ထူးခြားသော ဆဋ္ဌမဘဝ
Vol. 77 Ch. 1068
ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ ရီဝေဝေဖြစ်နေ၏။ သူ သူ၏ အတိတ်ဘဝထဲသို့ ရောက်သွားတိုင်း ထိုကဲ့သို့ ဖြစ်သွားခဲ့ရသည်သာ ဖြစ်သည်။ သို့သော် ယခုအကြိမ်တွင်မူ... သူသည် အချိန်အကြာကြီး ရီဝေဝေဖြစ်နေရ၏။
နှစ်နာရီ၊ လေးနာရီ၊ ခြောက်နာရီတိတိ ကုန်ဆုံးသွားပြီဖြစ်သည်...
ဝမ်ပေါင်လဲ့တစ်ယောက် ထိုကဲ့သို့ ရီဝေဝေဖြစ်နေစဉ် မည်သူကမှ သူ့အား လာရောက်နှောင့်ယှက်ကြခြင်းမရှိပေ။ သူ၏ ပတ်ပတ်လည်ရှိ မြူခိုးများမှာ တားမြစ်နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ပြိုင်ပွဲဝင်အများစုထဲမှ အချို့မှာ အဝေးကြီးတွင်ရှိနေကြပြီး အချို့မှာမူ ဆက်လက်ယှဥ်ပြိုင်ခွင့် မရှိကြတော့ပေ။ ကျန်ပြိုင်ပွဲဝင်များမှာလည်း သူ၏အနီးသို့ မသွားရဲကြပေ။
သူ ရှိနေသည့် နေရာ၌ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်မဟုတ်ပါလော။ ထို့အပြင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ မျက်လုံးဖြင့်မမြင်နိုင်သည့် ဖိအားတစ်မျိုးကို ထုတ်လွှတ်နေသေးသည်။ သူ၏ အနီးသို့ ရောက်သွားသည့် လူတိုင်းမှာ ရင်ခုန်နှုန်းများ ရပ်တန့်သွားတော့မည့်အလား ခံစားလိုက်ရသဖြင့် သူနှင့်ဝေးရာသို့ ထွက်ပြေးသွားကြသည်သာဖြစ်သည်။
မည်သူမှ သူ့အား နှောင့်ယှက်နေခြင်း မရှိသောကြောင့် သူ၏ ကိုယ်ပွားများမှာလည်း တိတ်ဆိတ်ငြိမ်သက်နေ၏။ ခေါင်းတစ်လုံးသာ ကျန်ပြီး သူ၏ ဘေး၌ ရစ်ဝဲနေသည့် ချန်ဟန်းပင်လျှင် သူ့အား မနှောင့်ယှက်ရဲပေ။
သူသည်လည်း ဝမ်ပေါင်လဲ့ကဲ့သို့ပင် သူ၏ အတိတ်ဘဝထဲသို့ ရောက်ရှိသွားခဲ့၏။ သို့သော် သူသည် ထိုဘဝထဲတွင်လည်း ကံဆိုးမိုးမှောင်ကျခဲ့ရသဖြင့် စိတ်ပျက်နေရတော့သည်။
သူသည် ကျားတစ်ကောင်၏ ခန္ဓာကိုယ်ပေါ်ရှိ သန်းတစ်ကောင် ဖြစ်နေခဲ့၏။
သို့သော်လည်း သူသည် စိတ်ကျေနပ်နေဆဲပင်။ အဘယ်ကြောင့်ဆိုသော် အမည်မသိ သတ္တဝါတစ်ကောင်၏ အူထဲ၌ ရောဂါပိုးမွှားများအဖြစ် နေထိုင်ခဲ့ရသည့် ဘဝနှင့် ယှဉ်လိုက်ပါက သန်းတစ်ကောင် ဖြစ်နေရသည်မှာ စာမဖွဲ့လောက်ပေ။ သူသည် အရွယ်အစားပိုင်းတွင်ဖြစ်စေ တိုက်ရည်ခိုက်ရည်ပိုင်းတွင်ဖြစ်စေ သိသိသာသာ တိုးတက်လာခဲ့သည်ဟု ဆိုနိုင်သည်မဟုတ်ပါလော။
ထို့ကြောင့် ချန်ဟန်းသည် အရာအားလုံးမှာ အဆင်ပြေနေလိမ့်မည်ဟု ယုံကြည်ထားခဲ့၏။ သူ ဂုဏ်အယူရဆုံးအချက်မှာ သူ၏ အတိတ်ဘဝထဲမှ သန်းလေးသည် နောက်ဆုံးတွင် စကြဝဠာကြီး တစ်ခုလုံးနှင့်အတူ ပျက်စီးပျောက်ကွယ်သွားခဲ့ခြင်းပင်....
ယခုတွင် သူသည် သတိပြန်ရလာပြီး သူ၏ ဘဝကို ပြန်မှတ်မိသွားသဖြင့် အလွန်အင်မတန်မှ စိတ်ကျေနပ်သွား၏။ ထို့အပြင် သူသည် သူ၏ ခုန်ပေါက်စွမ်းရည်နှင့် သွေးစုပ်စွမ်းရည်တို့မှာလည်း သိသိသာသာ တိုးတက်သွားပြီဖြစ်ကြောင်း ခံစားနေရသည်။ သို့သော်... သူသည် ထိုကဲ့သို့ သူ့ကိုယ်သူ ကျေနပ်အားရနေရသည့်တိုင်အောင် ဝမ်ပေါင်လဲ့အား ကြည့်မိလိုက်သည့်အချိန်တွင် စိတ်ထဲ၌ ထိတ်ထိတ်ပျာပျာ ဖြစ်သွားရဆဲပင်။
သူသည် သူ၏ရှေ့တွင် ရှိနေသည့် ဝမ်ပေါင်လဲ့ဆီမှ သူ ရင်းရင်းနှီးနှီး သိနေသော အငွေ့အသက်တစ်မျိုး ထွက်ပေါ်လာနေသည်ကို အာရုံခံမိနေသည်။ ထို့ကြောင့်လည်း သူသည် ထိတ်လန့်ကြောက်ရွံ့ကာ ရင်ခုန်နှုန်းများ မြန်ဆန်လာရခြင်းဖြစ်၏။
" ဒီ အငွေ့အသက်ကြီးက... ဟိုဟာနဲ့... နည်းနည်းတူနေ .... " ချန်ဟန်းမှာ အသက်ရှူသံများပင် လေးလံလာရပြီဖြစ်သည်။ သူသည် သူ၏ အတိတ်ဘဝထဲ၌ ကျားတစ်ကောင်၏ ကိုယ်ပေါ်ရှိ သန်းတစ်ကောင် ဖြစ်နေခဲ့ပါသော်လည်း ကိုယ်ပိုင်အသိစိတ်တစ်ခု ပိုင်ဆိုင်ထားခဲ့ဆဲပင်။ သူသည် ထို ကျားလေးနှင့်အတူ အလွန်အင်မတန်မှကြီးမားသော ဥယျာဉ်ကြီးတစ်ခုထဲ၌ ရှိနေခဲ့သည်ကို မှတ်မိနေ၏။ ထို ဥယျာဉ်ကြီးထဲတွင် အခြားသော ထူးဆန်းထွေလာ သားရဲကြီးများလည်း ရှိနေခဲ့သေးသည်။
ထို သားရဲကြီးများထဲမှ တစ်ကောင်မှာဆိုလျှင် ဂန္တဝင်တွင်သွားခဲ့၏။
၎င်းမှာ သမင်ဖြူလေးတစ်ကောင်ဖြစ်သည်။ ထိုသမင်ဖြူလေးမှာ ကောင်မလေးတစ်ယောက်၏ နောက်မှ လိုက်သွားခဲ့၏။ ၎င်း ထွက်ခွာသွားပြီး နှစ်ပေါင်းများစွာ ကုန်ဆုံးသွားသည့်အချိန်တွင် လူဝံအိုကြီးတစ်ကောင်၏ နှုတ်မှ ကောလာဟလပေါင်း မြောက်မြားစွာ ပေါ်ထွက်လာခဲ့သည်။ ထို ကောလာဟလများအား ကျားလေးသာမက ၎င်း၏ ကိုယ်ပေါ်တွင် ရှိနေခဲ့သည့် သန်းလေးကပါ ကြားခဲ့ရ၏။ ထို ကောလာဟလများသည် ထို သမင်ဖြူလေးမှာ ဂြိုဟ်ပေါင်းမြောက်မြားစွာဆီသို့ သွားရောက်ခဲ့ပြီး စကြဝဠာကြီး တစ်ခုလုံးထဲ၌ လှည့်လည်သွားလာခဲ့သည်ဟု ဆိုသည်။ ထို့အပြင် စကြဝဠာကြီး၏ နာမည်နှင့် စည်းမျဉ်းဥပဒေသများ အားလုံးပင်လျှင် ထို သမင်ဖြူလေးကြောင့် ပြောင်းလဲသွားခဲ့ရသည့်ပုံပင်။
နောက်ဆုံးတွင် ထိုသမင်ဖြူလေးမှာ စကြဝဠာကြီး၏ အဆုံးဆီသို့ ပြေးထွက်သွားခဲ့ပြီး ကြယ်ပင်လယ်ကြီးထဲမှ ပျောက်ကွယ်သွားခဲ့၏။ သူ ပျောက်ကွယ်သွားသည်နှင့် စကြဝဠာကြီး တစ်ခုလုံးမှာ စတင် ကြေမွပျက်စီးလာပြီး လေပြင်းမုန်တိုင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်...
ချန်ဟန်း၏ အတိတ်ဘဝမှ သန်းလေးမှာမူ ထိုလေပြင်းမုန်တိုင်းထဲ၌ သေဆုံးသွားခဲ့ရ၏။
" မဖြစ်နိုင်တာ... " ချန်ဟန်းမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်ရင်း တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေရပြီဖြစ်သည်။ သူ၏ မျက်ဝန်းများထဲတွင်မူ တုန်လှုပ်ချောက်ချားမှု အရိပ်အယောင်များဖြင့် ပြည့်နက်နေ၏။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့တစ်ယောက် အတိတ်ဘဝထဲသို့ ရောက်သွားပြီးတိုင်း ပို၍ အစွမ်းထက်လာရသည့် အကြောင်းရင်းကိုလည်း နားလည်သွားပြီ ဖြစ်သည်။ အကယ်၍ သူ၏ ခန့်မှန်းချက်သာ မှန်ကန်နေမည်ဆိုပါက ဝမ်ပေါင်လဲ့တစ်ယောက် အစွမ်းထက်မနေမှသာလျှင် ထူးဆန်းနေမည်ဖြစ်သည်။
ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား မနှောင့်ယှက်ရဲတော့ဘဲ သူ့အား နတ်ဘုရားတစ်ပါးကဲ့သို့ စိုက်ကြည့်နေမိတော့သည်။ သူသည် ထို သမင်ဖြူလေးမှာ အမှန်တကယ်ပင် ဝမ်ပေါင်လဲ့ ဖြစ်နေမည်လောဟု သိချင်နေသလို... ထိုကဲ့သို့သော ကျင့်ကြံသူမျိုးမှာ ဤဘဝ၌ မည်သည့်အဆင့်အထိ တက်လှမ်းနိုင်မည်နည်းဟုလည်း သိချင်နေ၏။
" ဘာကြောင့်မှန်းမသိ ငါ အိပ်မက်မက်နေသလို ခံစားနေရတယ်... " ချန်ဟန်းမှာ သိချင်စိတ်များ ပြင်းပြနေသလို နှလုံးသားထဲ၌ ဖော်ပြ၍မရသည့် ခံစားချက်တစ်မျိုးလည်း ပေါ်ပေါက်လာရ၏။ သူသည် အတိတ်ဘဝထဲသို့ ရောက်သွားခဲ့ပြီးနောက် ကမ္ဘာကြီးအပေါ်ထား ရှိသည့် သူ၏ အတွေးအမြင်များမှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း ခံစားနေရသည်။
ချန်ဟန်းတစ်ယောက် အတွေးများထဲ၌ နစ်မျောနေစဉ် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲမှ ရီဝေဝေ ဖြစ်နေသည့် အရိပ်အယောင်များမှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွား၏။ ထို့နောက် သူ၏ ရှေးဟောင်းဂြိုဟ်ကိုးလုံး၏ တာအိုများထဲမှ အပြာရောင် လေတာအို၏ စည်းမျဥ်းဥပဒေသစွမ်းအားများမှာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ထို ပေါက်ကွဲမှုပြင်းအားများမှာ လှိုင်းလုံးကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွား၏။ အပြာရောင် လေတာအိုမှာ အမြန်နှုန်းအား ကိုယ်စားပြုပေသည်။
သူသည် သမင်ဖြူလေးအဖြစ် ရှိနေခဲ့စဥ်တုန်းက မရပ်မနား ပြေးလွှားနေခဲ့ရသည် မဟုတ်ပါလော။ ထို့ကြောင့် နောက်ဆုံးတွင် သူ၏ အမြန်နှုန်းမှာ အမြင့်ဆုံးအထိ ရောက်ရှိသွားခဲ့၏။ ယခုတွင် သူသည် ပြန်လည်နိုးထလာပြီး သူ၏ အတိတ်ဘဝမှ လေတာအို၏ တစ်စိတ်တစ်ပိုင်းကိုသာ ပြန်လည်ရယူနိုင်ခဲ့သည့်တိုင်အောင် သူ၏ လေတာအိုစည်းမျဉ်းဥပဒေသမှာ ကြောက်ခမန်းလိလိ တိုးတက်သွားခဲ့ဆဲပင်။ ထို့ကြောင့် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်အတွင်းတွင် သူ၏ လေတာအိုစည်းမျဉ်းဥပဒေသ၏ ထပ်တူကျနိုင်စွမ်းမှာ ကိုးဆယ့်ရှစ်ရာခိုင်နှုန်းအထိ ရောက်ရှိသွားတော့သည်။
သို့သော် ထိုမျှလောက်နှင့် ပြီးဆုံးသွားခြင်းမရှိသေးပေ။
တစ်အောင့်ခန့်အကြာတွင် ဝမ်ပေါင်လဲ့မှာ ဖြည်းညင်းစွာ ခေါင်းမော့လာ၏။ သူ၏ မျက်ဝန်းများမှာ ကြည်လင်ပြတ်သားနေပြီဖြစ်သည့်တိုင်အောင် သူ၏ အတိတ်ဘဝထဲ၌ ဖြစ်ပျက်ခဲ့သမျှ ဖြစ်ရပ်အားလုံးမှာ သူ၏ အသိစိတ်ထဲ၌ ပြန်လည်ပေါ်ပေါက်လာဆဲပင်။ ထို့အပြင်... သူ စကြဝဠာကြီး၏ အဆုံးရှိ အကာအရံကြီးအား ထိုးဖောက်သွားခဲ့စဉ်တုန်းက သူ၏ အထက် သုံးပေအကွာတွင် ပေါ်ပေါက်လာခဲ့သည့် အရာကြီးကိုလည်း မြင်လိုက်ရ၏။
၎င်းမှာ... လက်ကြီးတစ်ဖက် ဖြစ်သည်။ ပို၍ တိတိကျကျဆိုရလျှင် သူ သူ၏ ပထမဆုံး အတိတ်ဘဝထဲ၌ ရှင်းဟော့နတ်ဘုရားမျိုးနွယ်စုဝင်တစ်ယောက်အဖြစ် ရှိနေခဲ့စဉ်တုန်းက ပေါ်ပေါက်လာခဲ့သည့် လက်ကြီး ဖြစ်ပေသည်။
သူသည် ထို လက်ကြီးအား ပထမဆုံးအကြိမ်အဖြစ် မြင်ခဲ့ရစဉ်တုန်းက အံ့သြတုန်လှုပ်သွားခဲ့ရ၏။ ၎င်းအား ဒုတိယအကြိမ်အဖြစ် ထပ်၍ မြင်တွေ့လိုက်ရသည့် အချိန်တွင်လည်း သူသည် ပို၍ပင် အံ့သြတုန်လှုပ်သွားခဲ့ရသည်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအကြိမ်တွင် သူသည် ၎င်းအား ပို၍ပင် ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်း ရှိနေသောကြောင့်ပင်။ ၎င်းမှာ ပုံရိပ်ယောင် လက်ကြီးတစ်ဖက်ဖြစ်၏။ ထို့အပြင် ၎င်းမှာ မှုန်ဝါးဝါး ဖြစ်နေသောကြောင့် စကြဝဠာကြီး တစ်ခုလုံးထဲ၌ လျှို့ဝှက်ဆန်းကြယ်မှုအရှိဆုံး ပုံရိပ်ယောင်ကြီးတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။ သို့ဖြစ်ရာ ၎င်းအား အတုအစစ် ခွဲခြားနိုင်ရန်မှာ မဖြစ်နိုင်ပေ။
သမင်ဖြူလေးမှာ ထိုလက်ကြီးအား တစ်ချက်ကြည့်မိလိုက်ရုံနှင့် အသိစိတ်ပျောက်သွားရ၏။ သို့သော် ထိုအကြည့်ကြောင့်လည်း ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ မိုးပြာရောင် တိမ်တာအိုမှာလည်း အပြာရောင် လေတာအိုနှင့်အတူ တိုးတက်လာတော့သည်။
တိမ်တိုက်များမှာ ပုံရိပ်ယောင်တစ်ခုကဲ့သို့ အမြဲတစေ ပြောင်းလဲနိုင်စွမ်းရှိပေသည်။
ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် သူ၏ တိမ်တာအိုစည်းမျဉ်းဥပဒေသ၏ ထပ်တူကျနိုင်စွမ်းမှာ ကိုးဆယ့်ရှစ်ရာခိုင်နှုန်းအထိ ရောက်ရှိသွားတော့သည်။
ထို့အပြင် ဝမ်ပေါင်လဲ့မှာ ပထမဆုံးအကြိမ်အဖြစ် အတိတ်ဘဝတစ်ခုတည်းဖြင့် စည်းမျဉ်းဥပဒေသနှစ်မျိုး၏ ထပ်တူကျနိုင်စွမ်းများကို မြှင့်တင်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
ထိုကဲ့သို့သော ထပ်တူကျနိုင်စွမ်း တိုးတက်မှုများကြောင့် နှောင်းပိုင်း ဂြိုဟ်အဆင့်တွင် ရှိနေသည့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း တိုးတက်လာခဲ့၏။ ၎င်းမှာ ဂြိုဟ်ထိပ်ဆုံးအဆင့်သို့ ရောက်မသွားသေးသည့် တိုင်အောင် သိပ်၍ အလှမ်းမဝေးတော့ပေ။
သူ ယခုအကြိမ် ရရှိခဲ့သည့် အကျိုးကျေးဇူးများမှာ ယခင်အကြိမ်များတုန်းကထက် အများကြီးပို၍ သာလွန်နေ၏။ သူ မြင်ခဲ့ရသည့် လက်ကြီးမှာလည်း သူ၏ ပထမဆုံး အတိတ်ဘဝနှင့် ဆက်စပ်နေသည့်ပုံပင်။
သို့ဖြစ်ရာ ထို အတိတ်ဘဝငါးခုမှာ သံသရာတစ်ခုကဲ့သို့ ဖြစ်နေ၏။
ထို ဖြစ်ရပ်များအားလုံး ပေါ်ပေါက်လာရခြင်းမှာ... ဝမ်ရီရီဟု ခေါ်သည့် ကောင်မလေးတစ်ယောက် ကြောင့်ဖြစ်ပေသည်။ သူမသည် စာအုပ်တစ်အုပ် ရေးခဲ့ပြီး သူသည် ထိုစာအုပ်ထဲ၌ အဓိကဇာတ်ကောင် ဖြစ်လာခဲ့၏။ ထို့နောက် နောက်ဘဝတွင် သူသည် နတ်ဝိဇ္ဇာခြောက်ပါး၏ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး နှလုံးသားထဲ၌ မကျေနပ်ချက်များဖြင့် ပြည့်နှက်နေစဉ် သူမနှင့် ဆုံခဲ့ရသည်...
ထိုစဉ်တုန်းက သူမသည် သမင်ဖြူလေးအား မှတ်မိချင်မှ မှတ်မိပေလိမ့်မည်။ သို့သော်လည်း သူမ၏ နောက်ဆုံးစကားများကြောင့် သူသည် နောက်ဘဝ၌ နတ်ဆိုးဓားတစ်လက်အဖြစ် ပြောင်းလဲသွားခဲ့ရ၏။ ထိုဘဝထဲ၌ သူသည် သူမ၏ သွေးများအား တစ်ကိုယ်လုံး လိမ်းကျံခဲ့ပြီးနောက် နောက်ဆုံးတွင် သေဆုံးသွားခဲ့ရသည်။ နောက်ဘဝတွင်မူ သူသည် အမှောင်ထုများထဲ၌ နေထိုင်သည့် ဖုတ်ကောင်တစ်ကောင်အဖြစ်သို့ ရောက်သွားခဲ့၏။ သို့သော်လည်း သူသည် ကောင်းကင်ကြီးအားမော့ကြည့်ကာ အဖြေတစ်ခုအား လိုက်လံရှာဖွေနေခဲ့ဆဲပင်...
ထိုဘဝထဲတွင်လည်း သူမသည် သူ ထိုအဖြေအား ရှာတွေ့သည့် အချိန်အထိ သူ၏ဘေး၌ အဖော်ပြုပေးခဲ့၏။ ထို့နောက် သူသည် သူ၏ ပထမဆုံး အတိတ်ဘဝထဲ၌ ရှင်းဟော့နတ်ဘုရားမျိုးနွယ်စုဝင် တစ်ယောက်အဖြစ်သို့ ရောက်သွားခဲ့သည်။
ထိုဘဝထဲ၌ သူမ မရှိခဲ့ပါသော်လည်း နောက်ဆုံးတွင် ပေါ်ပေါက်လာခဲ့သည့် လက်ကြီးကြောင့် အရာအားလုံးမှာ သံသရာစက်ဝန်းတစ်ခုကဲ့သို့ ဖြစ်သွားခဲ့ရသည် မဟုတ်ပါလော။
ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်သွားပြီး ခေါင်းငုံ့ကာ မျက်နှာဖုံးအပိုင်းအစလေးအား ထုတ်ယူလိုက်၏။ သူသည် ၎င်းအား အချိန်အကြာကြီး စိုက်ကြည့်နေရင်း လီဝမ်အာပြောခဲ့သည့်စကားများကို ပြန်၍သတိရသွားသည်။
" ငါ့ရဲ့အထက် သုံးပေအကွာမှာ တကယ်ပဲ ဘုရားသခင်က စောင့်ကြည့်နေတာလား " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီး မျက်လုံးများမှိတ်သွား၏။ သူ မျက်လုံးများ ပြန်ပွင့်လာသည့်အချိန်တွင် သူ၏ မျက်ဝန်းများမှာ ကြည်လင်ပြတ်သားသွားသည်။ သူသည် သူ သူကိုယ်တိုင် မြင်ခဲ့၊ ကြုံခဲ့၊ ကြားခဲ့ရသည့် အရာများကိုပင် အပြည့်အဝ ယုံကြည်နိုင်မည်မဟုတ်ပေ။
သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုသာ အပြည့်အဝ ယုံကြည်နိုင်မည် ဖြစ်သည်။
" ငါ့ရဲ့ ဆဋ္ဌမအတိတ်ဘဝကို နားလည်သွားတဲ့အချိန်ကျရင် ဘာဖြစ်မလဲ မသိဘူး... " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ ထူးဆန်းစွာ တောက်ပသွားပြီး နှုတ်ဆိတ်ကာ စောင့်ဆိုင်းနေလိုက်၏။ သူသည် အချိန်အကြာကြီး မစောင့်လိုက်ရပေ။
အဘယ်ကြောင့်ဆိုသော် သူသည် အတိတ်ဘဝထဲမှ ပြန်လည်နိုးထလာခဲ့ပြီးနောက် အချိန်အကြာကြီး ရီဝေဝေဖြစ်နေခဲ့သောကြောင့်ပင်။ ထို့ကြောင့် နှစ်နာရီတိတိ ကုန်ဆုံးပြီးသွားချိန်တွင် သူသည် သူ၏ အသိစိတ်ထဲ၌ ရှေးဆန်သည့်စကားသံကြီး ထပ်၍ ပေါ်ပေါက်လာသည်ကို ကြားလိုက်ရတော့သည်။
" ဆဋ္ဌမနေ့၊ ဆဋ္ဌမဘဝ "
သူသည် ယခင်တုန်းကအတိုင်း အောက်သို့ နစ်ဝင်သွားနေသည့်အလား ခံစားနေရဆဲပင်။ သူ၏ ပတ်ပတ်လည်ရှိ မြူခိုးများမှာလည်း ဝဲကြီးတစ်ခုကဲ့သို့ စတင် လည်ပတ်လာကြဆဲပင်။ သို့သော် သူ၏ အသိစိတ်မှာမူ ယခင်တုန်းကလို ပျောက်ကွယ်သွားခြင်း မရှိပေ...
သူ၏ အသိစိတ်မှာ ကြည်လင်ပြတ်သားနေဆဲပင်။ မည်သည့်အကြောင်းကြောင့်မှန်းမသိ ဝမ်ပေါင်လဲ့၏ ဆဋ္ဌမအတိတ်ဘဝမှာ ပေါ်ပေါက်လာခဲ့ခြင်းမရှိပေ။ နောက်ဆုံးတွင် သူ၏ အသိစိတ်ထဲ၌ အမှောင်ထုများသာ ပေါ်ပေါက်လာတော့သည်။
အရာအားလုံးမှာ မှောင်မိုက်ကာ အေးစက်နေ၏။