မျက်လုံးထဲက ဖုရွေ့လော်
Vol. 44 Ch. 597
ရွှေအက လက်ဟန်ခြေဟန် လုပ်ပြသည်။ နားကန်းက ကြည့်ကာ ပြော၏။ “ရိုးရိုးလေးရယ်... မှန်မကြည့်နဲ့ပေါ့... မင်းက မိန်းကလေးမှမဟုတ်တာ.... ရွှေအ ပြောတာနော် ငါ မဟုတ်ဘူး”
ဆေးဆရာက မှန်ထုတ်၍ ချင်မူ့ကို ကြည့်ခိုင်းကာ သူ၏တုံ့ပြန်မှုအား စူးစမ်းသည်။ ချင်မူ့မျက်လုံးများသည် တမုဟုတ်ချင်း ငေးကြောင်သွားပြီး သူ့မျက်လုံးထဲမှ လူတစ်ယောက် ထွက်လာနေသကဲ့သို့ ထင်ရ၏။ သူက မှန်ကို အလျင်အမြန် ပြန်ရုတ်ကာ ပြောသည်။ “မှန်မကြည့်တာက လွယ်တယ်... မျက်နှာသစ်ရင် ဘယ်လိုလုပ်မလဲ... ဒါမှမဟုတ် ချင်မူ့မျက်နှာရှေ့ မှန်လာထားလိုက်ရင်ရော ... ကောင်းကင်နတ်ဆိုးတစ်ယောက် ရောက်လာပြီးပြီး ချင်မူ့ကို ထောင်ချောက်ဆင်ရင် ဘယ်လိုလုပ်မလဲ... မူအာ ကြည့်မိလိုက်တာနဲ့ သူ့ထောင်ချောက်ထဲ ကျမှာပဲ... ပြီးတော့ ကောင်းကင်နတ်ဆိုးမျိုးနွယ်ဘက် ပြောင်းသွားတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေက အရေအတွက် နည်းတာမဟုတ်ဘူး... တျန်းဖုန်းကောတစ်ယောက်တည်း မကတာ သေချာတယ်”
သားသတ်သမားက မှန်ကို ဆွဲယူပြီး ချင်မူ့မျက်နှာရှေ့ ထားလိုက်သည်။ ချင်မူ၏မျက်လုံးများက မှန်ကိုသာ ငေးစိုက်ကြည့်ရင်း ကြောင်သွားသည်။ ဖုရွေ့လော်၏ခန္ဓာကိုယ်က သူ့မျက်လုံးထဲတွင် လမ်းလျှောက်နေပြီး စောစောကထက် ပိုနီးလာသည်။
သားသတ်သမား အလန့်တကြား ထခုန်၍ မှန်ကို ကပျာကယာ မှောက်လိုက်၏။ ထိုအခါမှ ချင်မူ့မျက်လုံးထဲရှိ ဖုရွေ့လော် ပျောက်ကွယ်သွားသည်။
“တန်ခိုးကြီးချက်ပဲ”
သားသတ်သမား မချီးကျူးမိဘဲ မနေတော့ပေ။ “ဖုရွေ့လော်ရဲ့ ကောင်းကင်နတ်သိုင်းက တကယ် ထူးဆန်းတယ်... ချင်မူ့မျက်လုံးထဲကနေတောင် တကယ်ကြီး ထွက်လာနိုင်တယ်... ငါတို့ သူ့ကို မျှားခေါ်ပြီး အစစ်အမှန်နတ်ဘုရားတစ်သိုက်နဲ့ သေအောင် ဝိုင်းခုတ်ကြရင်ရော....”
ချင်မူက ခေါင်းယမ်းလိုက်သည်။ “မရဘူး... သူက တကယ် ပေါ်လာတာမဟုတ်ဘူး ဘိုးဘိုး။ မှန်က သူ့ကောင်းကင်နတ်သိုင်းကို အသက်သွင်းပေးလိုက်တာသက်သက်ပဲ... ကောင်းကင်နတ်သိုင်း အသက်ဝင်သွားတာနဲ့ သူက ကျွန်တော်တို့ရှေ့ ပေါ်လာစရာမလိုဘဲ ကျွန်တော့်ကို သူ့ဘေး ဆွဲခေါ်နိုင်တယ်”
သားသတ်သမား ချီးကျုးမိပြန်သည်။ “အဲဒီအဆင့်အထိတောင်လား... တကယ် တော်တာပဲ”
ရွှေအက မှန်ကို ဆွဲလုပြီး ချင်မူ့ဆီ ပြပြန်သည်။ ချင်မူမှာ အလိုလို ကြည့်မိပြန်ပြီး သူ့မျက်လုံးထဲရှိ ဖုရွေ့လော်က နီးကပ်လာပြန်၏။
ရွှေအ မှန်ကို အလျင်အမြန် မှောက်ကာ အလေးအနက် ပြောလိုက်သည်။ “အာဘာ”
မျက်ကန်းက မှန်ကို ကပျာကယာ ယူကာ ချင်မူ့ကို ကြည့်ခိုင်းရန် ပြင်နေပြန်၍ အဘွားစစ် ဒေါသထွက်သွားပြီး သူ့ခေါင်းကို လက်သီးဖြင့် ထိုးချလိုက်သည်။ သူမက စိတ်ဆိုးမာန်ဆိုး ပြောလေသည်။ “သောက်အဘိုးကြီးတွေ၊ တော်တို့ လက်တည့်စမ်းနေတာနဲ့ မူအာ မျက်နှာသုံးဖက်ဘိုးတော်ဆီ ပါသွားတော့မယ်”
မျက်ကန်း ဒေါသူပုန်ထသွားသည်။ “အဘွားကြီး၊ သူတို့အားလုံး လက်တည့်စမ်းနေတာပဲလေ ... ဘာလို့ ငါ့ကိုမှ ရိုက်တာတုန်းဟ”
ထော့ကျိုးမှာ လက်တည့်စမ်းရန် စောင့်နေသော်လည်း အဘွားစစ် မှန်အား ဆွဲယူသွားသည်ကို မြင်လျှင် သူ့ကိုယ်သူ ချုပ်တည်းလိုက်ရသည်။
အမှန်တွင် အဘွားစစ်လည်း လက်တည့်စမ်းကြည့်ချင်ပါသော်လည်း ချင်မူက သူမကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့သော ကလေးဖြစ်နေ၍ မြိုသိပ်ထားရ၏။ သို့သော် စမ်းကြည့်ချင်လွန်း၍ လက်ယားနေလေသည်။
ဒုက္ခိတဘိုးဘွားကျေးရွာတွင် ထော့ကျိုးပြီးလျှင် အစပ်စုတတ်ဆုံးမှာ သူမပင် ဖြစ်သည်။
“မှန်ကို မကြည့်ရရင် ဖုရွေ့လော်ကိုလည်း ဆွဲထုတ်နိုင်မှာမဟုတ်ဘူး... ဒါဆို ဒီကောင်းကင်နတ်သိုင်းက မူအာ့မျက်လုံးထဲမှာ အမြဲရှိနေတော့မှာလား” အားလုံး မကြံတတ်တော့ပေ။
သူတို့အားလုံးက ထူးချွန်ကြသော်လည်း ဖုရွေ့လော်၏ ကောင်းကင်နတ်သိုင်းသည် အလွန်ထူးဆန်း၏။ မည်သို့ချေဖျက်ရမှန်း သူတို့မသိပေ။
ထိုစဉ် ဧကရာဇ်အတိုင်ပင်ခံနှင့် အစစ်အမှန်နတ်ဘုရားပန်ယု လျှောက်လာသည်။ “တာအိုမိတ်ဆွေတို့ ပြန်ရောက်လာတာ တော်သေးတယ်... ကျုပ်တို့က စစ်တပ်ကို ဦးစီးနေရတော့ ကယ်ဖို့ အဆင်မပြေဖြစ်နေလို့ပါ... စိတ်မရှိပါနဲ့”
“ဧကရာဇ်အတိုင်ပင်ခံက စိတ်ကူးစိတ်သန်းကောင်းတဲ့သူပဲ... သူ အကြံတစ်ခုတော့ တွေးနိုင်မှာပါ”
အားလုံး ဧကရာဇ်အတိုင်ပင်ခံကို အကြောင်းစုံ ပြောပြလိုက်သည့်အခါ ဧကရာဇ်အတိုင်ပင်ခံက ပြောသည်။ “အဲဒီလိုအရာမျိုး တကယ် ရှိတယ်လား ... တစ်ချက်ကြည့်ရအောင်” ထို့နောက် သူက ရင်အုံထဲမှ မှန်တစ်ချပ် ထုတ်ကာ ချင်မူ့ကို ပြရန် ပြင်နေသည်။
သားသတ်သမား၊ မျက်ကန်းနှင့် ကျန်ရှိသူများ၏ အမူအရာများ ထူးဆန်းသွားကြသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသည် သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်ပါသော်လည်း ချောမောခံ့ညားဆဲ ရှိပြီး ကောင်းကောင်းမွန်မွန် ဝတ်တတ်စားတတ်၏။ ရုပ်သွင်ကို ဂရုစိုက်၍ မှန်တစ်ချပ် ဆောင်ထားသည်မှာ ထင်ရှားလေသည်။
အဘွားစစ်က လက်သီးတင်းတင်း ဆုပ်၍ ဧကရာဇ်အတိုင်ပင်ခံ၏ ခေါင်းကို ထုရန် အဆင်သင့်ဖြစ်နေသည်။
ဧကရာဇ်အတိုင်ပင်ခံမှာ အရိပ်အခြည်မြင်လျှင် မှန်ကို ချကာ ပြုံးလျက် ပြောလိုက်သည်။ “အဆွေတော်စစ်၊ ကျွန်တော် သူ့မျက်လုံးထဲက ကောင်းကင်နတ်သိုင်းကို အသက်မသွင်းရင် ချေဖျက်နိုင်မယ့်နည်းလမ်းကို ဘယ်လိုစဉ်းစားနိုင်မလဲ.... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ”
အဘွားစစ်က ပြောလိုက်သည်။ “အကြာကြီး မကြည့်နဲ့”
ဧကရာဇ်အတိုင်ပင်ခံ ချင်မူ့ကို မှန်ပြလိုက်သည့်အခါ ချင်မူ့မျက်လုံးထဲ၌ လမ်းလျှောက်နေသော ဖုရွေ့လော်၏ပုံရိပ်အား မြင်လိုက်ရသည်။ သူ အံ့အားသင့်သွားပြီး မှန်ကို အလျင်အမြန် ကာ၍ တစ်ယေက်တည်း ရေရွတ်မိလိုက်သည်။ “ထူးခြားလိုက်တဲ့ ကောင်းကင်နတ်သိုင်း၊ ဒီလိုကောင်းကင်နတ်သိုင်းမျိုးက ဂိုဏ်းသခင်ချင်ရဲ့ မျက်လုံးထဲမှာ ခတ်နှိပ်ခံလိုက်တာပဲ ဖြစ်မယ်... ဖုရွေ့လော်က တကယ်ထူးချွန်တာပဲ”
အဘွားစစ် အလျင်အမြန် မေးလိုက်မိသည်။ “ဧကရာဇ်အတိုင်ပင်ခံ ၊ နည်းလမ်းလေးဘာလေး စဉ်းစားမိလား”
ဧကရာဇ်အတိုင်ပင်ခံက ရှေ့လျှောက်နောက်လျှောက် လျှောက်နေသည်။ အတန်ကြာ တွန့်ဆုတ်နေပြီးနောက် ပြော၏။ “နောက်တစ်ခေါက် ထပ်ကြည့်ရမလား”
အဘွားစစ်မှာ မမြိုသိပ်နိုင်တော့ဘဲ သူ့ခေါင်းကို နာနာလေး ထုချလိုက်တော့၏။ ဧကရာဇ်ယန်ဖုန်းပင် ဧကရာဇ်အတိုင်ပင်ခံ၏ခေါင်းအား မထုရဲခဲ့သည့်တိုင် အဘွားစစ်ကတော့ လက်ရဲဇက်ရဲ ထုရဲလေသည်။
ဧကရာဇ်အတိုင်ပင်ခံက အဘွားစစ်၏လက်သီးကို တည်တည်ငြိမ်ငြိမ် လက်ခံပြီးနောက် ပြော၏။ “အဆွေတော်စစ် တစ်ချက်ကြည့်ရုံနဲ့ ဖုရွေ့လော်ရဲ့ ကောင်းကင်နတ်သိုင်းကို ချေဖျက်ဖို့မလုံလောက်ဘူး.... ကျွန်တော် နောက်တစ်ခါထပ်ကြည့်ရင် ဒါကို ဖြေရှင်းနိုင်မယ့်နည်းလမ်း ရှာတွေ့နိုင်လောက်မှာပါ”
အဘွားစစ်က အေးစက်စက် ပြောလိုက်သည်။ “မရှာတွေ့နိုင်ရင် ဘယ်လိုလုပ်မလဲ”
ဧကရာဇ်အတိုင်ပင်ခံ တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “မနက်ခင်းမှာ လမ်းမှန်ကို ရှာရင် နေဝင်ချိန်မှာတော့ နောင်တမရှိ သေနိုင်ပါလိမ့်မယ်”
အဘွားစစ်မှာ သူနှင့်မရင်းနှီးသေး၍မဟုတ်လျှင် မျက်ကန်းကို လုပ်ခဲ့သလို သူ့အား ဆောင့်ကန်ခဲ့ပြီးပြီဖြစ်၏။ သူမက အစစ်အမှန်နတ်ဘုရားပန်ယုဆီသို့ တစ်ချက်ကြည့်ကာ စိတ်ရှိလက်ရှိ မေးလိုက်သည်။ “အစစ်အမှန်နတ်ဘုရားရဲ့ အစွမ်းအစတွေက ထူးချွန်ပြောင်မြောက်ပါပေတယ်... ဒါကို ဖြေရှင်းနိုင်မယ့်နည်းလမ်းရှိလောက်ပါတယ် ...ဟုတ်တယ်မလား”
အစစ်အမှန်နတ်ဘုရားပန်ယုမှာ တခဏ တွန့်ဆုတ်နေသည်။ သူလည်း စမ်းကြည့်ချင်ပါသော်လည်း ဤအမျိုးသမီး၏ လက်သီးစာ မမိအောင် ရှောင်ရန် ခက်ခဲကြောင်း ခံစားရ၏။ “ဧကရာဇ်အတိုင်ပင်ခံတောင် မလုပ်နိုင်ရင် ကျွန်တော်လည်း မလုပ်နိုင်ပါဘူး.... ဧကရာဇ်အတိုင်ပင်ခံရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို ကျွန်တော်က သိပ်လေးစားနေရတာပါ... ကောင်းကင်နတ်သိုင်းအရာမှာ ဖုရွေ့လော်ရဲ့အသိအမြင်တွေက ကျွန်တော့်ထက်တောင် ပိုပြီးမြင့်မားပါတယ်... အထူးသဖြင့် မျက်လုံးကောင်းကင်နတ်သိုင်းတွေမှာပေါ့.... ကောင်းကင်နတ်သိုင်းအရာမှာ ဖုရွေ့လော်နဲ့ ယှဉ်နိုင်တာဆိုလို့ အထွတ်အမြတ်ဆရာသခင်ပဲ ရှိပါတယ်.... အထွတ်အမြတ်ဆရာသခင်ကို သွားရှာသင့်တယ်”
ချင်မူ ရင်ထဲတွင် အနည်းငယ်လှုပ်ခတ်သွားသည်။ တန်ခိုးရှင်သစ်ခုတ်သမားသည် အလွန်ထူးချွန်ထက်မြက်သည့်အတွက် ဖုရွေ့လော်၏ကောင်းကင်နတ်သိုင်းကို ချေဖျက်နိုင်လောက်၏။
“အထွတ်အမြတ်ဆရာသခင်က အခု လော့ဖူကောင်းကင်ဘုံမှာ .... သူ့ကို ရှာဖို့မခက်ပါဘူး”
အစစ်အမှန်နတ်ဘုရားပန်ယု တခဏ တွန့်ဆုတ်နေသည်။ “၀တ္တရားအရဆို ကျွန်တော့်အနေနဲ့ ခေါ်သွားပေးသင့်ပေမယ့် အခုက စစ်တပ်နှစ်တပ် မျက်နှာချင်းဆိုင်အနေအထား ဖြစ်နေတော့ အဆင်မပြေဘူး... ကောင်းကင်နတ်ဆိုးမျိုးနွယ် မဆုတ်သွားသရွေ့ ကျွန်တော် ဒီမှာ တပ်စွဲထားရလိမ့်မယ်”
ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ တန်ခိုးရှင်သစ်ခုတ်သမားကို တွေ့ချင်နေသဖြင့် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ သို့သော် သူလည်း စစ်ရေးအခြေအနေကြောင့် လော့ဖူကောင်းကင်ဘုံသို့ သွားရန် အချိန်မရှိပေ။
လော့ဖူကောင်းကင်ဘုံနှင့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံကြားရှိ ကမ္ဘာလောကစည်းမှာ အလွန်ပါးလွှာနေပြီဖြစ်သည့်အတွက် လော့ဖူကောင်းကင်ဘုံအား သွားရန် မခက်ပေ။ ကောင်းကင်နတ်ဆိုးမျိုးနွယ် ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို တိုက်ခိုက်ခဲ့တုန်းကလည်း မိစ္ဆာနတ်ဘုရားများက လောကစည်းကို ဖွင့်၍ ကောင်းကင်နတ်ဆိုးများအား ထိုက်ဧကရာဇ်ကောင်းကင်ဘုံထဲသို့ ၀င်လာစေခဲ့ခြင်းဖြစ်သည်။
အဘွားစစ် ဝမ်းသာသွားပြီး အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ကျွန်မ မူအာနဲ့ လိုက်သွားပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ပထမဆုံးတန်ခိုးရှင်ကို သွားတွေ့လိုက်မယ်”
သူမမှာ စိတ်လှုပ်ရှားနေမှုအား မဖုံးကွယ်နိုင်ပေ။ တန်ခိုးရှင်သစ်ခုတ်သမားသည် သစ်ပင်အောက်ရှိ ကျောက်တုံးပေါ်၌ ထိုင်၍ တည်ထောင်သူဂိုဏ်းသခင်အား သင်ကြားပို့ချပေးခဲ့သူ ဖြစ်၏။ ထို့နောက် တည်ထောင်သူဂိုဏ်းသခင်က ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို တည်ထောင်ခဲ့သည်။ ဂိုဏ်းသခင်တိုင်းသည် တန်ခိုးရှင်သစ်ခုတ်သမား၏ တပည့်ဖြစ်ပြီး ထုံးစံအစဉ်အလာတစ်ခုအနေဖြင့် ကျောက်တုံးအပေါ်တွင် သူ၏သင်ကြားပို့ချမှုများကို နာခံရန် လိုအပ်၏။
ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ ဂိုဏ်းသားများအတွက် တန်ခိုးရှင်သစ်ခုတ်သမားက မည်သူမဆို မော်ဖူးလေးစားရသော ဖြစ်တည်မှုတစ်ခုပင်။
ဤဒဏ္ဍာရီပုဂ္ဂိုလ်နှင့် ဆုံတွေ့ရန်က နတ်ဂိုဏ်းသားတိုင်း၏ အိပ်မက်တစ်ခု ဖြစ်သည်။
ချင်မူ ချီတုံချတုံ ဖြစ်နေပြီး စိတ်လှုပ်ရှားနေသော အဘွားစစ်ကို ကြည့်ကာ အမှန်အတိုင်း မပြောရန် ဆုံးဖြတ်လိုက်သည်။
‘တန်ခိုးရှင်သစ်ခုတ်သမားက ကောင်းကင်တန်ခိုးရှင်ဂိုဏ်း ဖြစ်တည်လာတဲ့ အကြောင်းရင်းဆိုပေမယ့် သူက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို တစ်ခါမှ မကြားဖူးဘူး...ကျောက်တုံးပေါ်မှာ သင်ကြားပို့ချပေးခဲ့တာလည်း ခဏ စိတ်ပါလို့သာ တည်ထောင်သူဂိုဏ်းသခင်ကို ပို့ချပေးခဲ့တာ.... အဘွားစစ်သာ ဒီအကြောင်း သိလို့ကတော့ သေချာပေါက် စိတ်ပျက်သွားမှာပဲ’ ချင်မူ သူ့ဘာသာ တွေးလိုက်မိသည်။
အစစ်အမှန်နတ်ဘုရားပန်ယုက ပြောလေသည်။ “ကျွန်တော်တို့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံက လော့ဖူကောင်းကင်ဘုံကို တစ်ခါ ပြန်တိုက်ခိုက်ခဲ့ဖူးတယ်.... အဲဒီအချိန်တုန်းက ကျွန်တော်က စစ်သူကြီးပဲ... စစ်ဆင်ရေးက မအောင်မြင်ခဲ့ပေမယ့် အဲဒီကောင်းကင်ဘုံနဲ့ နည်းနည်းရင်းနှီးတယ်... လော့ဖူကောင်းကင်ဘုံမှာ နွံအိုင်တွေ ပြည့်နေသလို၊ ဟင်းလင်းပြင်အပိုင်းအစတွေက မှန်ကွဲစတွေလိုမျိုး ဖွဲ့တည်နေကြတယ်”
အဘွားစစ်က အဖြူရောင်အဝတ်စတစ်စ ထုတ်ကာ ချင်မူ့မျက်နှာကို စည်းလိုက်သည်။ “ဒီလိုဆို အလုပ်ဖြစ်လောက်ပါတယ်.. မူအာ၊ မူလဝိညာဉ်ကို ထုတ်ပြီး မူလဝိညာဉ်နဲ့ ကြည့်”
ဧကရာဇ်အတိုင်ပင်ခံက အလျင်အမြန် ဝင်ပြော၏။ “မဖြစ်ဘူး.. ဖုရွေ့လော်ရဲ့ ကောင်းကင်နတ်သိုင်းက မူလဝိညာဉ်အပေါ်မှာလည်း ထင်ဟပ်နိုင်တယ်... မူလဝိညာဉ်က မှန်လိုဆိုတော့ ဖုရွေ့လော်ရဲ့ ကောင်းကင်နတ်သိုင်းကို အသက်သွင်းမိလိမ့်မယ်”
အဘွားစစ် အံ့အားသင့်သွားသည်။ “ဖုရွေ့လော်မှာ အဲဒီလိုအစွမ်းမျိုး တကယ် ရှိတယ်လား... မူအာ၊ မူလဝိညာဉ်ကို ထုတ်လွှတ်ကြည့်လိုက်”
ချင်မူက သူမစကားအတိုင်း မူလဝိညာဉ်ကို ထုတ်လွှတ်၍ သူ့ခေါင်းနောက်ရှိ မင်္ဂလာတိမ်တိုက်အပေါ်တွင် ရပ်စေလိုက်သည်။ အဘွားစစ်က မှန်ဖြင့် ချင်မူ့ကို ကြည့်လိုက်သည့်အခါ ချင်မူနှင့် ချင်မူ၏မူလဝိညာဉ်က မှန်ကို ကြည့်ကြသည်။ မူလဝိညာဉ်၏မျက်လုံးများမှာ တမုဟုတ်ချင်း ငေးကြောင်သွားပြီး မှန်ကိုသာ စိုက်ကြည့်နေ၏။ ဖုရွေ့လော် ပေါ်လာပြီး လမ်းလျှောက်လာလေသည်။
ဤအချိန်တွင် ဖုရွေ့လော်သည် ချင်မူ၏သူငယ်အိမ်ဆီသို့ ရောက်နေပြီဖြစ်၏။
အဘွားစစ်က အသေးစိတ် ကြည့်ပြီးနောက် မှန်ကို သိမ်းကာ ကျေနပ်နေသည်။ သူမက ပြုံးလျက် ပြောလိုက်သည်။ “အစစ်အမှန်နတ်ဘုရားပန်ယု၊ ကျွန်မတို့ လော့ဖူကောင်းကင်ဘုံဆီ ဘယ်လိုသွားရမလဲ”
“ကျွန်တော် ဟင်းလင်းပြင်ကို ဖွင့်ပြီး ပို့ပေးမယ်”
ချင်မူမှာ မျက်လုံးအား အဝတ်စဖြင့် စည်းခံထားရသဖြင့် တခြားအာရုံများဖြင့်သာ ပတ်ဝန်းကျင်ကို ခံစားကြည့်နေရသည်။ သူ၏မျက်လုံးများက မမြင်ရသောကြောင့် အဘွားစစ်က သူ့လက်ကို ဆွဲကာ ခေါ်သွားလေသည်။
အစစ်အမှန်နတ်ဘုရားပန်ယုက ဟင်းလင်းပြင်ကို ဖွင့်၍ အခြားကမ္ဘာတစ်ခု ပြလိုက်သည်။ “လော့ဖူကောင်းကင်ဘုံက ထိုက်ဧကရာဇ်ကောင်းကင်ဘုံလို မဟုတ်ဘူး.... နေရာတိုင်းမှာ အန္တရာယ်တွေ ရှိတယ်... ဂရုစိုက်ကြပါ”
အဘွားစစ်က ချင်မူ့လက်ကို ဆွဲလျက် အက်ကွဲကြောင်းထဲသို့ စိတ်လှုပ်ရှားစွာ ဝင်လိုက်သည်။ နဂါးချီလင်နှင့် ဟူလင်းအာလည်း လိုက်သွားချင်သော်လည်း အစစ်အမှန်နတ်ဘုရားပန်ယုက ဟင်းလင်းပြင်အက်ကွဲကြောင်းကို ပိတ်လိုက်သဖြင့် လက်လျှော့လိုက်ကြရသည်။
ဆေးဆရာ အလေးအနက် ပြောလိုက်သည်။ “ငါတို့ မဟာမြို့ပျက်ကို ပြန်ပြီး ဖုန်းတုထဲ ဝင်ရအောင်... ရွာလူကြီးနဲ့ တွေ့ရင် အကြံတွေ ထွက်လာလောက်တယ်... လင်းအာ၊ နင်က သေခြင်းရှင်ခြင်းကြားတံတားကနေ ဖုန်းတုကို ခဏခဏ ရောက်တယ်မလား... လမ်းပြဦး”
ဟူလင်းအာက အလျင်အမြန် ခေါင်းညိတ်၍ စိတ်ညစ်နေသော နဂါးချီလင်အား ပြောလိုက်သည်။ “သခင်လေး လော့ဖူကောင်းကင်ဘုံကို ထွက်သွားပြီ... ဖက်တီးနဂါး၊ ငါတို့နဲ့ ဖုန်းတုလိုက်ခဲ့”
ဖက်တီးနဂါးက ခေါင်းယမ်းကာ ပြော၏။ “ဂိုဏ်းသခင်ပြန်လာတာကို စောင့်ချင်တယ်... သူက အလောတကြီး ထွက်သွားတော့ ဆေးလုံးတွေ မပေးခဲ့ဘူး..”
ဟူလင်းအာ ပြုံးလျက် ပြောလိုက်သည်။ “ဘိုးဘိုးဆေးဆရာ ရှိနေတာကို ငတ်မယ်ထင်နေတာလား.... သခင်လေးက ဘိုးဘိုးဆေးဆရာဆီက သင်ထားတာလေ”
နဂါးချီလင် ထခုန်မိမတတ် ဝမ်းသာသွားပြီး ခန္ဓာကိုယ်ကို အလျင်အမြန် လှုပ်ခါကာ ပုံစံအစစ်အမှန်သို့ ပြောင်းလိုက်သည်။ သူက တစ်ရာ့နှစ်ဆယ်ကိုက် ရှိသော ခန္ဓာကိုယ်ကြီးဖြင့် အားတုံ့အားနာ ပြုံးနေသည်။ “ဆရာကြီးတို့၊ နဂါးလေးကျောပေါ် တက်ကြပါ... နဂါးလေးက မြန်မြန်ပြေးနိုင်တဲ့အပြင် ဆရာကြီးတို့ကို ဖုန်းတုဆီ ခေါ်သွားပေးနိုင်ပါတယ်...နဂါးလေး ဖုန်းတီဆီ ရောက်ဖူးတယ်”
ထော့ကျိုး၊ သားသတ်သမား၊ ဆေးဆရာနှင့် ကျန်ရှိသူများအားလုံး သူ့ကျောပေါ် တက်လိုက်ကြပြီး သားသတ်သမားက အပြုံးတစ်ခုဖြင့် ပြောသည်။ “အစတုန်းက နှစ်သစ်ကူးရောက်ရင် ဒီဖက်တီးကြီးကို ကြက်နဂါးတွေနဲ့အတူ ကင်ပြီး အဓိကဟင်းခွက် လုပ်မယ် ပြောမလို့ပဲ... ကြက်နဂါးတွေထက် သိတတ်မယ် မထင်ထားဘူး... အဲဒီကြက်နဂါးတွေက ရန်လုပ်ဖို့ပဲ သိတာ... ငါ ရွာပြန်တုန်းကဆို ဝိုင်းဆိတ်ကြလို့ မျက်နှာတစ်ခုလုံး ရစရာတောင် မရှိဘူး”
ဆေးဆရာက ပြုံးသည်။ “ဖက်တီးနဂါး ဘာဆေးတွေ စားလဲ၊ ဘယ်လောက်စားလဲ”
နဂါးချီလင် ကမန်းကတန်း ပြောလိုက်သည်။ “နဂါးလေးက သွေးနီးမီးလျှံဆေးလုံး၊ ဓာတ်ငါးပါးကောင်းကင်အားဖြည့်ဆေးလုံးနဲ့ ရေဓာတ်အားဖြည့်ဆေးလုံးတွေ စားပါတယ်.... တစ်နပ်ကို တစ်အိုးပါဗျ”
“တစ်နပ် တစ်အိုးတဲ့လား”
ဆေးဆရာ အံ့ဩတကြီး အော်လိုက်သည်။ “စွမ်းအင်ဆေးလုံးသုံးမျိုး သုံးအိုးပေါ့.... နေ့တိုင်း သုံးနပ်ဆို ကိုးအိုးဖြစ်နေပြီ... မင်းက အစားကြီးသားဟ... မူအာတော့ မင်းကြောင့် မွဲတော့မှာပဲ”
နဂါးချီလင်လည်း အံ့အားသင့်သွားပြီး ကြိတ်ပျော်သွား၏။ တစ်နေ့တစ်အိုး စားသည်ဟု ပြောခဲ့သော်လည်း ကိုးအိုးစားရလိမ့်မည်ဟု မထင်ထားပေ။
ဆေးဆရာက တွက်ချက်ရင်း ပြောလိုက်သည်။ “စွမ်းအင်ဆေးလုံးကိုးအိုးဆိုတာ များတော့ များသား... ကံကောင်းလို့ ငါ့မှာ ငွေရှိသေးတယ်... မင်းကို ကျွေးနိုင်ပါသေးတယ်...”
မျက်ကန်း အလွန်မနာလိုဖြစ်နေသည်။ ရွာတွင် ချမ်းသာသူ အတော်များ၏။
ဆေးဆရာက အရာရှိများနှင့် မင်းမျိုးမင်းနွယ်များကို ကုသပေးတတ်သဖြင့် အမြဲ လက်ဖျားငွေသီးနေတတ်သည်။ သူ့သတင်းကို ကြားလျှင် နန်းတွင်းမိသားစုမှ အမျိုးသမီးများစွာ ရောက်လာတတ်သည်။
နားကန်း၏ပန်းချီများကလည်း တန်ဖိုးကြီးသည်။ သားသတ်သမားကလည်း နေ့တိုင်း အသားရောင်းနိုင်ပြီး ရွှေအက နေ့တိုင်း ပန်းပဲထုရာ စားဝတ်နေရေးအတွက် လောက်ငှလေသည်။ ထော့ကျိုးကတော့ ပြောစရာပင် မလို။ အဘွားစစ်ကမူ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ ဘဏ္ဍာတိုက်ကို စောင့်ရှောက်သော စစ်မိသားစုမှ ဖြစ်၍ စားသောက်စရာ မရှိမည်ကို ပူပန်စရာမလိုပေ။
မျက်ကန်းတစ်ယောက်တည်း ရှေ့ဖြစ်ဟောရင်း အသက်မွေးရသဖြင့် ဘဝက ကြမ်းလေသည်။ ထို့ကြောင့် ရွာရှိ လူချမ်းသာများအား မနာလိုရှုစိမ့်မိ၏။ သူ တစ်ယောက်တည်း တွေးလိုက်မိသည်။ ‘ရွာလူကြီးက ငါ့ထက် ဆင်းရဲလို့ တော်သေးတယ်... သူ သေသွားတာ နှမြောစရာပဲ..’
ဟူလင်းအာမှာ စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးလှန်နေသော်လည်း မည်သို့မှမပြောဖြစ်ဘဲ သူမဘာသာ တွေးနေသည်။ ‘ဖက်တီးနဂါး နေ့တိုင်း တပိုးနင့်အောင် စားတော့မှာပဲ... သခင်လေးတော့ ပြန်လာရင် လန့်သွားတော့မယ်... ဒီကောင်ကြီး ဘယ်လောက်တောင် ဝလာမလဲ မသိဘူး...’
လော့ဖူကောင်းကင်ဘုံတွင် ချင်မူက တတိယမျက်လုံးကို ဖုံးထားသော ရွှေရောင်မိုးမခသစ်ရွက်အား တိတ်တိတ်ကလေး ခွာနေသည်။ အဘွားစစ်က သူ့လက်ကို ရိုက်ချပြီး ဆူ၏။ “မင်းမျက်လုံးက ထူးဆန်းတယ် လျှောက်မခွာနဲ့”
ချင်မူ အဓွန့်တက်လိုက်သည်။ “ဘွားဘွားကလည်း ကျွန်တော် ဘာမှမမြင်ရတော့ လမ်းလျှောက်ရတာ အဆင်မပြေဘူး... ဘွားဘွားကိုပဲ အားကိုးနေလို့လည်း မရဘူးလေ မဟုတ်ဘူးလား... ကျွန်တော်တို့ အန္တရာယ်ထဲရောက်သွားရင် ဘွားဘွားအတွက် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်သွားမှာပေါ့”
“မခွာရဘူး”
အဘွားစစ်က စဉ်းစားပြီး ပြုံးလိုက်သည်။ “ဒါပေမဲ့ မင်းပြောတာလည်း မှန်တယ်... မမြင်ရရင် ဘယ်လိုလုပ် လွတ်လွတ်လပ်လပ် သွားနိုင်ပါ့မလဲ... ဘွားဘွား ခွာပေးမယ်... ဒါပေမဲ့ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို မလှည့်ပတ်ရဘူးနော်” ထို့နောက် သူမက ရွှေရောင်မိုးမခသစ်ရွက်ကို ခွာပေးလိုက်သည်။
ချင်မူ့မျက်ခုံးနှစ်ဖက်ကြား၌ မျက်ခွံက ဘေးနှစ်ဖက်သို့ ကွဲသွားပြီး တတိယမျက်လုံး ပွင့်လာသည်။ မျက်လုံးက ဘယ်ကြည့်, ညာကြည့် ကြည့်နေ၏။