← Chapters

လော့ဖူကောင်းကင်ဘုံကို သွေးယဇ်ပူဇော်ခြင်း

Vol. 44 Ch. 596

လော့ဖူကောင်းကင်ဘုံကို သွေးယဇ်ပူဇော်ခြင်း

Vol. 44 Ch. 596

ကောင်းကင်ယံတွင် ဧရာမမြေထုကြီး ဘွားခနဲ ပေါ်လာကြောင့် ဖုရွေ့လော် တုန်ရီသွားပြီး ကောင်းကင်နတ်သိုင်းအား ထိန်းချုပ်ရန် မေ့လျော့သွားသည်။ မိစ္ဆာနတ်ဆိုးပင်မစခန်းထဲတွင် ကောင်းကင်နတ်ဆိုးမျိုးနွယ် မိစ္ဆာစစ်သည်များလည်း ငေးငေးကြောင်ကြောင် အမူအရာများဖြင့် ကောင်းကင်သို့ မော့ကြည့်နေကြ၏။

သူတို့သာမဟုတ်၊ လူသားဖြစ်စေ၊ ကောင်းကင်နတ်ဆိုးဖြစ်စေ၊ တောင်ပင်လယ်များ၌ နေထိုင်နေသော ဆန်းကြယ်သားရဲများဖြစ်စေ၊ ပိုးကောင်များဖြစ်စေ ထိုက်ဧကရာဇ်ကောင်းကင်ဘုံတစ်ခုလုံးရှိ သတ္တဝါအားလုံး မော့ကြည့်နေကြသည်။ သူတို့အားလုံး ကောင်းကင်ယံမှ ပိကျလာသော ဂြိုဟ်ကြီးများနှင့် အဆုံးမဲ့မြေထုကြီးကို ကြည့်နေမိကြ၏။

ထိုမြင်ကွင်းမှာ စကားလုံးဖြင့် ဖော်ပြမတတ်အောင် အံ့အားသင့်ဖွယ်ကောင်းလှပေသည်။ သူတို့ဘဝတွင် တစ်ခါမှ မမြင်ဖူးသော မြင်ကွင်းတစ်ခုလည်း ဖြစ်၏။

ဧရာမဂြိုဟ်ကြီးများ အလွန်နိမ့်ဆင်းလာသည့်အတွက် လက်ဖြင့်ပင် လှမ်းထိနိုင်သည့်အလား ထင်နေရသည်။ မြေထုကြီးအပေါ်ရှိ တောင်တန်းများမှာလည်း ဧရာမကျောက်စက်ပန်းဆွဲကြီးများသဖွယ် စိုက်ကျနေသည်။ ပင်လယ်တို့သည်လည်း အပြာရောင်ပတ္တမြားပမာ တောက်ပြောင်ကြည်လင်နေ၏။

ပို၍ပင် ထူးဆန်းသည်မှာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ အထက်၌ ပျံဝဲနေသော်လည်း ပင်လယ်ရေများက ထိုက်ဧကရာဇ်ကောင်းကင်ဘုံထဲသို့ ကျဆင်းမလာခြင်း ဖြစ်သည်။

ဖုရွေ့လော် အံ့အားသင့်နေ၍ သားသတ်သမား၊ ချင်မူနှင့် ကျန်ရှိသူများကို ဖမ်းရန် သတိမရတော့ပေ။

ချင်မူက အသေးစိတ်ကြည့်လိုက်သည့်အခါ ထိုမြေထုကြီးနှင့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ဆက်သွယ်ထားသော အလင်းတိုင်လုံးကြီးများက တောင်တန်းများသဖွယ် မြင့်မားလှသည့် ယဇ်ပလ္လင်များဆီမှ ဖြစ်ကြောင်း မြင်လိုက်ရ၏။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံထက်မှ အပေါ်မော့ကြည့်လိုက်လျှင် ခပ်ရေးရေးမျှ တွေ့နိုင်သည်။

ချင်မူ အော်ဟစ်မိလိုက်၏။ “ဒါ ... လော့ဖူကောင်းကင်ဘုံပဲ”

သူ့အသံက ပတ်ဝန်းကျင်ရှိ အံ့အားသင့်မှုနှင့် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ သားသတ်သမား၊ အဘွားစစ်နှင့် ကျန်ရှိသူများ တုန်လှုပ်သွားပြီး ထော့ကျိုးက အလျင်အမြန် မေးလိုက်၏။ “မူအာ၊ လော့ဖူကောင်းကင်ဘုံဆိုတာ ဘယ်လိုနေရာမျိုးလဲ”

“ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ကမ္ဘာ... ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ကျူးကျော်ထားတဲ့ ဒီကောင်းကင်နတ်ဆိုးတွေ နေတဲ့ ကမ္ဘာပဲ”

ချင်မူ နေရာရွှေ့ပြောင်းအလံများ ထုတ်ကာ သူတို့ပတ်ပတ်လည်၌ ကမန်းကတန်း စိုက်လိုက်သည်။ “ကျွန်တော် ဖုရွေ့လော်ရဲ့ မျက်လုံးကောင်းကင်နတ်သိုင်းနဲ့ အဖမ်းခံလိုက်ရတုန်းက သူ့မြင်ကွင်းပုံရိပ်ယောင်ထဲမှာ ကျွန်တော်က သူ ဖြစ်သွားပြီး လော့ဖူကောင်းကင်ဘုံကို မြင်ခဲ့ရတယ်... အဲဒီကမ္ဘာက တစ်ကမ္ဘာလုံးနီးပါး ပျက်စီးနေပြီ”

“ကောင်းကင်နတ်ဆိုးမျိုးနွယ်က သူတို့ရဲ့ လော့ဖူကောင်းကင်ဘုံကို ဆင့်ခေါ်လိုက်တာလား .... ဘာတွေ ကြံနေကြတာလဲ”

အဘွားစစ်မှာ ဇဝေဇဝါ ဖြစ်နေပြီး ခပ်တိုးတိုး ပြောလိုက်မိသည်။ “ကောင်းကင်နတ်ဆိုးအားလုံး ထိုက်ဧကရာဇ်ကောင်းကင်ဘုံထဲ ဝင်လာအောင် လုပ်ဖို့လား”

မျက်ကန်း၏အကြည့်က စူးရှသွားပြီး သူက ခေါင်းယမ်းလိုက်သည်။ “အဘွားကြီး၊ နင် လော့ဖူကောင်းကင်ဘုံကို အသေးစိတ် မမြင်ရဘူးမလား.... ဒီလော့ဖူကောင်းကင်ဘုံက ကောင်းကင်နတ်ဆိုးမျိုးနွယ် ရွှေ့လိုက်တာမဟုတ်ဘူး.. ယဇ်ပလ္လင်တွေအပေါ်မှာ နတ်ဘုရားအယောက်နှစ်ဆယ်ကျော် ရှိနေတယ်... သူတို့လုပ်တာပဲဖြစ်မယ်... ဒါ့အပြင် သူတို့က လော့ဖူကောင်းကင်ဘုံကို ထိုက်ဧကရာဇ်ကောင်းကင်ဘုံဆီ ရွှေ့တာမဟုတ်ဘူး.... သူတို့က....”

သူ့အသံသည် စိတ်လှုပ်ရှားလာ၏။ “သူတို့က လော့ဖူကောင်းကင်ဘုံကို သွေးယဇ်ပူဇော်နေတာပဲ”

“လော့ဖူကောင်းကင်ဘုံကို သွေးယဇ်ပူဇော်နေတာလား”

အားလုံး အံ့ဩသွားကြပြီး အသေးစိတ်ကြည့်ရန် ပြင်နေကြစဉ် ချင်မူက နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း ထုတ်လွှတ်လိုက်သဖြင့် ဧရာမအလံကြီးများသည် သူတို့ကို နတ်ဘုရားမြို့ဆီသို့ ရွှေ့ပြောင်းပေးလိုက်၏။

ချင်မူ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း ထုတ်လွှတ်လိုက်သည့်အချိန်တွင်  အစစ်အမှန်မိစ္ဆာနတ်ဘုရားတစ်ပါး အလစ်တိုက်ခိုက်ခံလိုက်ရသဖြင့် မိစ္ဆာနတ်ဆိုးပင်မစခန်းတစ်ခုလုံး အုံးအုံးကြွက်ကြွက် ဆူညံသွား၏။

နဂါးတစ်ကောင်က ‘ကောင်းကင်နတ်ဆိုးလူငယ်'တစ်ယောက်၏ ခါးမှ ပျံထွက်လာပြီး အားလုံး ကောင်းကင်သို့ မော့ကြည့်နေကြသည့်အချိန်တွင် တိုက်ခိုက်ခဲ့သည်။ နတ်နဂါးက အစစ်အမှန်မိစ္ဆာကို ဒဏ်ရာအပြင်းအထန် ရသွားစေ၏။ ထိုစဉ် ‘ကောင်းကင်နတ်ဆိုးလူငယ်’ ၏ လှုပ်ရှားမှုက လွင့်မျောနေသည့်အလား ထူးဆန်းလာပြီး အစစ်အမှန်မိစ္ဆာ၏ ကျောနောက်သို့ ရောက်လာသည်။

သူ၏ကောင်းကင်နတ်သိုင်းက လျှပ်စီးလို တိုက်ခိုက်လိုက်၍ ထိုအစစ်အမှန်မိစ္ဆာမှာ အတုံးရှစ်တုံး ခုတ်ထစ်ခံလိုက်၏။

ပင်မစခန်းမှာ အုတ်အော်သောင်းနင်း ဖြစ်သွားပြီး မိစ္ဆာနတ်ဘုရားများ မတုံ့ပြန်နိုင်ခင် ‘ကောင်းကင်နတ်ဆိုးလူငယ်’က သေတ္တာကြီးတစ်လုံး ဖွင့်လိုက်သည်။ သေတ္တာကြီးက အဖုံးဖွင့်၍ အတုံးအတစ်များအား မြိုချလိုက်၏။

‘ကောင်းကင်နတ်ဆိုးလူငယ်’က သေတ္တာကြီးကို မြှောက်၍ နတ်နဂါးကို နင်းလျက် ကောင်းကင်ယံသို့ ခုန်တက်သွားသည်။ သူ့အနောက်မှ မိစ္ဆာနတ်ဘုရားများ ဒေါကြီးမောကြီး လိုက်သွားကြသည်။

တစ်ချိန်တည်းမှာပင် နတ်ဘုရားမြို့ထဲတွင် အလင်းတန်းတစ်တန်း ပေါ်လာပြီး နေရာရွှေ့ပြောင်းဝင်္ကပါ ဖွဲ့တည်လာ၏။ တစ်ယောက်မှ စိတ်နှင့်ကိုယ် ပြန်မကပ်သေးခင် ချင်မူက နေရာရွှေ့ပြောင်းအလံများကို ထပ်ဖြန့်လိုက်သည့်အတွက် အလင်းတန်းများ‌ တောက်ပသွားသည်။ အလင်းရောင်များ မှေးမှိန်သွားသည့်အခါ အားလုံး မြို့ပြင် ရောက်သွားကြသည်။

သူက နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းကို ထပ်ခါလဲလဲ အသုံးပြု၍ မိုင်လေးရာမှ ငါးရာအထိ ရောက်လာသည်။

ချင်မူမှာ မှော်စွမ်းအင်များ ကုန်ခမ်းသွားသည့်အခါ အင်္ကျီလက်အိုးခါလျက် နေရာရွှေ့ပြောင်းအလံအား သိမ်းလိုက်၏။ “ဒီအထိပဲ နေရာရွှေ့ပြောင်းနိုင်တယ်”

ဟူလင်အားက ပြောသည်။ “ကျွန်မသိပါတယ်.... ဖက်တီးနဂါးက လေးလွန်းတာကိုး”

ဖက်တီးနဂါး ရှက်ရွံ့စွာ ခေါင်းငုံ့သွားသည်။

အားလုံး လီမြို့ဆီသို့ ခပ်သုတ်သုတ် ပြေးသွားကြသည်။ လမ်းတွင် ကောင်းကင်အား မော့ကြည့်နေကြသော်လည်း ရှင်းရှင်းလင်းလင်း မမြင်ရသေးပေ။

သို့သော် မျက်ကန်း၏မျက်လုံးထဲတွင်တော့ လော့ဖူကောင်းကင်ဘုံ၏ တောင်တန်းများ ၊ ပင်လယ်ပြင်များအား မြင်နေရ၏။ တောင်တန်းများ ပြိုကျပြီး ပင်လယ်များ အငွေ့ပျံနေသည်။ လော့ဖူကောင်းကင်ဘုံ၌ တည်ရှိသော မြစ်များမှာ မြွေများသဖွယ် တွန့်လိမ်လူးလွန့်နေကြသည်။

ဤမြင်ကွင်းမှာ အမှန်တကယ် ကြောက်စရာကောင်းပေသည်။

တစ်ကမ္ဘာလုံးအား သွေးယဇ်ပူဇော်ခြင်းသည် ရင်သပ်ရှုမောဖွယ်ရာကောင်းသော်လည်း ဝမ်းနည်းကြေကွဲဖွယ်ရာလည်း ဖြစ်၏။

ဤအခိုက်အတန့်တွင် ပင်လယ်ထဲမှ ဝေလငါးတစ်ကောင်၏ ဝမ်းနည်းပက်လက် ငိုကြွေးသံကဲ့သို့ အသံကျယ်ကြီးတစ်သံ ကြားလိုက်ရသည်။ သေဆုံးတော့မည့် ကမ္ဘာတစ်ခု၏ ငိုကြွေးသံသဖွယ် အသည်းထဲ နင့်စရာကောင်းလှသည်။

ကမ္ဘာသည် ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ ကမ္ဘာပင် ဖြစ်လင့်ကစား ကမ္ဘာတိုင်းက ထိုကမ္ဘာတွင် မွေးဖွားလာသော သက်ရှိသတ္တဝါတိုင်း၏ မိခင်ပင် မဟုတ်ပါ၏လော။ သေဆုံးတော့မည့် မိခင်၏ ငိုကြွေးသံကို ကြားရသည့်အခါ ကလေးတို့မှာ ဝမ်းမနည်းဘဲ နေပါမည်လော။

“လော့ဖူ‌ကောင်းကင်ဘုံက အနားကပ်လာနေတာ မဟုတ်ဘူး”

အားလုံးနှင့်အတူ ကပျာကယာ ပြေးနေစဉ် အဘွားစစ် ရုတ်တရက် သဘောပေါက်သွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “လော့ဖူကောင်းကင်ဘုံက မူလနေရာမှာ ရှိနေတုန်းပဲ... လော့ဖူကောင်းကင်ဘုံနဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကြားမှာ သွေးယဇ်ပူဇော်စွမ်းအား ဖြစ်တည်လာတာကြောင့် လော့ဖူကောင်းကင်ဘုံက ငါတို့ခေါင်းပေါ် ရောက်လာသလို ထင်ရတာပဲ”

ဖုရွေ့လော် အသည်းထဲ အေးစက်နေသည်။ ခေါင်းအထက်၌ ပေါ်လာခဲ့သော လော့ဖူကောင်းကင်ဘုံကို သူ မော့ကြည့်နေမိ၏။ ချင်မူ ထွက်ပြေးသွားသည့်အချိန်တွင်ပင်၊ ရှင်းအန်း မိစ္ဆာနတ်ဆိုးပင်မစခန်းထဲ၌ သောင်းကျန်းလိုက်သည့်အချိန်တွင်ပင် တစ်ချက် လှည့်မကြည့်မိပေ။

ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ လော့ဖူကောင်းကင်ဘုံမှာ သွေးယဇ်ပူဇော်ခြင်းမှတစ်ဆင့် သန့်စင်သော စွမ်းအင်အဖြစ် ပြောင်းလဲခံခဲ့ရသည်။ လက်ရှိအချိန်တွင် စွမ်းအင်တို့က ထိုက်ဧကရာဇ်ကောင်းကင်ဘုံထဲသို့ စီးမျောဝင်ရောက်နေချေသည်။

သစ်ခုတ်သမား အောင်မြင်သွားပြီဖြစ်၏။

ဖုရွေ့လော်မှာ ထက်မြက်သူပီပီ မည်သူလုပ်ခဲ့မှန်း သိနေသည်။

လီမြို့၌ အလောင်းအစား လုပ်ပြီးနောက် သစ်ခုတ်သမား ပျောက်ချင်းမလှ ပျောက်သွားခဲ့ကာ ယနေ့အချိန်အထိ ပေါ်မလာခဲ့ပေ။ သူက မဟာအကြံအစည်များဖြင့် ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ အသိုက်ဟောင်း၊ လော့ဖူကောင်းကင်ဘုံသို့ ဝင်သွားပြီး လော့ဖူကောင်းကင်ဘုံအား စတေးရန် ယဇ်ပလ္လင်များ တည်ဆောက်နေခဲ့ခြင်း ဖြစ်လိမ့်မည်။

ယခုတွင် သစ်ခုတ်သမားက လော့ဖူကောင်းကင်ဘုံကို စတေးနေချေပြီ။

လုလီအနေဖြင့် ဖျက်စီးစတေးခံခဲ့ရသော ကမ္ဘာများအား တစ်ခုပြီးတစ်ခု မြင်ခဲ့ဖူး၍ ဤမြင်ကွင်းနှင့် အသားကျနေပြီဖြစ်သည်။ ယခင်တုန်းက ယိုတုထဲရှိ ကမ္ဘာပေါင်း မရေမတွက်နိုင်အောင် ဖျက်စီးခံခဲ့ရပြီး မြေအောက်ဘုံအရှင်သခင်၏ အချိုးအကွေ့ကိုးသွယ် ချိုများအဖြစ် ဖွဲ့တည်ခံခဲ့ရ၏။ ပိတ်ပိန်းမှောင်မည်းနေသည့် အမှောင်ထုထဲ၌ ဝမ်းနည်းကြေကွဲစွာ ငိုကြွေးနေသော ဝိညာဉ်များစွာ ယနေ့တိုင်အောင် ရှိနေသေးသည်။

“ချင်မျိုးရိုးကို ဖမ်းဖို့က ပိုအရေးကြီးတယ်”

သူမက တမုဟုတ်ချင်း ဆုံးဖြတ်၍ ချင်မူတို့ နေရာရွှေ့ပြောင်းသွားသော အရပ်မျက်နှာဘက်သို့ တရှိန်ထိုး ထွက်သွားသည်။ ဤအခိုက်အတန့်တွင် နိမ့်ကျလာသယောင် ထင်ရသည့် လော့ဖူကောင်းကင်ဘုံမှာ ရုတ်တရက် ရပ်တန့်သွားပြီး အခြားတစ်ဖက်မှ အသံတစ်သံ ကြားလိုက်ရသည်။ “ဖုရွေ့လော်၊ စစ်ပွဲကို ရပ်တန့်မလား... လော့ဖူကောင်းကင်ဘုံကို အပျက်စီးခံမလား”

လုလီလည်း အခြေအနေမဟန်မှန်း သိ၍ ဖုရွေ့လော်ဆီသို့ လှည့်ကြည့်လိုက်သည်။ ဖုရွေ့လော်၏ မျက်နှာသုံးဖက်မှာ ကြက်သေသေသွားပြီး မျက်နှာတစ်ဖက်က လောင်ဖုကောင်းကင်ဆီသို့ မော့ကြည့်နေ၏။ ထို့နောက် ဖုရွေ့လော်၏အသံ ဟိန်းထွက်လာသည်။ “ကောင်းကင်ဆရာသခင်၊ မင်းနဲ့ငါ ယာယီစစ်ပြေငြိမ်းရေးစာချုပ် ချုပ်မယ်... ငါတို့ကောင်းကင်နတ်ဆိုးမျိုးနွယ်က ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို နှစ်ခြမ်းခွဲပြီး လူသားနတ်ဘုရားတွေနဲ့ ယှဉ်တွဲနေထိုင်မယ်... ငါတို့ကောင်းကင်နတ်ဆိုးမျိုးနွယ်က တစ်ခြမ်းယူမယ်... ထိုက်ဧကရာဇ်ကောင်းကင်ဘုံက ကျန်တစ်ခြမ်းကို ယူ... မင်းဆီမှာ ငါတို့ရဲ့ အားနည်းချက်၊ လော့ဖူကောင်းကင်ဘုံလည်း ရှိနေမှတော့ စိတ်အေးအေးထားလို့ ရနိုင်ပါပြီ”

“ကောင်းပြီ”

ကောင်းကင် စုတ်ပြဲသွားပြီး သစ်ခုတ်သမား၏မျက်နှာ ထွက်ပေါ်လာသည်။ မျက်နှာတွင် နားရွက်မပါပေ။ ဤမျက်နှာက ဖုရွေ့လော်ကို ငုံ့ကြည့်နေပြီး သူ၏အသံက မိုးထစ်ချုန်းသံကဲ့သို့ ဟိန်းထွက်လာသည်။ “မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်နဲ့ ကျိန်ကြမလား”

ဖုရွေ့လော်က အလေးအနက် ပြောလိုက်၏။ “မြေအောက်ဘုံအရှင်သခင်နဲ့ ကျိန်မယ်”

လီမြို့ဆီသို့ ပြေးနေကြသော သားသတ်သမား၊ မျက်ကန်းနှင့် ကျန်ရှိသူများလည်း တန်ခိုးရှင်သစ်ခုတ်သမားနှင့် ဖုရွေ့လော်၏အသံကို ကြားလိုက်ရသည်။ အဘွားစစ် ခေါင်းယမ်းလိုက်မိသည်။ “ဒီအရူးအိုကြီးက ဘယ်သူလဲ.... သူမလို့ ကောင်းကင်နတ်ဆိုးမျိုးနွယ် မြေအောက်ဘုံအရှင်သခင်နဲ့ ပဋိညာဉ်ချုပ်ရဲတယ်... ဖုရွေ့လော် သူ့အတွင်းခံကို ချွတ်မသွားရင်တောင် ကံကောင်း”

ဒုက္ခိတဘိုးဘွားကျေးရွာရှိ လူတိုင်း ခေါင်းညိတ်လိုက်ကြ၏။

ချင်မူ ဂရုတစိုက် ပြောလိုက်သည်။ “ဘွားဘွား၊ ကောင်းကင်က မျက်နှာကို ကြည့်ကြည့်ဦး... ကျွန်တော်တို့ တန်ခိုးရှင်သက်ဆင်းတောင်ရဲ့ ပန်းချီထဲက တန်ခိုးရှင်သစ်ခုတ်သမား မျက်နှာနဲ့ မတူဘူးလား”

အဘွားစစ်က လှမ်းကြည့်ပြီး တုန်လှုပ်သွားသည်။ ဤမျက်နှာက တန်ခိုးရှင်သစ်ခုတ်သမား၏ မျက်နှာကြီး မဟုတ်ပါလား.....

“တန်ခိုးရှင်ကိုး”

အဘွားစစ်က စွဲမက်နစ်မျောဖွယ်ရာ အပြုံးလေးကို လှစ်ခနဲ ဖော်ပြလိုက်သည်။ “အဲ့ဒါဆိုရင်တော့ ဖုရွေ့လော်နဲ့ ပဋိညာဉ်ချုပ်လည်း ကိစ္စမရှိဘူး... ငါတို့ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှာ ကလိမ်ကကျစ်တွေမှ တစ်ပုံကြီး... အားလုံး မဟာဉာဏ်အလင်းပွင့်ကောင်းကင်နတ်ဆိုးကျမ်းစာကနေ သင်ခဲ့ကြတာမဟုတ်လား... ဒါကြောင့် ကလိမ်ကကျစ်ကျတဲ့နေရာမှာ တန်ခိုးရှင်က ငါတို့ဘိုးဘေးကြီးပဲ”

အားလုံး သူမ၏အပြုံးကြောင့် ငေးငိုင်သွားကြပြီး တန်ခိုးရှင်သစ်ခုတ်သမားအား အရူးအိုကြီးဟု ဆဲဆိုလိုက်သည့် အဘွားစစ်အား မေ့သွားကြသည်။

လုလီ၏အကြည့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားကာ အ‌ဝေးသို့ လှမ်းကြည့်လိုက်သည်။ သူမ ချင်မူ့နောက် လိုက်တော့မည့်အချိန် ဖုရွေ့လော်က တည်ငြိမ်စွာ ပြောလိုက်၏။ “ဒီကိစ္စက လော့ဖူကောင်းကင်ဘုံရဲ့ တည်ရှိမှုနဲ့ ပတ်သက်နေတာမလို့ တာအိုမိတ်ဆွေလုလီ မဆင်မခြင် မလုပ်ရင် ကောင်းပါလိမ့်မယ်”

လုလီ၏ လှပသော မျက်ခုံးလေးနှစ်ဖက် တွန့်ချိုးသွားသည်။ ဤအခွင့်အရေးမှာ ရှားသလို၊ ချင်မူ့ကို သူမ အမှန်တကယ် ဖမ်းချင်သော်လည်း ကောင်းကင်ထက်ရှိ မျက်နှာကိုလည်း ကြောက်မိ၏။ အတင်းအကြပ် လှုပ်ရှားလိုက်လျှင်လည်း ဖုရွေ့လော်ကိုယ်တိုင် ဝင်တားနိုင်သောကြောင့် လုလီ ချုပ်တည်းလိုက်သည်။

“မပူပါနဲ့... ဒီကောင်လေးကို မင်းဆီ ပေးမယ် ပြောထားတယ်မလား... ပြောပြီးစကား ငါ ပြန်မရုပ်သိမ်းတတ်ဘူး” ဖုရွေ့လော် ပြောလိုက်သည်။

လုလီက တခစ်ခစ် ရယ်လျက် ပြောသည်။ “ပြောပြီးစကား ပြန်ရုပ်သိမ်းရဲလို့ကတော့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ကူညီပြီး ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို မျိုးဖြုတ်ပစ်မယ်”

ဖုရွေ့လော် ခေါင်းယမ်းလိုက်၏။ “မင်း မလုပ်နိုင်ပါဘူး... ကောင်းကင်ဆရာသခင်က ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံကပဲ... နင်တို့နှစ်ယောက်ကြားက ရန်ငြိုးက ပိုတောင် ကြီးမားသေးတယ်... ဖြေဖျောက်တောင် မရလောက်ဘူး”

လုလီမှာ ချင်မူတို့ ထွက်ပြေးသွားသောဘက်သို့ ကြည့်ကာ စိတ်ထိန်းနေရသည်။ ဖုရွေ့လော်နှင့် တန်ခိုးရှင်သစ်ခုတ်သမားကို မကြောက်သော်လည်း နှစ်ယောက်ပြိုင်တူ တိုက်ခိုက်ပါက သူမအတွက် မလွယ်တော့ပေ။

“ဒါပေမဲ့ ပေးထားတဲ့ ကတိကို ငါ တည်မှာပါ”

ဖုရွေ့လော်၏ အရှေ့မျက်နှာက တန်ခိုးရှင်သစ်ခုတ်သမား၏ မျက်နှာကြီးနှင့် မြေအောက်ဘုံအရှင်သခင် ပဋိပညာဉ်ရေးထိုးနေပြီး ဘယ်မျက်နှာက လုလီကို စကားပြောနေသည်။ “သူက ငါ့ကောင်းကင်နတ်သိုင်းကို ခံခဲ့ရဖူးတယ်... ဒါကြောင့် မှန်ပဲဖြစ်ဖြစ်၊ ရေပြင်ပဲဖြစ်ဖြစ် သူ ငါ့လက်ထဲကနေ မလွတ်နိုင်ဘူး”

ထိုအခါမှ လုလီ စိတ်ဒုန်းဒုန်းချကာ ပြုံးလိုက်သည်။ “မင်းရဲ့ ဟင်းလင်းပြင်သိုင်းကွက်ကို ငါ သိပ်အထင်ကြီးမိတယ်”

ချီကျုံရီ မျက်မှောင်အနည်းငယ် ကြုတ်နေ၏။ “ဒီတော့ ဘုရင်ခံလု၊ ခင်ဗျားနဲ့ ကျွန်တော့် သဘောတူညီချက်က..”

လုလီက သူ့ကို ချိုသာစွာ ပြုံးပြလိုက်သည်။ အပြုံးက ချိုသာသော်လည်း ကြောက်စရာလည်း ကောင်း၏။ သူမက ခပ်ဩဩ အသံဖြင့် ပြောလေသည်။ “ချင်မူ့ကို မင်းဆီ ပေးသင့်မပေးသင့်က မင်း ဘာလုပ်မလဲဆိုတာအပေါ် မူတည်လိမ့်မယ်... သခင်လေးချီက ကောင်းကင်နတ်ဘုံရဲ့ တော်ဝင်သွေးဆိုပေမယ့် ကောင်းကင်ဟာ မြင့်မားသလို၊ ဧကရာဇ်ကလည်း အဝေးမှာမဟုတ်လား... အရှင်မင်းကြီးတောင်မှ နယ်မြေတစ်ခုရဲ့ ဘုရင်ခံတစ်ယောက်ကို မထိန်းချုပ်နိုင်ပါဘူး.. ဟုတ်တယ်မလား”

ချီကျုံရီက မတုန်လှုပ်ဘဲ ပြောသည်။ “ဘုရင်ခံလု ဆိုလိုချင်တာ နားလည်ပါတယ်”

နောက်ဆုံးတွင် ချင်မူတို့အားလုံး လီမြို့ထဲ အပြေးအလွှား ဝင်သွားနိုင်ပြီး သက်ပြင်းချလိုက်ကြ၏။

လီမြို့တွင် စစ်သည်‌တော်များ၊ မြင်းများ တပ်စွဲထားသည်မှာ ကြာချေပြီ။ ဧကရာဇ်အတိုင်ပင်ခံ၊ အစစ်အမှန်နတ်ဘုရားပန်ယုနှင့် ကျန်ရှိသူများက အတန်းလိုက် စီတန်းနေကြသည်။ သူတို့အားလုံး ပြန်ရောက်လာသည်ကို မြင်မှ သူတို့လည်း စိတ်အေးသွားကြသည်။

ဆေးဆရာက မှန်တစ်ချပ် ထုတ်၍ သူ့ကိုယ်သူ သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်နေသည်။

ချင်မူလည်း ဆေးဆရာ၏ဘေးနား ကပ်၍ မှန်ကြည့်လိုက်သော်လည်း မျက်နှာအမူအရာ ပြောင်းလဲသွား၏။ မှန်ထဲတွင် ဖုရွေ့လော်က သူ့ဆီ လမ်းလျှောက်လာနေသည်။

ဆေးဆရာက မှန်ကို သိမ်း၍ ပြုံးသည်။ “မူအာ၊ မင့်ဆီမှာ မှန်တွေအများကြီးပါကွ... ဘာလို့ ဘိုးဘိုးမှန်ကို လိုက်ကြည့်နေတာလဲ”

ချင်မူ ခေါင်းယမ်းကာ အော်ဟစ်လိုက်သည်။ “ဘွားဘွား ကျွန်တော် အရင်ကလို ဖြစ်ပြန်ပြီ”

သူက ဖုရွေ့လော် မည်သို့ပြန်ပေးဆွဲခဲ့ကြောင်း ပြောပြလိုက်သည့်အခါ ဒုက္ခိတဘိုးဘွားကျေးရွာ၏ အဘိုးအဘွားအားလုံး စိတ်ပျက်နေသည့်အမူအရာများ ဖြစ်သွားကြသည်။ ထော့ကျိုးက သ‌‌ရော်တော်တော် ခနဲ့၏။ “မူအာ ... သိုင်းကွက်တစ်ကွက်တည်းနဲ့ နှစ်ကြိမ်တောင် ခံရတယ်ဟုတ်စ... ငါတို့သင်ပေးထားတာတွေ အလကားဖြစ်ကုန်ပြီ”

မျက်ကန်း ခေါင်းညိတ်လိုက်၏။ “မူအာက ငယ်လွန်းပြီး ရိုးသားဖြူစင်လွန်းတယ်”

ဆေးဆရာက သက်ပြင်းချကာ ပြောသည်။ “ဟုတ်တယ်၊ ဟိုအဘိုးကြီးရွာလူကြီးဆို မူအာက ရိုးသားဖြူစင်လွန်းတော့ သူများနှပ်ချတာ ခံရမှာ စိုးရိမ်တဲ့အကြောင်း တဖွဖွ ပြောနေခဲ့တာ... သူ့စကားက မှန်နေတာပဲ... နှစ်ကြိမ်တောင် ခံခဲ့ရတယ်လို့”

ချင်မူ့နဖူးမှ ချွေးများ လိမ့်ဆင်းကျလာသည်။ “မဆူကြပါနဲ့တော့ .... ကျွန်တော် ဘာလုပ်ရမလဲ”

All Chapters