← Chapters

ကျေးဇူးပြန်ဆပ်ခြင်း

Vol. 44 Ch. 598

ကျေးဇူးပြန်ဆပ်ခြင်း

Vol. 44 Ch. 598

“မူအာ၊ မင်းမျက်လုံးကို ဘွားဘွား ကြည့်ရအောင်”

အဘွားစစ်က သူ၏တတိယမျက်လုံးကို တခဏကြည့်လိုက်ပြီး ဖုရွေ့လော်အား မမြင်ရပေ။ မှန်ဖြင့် ကြည့်ရာတွင်လည်း ဖုရွေ့လော်၏ အရိပ်အ‌ယောင်ကို မမြင်ရသဖြင့် အဘွားစစ် စိတ်အေးလက်အေး ဖြစ်သွားသည်။ “ဒီမျက်လုံးနဲ့ ကြည့်လို့ရတယ်... ဒါပေမဲ့ မှော်စွမ်းအင်မသုံးရဘူး... အန္တရာယ်တွေ့ရင် ဘွားဘွား ရှင်းလိုက်မယ်... တန်ခိုးရှင်သစ်ခုတ်သမားနဲ့ တွေ့ပြီးရင်တော့ ဒီမိုးမခသစ်ရွက်နဲ့ မျက်လုံးကို သေသေချာချာ ဖုံးထားရမယ်နော်”

ချင်မူ ခေါင်းညိတ်၍ ရွှေရောင်မိုးမခသစ်ရွက်ကို သိမ်းလိုက်သည်။

ဤသည်မှာ သူ့အတွက် မျက်ခုံးနှစ်ဖက်ကြားက တတိယမျက်လုံးကို ပထမဆုံးအကြိမ် သုံးဖူးခြင်း ဖြစ်သည်။ သူ ဘေးပတ်ဝန်းကျင်အား စပ်စုကြည့်လိုက်ပြီး ဤမျက်လုံး၏မြင်ကွင်းက သာမန်မျက်လုံးများနှင့် မတူကြောင်း သတိထားမိလိုက်၏။

သူ အဘွားစစ်ကို ကြည့်လိုက်သည့်အခါ အဘွားစစ်၏ အပြင်ပန်းခန္ဓာသာမဟုတ်၊ အဘွားစစ်၏ ကောင်းကင်ရတနာများနှင့် မူလဝိညာဉ်ကိုပါ မြင်နေရသည်။

ကြောက်စရာအကောင်းဆုံးမှာ အဘွားစစ်၏ မူလဝိညာဉ်ကို ကြည့်လိုက်သည်နှင့် မူလဝိညာဉ်က အရသာရှိလိမ့်မည်ဟု ခံစားနေရခြင်းဖြစ်သည်။ ဆာလောင်မွတ်သိပ်မှုက သူမ၏မူလဝိညာဉ်အား အငမ်းမရ စားချင်နေအောင် လှုံ့ဆော်နေသည်။

ဤခံစားချက်က မည်သည့်နေရာမှ ထွက်လာမှန်း မသိသော်လည်း ဆာလွန်း၍ အူတကြုတ်ကြုတ်  မြည်နေသလို ခံစားလာရသည်။ ကြောက်မက်ဖွယ်ရာ ဆန္ဒက အဘွားစစ်၏ မူလဝိညာဉ်ကို သူမခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ပြီး မြိုချပစ်လိုက်ဟု တိုက်တွန်းနေ၏။

ချင်မူ့ရင်ထဲတွင် ဆာလောင်နေသည့်စိတ်က အမှန်တကယ် ဖြစ်နေသည့်အတွက် အရာရာတိုင်းကို မြိုချပစ်လိုစိတ်များ ပြင်းထန်လာသည်။

ဝူဝမ်မြို့တွင် တတိယမျက်လုံးကို ပထမဆုံးအကြိမ် ဖွင့်ခဲ့တုန်းက မြေအောက်ဘုံအရှင်သခင်က ကျောက်စိမ်းလည်ဆွဲအား သူ၏တတိယမျက်လုံးထဲသို့ ရိုက်ထည့်ကာ ချိတ်ပိတ်ခဲ့သည်။ ထို့နောက် ရွှေအ၊ မျက်ကန်းနှင့် ဒုက္ခိတကျေးရွာမှ အဘိုးအဘွားများက ရွှေရောင်မိုးမခသစ်ရွက်ကို သူ့မျက်လုံးပေါ်တွင် ဖုံးအုပ်ပေးခဲ့သောကြောင့် ထူးထူးခြားခြား မခံစားခဲ့ရပေ။

ယခု တတိယမျက်လုံးကို ဖွင့်လိုက်သည့်အခါမှ ထူးဆန်းမှုကို သူ သတိထားမိသွားသည်။

‘ဒါက မျက်လုံးရဲ့ ပြဿနာလား.... လော့ဖူကောင်းကင်ဘုံကြောင့်လား’

ချင်မူ အဘွားစစ်၏ မူလဝိညာဉ်အား စားချင်နေသည့်စိတ်ကို ဖိနှိပ်ကာ အတွေးထဲ နစ်မျောသွားသည်။ ‘‌လော့ဖူကောင်းကင်ဘုံကြောင့် မဟုတ်သင့်ဘူး... လော့ဖူကောင်းကင်ဘုံက ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ ကမ္ဘာတစ်ခုပဲ... ပြဿနာဆိုလို့ မိစ္ဆာနတ်ဆိုးချီပဲ ရှိမှာ.... မိစ္ဆာနတ်ဆိုးချီက ငါ့ကို ဒီလောက်ဆာလောင်လာအောင် မလုပ်ပေးနိုင်ဘူး... ဒီတော့ ပြဿနာက မျက်လုံးပဲ ဖြစ်မယ်... ထူးဆန်းတယ်... ဘာကြောင့် ဒီမျက်လုံးဖွင့်တာနဲ့ ဆာနေတာလဲ”

သူ နားမလည်တော့၍ ဤမေးခွန်းကို ခေါင်းထဲမှ ထုတ်ထားလိုက်သည်။ သူက အဘွားစစ်နှင့်အတူ အနီးဆုံးယဇ်ပလ္လင်ဆီသို့ သွားနေ၏။

တန်ခိုးရှင်သစ်ခုတ်သမားနှင့် နတ်ဘုရားနှစ်ဆယ့်လေးယောက်တို့သည် လော့ဖူကောင်းကင်ဘုံကို စတေးရန် ပိရိမစ်သဏ္ဍာန်ယဇ်ပလ္လင်များအား တည်ဆောက်ခဲ့ပြီး ဖုရွေ့လော်အား အကြပ်ကိုင်နိုင်ခဲ့၏။ ယဇ်ပလ္လင်များ အဖျက်စီးမခံရစေရန် တန်ခိုးရှင်သစ်ခုတ်သမားက ဤယဇ်ပလ္လင်များအား သေချာပေါက် စောင့်ကြပ်နေလိမ့်မည်။ ယဇ်ပလ္လင်များ မပျက်စီးသေးသရွေ့ ဖုရွေ့လော်လည်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို တိုက်ခိုက်ဝံ့မည်မဟုတ်ပေ။

ယဇ်ပလ္လင်များ ရှိရာသို့ သွားခြင်းက တန်ခိုးရှင်သစ်ခုတ်သမားကို အမြန်ဆုံး ရှာတွေ့နိုင်မည့် နည်းလမ်းဖြစ်သည်။

ချင်မူ ပတ်ဝန်းကျင်အား ကြည့်ရင်း လော့ဖူကောင်းကင်ဘုံက ဖုရွေ့လော် သူ့ကို ပြသခဲ့စဉ်ကအတိုင်း ဖြစ်ကြောင်း မြင်နေရသည်။

ဧရာမဂြိုဟ်ကြီးများသည် လော့ဖူကောင်းကင်ဘုံ၏အထက်၌ ရွေ့လျားနေပြီး ဂြိုဟ်ဆွဲအားများက လော့ဖူကောင်းကင်ဘုံ၏ မြေဆွဲအားကို နှောင့်ယှက်နေရာ မြေငလျင်များ ပြင်းပြင်းထန်ထန် လှုပ်ခတ်နေသည်။ မြေငလျင်အားလှိုင်းများက ကြီးမားအားကောင်းလှသည့်အတွက် မီးတောင်များ မကြာခဏ ပေါ်ထွက်လာတတ်၏။ လေမုန်တိုင်းအရှိန်ကလည်း သာမန်လေအရှိန်ထက် အဆပေါင်းများစွာ ပြင်းထန်သည်။

လေပြင်းတို့က ဓားသွားများသဖွယ် ဖြစ်နေပြီး အင်အားအကြီးဆုံး ဝိညာဉ်လက်နက်များအလား ထင်ရသည်။ လေပြင်းဓားသွားများ ဖြတ်သွားတိုင်း ပေါ်ထွက်လာသော မီးတောင်များပင်လျှင် မှုန့်မှုန့်ညက်ညက် ကြေသွားရ၏။

ကြောက်စရာအကောင်းဆုံးကတော့ ပင်လယ်သမုဒ္ဒရာပင်။ ရေလှိုင်းကြီးများက မိုးကောင်းကင်နှင့် ထိလုအောင် မြင့်မားလှပြီး တုန်လှုပ်ချောက်ချားဖွယ် အရှိန်အဟုန်ဖြင့် ဝုန်းခနဲ ဝေါခနဲ ရွေ့လျားနေသည်။ လှိုင်းပုတ်နှုန်းက အသံ၏အမြန်နှုန်းထက်လည်း မြန်ပြီး လမ်းတွင် ရှိသမျှအရာရာတိုင်းကို တိုက်ချဖျက်စီးသွားသည်။

မြေငလျင်၊ လေပြင်းဓားသွား၊ ရေလှိုင်း၊ မီးတောင် ... မြေဓာတ်၊ လေဓာတ်၊ ရေဓာတ်၊ မီးဓာတ်။ ဤဓာတ်များ ဖောက်ပြန်နေခြင်းက လော့ဖူကောင်းကင်ဘုံတွင် မည်သည့်သက်ရှိမှ မရှင်သန်နိုင်သော အကြောင်းရင်း ဖြစ်သည်။

သွေဖီဖောက်ပြန်နေသော အခြေအနေများကြောင့် လော့ဖူကောင်းကင်ဘုံမှာ ကြောက်မက်ဖွယ်ရာနေရာ ဖြစ်လာခဲ့သလို၊ ဟင်းလင်းပြင်မှာလည်း မငြိမ်မသက် ဖြစ်လာခဲ့သည်။ ပျက်စီးသွားသော ဟင်းလင်းပြင်က ကောင်းကင်နှင့်မြေကြီးအကြားတွင် ရှည်ရှည်‌မျောမျော အက်ကွဲကြောင်းများ ပေါ်ထွက်လာစေ၏။ အက်ကွဲကြောင်းတို့က မှန်ကွဲစများသဖွယ် ပတ်ဝန်းကျင်ကို ရောင်ပြန်ထင်ဟပ်နေသည်။

အလွန်ရှည်လျားသော ဟင်းလင်းပြင်အက်ကွဲကြောင်းများဆိုလျှင် အဆုံးပင် မမြင်ရပေ။ အလွန်တိုတောင်းသော အက်ကွဲကြောင်းများကတော့ နှစ်ပေ၊ သုံးပေခန့် ရှိသည်။ အထူအပါးမရှိသောကြောင့် သတိထားမိရန် ခက်ခဲချေရာ ခြေတစ်လှမ်းတိုင်းအား အလွန်ဂရုစိုက်ရ၏။

မတော်တဆ အက်ကွဲကြောင်းထဲ ဖြတ်သွားမိလျှင် နှစ်ပိုင်း ပိုင်းခံလိုက်ရလိမ့်မည်။ အက်ကွဲကြောင်းများက အလွန်ထက်ရှလွန်းသဖြင့် နှစ်ပိုင်းပြတ်သွားပြီးနောက်မှ မိမိတွင် အသက်မရှိတော့မှန်း သိရလိမ့်မည်။

ချင်မူနှင့် အဘွားစစ် ရိုက်ခတ်နေသော လှိုင်းလုံးကြီးများကို ခုခံနေစဉ် အက်ကွဲကြောင်းတစ်ကြောင်းကြောင့် မိုင်တစ်သောင်းမြင့်မားသည့် လှိုင်းလုံးကြီးတစ်လုံး နှစ်ခြမ်းကွဲသွားသည်ကို မြင်လိုက်ရသည်။

ကြယ်တာရာများက အဘွားစစ်၏နောက်တွင် ပြိုးပြိုးပြက်ပြက် လက်နေပြီး မဟာကြယ်ခြုံလွှမ်းလက်ဝါးအားလှိုင်းကို ဖွဲ့တည်ထားသည်။ သူမက အားလှိုင်းကို အသုံးချ၍ ပတ်ဝန်းကျင်ရှိ အန္တရာယ်များအား အာရုံခံနေ၏။ တစ်ချိန်တည်းမှာပင် အားလှိုင်းက လော့ဖူကောင်းကင်ဘုံ၏ ကပ်ဆိုးကြီးကို ခုခံနိုင်သည်။

အဘွားစစ်သည် နတ်ဘုရားအဆင့်သို့ ဝင်ရောက်သွားပြီဖြစ်သဖြင့် လော့ဖူကောင်းကင်ဘုံက အန္တရာယ်များပါသော်လည်း သူမအတွက် အသက်အန္တရာယ်မစိုးရိမ်ရပေ။

ချင်မူ ဝေ့ဝဲကြည့်ရှုရင်း ဤနေရာမှာ ငရဲသဖွယ် ချောက်ချားဖွယ်ရာကောင်းကြောင်း မြင်နေရသည်။ လော့ဖူကောင်းကင်ဘုံ၌ သေဆုံးသွားသည့် ကောင်းကင်နတ်ဆိုးများ၏ ဝိညာဉ်များလည်း လွင့်မျောနေကြသည်။ ဤဝိညာဉ်များက သူ့ကို အလွန်အမင်း ဆာလောင်လာစေ၏။

ချင်မူ စားချင်စိတ်ကို မြိုသိပ်ပြီး ထိတ်လန့်လာသည်။ ‘ဒီမျက်လုံးက ငါ့ကို ဘယ်လိုမကောင်းဆိုးဝါးမျိုး ဖြစ်လာစေခဲ့တာလဲ...’

ဤအခိုက်အတန့်တွင် သူတို့၏ရှေ့တူရူရှိ လွင်ပြင်ထဲ၌ မိစ္ဆာနတ်ဘုရားတစ်ပါး၏ ဧရာမရုပ်အလောင်းကြီးတစ်ခုအား မြင်လိုက်ရသည်။ လေပြင်းဓားသွားများက အရှိန်ပြင်းပြင်း တိုက်ခိုက်နေစေကာမူ အလောင်းကြီးအား မရွှေ့နိုင်ပေ။

သူတို့ အလောင်း၏အရှေ့ ရောက်သွားသည့်အခါ အလောင်းသည် မြေပြင်ပေါ်၌ လဲနေသော်လည်း ကိုက်တစ်ရာကျော် မြင့်မားသေး၏။ ဤအလောင်း၏ တောင်ပံများလည်း အရိုးဖြစ်နေကြသည်။ သူ၏ခွာလေးခုက ကျွဲခွာများနှင့် တူသော်လည်း ရွှေရောင်တောက်နေသည်။

ထို့အပြင် ဤမိစ္ဆာနတ်ဘုရား၏ ခန္ဓာကိုယ်ထဲတွင် လင်းလက်နေသော ကောင်းကင်ရတနာများကိုပင် ချင်မူ မြင်နေရသည်။ နေတစ်စင်း၊ လတစ်စင်း၊ ကြယ်များနှင့် မြေပြင်ပင် ရှိနေ၏။

ချင်မူနှင့် အဘွားစစ်တို့ အပေါက်တစ်ပေါက်မှတစ်ဆင့် အထဲဝင်လိုက်သည့်အခါ ကောင်းကင်ရတနာများ၏အတွင်းရှိ မြေပြင်မှာ ရေအောက်နစ်မြုပ်နေကြောင်း တွေ့လိုက်ရသည်။ ကောင်းကင်ထက်ရှိ နေ၊ လနှင့် ကြယ်များလည်း ပျက်စီးနေသည်။

ပို၍ပင် ထူးဆန်းသည်ကား ရေအောက်နစ်မြုပ်နေသော ထိုမြေပြင်အပေါ်၌ အိမ်များ ရှိနေခြင်းပင် ဖြစ်သည်။

“ဒါက တစ်ခါတုန်းက ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ ဒုက္ခသည်စခန်း ဖြစ်လောက်တယ်.. လွန်ခဲ့တဲ့ နှစ်တစ်ရာနှစ်ရာလောက်ကမှ ပျက်စီးသွားတဲ့ပုံပဲ”

အဘွားစစ် အံ့အားသင့်သွားသည်။ “လော့ဖူကောင်းကင်ဘုံ ကပ်ဆိုက်သွားတော့ မိစ္ဆာနတ်ဘုရားတွေက သူတို့ရဲ့ ရုပ်ခန္ဓာကို စတေးပြီး ကောင်းကင်ရတနာတွေထဲမှာ သူတို့မျိုးနွယ်တွေ နေထိုင်နားခိုနိုင်အောင် လုပ်ပေးခဲ့တာများလား”

ချင်မူက တတိယမျက်လုံးဖြင့် ဘေးဘီဝဲယာ ကြည့်လိုက်သည့်အခါ ခပ်လှမ်းလှမ်းရှိ ပျက်စီးနေသော နဂါးငွေ့တန်းအထက်တွင် မိစ္ဆာနတ်ဘုရားကောင်းကင်နန်းဆောင်တစ်ခုအား မြင်လိုက်ရသည်။

ဤမိစ္ဆာနတ်ဘုရား၏ ကောင်းကင်တံတားရတနာထဲတွင် တံတားပျံတစ်စင်းက ထိုကောင်းကင်နန်းဆောင်ဆီ သွယ်တန်းနေ၏။

မိစ္ဆာကောင်းကင်နန်းဆောင်ထဲ၌ အလွန်အားနည်းနေသော ဝိညာဉ်တစ်ခုကို ချင်မူ မှုန်ရီမှုန်ဝါး မြင်လိုက်ရသည်။ ဝိညာဉ်မှာ အထီးကျန်စွာ ရပ်နေပြီး ဝမ်းနည်းကြေကွဲနေဟန်တူသည်။

ချင်မူမှာ ပျံသွားပြီး ထိုဝိညာဉ်အား စားပစ်ချင်နေသော်လည်း သူ၏နှလုံးသားထဲတွင် ဆာလောင်မှုအား မခံစားရတော့ပေ။ ထိုအစား လေးစားမှုသာ ပြည့်နေသည်။

ဤမိစ္ဆာနတ်ဘုရားတွင် ဝိညာဉ်သာ ကျန်တော့၏။ သူက မျိုးနွယ်ဝင်များ နေထိုင်နိုင်ရန် ကောင်းကင်ရတနာများအား ဖြန့်ခင်းပေးခဲ့သော်လည်း သူ၏ရုပ်ခန္ဓာမှာ သဘာဝကပ်ဘေးများကို မခုခံနိုင်ခဲ့ဘဲ သေဆုံးသွားခဲ့သည်။

မျိုးနွယ်ဝင်များမှာ သူ၏‌ကောင်းကင်ရတနာထဲတွင် အချိန်တစ်ခုထိ နေထိုင်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင် သူ၏ကောင်းကင်ရတနာများလည်း သဘာဝကပ်ဘေးများကြောင့် ပျက်စီးယိုယွင်းလာခဲ့သည်။

“မူလဝိညာဉ်ကို စတေးပြီး ဝိညာဉ်ပဲ ကျန်ခဲ့တာတောင်မှ သူ့မျိုးနွယ်ဝင်တွေ သေခဲ့ရသေးတယ်... သူ့ဝိညာဉ် ဒီမှာ ရပ်နေတာ နှစ်ပေါင်းရာနဲ့ချီနေလောက်ပြီ....”

ချင်မူ ပတ်ဝန်းကျင်သို့ လှည့်လိုက်သည့်အခါ တတိယမျက်လုံးမှတစ်ဆင့် ခန္ဓာမဲ့ဝိညာဉ်များအား မြင်လိုက်ရသည်။ ထိုဝိညာဉ်များသည် ဤမိစ္ဆာနတ်ဘုရား၏ ကောင်းကင်ရတနာထဲတွင် သေဆုံးသွားသော သာမန်မိစ္ဆာနတ်ဆိုးများ ဖြစ်၏။ ဝိညာဉ်များ ရှိနေသည်ကို ကြည့်ရခြင်းအရ မရဏတမန်တော် ဤနေရာသို့ ‌ရောက်မလာခဲ့ပုံပေါ်သည်။ ချင်မူ ဤမိစ္ဆာနတ်ဘုရား၏ သေခြင်းရှင်ခြင်းကောင်းကင်ရတနာဆီ လှမ်းကြည့်လိုက်သည့်အခါ သေခြင်းရှင်ခြင်းကောင်းကင်ရတနာမှာ ဖျက်စီးခံထားရသည်။ ထို့ကြောင့် ဤသာမန်မိစ္ဆာနတ်ဆိုးတို့၏ ဝိညာဉ်များ ဤနေရာ၌ ပိတ်မိနေခြင်းဖြစ်မည်။

“ဘယ်မျိုးနွယ်မှာမဆို စွန့်လွှတ်အနစ်နာခံတတ်တဲ့ လေးစားစရာပုဂ္ဂိုလ်တွေ ရှိတာပဲ”

ချင်မူ တတိယမျက်လုံးကို ပိတ်လိုက်သည်။ ဤဝိညာဉ်တို့အား စားချင်နေသည့် သူ့အတွေးများကို သူ ရွံသည်။

ဤအတွေးများက သူ့အတွေးများ မဟုတ်ပေ။

သူ့စိတ်လည်း မဟုတ်ပေ။

သူ့တွင် ယခုလို ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော အတွေးများ မရှိနိုင်။

‘ငါ့အတွေးကို စိုးမိုးနေတဲ့ကောင်က ဘယ်ကောင်ဖြစ်ဖြစ် ငါ မင်းကို ရွံတယ်’

ချင်မူ မျက်လုံးပြန်ဖွင့်ကာ လှည့်လိုက်သည်။ သူ့ပါးစပ်မှ ယိုတုစကား ထွက်လာပြီး သူ့အနောက်တွင် ကောင်းကင်အလိုတော်မုခ်ဝတစ်ခု ဖွဲ့တည်လာ၏။ မုခ်ဝက ပွင့်လာပြီး ဤတစ်ကြိမ်တွင် ဝိညာဉ်လမ်းညွှန်အစီအရင်ကို မထုတ်လွှတ်ဘဲ တခြားကောင်းကင်နတ်သိုင်းသို့ ပြောင်းလိုက်သည်။

ဤနတ်ဆိုးမျိုးနွယ် ဝိညာဉ်များအား ယိုတုသို့ သူ ပို့ပေးချင်သည်။

မိစ္ဆာနတ်ဘုရား၏ ကောင်းကင်ရတနာထဲတွင် အေးစိမ့်စိမ့် လေများ တိုက်ခတ်လာပြီး ကောင်းကင်အလိုတော်မုခ်ဝ၏အနောက်ရှိ အမှောင်ထဲသို့ တဝေါဝေါ ဝင်သွားကြသည်။

ကောင်းကင်အလိုတော်မုခ်ဝ၏ အခြားတစ်ဖက်မှ စက္ကူလှေလေးများ ထွက်လာပြီး ဝိညာဉ်များကို ခေါ်နေကြသည်။ များစွာမကြာလိုက်ဘဲ လေအေးများ ရပ်တန့်သွားပြီး မီးအိမ်အလင်းရောင်က ချင်မူ့မျက်နှာအပေါ် ကျလာသည်။

“မင်းကိုး... မင်း တကယ် ပြဿနာမရှာခဲ့ဘူးလား” မုခ်ဝထဲမှ မရဏတမန်တော်၏အသံ ပျံလွင့်လာပြီး အံ့အားသင့်နေသံပေါက်၏။

ချင်မူ လက်ဝှေ့ယမ်းနှုတ်ဆက်ကာ ကောင်းကင်အလိုတော်မုခ်ဝကို ပိတ်လိုက်သည်။ “ဘွားဘွား သွားကြစို့”

အဘွားစစ်က အသာအယာ ခေါင်းညိတ်၍ သူ့ကို ကြည့်သည်။ သူမက ဂုဏ်ယူနေသော အမူအရာဖြင့် ပြော၏။ “မူအာ အရွယ်ရောက်လာပြီပဲ”

သူတို့ ထွက်သွားတော့မည့်အချိန် အားနည်းနေသော အသံတစ်သံက အဝေးမှ ထွက်လာသည်။ “ကျေးဇူးတင်ပါတယ်...”

ချင်မူ အသံကြားလိုက်သည့်အခါ အတန်ငယ် မှင်သက်သွားသည်။ သူက နောက်လှည့်ကြည့်လိုက်ပြီး မိစ္ဆာကောင်းကင်နန်းဆောင်ထဲရှိ မိစ္ဆာနတ်ဘုရား၏ဝိညာဉ် လွင့်စင်ပြိုကွဲနေသည်ကို မြင်လိုက်ရ၏။ နန်းဆောင်မှာလည်း လျင်မြန်စွာ ပျက်စီးနေပြီး ကြယ်များလည်း တစ်လုံးပြီးတစ်လုံး မှေးမှိန်သွားသည်။

“မူအာ ကြည့်မနေနဲ့တော့ သူ့ဝိညာဉ်က ပြိုကွဲသွားပြီ”

အဘွားစစ်က သူ့လက်ဆွဲ၍ ကောင်းကင်ရတနာများ၏အပြင် မြန်မြန်ထွက်လိုက်သည်။ “ဆန္ဒမပြည့်သေးလို့ ဒီမိစ္ဆာနတ်ဘုရားရဲ့ ဝိညာဉ် ရှိနေသေးတာ... မဟုတ်ရင် ပြာကျသွားတာကြာပြီ... အခု သူ့ဝိညာဉ် ပြိုကွဲသွားပြီဆိုတော့ သူ့ကောင်းကင်ရတနာတွေလည်း ပြိုကျလာလိမ့်မယ်”

သူတို့ အလျင်အမြန် ထွက်လိုက်သည့်အချိန်မှာပဲ တုန်လှုပ်ချောက်ချားဖွယ် အားလှိုင်းတစ်လှိုင်း ဖြာထွက်လာသဖြင့် ကောင်းကင်ရတနာအားလုံး ပျက်စီးသွားသည်။ တဝုန်းဝုန်း ပေါက်ကွဲသံများ အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်နေ၏။

အဘွားစစ်က ချင်မူ့ကို ခေါ်၍ အဝေးသို့ ပြေးနေသော်လည်း ပေါက်ကွဲမှုများမှ အားလှိုင်းက သူတို့နှစ်ယောက်ကို အပေါ်မြောက်တက်သွားစေသည်။

အဘွားစစ်မှာ မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်းကို ဖြန့်ကျက်ကာ ချင်မူ့အား ကာကွယ်လိုက်သော်လည်း ဤအခိုက်အတန့်တွင် အနက်ရောင်အလင်းတန်းတစ်တန်းက နဂါးတစ်ကောင်လို ရွေ့လျားလျက် အပျက်အစီးများကြားမှ ထွက်လာပြီး မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်းအား ထိုးဖောက်သွားသည်။

“မူအာက နင့်ကို ကယ်ပြီး နင့်လူတွေရဲ့ ဝိညာဉ်တွေကို ယိုတုဆီ ပို့ပေးခဲ့တာတောင် နင်က သူ့ကို အန္တရာယ်ပြုရဲသေးတယ်လား”

အဘွားစစ် ဒေါသထွက်သွားပြီး လှုပ်ရှားတော့မည့်အချိန် အနက်ရောင်အလင်းတန်းက ချင်မူ့နောက်စိဆီသို့ ကွေ့ချလိုက်ကာ အနက်ရောင်ရောင်ခြည်စက်ဝန်းအသွင် ဖွဲ့တည်သွားသည်။ အနက်ရောင် ရောင်ခြည်စက်ဝန်း၏အလယ်တွင် နီရဲနေသော အလင်းရောင်က သွေးမိစ္ဆာလတစ်စင်းသဖွယ် တောက်ပနေ၏။

ချင်မူ နောက်လှည့်ကြည့်လိုက်သော်လည်း မိစ္ဆာလအား မမြင်ရပေ။

ချင်မူ မှန်တစ်ချပ် အလျင်အမြန် ထုတ်၍ ခေါင်းနောက်သို့ ကြည့်လိုက်သည့်အခါမှ သူ့အနောက်တွင် ဖြည်းညင်းစွာ လည်နေသော မိစ္ဆာကို မြင်လိုက်ရသည်။ အနက်ရောင်ရောင်ခြည်ထဲတွင် မိစ္ဆာစာသားများက အဆက်မပြတ် ပြောင်းလဲလျက် စီးမျောနေ၏။

အဘွားစစ် ဒေါသထွက်နေရာမှ ဝမ်းသာသွားပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “အသိစိတ်‌တော့ ရှိသေးသားပဲ.... မူအာ၊ ဒီမိစ္ဆာလက အဲဒီမိစ္ဆာနတ်ဘုရားရဲ့ ကောင်းကင်ရတနာတွေထဲက နောက်ဆုံးလက်ကျန်စွမ်းအားကနေ ဖွဲ့တည်ပေးလိုက်တာ... သူက ဒါနဲ့ မင်းကို ကျေးဇူးဆပ်နေတာပဲ... ဒီလက မင်းရဲ့ မိစ္ဆာလမ်းစဉ် သိုင်းအခြေခံအတွက် အထောက်အကူ ဖြစ်လိမ့်မယ်”

ဤမိစ္ဆာလ ဖွဲ့တည်လာသည်နှင့် သူ၏မိစ္ဆာချီစွမ်းအင်များ လျင်မြန်စွာ တိုးပွားလာသည်ကို ချင်မူ ခံစားလိုက်ရသည်။ မကြာမီ သူ ခုနစ်စဉ်ကြယ်အဆင့်သို့ တက်နိုင်တော့မည်ထင်ရ၏။

“ဘွားဘွား၊ ဒီမိစ္ဆာနတ်ဘုရားရဲ့ ဝိညာဉ်က ကျွန်တော် လူသားမှန်း သိသိကြီးနဲ့ ဘာလို့ ကူညီပေးခဲ့တာလဲ” ချင်မူ ဇဝေဇဝါဖြင့် မေးလိုက်မိသည်။

အဘွားစစ်က အဝေးရှိ ယဇ်ပလ္လင်များဆီသို့ လျှောက်နေရင်း ဖြေသည်။ “မင်းကလည်း လူသားပဲလေ.... ဘာကြောင့် နတ်ဆိုးဝိညာဉ်တွေကို ယိုတုဆီ ပို့ပေးခဲ့တာလဲ”

ချင်မူ အတန်ငယ် ငေးကြောင်သွား၏။

အဘွားစစ်က ပြုံးလိုက်သည်။ “မင်းမှာ မွေးကင်းစကလေးတစ်ယောက်လို နှလုံးသားရှိတယ်... သူကလည်း ကျေးဇူးပြန်ဆပ်ရမှန်း သိတယ်... မိစ္ဆာနတ်ဆိုးမျိုးနွယ်တွေမှာလည်း လေးစားထိုက်တဲ့ သူရဲကောင်းတွေ ရှိပါတယ်”

All Chapters