ကောင်းကင်နတ်သိုင်း
Vol. 44 Ch. 599
အဖြူရောင်အဝတ်စဖြင့် စည်းထားသော ချင်မူ့မျက်နှာမှာ အတန်ငယ် ငေးငိုင်နေသည်။ တခဏကြာသော် သူ့မျက်နှာတွင် တောက်ပသော အပြုံးတစ်ခု ဖြစ်ထွန်းလာပြီး သူက အဘွားစစ်နောက်သို့ ခပ်သွက်သွက် လိုက်သွား၏။
မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးက အဘွားစစ်ကို ကြည့်လိုက်သည်။ အဘွားစစ်၏ မူလဝိညာဉ်ကို မြင်နေရသော်လည်း ဤတစ်ကြိမ်တွင် စားချင်စိတ်မရှိတော့ပေ။
သူ့နှလုံးသားသည် အေးချမ်းနေ၏။ ဤကမ္ဘာပေါ်တွင် အဘွားစစ်လောက်နီးနီး ကြော့ရှင်းတင့်တယ်သော အလှပိုင်ရှင်များ ရှိကောင်း ရှိလိမ့်မည်။ သို့သော် အလှပိုင်ရှင်တိုင်း၏ မျက်နှာလှလှများနောက်ကွယ်တွင် အဘွားစစ်လောက် လှပပြီး ကြင်နာတတ်သော စိတ်ထား ရှိလိမ့်မည်မဟုတ်ပေ။
အဘွားစစ် သူ့ကို မြစ်ကမ်းဘေးမှ ကောက်လာပြီး ဒုက္ခခံ မွေးစားပေးခဲ့သည်ကို ချင်မူ အမှန်တကယ် ကျေးဇူးတင်မိသည်။
သူ၏ကြင်နာတတ်သော စိတ်ထားမှာ အဘွားစစ်ဆီမှ အမွေရထားခြင်းဖြစ်၏။
အဘွားစစ်သည် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ကောင်းကင်နတ်မယ်ဟု ထင်ရှားကျော်ကြာပြီး ယောက်ျားကို ပြန်သတ်သည့် မိန်းမယုတ်ဟု လက်ညှိုးထိုးခံရသော်လည်း ဒုက္ခိတဘိုးဘွားကျေးရွာတွင် အကြင်နာတတ်ဆုံးမှာ အဘွားစစ်အပြင် တခြားမရှိပေ။
ဒုက္ခိတဘိုးဘွားကျေးရွာရှိ လူတိုင်းမှာ အကြောင်းအရင်းကိုယ်စီဖြင့် မဟာမြို့ပျက်သို့ ပြေးလာပြီး ပုန်းအောင်းဇာတ်မြုပ်နေကြသူများ ဖြစ်သည်။ အဘွားစစ်တစ်ယောက်တည်းသာ ဂိုဏ်းသခင်မ, မလုပ်ဘဲ မဟာမြို့ပျက်ထဲ၌ လာရောက်နေထိုင်သူ ဖြစ်သည်။ ထို့အပြင် သူမ၏အလှကြောင့် တစ်ပါးသူကို ဒုက္ခပေးမိသော မိန်းမယုတ်ဟု ခံစားခဲ့ရသောကြောင့် အရုပ်ဆိုးဆိုးအဘွားကြီးပုံစံနှင့်သာ နေထိုင်ခဲ့သည်။
အခြားသူများသည် သူတို့ကိုယ်သူတို့ လှသထက် လှအောင် ခြယ်သချင်ကြပြီး အလှကို လက်နက်အဖြစ် အသုံးချတတ်ကြ၏။ သူမကတော့ ရုပ်ဆိုးသထက် ဆိုးအောင်သာ လုပ်နေခဲ့သည်။
‘ဒီမျက်လုံးရဲ့ အလိုရမ္မက်တွေကို ငါ ထိန်းချုပ်နိုင်သွားပြီ’
ချင်မူ ဝမ်းမြောက်ဝမ်းသာစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ တစ်ပိုင်းတစ ဝိညာဉ်များကို မြင်နေရသော်လည်း မြင်နေရသည်ကို လက်ခံနိုင်သွားပြီး စားချင်နေသည့် အတွေးများ မရှိတော့ပေ။
အဘွားစစ်က သူ့ဆီသို့ လှည့်ကြည့်ကာ ချိုသာစွာ ပြောလာသည်။ “မူအာ၊ မင်းအရှိန်အဝါ ပြောင်းလဲသွားသလိုပဲ... တစ်ခုခု ဖြစ်လို့လား”
“ဟုတ်တယ် ဘွားဘွား အဆန်းတကြယ်ကြီးကို ဖြစ်သွားတာ”
ချင်မူ စိတ်ကြည်လင်သွား၍ ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။ “ကျွန်တော် သိပ်ပျော်သွားပြီ”
အဘွားစစ်က စပ်စုသည်။ “အဆန်းတကြယ်ကြီးတဲ့လား... ဘွားဘွားကို ပြောပြပါဦး”
ချင်မူ ကျယ်လောင်စွာ ပြောလိုက်၏။ “ဘွားဘွားက တစ်လောကလုံးမှာ အလှဆုံး ... တစ်လောကလုံးမှာ အကြင်နာတတ်ဆုံး အမျိုးသမီးပဲ”
အဘွားစစ်က ခေါင်းယမ်းလိုက်ရာ သူမနားရှိ ပုလဲနားဆွဲလေးများ ညင်ညင်သာသာ လှုပ်ခတ်သွားသည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းက ကဝေမက ဘယ်လိုလုပ် အကြင်နာတတ်ဆုံး ဖြစ်နိုင်မှာလဲ... ဘွားဘွားက အကြင်နာတတ်ဆုံး မဟုတ်ဘူး... မူအာကမှ အကြင်နာတတ်ဆုံးပဲ”
ချင်မူ တဟားဟား ရယ်ကာ ပြောလိုက်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်မှာလည်း အဲဒီလိုစိတ်ထားမျိုး မရှိပါဘူးဗျာ”
အဘွားစစ်လည်း စိတ်ရွှင်လန်းလာပြီး နှစ်ယောက်သား စကားပြောလိုက်၊ ရယ်မောလိုက်ဖြင့် အနီးဆုံးယဇ်ပလ္လင်ဆီသို့ သွားနေကြသည်။
ရုတ်တရက် ချင်မူနှင့် အဘွားစစ် ပြိုင်တူရပ်ကာ အနီးဆုံးပလ္လင်သို့ လှမ်းကြည့်လိုက်ကြသည်။ အဝေးတွင် ယဇ်ပလ္လင်သည် တောင်တစ်လုံးသဖွယ် မြင့်မားလှပြီး လေးဖက်လေးလံ၌ လှေကားထစ်များ ရှိ၏။
လှေကားထစ်များက ကောင်းကင်ဘုံသို့ ဦးတည်နေသည့်အလား တိမ်တိုက်များအနား နစ်မြုပ်နေသည်။ သင်္ကေတအမှတ်အသားများကလည်း မှိတ်တုတ်မှိတ်တုတ် လင်းလက်နေ၏။ ဤအမှတ်အသားများက လော့ဖူကောင်းကင်ဘုံကို စတေးရန်အတွက် သင်္ကေတများဖြစ်ချေသည်။
တန်ခိုးရှင်သစ်ခုတ်သမားသည် ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ သွေးယဇ်ပူဇော်နည်းကို သုံးလျက် ဤယဇ်ပလ္လင်အား တည်ဆောက်ခဲ့သော်လည်း တစ်ကမ္ဘာလုံး စတေးလိုလျှင် ယဇ်ပလ္လင်တစ်ခုတည်းဖြင့် မလုံလောက်ခဲ့ပေ။ ယဇ်ပလ္လင်များစွာ စုစည်းနိုင်မှ လော့ဖူကောင်းကင်ဘုံအား အစိတ်စိတ်အမြွှာမြွှာ ဖြိုခွဲကာ သန့်စင်သော စွမ်းအင်အဖြစ် ပြောင်းလဲနိုင်လိမ့်မည်။
ဤလုပ်ငန်းစဉ်တွင် မသိနိုင်သော ဆိုးကျိုးများလည်း ရှိသည့်အတွက် တန်ခိုးရှင်သစ်ခုတ်သမားမှာ အလွယ်တကူ မသုံးဝံ့ခဲ့ပေ။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံအတွက် တခြားနည်းလမ်းမရှိတော့၍ ဤသို့လုပ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်၏။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံအနေဖြင့် အနိုင်မရနိုင်ခြင်းမှာ ကောင်းကင်နတ်ဆိုးမျိုးနွယ်က အင်အားကြီးမားလွန်း၍မဟုတ်။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ဖျက်စီးပြီးမှ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ဝင်နိုင်မည်ဖြစ်၍ပင်။
ကောင်းကင်နတ်ဆိုးမျိုးနွယ်က သန်မာအားကောင်းလွန်းခြင်းမဟုတ်ဘဲ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ဖျက်စီးမည့်စွမ်းအားက သန်မာအားကောင်းလွန်းခြင်းဖြစ်သည်။
ဤအခိုက်အတန့်တွင် ယဇ်ပလ္လင်၏အပေါ်၌ နတ်ဘုရားတစ်ပါးက ပုဆိန်တစ်လက် ကိုင်စွဲလျက် ရပ်နေသည်။ ချီနှင့်သွေးများက ကောင်းကင်ယံသို့ တရှိန်ထိုး မြောက်တက်နေကြ၏။ ယဇ်ပလ္လင်၏အောက်တွင်မူ မိစ္ဆာနတ်ဆိုးစစ်သည်များက ပိုးကောင်များသဖွယ် ထိပ်သို့ စုပြုံတက်နေကြသည်။
ထိုနတ်ဘုရားက ယဇ်ပလ္လင်အထက်၌ ရပ်နေပြီး ပုဆိန်ကို လွှဲယမ်းလိုက်၏။ နှင်းဖြူရောင်အလင်းများ ဖြာထွက်လာကာ မရေမတွက်နိုင်သော ခေါင်းပြတ်၊ ခြေပြတ်၊ လက်ပြတ်များ လေပေါ် လွင့်တက်ကုန်သည်။
လူတစ်ယောက်နှင့် ပုဆိန်တစ်လက်က မိစ္ဆာနတ်ဆိုးစစ်သည်များကို ခုတ်ထစ်နေသဖြင့် သွေးတို့က လှေကားထစ်များအတိုင်း တသွင်သွင် စီးကျနေသည်။
ဝှမ် ဝှမ် ဝှမ်
ပုဆိန်လွှဲယမ်းနေသောအသံက လှိုင်းရိပ်များအဖြစ် ဖြာထွက်လာ၏။ အလောင်းများမှာ လှေကားများတွင် ပြည့်နေပြီဖြစ်သော်လည်း ကောင်းကင်နတ်ဆိုးများမှာ သေရမည်ကို မကြောက်ကြသေးပေ။ သူတို့က ရေလှိုင်းများသဖွယ် အလုအယက် ပြေးတက်နေကြပြီး ထိုနတ်ဘုရားအား သတ်ချင်နေကြ၏။
“ဘွားဘွား ၊ ဒီကောင်းကင်နတ်ဆိုးတွေက သာမန်ကောင်းကင်နတ်သိုင်းပညာရှင်တွေပဲ... ဒီနတ်ဘုရားအတွက် ပြိုင်ဘက်မဟုတ်ဘူး”
ချင်မူမှာ နားမလည်နိုင်ဖြစ်နေသည်။ “ဘာလို့ ဒီတိုင်း အသေခံနေကြတာလဲ”
အဘွားစစ်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေ၏။ ဤကောင်းကင်နတ်ဆိုးများက အမှန်တကယ်ပင် အသေခံနေကြလေသည်။ သူတို့ကြားတွင် ကောင်းကင်တံတားအဆင့် သိုင်းပညာရှင်များ ရှိသော်လည်း ထိုနတ်ဘုရားနှင့် ယှဉ်နိုင်ရန် ဝေးကွာလွန်းသည်။
ထိုနတ်ဘုရားက တန်ခိုးရှင်သစ်ခုတ်သမား ဆင့်ခေါ်ခဲ့သော နတ်ဘုရားနှစ်ဆယ့်လေးယောက်ထဲမှ တစ်ယောက်ဖြစ်၍ စွမ်းအားကြီးမား၏။ တန်ခိုးရှင်သစ်ခုတ်သမားအောက် နိမ့်ကျပါသော်လည်း နတ်ဘုရားများအကြား အတော်လေး ထင်ရှားလေသည်။
ကောင်းကင်နတ်ဆိုးများစွာ စုပြုံတိုက်ခိုက်နေကြသော်လည်း သူ့အနေဖြင့် မသေနိုင်ပေ။
“ဖုရွေ့လော် ဒီလောက်ထိ မတုံးနိုင်ပါဘူး”
အဘွားစစ်က စဉ်းစားကာ ပြောလိုက်သည်။ “အဲဒါဆို ဒီကောင်းကင်နတ်ဆိုးတွေ အသေခံနေတဲ့ အကြောင်းရင်းက ဘာများလဲ... ဒီနတ်ဆိုးတွေလောက်နဲ့ အဲဒီနတ်ဘုရား ဘာမှမဖြစ်နိုင်ဘူး... မိစ္ဆာနတ်ဘုရားတစ်ယောက်ယောက် ဒီနတ်ဆိုးတွေကြားထဲ ပုန်းနေတာများလား”
ချင်မူ အကြည့်ကို အာရုံစိုက်လိုက်သည့်အခါ တတိယမျက်လုံးမှတစ်ဆင့် အားလုံး၏ ကောင်းကင်ရတနာများအား ရှင်းလင်းစွာ မြင်လိုက်ရသည်။ ပုန်းနေသော မိစ္ဆာနတ်ဘုရားတစ်ယောက်မှ သူ မတွေ့မိပေ။
“ဒါက ... သွေးယဇ်ပူဇော်နေတာပဲ”
ချင်မူ ရုတ်တရက် သဘောပေါက်သွား၍ အော်လိုက်မိသည်။ “ဖုရွေ့လော်က ကြောက်စရာဖြစ်တည်မှုတစ်ခုကို ဆင့်ခေါ်ဖို့ သွေးယဇ်ပူဇော်နေတာ... ဒီနားမှာ ယဇ်အစီအရင်ရွတ်ဖတ်နေတဲ့ မိစ္ဆာနတ်ဘုရားတစ်ယောက် သေချာပေါက် ရှိလိမ့်မယ်”
သူ ပြောနေစဉ် ယဇ်ပလ္လင်ပေါ်မှ သွေးများစီးကျနေခြင်း ရပ်တန့်သွားသည်။ အလောင်းများ၊ သက်ရှိနတ်ဆိုးများအားလုံး တောင့်တင်းသွားပြီး လေပေါ် မြောက်တက်သွား၏။ ထို့နောက် အလောင်းဖြစ်စေ၊ သက်ရှိဖြစ်စေ၊ ခန္ဓာကိုယ်အားလုံး တမုဟုတ်ချင်း တစစီပြိုကွဲသွားပြီး အသွေး၊ အသား၊ အရိုးများနှင့် မူလဝိညာဉ်ပင်လျှင် အသေးငယ်ဆုံးအမှုန်အထိ ကြေမွသွားကာ သွေးမြစ်တစ်စင်း ဖြစ်လာသည်။ မြစ်က ယဇ်ပလ္လင်နှင့် နတ်ဘုရားအား လှည့်ဝိုက်နေသည်။
ယဇ်ပလ္လင်ထက်ရှိ နတ်ဘုရားက ပုဆိန်ကို လွှဲယမ်းရင်း ကြောက်မက်ဖွယ်ရာစွမ်းအားကို ထုတ်ဖော်လိုက်သည်။ ပုဆိန်၏ရွေ့လျားမှုများက အလွန်သေသပ်တိကျလာပြီး သူ ထုတ်လွှတ်နေသော အစီအရင်ကောင်းကင်နတ်သိုင်းကလည်း အံ့အားသင့်ဖွယ်ကောင်း၏။ သို့တိုင်အောင် ယဇ်အစီအရင်ကို သူ မချိုးဖျက်နိုင်ပေ။
ချင်မူ ပတ်ဝန်းကျင်အား အလျင်အမြန် ကြည့်လိုက်ပြီး ယဇ်အစီအရင် ရွတ်နေသော မိစ္ဆာနတ်ဘုရားအား လိုက်ရှာကြည့်သည်။ ထိုမိစ္ဆာနတ်ဘုရားက ဤသွေးယဇ်ပူဇော်မှုကို စတင်နေသူဖြစ်သည့်အတွက် အနီးနား၌ သေချာပေါက် ရှိနေရလိမ့်မည်။
အဘွားစစ်လည်း သဘောပေါက်သွားသဖြင့် လိုက်ရှာနေသည်။
အဘွားစစ်သည် သူမ၏ လူသားခန္ဓာ ချီစွမ်းအင်လှည့်ပတ်ပုံကို တည်ဆောက်ခဲ့ပြီး မျက်ကန်း၏ကောင်းကင်မျက်လုံးကျင့်စဉ်အား ထည့်သွင်းထား၏။ သူမ၏မျက်လုံးကောင်းကင်နတ်သိုင်းက မျက်ကန်း၏ ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ် ဖြစ်ပါသော်လည်း မျက်ကန်း၏မျက်လုံးများလောက် အနုမစိတ်ပေ။
သို့တိုင်အောင် သူမက နတ်ဘုရားအဆင့်ဖြစ်သောကြောင့် အမြင်အာရုံက ကြောက်မက်ဖွယ်ရာကောင်း၏။ သို့သော် လိုက်ရှာပြီးနောက်တွင်ပင် ယဇ်အစီအရင် ရွတ်နေသော မိစ္ဆာနတ်ဘုရားအား မတွေ့ပေ။
“ဒီလိုမှန်းသိ မျက်ကန်းကို ခေါ်လာခဲ့ပါတယ်” အဘွားစစ် စိုးရိမ်လာသည်။
ထိုစဉ် သူမဘေးရှိ ချင်မူက အော်လိုက်သည်။ “ဘွားဘွား၊ သူ့ကို တွေ့ပြီ”
အဘွားစစ် မှင်သက်သွားသော်လည်း တွေးနေရန် အချိန်မရှိ၍ အလျင်အမြန် မေးလိုက်၏။ “ဘယ်မှာလဲ”
ချင်မူက ယဇ်ပလ္လင်အပေါ်ရှိ ကောင်းကင်သို့ လက်ညှိုးထိုးပြလိုက်သဖြင့် အဘွားစစ် ကပျာကယာ လှမ်းကြည့်လိုက်သည်။ ဝဲကဲ့သို့ တဝေါဝေါ လည်နေသော သွေးမြစ်ကိုသာ မြင်နေရပြီး မိစ္ဆာနတ်ဘုရားအား မမြင်ရသေးပေ။
‘မူအာရဲ့ မျက်လုံးက တော်တော် ထူးခြားတာပဲ... အဲဒီမိစ္ဆာနတ်ဘုရားကိုတောင် ရှာနိုင်တယ်’
သူမ အနည်းငယ် စိတ်ရှုပ်ထွေးလာသည်။ ‘ဒီမျက်လုံးရဲ့ ဇစ်မြစ်က ဘာပါလိမ့်... ဘာကြောင့် မြေအောက်ဘုံအရှင်သခင်ကတောင် ချိတ်ပိတ်ချင်နေတာလဲ’
ချင်မူက မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးကိုသာ ဖွင့်နိုင်သော်လည်း သူ၏အမြင်အာရုံက အလွန်ထူးဆန်းလေသည်။ တခြားကောင်းကင်မျက်လုံးများ မမြင်နိုင်သည့်အရာများကို မြင်နိုင်၏။
မိစ္ဆာနတ်ဘုရား၏ ပုန်းနည်းကလည်း ဆန်းကြယ်လှ၏။ သူ့တွင် အတိုင်းထက်အလွန် ထူးဆန်းသော ပုန်းလျှိုးကွယ်လျှိုးကောင်းကင်နတ်သိုင်းတစ်ခု ရှိနေကြောင်း ထင်ရှားသည်။
သူက ပလ္လင်ထက်ရှိ ဟင်းလင်းပြင်အက်ကွဲကြောင်းအတွင်း၌ ပုန်း၍ အစီအရင် ရွတ်ဖတ်နေခြင်းဖြစ်သည်။ တစ်ချက်တစ်ချက်က သူသည် ဇောက်ထိုးနေတတ်ပြီး တစ်ချက်တစ်ချက် ရူးသွားသကဲ့သို့ ဆံပင်ဖွာလန်ကြဲဖြင့် ဒယိမ်းဒယိုင် လျှောက်နေတတ်၏။
ချင်မူ အလေးအနက် ပြောလိုက်သည်။ “ဘွားဘွား ကျွန်တော့်ချီစွမ်းအင်ကြိုးမျှင် ဆန့်ပြမယ့် နေရာကို ကြည့်လိုက်... ကျွန်တော် ချီကြိုးမျှင်နဲ့ နေရာပြပေးမယ်... ဘွားဘွား သူ့ကို ရအောင် သတ်”
အဘွားစစ်က ကမန်းကတန်း အော်လိုက်၏။ “လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို မသုံးနဲ့နော်.. ချီစွမ်းအင်ကြိုးမျှင်နဲ့ပဲ နေရာပြ ကြားလား... ဘွားဘွားကို မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ ပေး”
ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားပြီး အပ်ချည်လုံးတစ်လုံး ထုတ်ပေးလိုက်သည်။ ထို့နောက် ချီစွမ်းအင်ကို ကြိုးမျှင်ဖွဲ့လိုက်ကာ ယဇ်ပလ္လင်အထက်ရှိ ကောင်းကင်ယံသို့ ညွှန်ပေးလိုက်၏။
ဤချီစွမ်းအင်ကြိုးမျှင်က မိစ္ဆာနတ်ဘုရား ပုန်းနေသည့်နေရာဆီသို့ တန်းတန်းမတ်မတ် ဆန့်တန်းနေသည်။ တစ်ချိန်တည်းမှာပင် အဘွားစစ်က မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို ထိန်းချုပ်လိုက်၍ သင်္ကေတအမှတ်အသားများက ကြိုးမျှင်များသဖွယ် ကောင်းကင်ယံတွင် စီးမျောသွားသည်။
ကျမ်းစာမှ ဖွဲ့တည်ထားသော ကြိုးမျှင်က ချင်မူ့ချီစွမ်းအင်ကြိုးမျှင်နှင့် ပူးကပ်ကာ တမုဟုတ်ချင်း ရှည်ထွက်သွားသည်။
အဘွားစစ်၏ မှော်စွမ်းအင်သည် မဟာဉာဏ်အလင်းပွင့်ကောင်းကင်နတ်ဆိုးကျမ်းစာ၏ စာသားများထဲသို့ စီးမျောဝင်ရောက်နေ၏။ ဤသိုင်းကွက်မှာ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ တည်ထောင်သူဂိုဏ်းသခင် အမွေပေးခဲ့သော သိုင်းကွက်ဖြစ်သည်။ တည်ထောင်သူဂိုဏ်းသခင်သည် ကျမ်းစာကို ရတနာအဖြစ် ပြောင်းလဲခဲ့၏။ ကျမ်းစာကို မဖွင့်သရွေ့ ၎င်းက သေးငယ်သော ချည်လုံးလေးအသွင်ဖြင့်သာ ရှိနေလိမ့်မည်။ သို့သော် ဖွင့်လိုက်သည်နှင့် မရေမတွက်နိုင်သော စာသားများ ပေါ်ထွက်လာလိမ့်မည်။
ထိုမျှသာမက ကျမ်းစာကို ဝိညာဉ်လက်နက်အဖြစ်လည်း အသုံးပြုနိုင်၏။
အဘွားစစ်သည် တစ်ခါတုန်းက ကျမ်းစာကို အသုံးပြု၍ နယ်စပ်နဂါးမြို့၏ အဆင့်မြင့်သိုင်းပညာရှင်များနှင့် တိုက်ခိုက်ခဲ့ဖူးသည်။ ချင်မူ ရွာလူကြီးနှင့်အတူ မဟာမြို့ပျက်၏ အမှောင်ထုထဲသို့ ပထမဆုံး ဝင်ခဲ့တုန်းကလည်း သူ့ကို ကာကွယ်ရန် ယူလာခဲ့သော ရတနာများတွင် မဟာဉာဏ်အလင်းပွင့်ကောင်းကင်နတ်ဆိုးကျမ်းစာ ပါဝင်ခဲ့သည်။
ထို့နောက်ပိုင်း ချင်မူ့တွင် ကိုယ်ပိုင်ဝိညာဉ်လက်နက် ရှိလာသဖြင့် မဟာဉာဏ်အလင်းပွင့်ကောင်းကင်နတ်ဆိုးကျမ်းစာကို မသုံးတော့ပေ။ သူ့အတွက် သုံးရန်လည်း အဆင်မပြေဖြစ်လာ၏။
သို့သော် အဘွားစစ်အတွက်မူ မဟာဉာဏ်အလင်းပွင့်ကောင်းကင်နတ်ဆိုးကျမ်းစာက သူမ၏ အကောင်းဆုံး ဝိညာဉ်လက်နက်ဖြစ်သည့်အပြင် သူမ၏ကျင့်စဉ်နှင့် စိတ်သဘာဝဖြင့် အကိုက်ညီဆုံးဖြစ်၏။ ကောင်းကင်နတ်သိုင်းများသာ ထုတ်လွှတ်နိုင်သော အသွင်သဏ္ဍာန်များကိုပင် မဟာဉာဏ်အလင်းပွင့်ကောင်းကင်နတ်ဆိုးကျမ်းစာဖြင့် သူမ ဖွဲ့တည်နိုင်သည်။ ချင်မူက ကောင်းနတ်ဆိုးဂိုဏ်းသခင် ဖြစ်နေ၍သာ မဟာဉာဏ်အလင်းပွင့်ကောင်းကင်နတ်ဆိုးကျမ်းစာက ချင်မူ့လက်ထဲ၌ ရှိနေပြီး သူမကလည်း မတောင်းခဲ့ပေ။
ချင်မူ၏ ချီစွမ်းအင်ကြိုးမျှင်က မိုင်ငါးဆယ်အထိ ဆန့်ထွက်သွားပြီး မိစ္ဆာနတ်ဘုရား ပုန်းနေသည့်နေရာသို့ ရောက်ပေတော့မည်။ သို့သော် သူ၏ချီစွမ်းအင်ကြိုးမျှင်မှာ နောက်ဆုံးအကန့်အသတ်သို့ ရောက်နေခဲ့ချေပြီ။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကိုသာ လှည့်ပတ်လိုက်လျှင် ယခုထက် ခြောက်ဆခန့် ဆန့်ထုတ်နိုင်သော်လည်း ကျင့်စဉ်ကို မထုတ်ဖော်နိုင်၍ မိုင်ငါးဆယ်အထိသာ အလွန်ဆုံး ရောက်နိုင်သည်။
“မူအာ ကျင့်စဉ်ကို လုံးဝ မလှည့်ပတ်လိုက်နဲ့ .... အခုလောက်ဆို ဘွားဘွား သူ့ကို သတ်နိုင်တယ်”
အဘွားစစ်က နောက်တစ်ကြိမ် မှာလိုက်ပြီး ကောင်းကင်တံတားတစ်စင်းက သူမနောက်၌ ဖွဲ့တည်လာကာ ကောင်းကင်တစ်လျှောက် သွယ်တန်းသွားသည်။ တံတားအပေါ်တွင် သူမ၏မူလဝိညာဉ်ပေါ်လာပြီး ကောင်းကင်တံတား၏အဆုံး ကောင်းကင်နန်းဆောင်များအရှေ့၌ ရှိနေ၏။
အဘွားစစ် မာန်သွင်းဟစ်အော်လိုက်သည့်အခါ သူမခန္ဓာကိုယ်မှ စွမ်းအားများ ပေါ်ထွက်လာသည်။ တောင်ကောင်းကင်မုခ်ဝ၏အပြင်တွင် အလင်းတန်းများက အထက်ကောင်းကင်ကိုးဆင့်ဆီသို့ ဖြာထွက်သွားပြီး မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ စာသားကြိုးမျှင်များသည် မိစ္ဆာနတ်ဘုရား ပုန်းနေသောနေရာဆီသို့ ဝိညာဉ်မြွေများသဖွယ် လူးလွန့်ရွေ့လျားသွားကြသည်။
ထိုမိစ္ဆာနတ်ဘုရားမှာ အစီအရင်၏ အရေးအကြီးဆုံးအပိုင်းအား ရွတ်နေသည်။ ထိုစဉ် အလင်းတန်းတစ်တန်းက ကောင်းကင်ကို ဖြတ်သန်းလာပြီး သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးဖောက်သွား၏။
မိစ္ဆာနတ်ဘုရား အံ့အားသင့်သွားပြီး မျက်ခုံးနှစ်ဖက်ကြားသို့ လက်လှမ်းလိုက်သည့်အခါ ကြိုးမျှင်တစ်မျှင်အား ကိုင်လိုက်မိသည်။
သူ မှင်သက်သွား၏။ “ဒါက ဘာလဲ”
ချင်မူ့ဘေးတွင် အဘွားစစ်၏ နူးညံ့လှပသော ဆံနွယ်လေးများ လွင့်ဝဲနေပြီး သူမအသွင်မှာ လေထဲတွင် ကခုန်နေသော လိပ်ပြာမလေးနှင့် တူနေသည်။ ကောင်းကင်နတ်သိုင်းတစ်ကွက်ပြီးတစ်ကွက် ဖြာထွက်သွား၏။
မိစ္ဆာနတ်ဘုရား၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး သူ့ကိုယ်ထဲမှ ကြိုးမျှင်ကို ဆွဲထုတ်ရန် ပြင်လိုက်စဉ် မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ ကြိုးမျှင်က ကောင်းကင်နတ်သိုင်းများအဖြစ် ပေါက်ကွဲသွားလေသည်။
ဘုန်း ဘုန်း ဘုန်း ဘုန်း
ဟင်းလင်းပြင်အက်ကွဲကြောင်းဆီမှ တုန်ခါလှိုင်းများ ဖြာထွက်လာကာ သွေးများ စီးကျလာ၏။ ကောင်းကင်၏ ဒဏ်ရာတစ်ခုမှ သွေးများ ရေတံခွန်သဖွယ် ကျဆင်းနေသည့်အလား ထင်ရသည်။
အဘွားစစ် စိတ်အေးသွားပြီး မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို သိမ်းလိုက်သည်။ သူမ ခေါင်းမော့ကြည့်လိုက်သည့်အခါ သွေးယဇ်ပူဇော်မှုကား အဆုံးမသတ်သေးပေ။
မိစ္ဆာနတ်ဘုရား သေသွားသော်လည်း သွေးယဇ်ပူဇော်မှုကား ပြီးမြောက်သွားချေပြီ။