← Chapters

ရိုးသားဖြူစင်သော အပြုံး

Vol. 44 Ch. 595

ရိုးသားဖြူစင်သော အပြုံး

Vol. 44 Ch. 595

ချီကျုံရီသာ ချင်မူနှင့် ကျဲ့ဟွလီကို တစ်ပြိုင်တည်း မတိုက်ခိုက်ခဲ့လျှင် ကျဲ့ဟွလီကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ပြီး ယခုလို အခြေအနေဖြစ်လာမည်မဟုတ်ပေ။

ချင်မူနှင့် ကျဲ့ဟွလီက သူ၏မဟာကောင်းကင်နတ်သိုင်း စွမ်းအားကြီးမားမှန်း သိသည့်အတွက် သူ့ကို ဒဏ်ရာအပြင်းအထန်ရအောင် ဦးစွာတိုက်ခိုက်ခဲ့သည်။ ထို့နောက် ချီကျုံရီမှာ သူတို့၏ အရန်လူသာ ဖြစ်သွားပြီး သူတို့နှစ်ယောက်က အမှန်တကယ် တိုက်ခိုက်နေကြ၏။ ဓားပျံအလက်ရှစ်ထောင်နှင့် မရေမတွက်နိုင်သော ဓားမများက မိုးပေါက်များသဖွယ် ချွင်ခနဲ ဝင်တိုက်နေတော့သည်။

ချီကျုံရီသည် တိုက်ပွဲကွင်းပြင်၏အလယ်၌ ဖြစ်သောကြောင့် ချင်မူ့ဓားရောင်များနှင့် ကျဲ့ဟွလီ၏ ဓားမရောင်များအကြား ရောက်နေခဲ့၏။ သူ တိုက်ခိုက်ရန် အဆင်သင့်ပြင်လျှင် သူတို့နှစ်ယောက်ဆီမှ တိုက်ကွက်များအား တစ်ပြိုင်တည်း ခံရတတ်သည်။ ဤအခြေအနေမှာ သူ မျှော်လင့်ထားသော အခြေအနေမဟုတ်ပေ။

ချင်မူနှင့် ကျဲ့ဟွလီ၏ ခြေလှမ်းများက အလွန်မြန်ပြီး တစ်ချက်တစ်ချက် နီးလာတတ်သည်။ တစ်ချက်တစ်ချက် ဝေးသွားတတ်သည်။ နှစ်ယောက်သား ဓားများ၊ ဓားမများဖြင့်သာ အဓိကထား တိုက်ခိုက်ကြသည့်အတွက် တစ်ခါတရံမှသာ မှော်အစီအရင်များ ထုတ်လွှတ်ပြီး ရုပ်ခန္ဓာချင်း ဝင်တိုက်တတ်၏။

ကျဲ့ဟွလီ တဖြည်းဖြည်း အရေးနိမ့်လာသည့်အခါ ချီကျုံရီမှာ အခွင့်အရေးတစ်ခု မြင်လိုက်ရသည်။ ချင်မူ ကျဲ့ဟွလီအား တိုက်ခိုက်သည့်အချိန်တွင် သူလည်း တိုက်ခိုက်လိုက်ကာ ချင်မူနှင့် ပူးပေါင်း၍ ကျဲ့ဟွလီကို ဖယ်ရှားရန် ကြိုးစားလိုက်၏။

သို့သော် ထိုအခိုက်အတန့်တွင် သူ့ရင်ဘတ်အနား၌ အေးခနဲ ဖြစ်သွားသလို ခံစားလိုက်ရ၍ ခေါင်းငုံ့ကြည့်လိုက်မိသည်။ ဓားထိပ်ဖျားတစ်ခုက သူ၏ရင်ဘတ်အ‌ရှေ့သို့ ဖောက်ထွက်နေခဲ့ချေပြီ။

ချီကျုံရီ၏ ခေါင်းကိုးခေါင်းစလုံး လှည့်ကြည့်သည့်အခါ ရိုးသားဖြူစင်စွာ ပြုံးရင်း ရပ်နေသော ချင်မူ့အား မြင်လိုက်ရ၏။

ကျဲ့ဟွလီမှာလည်း ချင်မူ့အားလှိုင်းကြောင့် ဆယ်မိုင်အကွာသို့ လွင့်ထွက်သွားပြီး ဒဏ်ရာများစွာဖြင့် ရပ်လိုက်ရသည်။

ချင်မူက လက်ချောင်းများကို ဖြန့်ကား၍ ရှေ့သို့ ရိုက်ထုတ်လိုက်သည်။ ဤသိုင်းကွက်သည် တတိယလူသားဧကရာဇ်ဆီမှ သင်ခဲ့ရသော ‘ကောင်းကင်ဘုံကို မှောက်ခုံလှန်မည့် ယင်ယန်လက်များ’ ကို ပဉ္စမလူသားဧကရာဇ်၏ ‘မိုးကြိုးငါးသွယ် ကောင်းကင်ပင့်မြှောက် ခေါင်းလောင်း’ ဖြင့် တွဲသုံးလိုက်ခြင်း ဖြစ်၏။

ဆယ်မိုင်အကွာတွင် ကျဲ့ဟွလီမှာ သူ့ကိုယ်သူ ထိန်းနိုင်လိုက်ရုံ ရှိသေးသော်လည်း ချင်မူ့လက်ဝါးအားလှိုင်းက သူ့ဆီ ပြေးဝင်လာသည်။ ပေါက်ပြဲနေသော အိတ်တစ်အိတ်လို ကျဲ့ဟွလီ မြောက်တက်သွား၏။ သန့်စင်‌သော ယင်လက်ဝါးအားလှိုင်းက သူ့ကို ရေခဲရုပ်တုအဖြစ် အေးခဲပစ်လိုက်ပြီး မိုးကြိုးငါးသွယ်ခေါင်းလောင်းက သူ့အနား၌ ဖွဲ့တည်လာသည်။ ခေါင်းလောင်းသံ မြည်သွားလျှင် အသံလှိုင်းက သူ့ကို အစိတ်စိတ်အမြွှာမြွှာ ခွဲပစ်နိုင်လိမ့်မည်။ သူ့မှာ ရေခဲရုပ်တုဖြစ်နေသည် မဟုတ်ပါ၏လော။

ထိုအချိန်တွင် ချင်မူက လက်တစ်ဖက်ဖြင့် အမေဓားကို ဆုပ်ကိုင်ထားပြီး မှော်စွမ်းအင်အား ကလေးဓားများဆီသို့ ပို့လွှတ်လိုက်သည်။ သေးမျှင်သော ဓားပျံလေးများသည် ချီကျုံရီ၏ ခန္ဓာကိုယ်ထဲ၌ ဓားကွက်မျိုးစုံ ထုတ်ဖော်လျက် သူ၏ကောင်းကင်ရတနာများဆီသို့ ပြေးဝင်သွား၏။

ဓားပန်းချီ၏ ဒုတိယဓားကွက်၊ ခိုင်ဧကရာဇ်၏ဓားတွင် သွေးပင်လယ်ဖြာသည်။

ချင်မူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ကြက်သွေးရောင်မြူခိုးများ ဖြာထွက်လာကာ သွေးပင်လယ်တစ်စင်းပမာ ဖွဲ့တည်နေသည်။ လူငယ်လေး၏ ရိုးသားဖြူစင်သော အပြုံးက သွေးပင်လယ်ထက်၌ ရောင်ပြန်ဟပ်လျက် မကောင်းဆိုးဝါးဆန်နေရာ မည်သူ့ကိုမဆို မအေးပါဘဲ တခိုက်ခိုက် တုန်သွားစေနိုင်၏။

“ငါ တစ်ခါမှ မရှုံးဖူးဘူး”

ချီကျုံရီမှာ ချင်မူ့အသံကို ကြားလိုက်သည်နှင့် ခေါင်းမွှေးများထောင်သွားတော့သည်။ ‘ခိုင်ဧကရာဇ်၏ဓားတွင် သွေးပင်လယ်ဖြာသည်’ ဓားကွက်၏ စွမ်းအား ပေါက်ကွဲထွက်လာပြီး မိုးကြိုးငါးသွယ် ကောင်းကင်ပင့်မြှောက်ခေါင်းလောင်းက ကျဲ့ဟွလီကို အုပ်မိုးလိုက်သည်။ ထို့နောက် ခေါင်းလောင်းမြည်သံ ထွက်ပေါ်လာ၏။

လူငယ်သိုင်းပညာရှင်နှစ်ယောက်ကား သူ့လက်ချက်ဖြင့် သေပေတော့မည်။

ထိုအခိုက်အတန့်တွင် ဖုရွေ့လော်၏ လက်ဝါးအားလှိုင်းတစ်ချက်က ခေါင်းလောင်းသံကို ဖြိုခွင်းလိုက်သည်။ အခြားတစ်ဖက်၌ လုလီသည် ချီကျုံရီ၏ရင်ဘတ်ထဲရှိ ဓားထိပ်ဖျားအပေါ် ထိလိုက်၏။ ဓားပျံတစ်လက်ပြီးတစ်လက် ချီကျုံရီ၏ ကိုယ်ထဲမှ ပျံထွက်သွားသည်။

သားသတ်သမားက ဓားမဆွဲထုတ်လိုက်သည်။ မျက်ကန်းက လှံကို ဆုပ်ကိုင်သည်။ မီးတောက်မီးလျှံများက ရွှေအ အနောက်၌ ဟုန်းခနဲ ထတောက်သည်။ သူတို့ ရှေ့သို့တစ်လှမ်း တက်လိုက်သည့်အချိန် ထော့ကျိုးက ချင်မူ့ကို ဆွဲလျက် နောက်ဆုတ်လိုက်၏။ မျက်တောင်တစ်ခတ်အတွင်း ထော့ကျိုးနှင့် ချင်မူက သားသတ်သမားတို့အနောက်၌ ပေါ်လာသည်။

ဖုရွေ့လော်နှင့် လုလီက ကျဲ့ဟွလီနှင့် ချီကျုံရီကို ကယ်တင်ခဲ့သော်လည်း ဆက်မလှုပ်ရှားကြပေ။

“မိတ်ဆွေလေးချီ၊ မင်းက ကောင်းကင်နတ်ဘုံမှာ နေတာကြာပြီဆိုတော့‌‌ အောက်ဘုံသားတွေ ဘယ်လောက်ဉာဏ်များလဲ မသိဘူး... အခုတော့ ခံလိုက်ရပြီမလား” လုလီ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

ချီကျုံရီမှာ တခဏ တိတ်ဆိတ်သွား၏။ “ကျုံရီ ဘုရင်ခံနဲ့အတူ ပူးပေါင်းချင်ပါတယ်”

ဖုရွေ့လော် ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားပြီး ကျဲ့ဟွလီကို အေးခဲထားသည့် သန့်စင်သော ယန်ချီများအား ဖယ်ရှားလိုက်သည်။

ကျဲ့ဟွလီမှာ မြေပြင် လိပ်တက်သွားသည်ကို မြင်ခဲ့ရသဖြင့် အံ့အားသင့်နေဆဲ ရှိသေး၏။ နောက်တခဏတွင် ဆယ်မိုင်အကွာရှိ ဖုရွေ့လော်၏ ဘေးသို့ ရောက်သွားခဲ့လေသည်။ ဖုရွေ့လော်က ဟင်းလင်းပြင်ကို လိပ်ခေါက်၍ သူ့ကို ဆွဲခေါ်လိုက်ခြင်းဖြစ်ကြောင်း ထင်ရှားသည်။

သားသတ်သမားနှင့် ကျန်ရှိသူများ အံ့အားသင့်သွားကြသည်။ ဖုရွေ့လော်၏ အစွမ်းအစများက သူတို့ထင်ထားသည်ထက် သာမန်အားကောင်း၏။ သူက သာမန်အစစ်အမှန်မိစ္ဆာတစ်ယောက်သာ မဟုတ်နိုင်ပေ။

ဖုရွေ့လော်၏ ဘယ်မျက်နှာက ကျဲ့ဟွလီအား ငုံ့ကြည့်ကာ အေးဆေးတည်ငြိမ်စွာ ပြောသည်။ “တိုက်ပွဲမှာ နိုင်တာရှုံးတာက မထူးဆန်းဘူး... တကယ့်အနိုင်နဲ့အရှုံးက ရှင်ခြင်းနဲ့ သေခြင်းပဲ... ဒါကြောင့် မင်း အသက်ရှင်နေသေးသရွေ့ လုံးဝမရှုံးသေးဘူး... နားလည်လား”

ကျဲ့ဟွလီက မိစ္ဆာဓားမကို ကျောရှိ ဓားအိမ်ထဲ ပြန်ထည့်၍ ခေါင်းငုံ့အရိုအသေပေးကာ ပြောလိုက်သည်။ “တပည့် နားလည်ပါတယ်”

ဖုရွေ့လော် ဝမ်းသာနေသည်။ “မင်းရဲ့တာအိုနှလုံးသားက ကောင်းကောင်း လေ့ကျင့်ခံထားရတာပဲ... မင်းက နောင်တစ်ချိန်ကျရင် လော့ဝူရွှမ်ထက် ပိုအောင်မြင်လာလိမ့်မယ်”

သားသတ်သမားတို့၏အနောက်တွင် ထော့ကျိုးမှာ အလွန်ပျော်ရွှင်နေပြီး ချင်မူ့ပခုံးအား ခပ်ပြင်းပြင်း ပုတ်လိုက်သည်။ “မူအာ၊ မင်းက ဘိုးဘိုးထော့ကျိုးမျက်နှာကို အိုးမည်းမသုတ်ခဲ့ဘူးပဲ... စောစောက တိုက်ကွက်က သိပ်ရက်စက်တယ်.... မင့်အပြုံးအောက်မှာ ဓားသွားကို ဖုံးကွယ်ထားပြီး သူ့ကို ထိုးချလိုက်တဲ့အကွက်က သိပ်မိုက်တယ်... ငါ့တပည့်ဆိုတဲ့အတိုင်းပဲ... မင်းရဲ့အဲဒီအပြုံးကို မြင်လိုက်ရတုန်းက ငါတောင် ကြက်သီးဖြန်းဖြန်း ထမိတယ်”

ချင်မူ အလျင်အမြန် နှိမ့်ချပြောဆိုလိုက်သည်။ “ဒါတွေအားလုံးက ဘိုးဘိုးထော့ကျိုး သင်ပြပေးခဲ့လို့ပါ... ဘိုးဘိုးထော့ကျိုးကြောင့်သာ မဟုတ်ရင် ကျွန်တော် သူတို့ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး... အပြုံးအောက်မှာ ဓားသွားဖုံးကွယ်ထားတဲ့ အကွက်နဲ့ပတ်သက်လာရင် ကျွန်တော်က အလွန်ဆုံး နံပါတ်နှစ်ပါပဲ... ဘိုးဘိုးထော့ကျိုးကမှ တစ်လောကလုံးမှာ နံပါတ်တစ်ပါ”

‌ထော့ကျိုးက သူ၏တောင်ဆိတ်မုတ်ဆိတ်ကို ပွတ်သပ်ရင်း တဟားဟား အော်ရယ်လိုက်သည်။ သူ့ကိုယ်သူ အ‌တော်လေး ကျေနပ်နေ၏။

နားကန်းက သရော်တော်တော် ပြောသည်။ “ဒီနေ့ခေတ်လူတွေကတော့ အကျင့်စာရိတ္တတွေ ပျက်စီးကုန်ကြပြီ...”

လုလီက အသင့်အနေအထား ရှိနေသော သားသတ်သမား၊ ရွှေအနှင့် မျက်ကန်းတို့ကို အဖက်မလုပ်ဘဲ နားကန်းဆွဲထားသည့် နတ်ဘုရားမြို့တော်ကို ကြည့်ကာ ပြုံး၏။ “ဖုရွေ့‌လော်၊ အတုနဲ့ အစစ်ကို ခွဲမြင်ပြီလား”

ဖုရွေ့လော်၏မျက်နှာသုံးခုက နတ်ဘုရားမြို့တော်ကို ကြည့်နေသည်။ အတန်ကြာသော် သူက ပြောလိုက်၏။ “မမြင်နိုင်သေးဘူး... ကျေးဇူးပြုပြီး အဆွေတော် ရှင်းပြပေးလို့ရမလား”

“အဲဒီက နတ်ဘုရားတွေရဲ့ ဝိညာဉ်တွေကို ကြည့်လိုက်” လုလီက အပြုံးမပျက် ပြောလာသည်။

ဖုရွေ့‌လော် အံ့အားသင့်သွားပြီး နှိမ့်ချစွာ မေးလိုက်သည်။ “ဝိညာဉ်တွေကို ဘယ်လိုကြည့်ရမလဲ”

သားသတ်သမား၊ ရွှေအနှင့် မျက်ကန်းတို့မှာ အခြေအနေမဟန်မှန်း သိလိုက်၍ တဖြည်းဖြည်း နောက်ဆုတ်နေကြသည်။

နားကန်း၏မျက်နှာလည်း အနည်းငယ် ပြောင်းလဲသွားသည်။ သူ့နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာ၏။

လုလီက သူတို့၏အစီအစဉ်ကို ထိုးဖောက်မြင်သွားချေပြီ။

နားကန်း ဖန်တီးခဲ့သော ပန်းချီများသည် ပြစ်ချက်ဟူ၍မရှိသလို၊ သက်ရှိကမ္ဘာနှင့်လည်း ခွဲမရအောင် ပေါင်းစပ်နိုင်သည်။ သို့သော် ဝိညာဉ်ကိုတော့ သူ မဖန်ဆင်းနိုင်ပေ။

လုလီက ဝိညာဉ်အစီအရင်တွင် ထူးချွန်သော ယိုတု၏ သိုင်းပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် နားကန်း၏ပန်းချီကို မြင်နိုင်ခဲ့၏။

အားလုံး ချွေးပြန်လာကြပြီး ချင်မူ့ကို ဝန်းရံလျက် ဆုတ်သွားကြသည်။ သူတို့ရင်ထဲရှိ ပူပန်ကြောင့်ကြမှုများမှာ တစတစ အားကောင်းလာနေ၏။

ဖုရွေ့လော်နှင့် လုလီက သူတို့ကို အာရုံမရှိသည့်အလား ထွက်သွားခွင့်ပေးထားသည်။

လုလီ တစ်ဖက်လှည့်ပြီး ကျောက်စိမ်းသားကဲ့သို့ ဖြူမွတ်နေသော လက်ကို မြှောက်ကာ လေထဲတွင် စက်ဝန်းတစ်ခု ဆွဲလိုက်သည်။ စက်ဝန်းမှ အလင်းတန်းများ ဖြာထွက်လာပြီး ကောင်းကင်ယံတွင် ပျံဝဲနေသော မှန်ကြီးတစ်ချပ် ဖြစ်လာ၏။ “နတ်ဆိုးဘုရင် ကျေးဇူးပြုပြီး မှန်ထဲက မြင်ကွင်းကို ကြည့်လိုက်ပါ”

ဖုရွေ့လော်လည်း သူမပြောသည့်အတိုင်း ကြည့်လိုက်သည်။ မှန်မှ ရောင်ပြန်ဟပ်နေသည်မှာ သူတို့အရှေ့ရှိ ခမ်းနားကြီးကျယ်သော နတ်ဘုရားမြို့ဖြစ်သည်။ သားသတ်သမား၊ ချင်မူ၊ အဘွားစစ်နှင့် ကျန်ရှိသူတို့၏ ပုံရိပ်များလည်း ထင်ဟပ်နေ၏။

တချို့၏ဝိညာဉ်များက ကောင်းကင်နတ်နန်းဆောင်များ၏ တောင်ကောင်းကင်မုခ်ဝအရှေ့တွင် ရပ်နေကြသည်။ တချို့က ကောင်းကင်တံတားအ‌ပေါ်၌ ဖြစ်ပြီး သေခြင်းရှင်ခြင်းအဆင့်တွင် ရပ်နေသော ဝိညာဉ်တစ်ခုပင် ရှိ၏။ သူ့ခြေထောက်အောက်၌ ယိုတု၏အမှောင်ထုအား မြင်ရနိုင်သည်။

သို့သော် ထူးဆန်းသည်က မှန်ထဲရှိ နတ်ဘုရားမြို့က တွင်းချိုင့်ကြီးတစ်ခုသာ ဖြစ်နေခြင်းပင်။ နတ်ဘုရားမြို့က မတည်ရှိရုံတင်မက၊ နတ်ဘုရားစစ်သည်တော်များလည်း မတွေ့ရပေ။

သို့သော် နတ်ဘုရားမြို့ဆီသို့ ဆုတ်နေကြသော သားသတ်သမားတို့အား မြင်နေရသည်။ မှန်က သူတို့၏ဝိညာဉ်များကို ဖော်ပြနေ၏။ ဖုရွေ့လော် သူ့ကိုယ်သူ ကြည့်လိုက်ရာတွင် မိစ္ဆာနတ်ဆိုးကောင်းကင်ဘုံ၌ ရပ်နေသော သူ၏ခေါင်းသုံးလုံးရုပ်သွင်ကို မြင်လိုက်ရသည်။

သူသည် ခေါင်းသုံးလုံးရှိသော မိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်၏။ မျက်နှာသုံးခုက ခေါင်းသုံးလုံးကို တစ်လုံးလည်း ပေါင်းစည်းပြီးနောက် ဖွဲ့တည်လာသော ရုပ်သွင်သာ ဖြစ်သည်။

ဖုရွေ့လော် မှန်ထဲရှိ ချီကျုံရီအား ကြည့်လိုက်သည့်အခါ လူငယ်၏ပုံရိပ်က ရွှေအလင်းနှင့် နတ်မီးလျှံတို့အကြား နစ်မြုပ်နေသော ခေါင်းကိုးလုံးမီးငှက်တစ်ကောင် ဖြစ်သည်။ သူကား အလွန်ခံ့ညားတင့်တယ်နေ၏။

ကျဲ့ဟွလီ၏ ပုံရိပ်ကတော့ သာမန်လူတစ်ယောက်ဖြစ်သော်လည်း သူ့ကျောနောက်ရှိ မိစ္ဆာဓားမကမူ ကြောက်မက်ဖွယ်ရာ မိစ္ဆာချီတို့ဖြင့် မျက်လုံးတစ်လုံး မိစ္ဆာသားရဲကြီးတစ်ကောင် ဖြစ်၏။ မိစ္ဆာသားရဲကြီးကား အတိုင်းထက်အလွန် ကြောက်စရာကောင်းပေသည်။

သို့တိုင်အောင် မှန်ထဲ၌ ကြောက်စရာအကောင်းဆုံး တစ်ယောက်မှာ ချင်မူ ဖြစ်နေသေး၏။

လူငယ်လေးတွင် အနီရောင်တောက်နေသော မျက်လုံးသုံးလုံး ရှိသည်။ သူ့ကိုယ်လုံးကြီးက တုန်လှုပ်ချောက်ချားဖွယ်ရာ ကြီးမားလှပြီး သူ့မျက်လုံးသုံးလုံးက ချောင်းကြည့်နေသည့် သူ့ဆီသို့ လှည့်ကြည့်လိုက်၏။

ဖုရွေ့လော် လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားသည့်အပြင် ရင်ဘတ်လည်း ပြန်လည်ကိုက်ခဲလာသည်။

လုလီက ချင်မူတို့ဆီမှ အလျင်အမြန် အကြည့်လွှဲကာ ပြောသည်။ “အခု ရှင်းသွားပြီလား”

မှန်က မိစ္ဆာနတ်ဆိုးတပ်စခန်းဘက်သို့ ဦးတည်ပြသလိုက်သည်။ သူတို့အနောက်ရှိ ကောင်းကင်နတ်ဆိုးများလည်း မှန်ဆီသို့ ကြည့်လိုက်ကာ မှန်ထဲရှိ မိစ္ဆာနတ်ဘုရားများနှင့် ကောင်းကင်နတ်ဆိုးတို့၏ ဝိညာဉ်များအား မြင်လိုက်ရ၏။

ဖုရွေ့လော်၏ တပည့်၊ ရှုယဲ့မှာ ကောင်းကင်နတ်ဆိုးများအကြားတွင် အတန်ငယ် ထူးဆန်းနေသော ဝိညာဉ်တစ်ခုကို မြင်လိုက်ရ၍ အနည်းငယ် မှင်သက်သွားသည်။

ထိုပုဂ္ဂိုလ်က ကောင်းကင်နန်းဆောင်များအကြား ရပ်နေချေသည်။ ထိုမျှသာမက သူ၏ဝိညာဉ်က လူပေါင်းများစွာ၏ ဝိညာဉ်အစိတ်အပိုင်းများကို တွဲချုပ်ထားသကဲ့သို့ စုတ်ပြတ်နေ၏။

ရှုယဲ့ အသေးစိတ် ကြည့်ရန် ပြင်လိုက်စဉ် လုလီက မှန်ကို ပြန်ဆွဲယူသွားသည်။

‘ငါပဲ အမြင်မှားတာလား’ ရှုယဲ့ ဇဝေဇဝါ ဖြစ်သွား၏။

ဖုရွေ့‌လော်မှာ တုန်လှုပ်နေပြီး သူ စကားပြောသည့်အခါ အသံကြီးက အက်ကွဲနေသည်။ “အဲဒီမျက်လုံးသုံးလုံးက....”

“မြေအောက်ဘုံအရှင်သခင် ချိတ်ပိတ်ပေးထားတာ” လုလီက ပြုံးလျက် ပြောသည်။ “သူ့ကို လိုချင်မနေနဲ့ ... မင့်ရည်မှန်းချက်က ထိုက်ဧကရာဇ်ကောင်းကင်ဘုံပဲ”

ဖုရွေ့လော် ဣန္ဒြေပြန်ဆည်၍ အလေးအနက် ပြောလိုက်သည်။ “နတ်ဘုရားမြို့ရဲ့ ပုံစံအစစ်အမှန်ကို ငါ မြင်ရပြီ... ဒါက ဗလာနတ္ထိကနေ ပန်းပွင့်တွေ ဖန်ဆင်းလိုက်သလိုမျိုး... အတုကို အစစ်လို့ ထင်ရအောင် ဖန်တီးထားတာမျိုးပဲ... ပန်းချီကားထဲမှာ ကမ္ဘာတစ်ခု ဖွဲ့တည်ပြီး အစစ်နဲ့ အတုကို ဆက်သွယ်ပေးလိုက်တော့ ခွဲဖို့ ခက်သွားတယ်... ပန်းချီပညာနဲ့ နတ်ဘုရားတွေကို ဖန်ဆင်းနိုင်တဲ့စွမ်းရည်အရ အဲဒီပန်းချီဆရာဟာ ပန်းချီပညာမှာ ထိပ်ဆုံးကို ရောက်နေပြီ”

သူ့အသံက နားကန်း၊ အဘွားစစ်နှင့် ကျန်ရှိသူများ၏ နားထဲသို့ ဝင်ရောက်လာသည်။ “အခုလို ငါ့ကို လှည့်စားပြီး ငါ့မိစ္ဆာနတ်ဆိုးစစ်တပ်ကို ရက်ပေါင်းအနည်းငယ် တားထားနိုင်တော့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံအတွက် ပြင်ဆင်ဖို့ အချိန်ရသွားပြီ... မင်းတို့အားလုံး သေရရင်တောင်မှ ဂုဏ်ယူစွာနဲ့ သေလို့ရပါတယ်”

အဘွားစစ်တို့အုပ်စု မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွား၏။ သူတို့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင် လိပ်ခေါက်လာသည်ကို သူတို့ မြင်လိုက်ရသည်။ နောက်ဆုတ်သော်လည်း သူတို့နှင့် ဖုရွေ့လော်ကြားရှိ အကွာအဝေးက တဖြည်းဖြည်း နီးကပ်လာနေသည်။

“ငါတို့တော့ သေပြီ ငါတို့တော့ သေပြီ....” ထော့ကျိုးမှာ တစ်ယောက်တည်း ရေရွတ်ရင်း လူသေကောင်လို သွေးဆုပ်ဖြူလျော်နေသည်။

ပါမောက္ခပါ့ရှန်၏ ခြေထောက်အောက်ရှိ နွားသိုးစိမ်းကြီးက တဘူးဘူး အော်လျက် နတ်ဘုရားမြို့ဆီသို့ အားကုန်ပြေးနေသည်။ သို့သော် မည်မျှမြန်မြန် ပြေးစေကာမူ ဝေးဝေးပြေးလေလေ ဖုရွေ့လော်နှင့် နီးသထက် နီး‌နေ၏။

နွားသိုးစိမ်းကြီး အလျင်အမြန် ရပ်လိုက်ကာ မလှုပ်ရဲတော့ပေ။

“နတ်ဆိုးဘုရင်၊ ငါ ချင်ဖုန်းကျင့်ကိုပဲ လိုချင်တယ်.... သူ့ကို ငါ့ပေး၊ ငါ မင်းကို ထိုက်ဧကရာဇ်ကောင်းကင်ဘုံ ပေးမယ်” လုလီက အပြုံးတစ်ခုဖြင့် ပြောသည်။

“စိတ်မပူပါနဲ့ ငါ အခု အတုအစစ် မြင်သွားပြီ.. သူတို့ ထွက်မပြေးစေရဘူး”

ဖုရွေ့လော် ရှေ့တစ်လှမ်းတက်ကာ အားလုံးဆီသို့‌ လျှောက်သွားသည်။ ဟင်းလင်းပြင်မှာ တမုဟုတ်ချင်း လိပ်ခေါက်သွားပြီး အားလုံး သူနှင့် နီးကပ်လာ၏။

သားသတ်သမားက ဒေါသတကြီး အော်ဟစ်ရင်း ဓားမကို လွှဲယမ်းကာ ကောင်းကင်နှင့်မြေကြီးဆီသို့ ခုတ်ချလိုက်ပြီး လိပ်ခေါက်နေသော ဟင်းလင်းပြင်ကို ဖျက်စီးရန် ကြိုးစားသည်။ သို့တိုင်အောင် သူ၏ဓားမရောင်မှာလည်း လိပ်ခေါက်သွားပြီး အစအနရှာမရအောင် ပျောက်ကွယ်သွားသည်။

ထိုအချိန်တွင် ကောင်းကင်က ပြင်းပြင်းထန်ထန် တုန်ခါလာ၍ ဖုရွေ့လော် ရပ်လိုက်သည်။ သူ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည့်အခါ အံ့အားသင့်မှုက သူ့မျက်နှာတစ်ပြင်လုံး လွှမ်းခြုံသွား၏။

လုလီလည်း ကမန်းကတန်း မော့ကြည့်ကာ အံ့အားသင့်သွားသည်။

ကောင်းကင်ယံတွင် တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားသော အလင်းတိုင်းလုံးကြီးများ ပေါ်ထွက်လာပြီး မြေကြီးပေါ် ကျလာ၏။ နောက်တခဏတွင် အလင်းတန်းများက နောက်ကျိကျိသွေးရောင်များ ဖြစ်လာသည်။

ပျက်စီးနေသော ဧရာမဂြိုဟ်ကြီးများက ဟင်းလင်းပြင်းထဲမှ တိုးထွက်လာပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်ယံ၌ ပေါ်လာကြသည်။

ထို့နောက် ပဲ့ရွဲ့နေသောဂြိုဟ်ကြီးနောက်တစ်လုံး ထွက်လာ၏။ ထို့နောက် တတိယတစ်လုံး....

ကောင်းကင်မြင်ကွင်းကား အလွန်ရင်သပ်ရှုမောဖွယ်ကောင်းပေသည်။ ရုတ်တရက် ဧရာမမြေထုကြီးက ကောက်ခါငင်ခါ ပေါ်လာခဲ့သော ဂြိုဟ်များအပေါ် ပိကျလာ၏။

All Chapters