်လုံး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေကြတုန်း ငါက သူ့ရဲ့ဘေးကို ရောက်သွားပြီးတော့ သူ့ရဲ့ မျက်ရည်တွေကို လျှာနဲ့ လျက်ပေးခဲ့တာ "
" ငါ အဲဒီလို လျှာနဲ့ လျက်ပေးနေလို့ အဲဒီကောင်မလေး ယားသွားတဲ့ ပုံပါပဲ။ အဲတာမလို့လည်း သူက တခစ်ခစ်နဲ့ ရယ်မောနေခဲ့တာလေ။ ပြီးတော့ သူက အထူးအဆန်းဖြစ်နေတဲ့ မျက်ဝန်းတွေနဲ့ ငါ့ကိုကြည့်ပြီး သူ့ရဲ့ လက်သေးသေးလေးတွေနဲ့ ငါ့ရဲ့ ခေါင်းပေါ်က အမွေးတွေကို ပွတ်သတ်ပေးခဲ့တာ "
" အဲဒီတုန်းကဆို ငါ တော်တော်လေးကို ဇိမ်ကျခဲ့တာပေါ့ "
" ဖေကြီး။ သမီး ဒီ သမင်ဖြူလေးကို ယူလို့ရမလား...ဆိုပြီး အဲဒီကောင်မလေးက ဆံပင်အဖြူရောင်နဲ့ အဘိုးကြီးကို လှမ်းမေးခဲ့တာ။ အဲတာနဲ့ ငါလည်း သူ ရှိနေတဲ့ဘက်ကို လှည့်ကြည့်ခဲ့တာပဲ "
" အဲဒီတုန်းက အဲဒီလူကြီးရဲ့ မျက်ဝန်းတွေထဲမှာ ငါ့ကိုယ်ငါ ပြန်မြင်ခဲ့ရတာ။ သမင်ဖြူလေးတစ်ကောင်ပေါ့ "
" အဲတာ ငါပဲ။ ငါ့ကို ဖွားမြင်ခဲ့တဲ့အချိန်တုန်းက ငါနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ လက်နက်ကြီးရဲ့ အစွမ်းတွေကြောင့်လားတော့ မသိဘူး။ ငါ့ရဲ့ ခန္ဓာကိုယ်က အရွယ်အစားတစ်ခုအထိ ရောက်လာပြီးတဲ့နောက်မှာ ဆက်ပြီးတော့ ကြီးမလာတော့ဘူးလေ။ အဲတာမလို့လည်း ငါက မွေးကင်းစအရွယ်မှာပဲ အမြဲတမ်း ရှိနေခဲ့တာ "
" ဒါပေမဲ့ ဘာလို့မှန်းတော့ မသိဘူး။ အဲဒီအဖြူရောင်ဆံပင်နဲ့ လူကြီးရဲ့ မျက်ဝန်းတွေရဲ့ နောက်ကွယ်မှာ တခြားအဓိပ္ပါယ်တစ်ခု ရှိနေသေးတဲ့ပုံပဲ။ အဲဒီ အဓိပ္ပါယ်က ဘာမှန်းတော့ ငါမသိပေမဲ့ အရေးမကြီးပါဘူးလေ။ ဘာလို့လဲဆိုတော့ သူက ကောင်မလေးကို ခေါင်းညိတ်ပြလိုက်တာကိုး "
" အဲလိုနဲ့ ငါ ဥယျာဉ်ကြီးထဲကနေ ပထမဆုံးအကြိမ်အဖြစ် ထွက်ခွာသွားခဲ့ရတာပါပဲ "
" ငါ ထွက်မသွားခင် လူဝံအိုကြီးကို နှုတ်ဆက်စကားပြောခဲ့သေးတယ်။ သူ့ရဲ့ နောက်မွေးနေ့ပွဲအမီ ငါ ပြန်ရောက်လာနိုင်မှာ မဟုတ်လောက်ဘူးလို့လည်း ပြောခဲ့သေးတယ်။ လူဝံအိုကြီးကတော့ ကိစ္စမရှိပါဘူးလို့ ပြန်ပြောခဲ့တာပဲ။ ပြီးတော့ ငါတို့တွေ ပြန်ပြီးတော့ ဆုံတွေ့ရဦးမှာတဲ့ "
" လူဝံအိုကြီး အဲဒီစကားတွေကို ပြောခဲ့တုန်းက သူ့ရဲ့ အကြည့်တွေက ဟိုးအဝေးကြီးက အနာဂတ်ကို လှမ်းမြင်နေရတဲ့အတိုင်း တည်ကြည်လေးနက်သွားခဲ့တာ။ ဒါပေမဲ့... ငါက သူ့ရဲ့ အမြင်အာရုံတွေ သိပ်မကောင်းမှန်း သိထားတာမလို့ ဂရုမစိုက်ခဲ့ပါဘူး "
" ကျားရိုင်းလေးကတော့ တခြား သားရဲတွေနဲ့ တိုက်ခိုက်ဖို့ ထွက်သွားခဲ့လို့ ငါ သူ့ကို နှုတ်မဆက်ခဲ့ရဘူး။ ဒါပေမဲ့ မြေခွေးလေးကတော့ ငိုနေခဲ့တာ။ ငါ ထွက်မသွားခင် သူပေးခဲ့တဲ့ အမွေးတွေကို မယူခဲ့လို့ ထင်ပါတယ် "
" ဒါပေမဲ့ ငါကတော့ ဝမ်းနည်းမနေပါဘူး။ ဘာလို့လဲဆိုတော့ ငါ မြို့တော်သခင်ရဲ့ စံအိမ်ထဲကနေ ထွက်သွားခဲ့ပြီးတဲ့နောက်မှာ အဲဒီကောင်မလေးနဲ့ သူ့ရဲ့အဖေနဲ့အတူ ကမ္ဘာကြီးထဲမှာ လှည့်လည်သွားလာနေရင်း နာမည်တစ်ခု ရခဲ့လို့ပဲ "
" သမင်ဖြူလေး။ ငါနင့်ကို နာမည်တစ်ခုပေးရမယ်။ နင့်ကို ... ဖြူလေးလို့ ခေါ်မယ်။ ဘယ်လိုလဲ "
" ငါလည်း အဲဒီနာမည်ကို အရမ်းသဘောကျတာမလို့ ခေါင်းညိတ်ပြဖို့ ပြင်နေတုန်းမှာပဲ သူ့အဖေက ဝင်ပြောခဲ့တာ "
" အဲဒီနာမည် ပေးလို့မရဘူး "
" ဘာလို့လဲ ဖေကြီးရဲ့ "
" အဲဒီ သက်လတ်ပိုင်းလူကြီးက ဘာမှ ပြန်မဖြေခဲ့ပေမယ့် ကောင်မလေးက သူ ပြန်မဖြေမချင်း မေးနေခဲ့တာလေ။ အဲတာမလို့ နောက်ဆုံးကျတော့ သူလည်း ပြန်ဖြေလိုက်ရရော "
" ဘာလို့လဲဆိုတော့ ဖေကြီးက ' ဖြူ ' ဆိုတဲ့ စကားလုံးကို မကြိုက်လို့ပဲ "
" အဲတာဆို သူ့ကို ပေါင်ပေါင်လို့ ခေါ်မယ်.... ကောင်မလေးက နှုတ်ခမ်းစူပြီး စိတ်ကောက်သွားခဲ့ပေမဲ့ ခဏနေတော့ နောက်ထပ်နာမည်တစ်ခု စဉ်းစားမိသွားပြန်တာပါပဲ။ ပြီးတော့ သူက ငါ့ခေါင်းကို ဖက်ပြီး စကားတွေ တတွတ်တွတ် ပြောနေခဲ့တာပေါ့ "
" အဲဒီလိုနဲ့ ငါလည်း နာမည်တစ်ခု ရသွားရော။ အဲဒီနာမည်က ပေါင်ပေါင်တဲ့ “