အထက် သုံးပေအကွာ
Vol. 77 Ch. 1067
" ငါ အဲဒီနာမည်ကိုတော့ သိပ်မကြိုက်ဘူး "
" ဒါပေမဲ့လည်း သူ ငါ့နာမည်ကို ခေါ်လိုက်တိုင်း သူ့ရဲ့မျက်နှာပေါ်မှာ ပေါ်လာတတ်တဲ့ အပြုံးလေးနဲ့ လမင်းကြီးလို ထွန်းလင်းတောက်ပသွားတတ်တဲ့ သူ့ရဲ့ မျက်လုံးလေးတွေကို ငါ အရမ်း သဘောကျတာလေ။ အဲတာမလို့ နောက်နှစ်တွေမှာ ငါက သူနဲ့ သူ့အဖေကို အဖော်ပြုပေးရင်း ဒီကမ္ဘာကြီးထဲမှာ လှည့်လည်သွားလာခဲ့တာပေါ့ "
" ပိုပြီးတော့ တိတိကျကျ ပြောရမယ်ဆိုရင်တော့ ငါတို့ ရောက်နေတဲ့နေရာက ဒီကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတစ်ခုပဲ ရှိသေးတာပါ။ အဲ့ဒီကောင်မလေးရဲ့ ပြောစကားတွေအရဆိုရင် ဒီကမ္ဘာကြီးက ဂြိုဟ်တစ်လုံးတဲ့။ ဒီဂြိုဟ်ကြီးရဲ့ အပြင်ဘက်မှာ စကြဝဠာကြီးတစ်ခုရှိပြီး အဲဒီ စကြဝဠာကြီးကို ထိုက်ဟောက်လို့ ခေါ်တယ်တဲ့ "
" ထိုက်ဟောက်လို့ ခေါ်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်လို့ အဲဒီ ကောင်မလေးပြန်ဖြေခဲ့တာက... သူက ထိုက်ဟောက်ဆိုတာ ပန်းချီဆရာတစ်ယောက်လို့ ထင်တယ်တဲ့။ အဲတာကြောင့်မလို့လည်း သူက သူ့ရဲ့ စာအုပ်အတွက် အချက်အလက်ကုန်ကြမ်းတွေ ရှာနိုင်အောင် ဒီနေရာကို ရောက်လာခဲ့တာတဲ့ "
" ငါ့ရဲ့ စိတ်ထဲမှာ သူ့အဖြေက တစ်ခုခုလွဲနေတယ်လို့ ခံစားခဲ့ရပေမဲ့ အရေးမကြီးပါဘူး။ သူ ပျော်နေမယ်ဆိုရင် ပြီးတာပါပဲ။ အဲလိုနဲ့ ငါတို့တွေ တောင်တန်းတွေနဲ့ သမုဒ္ဒရာတွေကို ကျော်ဖြတ်ခဲ့ကြပြီး နေဝင်ချိန်တွေ နေထွက်ချိန်တွေကို အတူတူ ဖြတ်သန်းခဲ့ကြတာပေါ့ "
" သူက ငါ့ကို သူ့ရဲ့ ရည်မှန်းချက်အကြောင်း ပြောပြခဲ့ဖူးတယ် "
" ပေါင်ပေါင်။ ငါက ပန်းချီဆရာတစ်ယောက် ဖြစ်ချင်တာ... "
" အဲတာနဲ့ ငါလည်း သူ့ကို တအံ့တဩနဲ့ စိုက်ကြည့်နေမိခဲ့တာပေါ့။ ငါ မှတ်မိသလောက်ဆိုရင် ဟိုးအရင်တုန်းက သူက စာအုပ်တစ်အုပ် ရေးချင်တယ်လို့ ပြောခဲ့တာပါ "
" ငါက စကြဝဠာကြီးတစ်ခုလုံးကို ပန်းချီဆွဲချင်တာ။ ဒီနေရာမှာရှိတဲ့ အရာတွေအကုန်လုံးကို ငါ ပန်းချီဆွဲထားတာလေ။ အဲတာကြောင့်မလို့ ငါ ဒီကမ္ဘာကြီးပေါ်က နေရာတိုင်းဆီကို သွားပြီး ရှုခင်းတွေအကုန်လုံးကို စိတ်ထဲမှာ မှတ်မိနေအောင် လုပ်ချင်တာ "
" ပေါင်ပေါင်။ ငါ့ရဲ့ ရည်မှန်းချက်ကို နင် ဘယ်လိုထင်လဲ။ ကြည်နူးဖို့ကောင်းတယ်မလား... ကောင်မလေးက ငါ့လည်ပင်းကို ဖက်ထားရင်း ဆည်းလည်းသံလို ရယ်မောသံလေးတွေနဲ့ မေးခဲ့တာပေါ့။ ခပ်လှမ်းလှမ်းမှာတော့ နေမင်းကြီး တဖြည်းဖြည်းနဲ့ ထွက်လာပြီ။ ငါလည်း နေမင်းကြီးကို ခဏ လှမ်းကြည့်လိုက်ပြီး သူ့ကိုပဲ ပြန်ကြည့်နေလိုက်တာပဲ။ သူ့ရဲ့ စကားသံလေးတွေကြောင့် အဲဒီမြင်ကွင်းက ပုံမှန်ထက် ပိုပြီးတော့ကို လှပနေသေးတယ် "
" တကယ်လို့ ငါသာ အဲဒီ မြင်ကွင်းကြီးတစ်ခုလုံးကို ပန်းချီဆွဲနိုင်ရင် တော်တော်လေးကိုလှနေမှာ သေချာတယ် "
" အဲတာနဲ့ ငါလည်း သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး သူတို့ သားအဖနှစ်ယောက်နဲ့အတူ ခရီးဆက်ခဲ့တာပေါ့။ ငါတို့တွေ ဒီဂြိုဟ်ကြီးပေါ်က နေရာတိုင်းဆီကို ရောက်ခဲ့တယ်။ စစ်ပွဲတွေနဲ့ အကျည်းတန်ရုပ်ဆိုးမှုတွေကို မြင်ခဲ့ရသလို နွေးထွေးကြင်နာမှုတွေနဲ့ အလှတရားတွေလည်း မြင်ခဲ့ရပါတယ်... "
" အဲဒီလိုနဲ့ တစ်ရက်ကျတော့ သူက ငါ့ကို ဒီဂြိုဟ်ကြီးရဲ့ အပြင်ဘက်ကို ခေါ်သွားမယ်ဆိုပြီး ပြောလာပါရော။ ဒါပေမဲ့ ငါတို့တွေ ထွက်မသွားခင် ငါ သူ့ကို တစ်ခု တောင်းဆိုခဲ့တယ်။ ငါ့ရဲ့ မိတ်ဆွေဟောင်းတွေကို သွားတွေ့ချင်တယ်ဆိုပြီး တောင်းဆိုခဲ့တာ "
" အဲတာမလို့ ငါတို့တွေ မြို့တော်ကြီးဆီကို ပြန်ရောက်သွားရော။ ဒါပေမဲ့ လူဝံအိုကြီးနဲ့ ကျားရိုင်းလေးကို ရှာမတွေ့ခဲ့ပါဘူး။ မြေခွေးလေးတောင် ဘယ်ကို ရောက်နေခဲ့မှန်းမသိဘူး "
" မြို့ကြီးကလည်း မြို့ပျက်ကြီးတစ်ခု ဖြစ်နေပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက စစ်ပွဲတစ်ပွဲကြောင့် ဒီနေရာကြီးတစ်ခုလုံး ပြာကျသွားခဲ့ရတာလေ "
" ငါ့မှာ ရင်ကွဲလုမတတ်ပဲ။ ကျားရိုင်းလေးကိုရော လူဝံအိုကြီးကိုရော ထပ်ပြီးတော့ တွေ့ရတော့မှာ မဟုတ်ဘူးလို့ ငါ ခံစားလိုက်ရတာ။ ကောင်မလေးက ငါ ဝမ်းနည်းနေတာကို ရိပ်မိသွားလို့လား မသိပါဘူး။ သူက ငါ အမြဲတမ်းကြောက်ခဲ့ရတဲ့ အဖြူရောင်ဆံပင်နဲ့ သက်လတ်ပိုင်းလူကြီးကို လှည့်ကြည့်လိုက်ရော "
" အဲတာနဲ့ သူလည်း ခဏလောက် တွေဝေငေးငိုင်သွားပြီး ငါတို့ကို အနီးနားမှာရှိတဲ့ တောအုပ်တစ်အုပ်ဆီ ခေါ်သွားခဲ့တာပဲ။ အဲဒီ တောအုပ်ကြီးက အရင်တုန်းက ငါ့ကို ဖွားမြင်ခဲ့တဲ့နေရာ ဖြစ်နေမှန်း ငါ ကောင်းကောင်းကြီး မှတ်မိနေတုန်း။ ဒါပေမဲ့ ဟိုးအရင်ကတည်းက အဲဒီနေရာကြီးတစ်ခုလုံးက ပျောက်ကွယ်သွားခဲ့ပြီလေ။ ဒါပေမဲ့ ငါကတော့ အဲဒီ တောအုပ်ထဲမှာ ငါ့ရဲ့မိတ်ဆွေတွေကို တွေ့ခဲ့ရတာမလို့ အဲဒီအကြောင်းနဲ့ ပတ်သတ်ပြီး အတွေးလွန်မနေခဲ့ပါဘူး "
" ငါ ကျားရိုင်းလေးကို တွေ့ခဲ့ရတယ်။ သူက တောအုပ်ထဲက သားရဲကြီးတွေ အကုန်လုံးရဲ့ ဘုရင်ဖြစ်နေပြီး အကြီးဆုံးရေကန်နဲ့ ရေတံခွန်တို့ကို သိမ်းပိုက်ထားပြီးသား "
" ငါ မြေခွေးလေးကိုလည်း တွေ့ခဲ့တယ်။ သူ့ရဲ့ အမွေးတွေ ပြောင်မသွားသေးတဲ့အပြင် ပိုပြီးတော့တောင် လှပစိုပြည်နေတာကို မြင်လိုက်ရမှ ငါလည်း စိတ်အေးသွားပြီး သက်ပြင်းချနိုင်တာပဲ။ ကျားရိုင်းလေးက သားရဲကြီးတွေ အကုန်လုံးရဲ့ ဘုရင်ဖြစ်နေပေမဲ့ အဲဒီသားရဲတွေ အကုန်လုံးက မြေခွေးလေးရဲ့ အမွေးတွေကို ဆောင်ထားကြတုန်းပဲ "
" နောက်ဆုံးကျတော့ လူဝံအိုကြီးကို မြင်ခဲ့ရတာပဲ။ သူက တောအုပ်ကြီးရဲ့ အတွင်းပိုင်းထဲမှာ ရှိနေခဲ့တာ။ အဲဒီနေရာမှာ မီးတောင်ကြီးတစ်လုံး ရှိပြီး သူက အဲဒီ မီးတောင်ဝထဲမှာ တင်ပျဉ်ခွေထိုင်နေတာလေ။ သူ့ရဲ့ ပတ်ပတ်လည်မှာလည်း သူ့ကို မွေးနေ့ဆုမွန်ကောင်း တောင်းပေးနေကြတဲ့ မှုန်ဝါးဝါး ပုံရိပ်ယောင်တွေ အများကြီးပဲ "
" ငါ သူတို့ကို မနှောင့်ယှက်ခဲ့ပါဘူး။ အဝေးကနေပဲ နှုတ်ဆက်လိုက်ပြီးတော့ ကောင်မလေးနောက်ကနေ လိုက်သွားပြီး ဒီ ဂြိုဟ်ကြီးပေါ်ကနေ ထွက်သွားခဲ့တာပဲ။ အဲဒီလိုနဲ့ ငါတို့တွေ တခြားဂြိုဟ်တွေဆီ သွားခဲ့ကြတာပေါ့ "
" နောက်ပိုင်းနေ့ရက်တွေ အကုန်လုံးက ငါ့အတွက်တော့ ခရီးစဉ်ကြီးတစ်ခုလိုပါပဲ။ အဲဒီကောင်မလေးတို့ သားအဖနှစ်ယောက်ရယ် ငါရယ် စကြာဝဠာကြီးထဲမှာ လျှောက်လှမ်းရင်း ယဉ်ကျေးမှုအမျိုးမျိုးနဲ့ သက်ရှိမျိုးစိတ်တွေ အမျိုးမျိုးရှိတဲ့ ဂြိုဟ်တွေကို တစ်လုံးပြီးတစ်လုံး အဝင်အထွက် လုပ်ခဲ့ကြတာ။ ဂြိုဟ်အမျိုးအစားတွေမှ အစုံအလင်ပဲ "
" ဂြိုဟ်တစ်လုံးချင်းစီတိုင်းပေါ်မှာ ငါ့ရဲ့ ခြေဖဝါးရာတွေနဲ့ ကောင်မလေးရဲ့ ရယ်မောသံတွေက ငါတို့ရဲ့ အမှတ်တရတွေအဖြစ် ကျန်ရစ်ခဲ့တာပေါ့။ ငါတို့အတွက် အချိန်က ပြောင်းလဲမသွားခဲ့တဲ့အတိုင်းပဲ။ သူ့ရဲ့ ပုံပန်းသွင်ပြင်နဲ့ စိတ်နေစိတ်ထားကလည်း ကလေးမလေးတစ်ယောက်လို ဖြစ်နေတုန်းပဲ။ ငါလည်း အရင်တုန်းကအတိုင်းပဲ။ ဘာမှ ပြောင်းလဲမသွားခဲ့ဘူး "
" တစ်ခါတလေကျရင် သူက သူ့ရဲ့ ရည်မှန်းချက်အကြောင်း ငါ့ကို ပြောပြတတ်တယ်။ သူ အဲဒီလို ပြောပြတိုင်း သူ့ရဲ့ ရည်မှန်းချက်တွေကလည်း တစ်ခုပြီးတစ်ခု ပြောင်းလဲသွားခဲ့တာ "
" ငါ ပန်းချီဆရာတစ်ယောက် မဖြစ်ချင်တော့ဘူး။ အဆိုတော်တစ်ယောက် ဖြစ်ချင်တယ် "
" အဆိုတော်တစ်ယောက် လုပ်ရတာလည်း မကောင်းပါဘူး။ ပေါင်ပေါင်။ ငါ ဆုံးဖြတ်ပြီးသွားပြီ။ ငါ ဆရာဝန်တစ်ယောက် ဖြစ်ချင်တယ်။ လူတွေရဲ့အသက်ကို ကယ်တင်ပေးပြီးတော့ ဒဏ်ရာရနေတဲ့ လူတွေကို ဆေးကုပေးချင်တယ် "
" ဆရာဝန်တစ်ယောက်လုပ်ရတာလည်း ပင်ပန်းပါတယ်။ ဒီလိုဆိုရင်ရော ပေါင်ပေါင်။ ငါ ပညာရှိကြီးတစ်ယောက် ဖြစ်ချင်တယ်။ အကုန်သိ အကုန်တတ်တဲ့ ပညာရှိကြီးတစ်ယောက်ပေါ့။ ဘယ်လို သဘောရလဲ "
" အဲဒီလိုနဲ့ သူ့ရဲ့ ရည်မှန်းချက်တွေ တစ်ခါပြီးတစ်ခါ ပြောင်းလဲသွားနေရင်း အချိန်ဘယ်လောက်ကုန်သွားမှန်းတောင် မသိတော့ပါဘူး။ ငါတို့တွေ စကြဝဠာကြီး တစ်ခုလုံးရဲ့ ကိုးဆယ့်ကိုး ရာခိုင်နှုန်းတိတိ လှည့်လည်သွားလာပြီးသွားပြီ။ ဒီစကြဝဠာကြီးထဲမှာ သူ့အတွက် ဘာလျှို့ဝှက်ချက်မှ မကျန်တော့တဲ့ အထိပါပဲ။ သူ့ရဲ့ ရည်မှန်းချက်ကတော့ ထပ်ပြီးတော့ ပြောင်းလဲသွားနေတုန်း "
" ပေါင်ပေါင်။ ဒီတစ်ခေါက်တော့ ငါ တကယ်ဆုံးဖြတ်ပြီးသွားပြီ "
" ငါ့ရဲ့ ပထမဆုံး ရည်မှန်းချက်အတိုင်း စာရေးဆရာတစ်ယောက် ဖြစ်လာအောင်ပဲ လုပ်တော့မယ်။ ငါ စာအုပ်တစ်အုပ်ရေးမယ်... အဲဒီ စာအုပ်ရဲ့ အဓိကဇာတ်ကောင်က နင်ပဲ "
" ငါ ဟုတ်လား... ငါကတော့ အဲဒီကောင်မလေးကို ဇဝေဇဝါဖြစ်နေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေမိတာပေါ့ "
" ဟုတ်တယ်။ နင်ပဲ။ စကြဝဠာကြီးရဲ့ နာမည်ကိုတော့ ပြောင်းပစ်ဖို့လိုလိမ့်မယ်။ ထိုက်ဟောက်လို့ ခေါ်လို့မဖြစ်ဘူး။ အဲဒီနာမည်က ခေါ်ရတာ သိပ်မကောင်းဘူးလေ။ ပေါင်ပေါင်လို့ပဲ ခေါ်ရမယ်။ ပေါင်ပေါင်ရဲ့ ကမ္ဘာကြီး။ ပေါင်ပေါင်ရဲ့ စကြဝဠာကြီးပေါ့... သူကတော့ အဲဒီစကားတွေကို ပြောရင်း စိတ်လှုပ်ရှားနေခဲ့တာ သေချာပါတယ်။ ငါ့ရဲ့ လည်ပင်းကိုလည်း မလွှတ်တမ်း ဖက်ထားပြီးတော့ ရယ်မောနေခဲ့သေးတာ "
" ဟုတ်တယ်။ ဒါ ပေါင်ပေါင်ရဲ့ ကမ္ဘာကြီးပဲ။ ဝမ်ရီရီဆိုတဲ့ ငါ့ရဲ့ အိပ်ရာဝင်ပုံပြင်ဆိုရင်လည်း ဟုတ်တယ် "
" ငါကတော့ သူပြောတဲ့စကားတွေကို ဂရုမစိုက်ဘဲ သူ့ရဲ့ မျက်နှာကို လျှာနဲ့ လျက်ပေးနေခဲ့တာပါပဲ။ ငါ့ရဲ့ စိတ်ထဲမှာတော့ နောက်လေးနှစ် ငါးနှစ်လောက်နေရင် သူ့ရဲ့ ရည်မှန်းချက်တွေ ထပ်ပြီးတော့ ပြောင်းလဲသွားလိမ့်မယ်လို့ တွေးထားခဲ့တာ "
" ဒါပေမဲ့ နောက်နှစ်တွေမှာ ငါတို့တွေ စကြဝဠာကြီးရဲ့ နောက်ဆုံးအပိုင်းအထိ သွားပြီးသွားတာတောင် သူ့ရဲ့ရည်မှန်းချက်တွေ ပြောင်းလဲမသွားဘဲ အရင်တုန်းကအတိုင်းပဲ ရှိနေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး။ သူက သူရေးချင်တဲ့ ဇာတ်လမ်းအကြောင်းကိုပါ ငါ့ကို ပြောပြခဲ့တာ "
" အဲဒီဇာတ်လမ်းက တော်တော်လေးကို ရိုးရှင်းပါတယ်။ ငါနဲ့သူ ဆုံခဲ့ပြီးနောက်ပိုင်း ငါတို့တွေ မြင်ခဲ့ရသမျှ အရာအားလုံးအကြောင်း ရေးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ အဲဒီဇာတ်လမ်းထဲမှာ ငါ အဓိကဇာတ်ကောင် ဖြစ်နေလို့လားတော့ မသိပါဘူး။ ငါက စိတ်ဝင်တစား နားထောင်ခဲ့တာ "
" သူ ငါ့ကို အဲ့ဒီဇာတ်လမ်းအကြောင်း ပြောပြတဲ့အချိန်တိုင်း အဖြူရောင်ဆံပင်နဲ့ သက်လတ်ပိုင်းလူကြီးက ဘေးနားမှာရပ်ပြီး အဲဒီကောင်မလေးရဲ့ ခေါင်းကို တယုတယ ပွတ်သပ်ပေးခဲ့တာ။ သူ့ရဲ့အကြည့်နဲ့ အမူအရာတွေထဲမှာ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်လို့။ သူ့ရဲ့သမီး ပျော်နေမယ်ဆိုရင် သူ ဘာမဆိုလုပ်ဖို့ အဆင်သင့်ရှိနေတဲ့အတိုင်းပဲ "
" အစတုန်းကတော့ ငါ့ရဲ့တစ်ဘဝလုံး အဲဒီအတိုင်းပဲ ဖြတ်သန်းနေခဲ့ရလိမ့်မယ်လို့ ထင်မှတ်ထားခဲ့တာ။ ဒါပေမဲ့လည်း တစ်ရက်ကျတော့ ... ငါ သူ့ကို ငါ့ရဲ့ ကျောကုန်းပေါ်မှာ တင်ခေါ်လာရင်း ကြယ်တာရာတွေကြားမှာ ဖြတ်လျှောက်နေတုန်း သူ့ရဲ့ခန္ဓာကိုယ်လေး တဖြည်းဖြည်းနဲ့ အေးစက်လာတာကို ရုတ်တရက် သတိထားမိလိုက်တာပဲ "
" ငါ အဲဒီလို အေးစက်မှုမျိုးကို ဟိုးအရင်တုန်းက တခြား သားရဲကြီးတွေဆီကနေ ခံစားခဲ့ဖူးတာမလို့ ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ရတာပေါ့။ လူဝံအိုကြီးကတော့ အဲဒီဖြစ်စဉ်ကို လောကကြီးထဲမှ ထွက်ခွာခြင်း ဒါမှမဟုတ် သေဆုံးခြင်းလို့ ခေါ်တယ်လို့ ရှင်းပြခဲ့ဖူးတယ် "
" အဲတာနဲ့ ငါလည်း ကြောက်ကြောက်လန့်လန့်နဲ့ ခြေလှမ်းတွေ ရပ်တန့်သွားခဲ့တာ။ သူ့ရဲ့ခန္ဓာကိုယ်ကတော့ အားမရှိတော့တာမလို့ အောက်ကို ပြုတ်ကျလာရော "
" ငါ နောက်ကို လှည့်ကြည့်လိုက်တော့ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်နေတဲ့ ကောင်မလေးကို မြင်လိုက်ရတာပဲ။ ငါ သူ သတိပြန်ရလာအောင် သူ့ရဲ့ ပါးနှစ်ဖက်ကို လျှာနဲ့ ထပ်တလဲလဲ လျက်ပေးနေခဲ့ပေမယ့် အချည်းနှီးပါပဲ။ ငါ စိုးရိမ်တကြီးနဲ့ သူ့ရဲ့အဖေကို မော့ကြည့်လိုက်တော့ သူ့ရဲ့ မျက်ဝန်းတွေထဲမှာ ဝမ်းနည်းမှု အရိပ်အယောင်တွေ မသိမသာ ပေါ်ပေါက်လာခဲ့တာ "
" အဲဒီ ဝမ်းနည်းမှု အရိပ်အယောင်တွေကြောင့် ငါ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားခဲ့ရတာပဲ "
" သူ သူ့ရဲ့လက်ကိုမြှောက်ပြီး ကောင်မလေးရဲ့ခေါင်းကို တယုတယ ပွတ်ပေးလိုက်တဲ့အချိန်မှ အဲဒီကောင်မလေး တဖြည်းဖြည်းနဲ့ မျက်လုံးတွေပြန်ပွင့်လာလို့ တော်သေးတယ်။ သူ့ပုံစံကြည့်ရတာတော့ အခုမှ အိပ်ရာကနေ နိုးလာပြီး အိပ်မှုန်စုံမွှားဖြစ်နေတဲ့ ပုံစံနဲ့။ ပြီးတော့ သူက ပြောလိုက်သေးတယ် "
" ပေါင်ပေါင်ရယ်။ ဘာမှ မလန့်ပါနဲ့။ ငါ အိပ်ချင်နေလို့ပါ။ အိပ်ရာက ပြန်နိုးလာရင် နင်နဲ့ ကစားပါ့မယ်။ ငါ့ကို... ခဏလောက်ပဲ အိပ်ခွင့်ပေးပါ။ ခဏလောက်နေရင် ပြန်ကောင်းသွားမှာ "
" သူ့ရဲ့ စကားသံ တဖြည်းဖြည်းနဲ့ တိုးသွားတာနဲ့ စောစောတုန်းက အေးစက်စက် အငွေ့အသက်ကြီးတွေ ပြန်ပြီးတော့ ပေါ်ပေါက်လာတာ။ သူ့အဖေကတော့ သူ့ကို ပွေ့ချီပြီး အဝေးကိုထွက်သွားတာပဲ "
" ငါ အဲဒီကောင်မလေးရဲ့ ခန္ဓာကိုယ်နဲ့ သူ့ရဲ့ခန္ဓာကိုယ် တစ်သားတည်း ပေါင်းစည်းသွားတာကိုကြည့်ရင်း နှလုံးသားထဲမှာ စကားလုံးတွေနဲ့ ရှင်းပြလို့မရတဲ့ ခံစားချက်တစ်မျိုး ပေါ်ပေါက်လာတာပဲ။ ငါ တစ်ခုခုကို ဆုံးရှုံးလိုက်ပြီဆိုတဲ့ ခံစားချက်မျိုးပေါ့ "
" သူ နေမကောင်းဖြစ်နေတာလား... ငါ တစ်ယောက်တည်း အသက်မပါတဲ့ အမူအရာနဲ့ ရေရွတ်နေရင်း ငါ့ရဲ့ ရင်ဘက်ကို ငုံ့ကြည့်မိလိုက်တဲ့အချိန်မှာ မျက်လုံးတွေ ပြန်ပြီးတော့ အရောင်တောက်ပလာတာပဲ။ ငါ ငါ့ရဲ့မျိုးနွယ်စု သတ်ဖြတ်ခံခဲ့ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကို ပြန်ပြီးတော့ သတိရသွားခဲ့တာ... ငါ့တို့ရဲ့ နှလုံးသွေးတွေက ရောဂါတွေကို ပျောက်ကင်းအောင် ကုသပေးနိုင်စွမ်းရှိတယ်လေ "
" အဲတာနဲ့ ငါလည်း ခေါင်းမော့လာပြီး တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားနေတဲ့ လူကြီးကို လှမ်းကြည့်လိုက်တာပဲ။ ပြီးတော့ ငါ သူ့ရဲ့နောက်ကို ပြေးလိုက်သွားခဲ့တာ "
" ဒါပေမဲ့ သူက တစ်လှမ်းချင်းစီ ဖြည်းဖြည်းချင်း လှမ်းနေခဲ့တာတောင် ငါ သူ့ကို လိုက်မမီခဲ့ဘူး။ အဲတာမလို့ သူ တဖြည်းဖြည်းနဲ့ အဝေးကို ရောက်သွားတာကိုပဲ ငေးကြည့်နေခဲ့ရတာပေါ့။ ငါလည်း ရင်ထဲက စိုးရိမ်စိတ်တွေကို မထိန်းနိုင်တော့တာနဲ့ သူ့ရဲ့နောက်ကို သဲကြီးမဲကြီး ပြေးလိုက်သွားခဲ့တာပဲ။ အဲလို ပြေးနေရင်း ငါ့ကို ဖွားမြင်ခဲ့တဲ့အချိန်နဲ့ ငါ့ရဲ့ မျိုးနွယ်စု ငါ့ကို စွန့်ပစ်ခဲ့တဲ့အချိန်ကို ပြန်ပြီးတော့ သတိရသွားခဲ့သေးတယ်။ အဲဒီအချိန်တုန်းကဆိုရင် ငါ ပြေးလွှားနေရင်း ထွက်လာမယ့်အသံတွေကို မုဆိုးတွေ ကြားသွားမှာကြောက်လို့ စိတ်လွတ်ကိုယ်လွတ် မပြေးနိုင်ခဲ့ဘူးလေ "
" ဒါပေမဲ့ အခုတော့ ငါက ဘာကိုမှ မကြောက်တော့ပါဘူး။ ငါ့ရဲ့ နှလုံးသွေးက ရောဂါတွေကို ပျောက်ကင်းအောင် ကုသပေးနိုင်တယ်လေ။ ငါ့ကို တစ်ဘဝလုံး အဖော်ပြုပေးခဲ့တဲ့ သူ့ရဲ့ သမီးလေးကို အဆုံးရှုံးမခံနိုင်ဘူး "
" အဲတာနဲ့ ငါ ထပ်ပြီးတော့ အရှိန်မြှင့်တင်ခဲ့တာပဲ။ ငါ့ရဲ့ အသိစိတ်ထဲမှာလည်း တခြား ဘာအတွေးမှ မရှိတော့ဘူး။ သူ့ကို မီအောင်လိုက်ရမယ်ဆိုတဲ့ အတွေးတစ်ခုပဲရှိတော့တာ "
" ငါ ကြယ်တွေတစ်လုံးပြီးတစ်လုံး၊ ကြယ်စင်စုတွေ တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားခဲ့ပြီး ဟိုးအဝေးကြီးက လူရိပ်ကြီးရဲ့နောက် ပြေးလိုက်သွားခဲ့တာ။ ငါ အဲဒီလို ပြေးလွှားနေခဲ့တာ ဘယ်လောက်ကြာသွားမှန်းတောင် မသိဘူး။ နောက်ဆုံးကျတော့ ငါ့ရဲ့ ဘေးပတ်ပတ်လည်မှာ ကြယ်တစ်လုံးမှလည်း မရှိတော့ဘူး။ စကြဝဠာကြီးကလည်း မှုန်ဝါးဝါးဖြစ်နေပြီ။ အဲဒီအချိန်မှာ ငါ့ရဲ့ရှေ့မှာ လမ်းဆုံးတစ်ခု ပေါ်လာခဲ့တာပဲ "
" ငါကတော့ တွေဝေမနေခဲ့ပါဘူး။ ငါ မောပန်းနွမ်းနယ်နေပြီး စိတ်နဲ့ကိုယ်နဲ့ မကပ်တော့တာတောင်၊ ငါ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တဖြည်းဖြည်းနဲ့ ပျက်စီးပျောက်ကွယ်သွားနေခဲ့တာတောင်... အဲဒီ လမ်းဆုံးဆီကို အရှိန်အဟုန်နဲ့ ပြေးသွားခဲ့တုန်းပဲ "
" အဲဒီအချိန်မှာ ငါ တစ်ခါမှမကြားဖူးတဲ့ အသံတစ်သံ ငါ့ရဲ့နားထဲမှာ ပဲ့တင်ထပ်သွားခဲ့တာ။ ငါ့ရဲ့ခန္ဓာကိုယ်နဲ့ အသိစိတ်လည်း တစ်စစီ ကြေမွပျက်စီးသွားခဲ့တာ။ ဒါပေမဲ့ ငါ အဲဒီလို ကြေမွပျက်စီးသွားနေတုန်း အကာအရံတစ်ခုခုကို ကျော်ဖြတ်နိုင်သွားခဲ့တယ် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ငါ ထူးဆန်းတဲ့ ကမ္ဘာကြီးတစ်ခုထဲကို ရောက်သွားခဲ့တာလေ။ အဲဒီတုန်းက ငါ့ရဲ့အထက် သုံးပေအကွာမှာ... တစ်ခုခုကို မြင်ခဲ့ရတဲ့ပုံပဲ "
" ငါ ဘာကိုမြင်ခဲ့တာပါလိမ့် " ထိုအချိန်တွင် အဆုံးမဲ့တာအိုနယ်မြေ၏ ကံကြမ္မာဂြိုဟ်ပေါ်ရှိ မြူခိုးများထဲ၌ ဝမ်ပေါင်လဲ့မှာ မျက်လုံးများပွင့်လာပြီး ရီဝေဝေဖြစ်နေသည့် အမူအရာဖြင့် ရေရွတ်မိလိုက်တော့သည်။