← Chapters

အဘွားစစ်၏ ဖိနပ်သေးသေးလေးများ

Vol. 44 Ch. 601

အဘွားစစ်၏ ဖိနပ်သေးသေးလေးများ

Vol. 44 Ch. 601

မိစ္ဆာနတ်ဘုရားက ယဇ်ပလ္လင်ကို စောင့်ကြပ်နေသော မဟာမြို့ပျက်၏ နတ်ဘုရားနှင့် တိုက်ခိုက်နေသည်။ သူသည် ပတ်၀န်းကျင်ကို မြင်နိုင်ကြားနိုင်ပါသော်လည်း သူ၏ပြိုင်ဘက်က သန်မာအားကောင်းလွန်းသဖြင့် ပြိုင်ဘက်၏ သိုင်းကွက်များသာ အာရုံစိုက်နေရ၏။ အင်္ကျီပျံသန်းလာမှန်း သူ မြင်သော်လည်း အန္တရာယ်တစ်စုံတစ်ရာ မခံစားမိသဖြင့် ဂရုမစိုက်လိုက်ပေ။ အင်္ကျီ သူ့ခန္ဓာကိုယ်ကို စွပ်သွားသည့်အချိန်တွင်တော့ တုံ့ပြန်ရန် နောက်ကျသွားချေပြီ။

အဘွားစစ် စေလွှတ်လိုက်သော အင်္ကျီက သူ့ကို စွပ်သွားသည်နှင့် တမုဟုတ်ချင်း ကျုံ့လာပြီး သူ့ရင်ဘတ်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားသည်။ ဖိအားကြောင့် သူ၏ နံရိုးများလည်း တဖျောက်ဖျောက် ကျိုးကုန်၏။

အပ်များ သူ့ခန္ဓာကိုယ်အနှံ့အပြားသို့ ထိုးစိုက်နေသည့်အလား ဤအင်္ကျီတွင် အပ်များပြည့်နေသယောင် ထင်ရသည်။ စူးအောင့်သော နာကျင်မှုက တစ်ကိုယ်လုံးပျံ့နှံ့လာသဖြင့် သူ့မှာ တောင့်မခံနိုင်တော့ပေ။

မိစ္ဆာနတ်ဘုရားမှာ အသက်ရှူကြပ်လာသဖြင့် ခန္ဓာကိုယ်ကို အလျင်အမြန် ချုံ့လိုက်သည်။ မိစ္ဆာနတ်ဘုရားတစ်ပါးအတွက် ခန္ဓာကိုယ်အရွယ်အစားပြောင်းလဲရန် မခက်ပေ။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူ၏ပြိုင်ဘက်ကလည်း ဓားဖြင့် ဝိုက်ခုတ်လိုက်သဖြင့် ခန္ဓာကိုယ်ကို ချုံ့ကာ ဓားအား ရှောင်လိုက်နိုင်၏။

သို့သော် သူ့ခန္ဓာကိုယ်က ကျုံ့နေစဉ် အင်္ကျီကလည်း ကျုံ့လာကာ သူ့ကို တင်းတင်းကြပ်ကြပ် ဆက်လက် ချုပ်နှောင်ထားသေးသည်။

‌

”ကွဲထွက်လိုက်စမ်း”

သူက ခန္ဓာကိုယ်ကို ပြန်ချဲ့လိုက်သော်လည်း အင်္ကျီမှာမူ သူနှင့်အတူ ကြီးမားမလာသဖြင့် နံရိုးကျိုးသံများ ထွက်လာ၏။

နံရိုးများသာ ကျိုးနေခြင်းမဟုတ်။ အတွင်းကလီစာများလည်း တစ်ပြိုင်တည်းနီးပါး ဖိသိပ်ခံလိုက်ရသည်။

သူ့ရင်ဘတ်မှာ တင်းကြပ်နေပြီး ငွေအပ်များက တစ်ကိုယ်လုံးကို ထိုးစိုက်ကာ ခန္ဓာကိုယ်၏လုပ်ဆောင်မှုများကို ဖျက်စီးပစ်နေသည်။ ထို့ကြောင့် ခန္ဓာကိုယ်ကို ချဲ့လိုက်သည့်အခါ သေမင်းခံတွင်းဝထဲ တည့်တည့်ပြေးဝင်သွားသလို ဖြစ်သွား၏။

သူနှင့်တိုက်ခိုက်နေသော နတ်ဘုရားက သူ့ဦးခေါင်းထဲသို့ ဓားဖြင့် ထိုးချလိုက်ကာ သူ၏မူလဝိညာဉ်ကို ဇီဝိန်ချုပ်ပစ်လိုက်သည်။

မိစ္ဆာနတ်ဘုရားမှာ ပြူးထွက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး ပါးစပ်မှ သွေးများစီးကျလာ၏။ သူက ပြောလိုက်သည်။ “ဒီအင်္ကျီကိုသာ ငါ ၀တ်မထားခဲ့ရင် မင်း ငါ့ကို မနိုင်ဘူး....” ထိုသို့ပြောပြီးနောက် အသက်ထွက်သွား၏။

မိစ္ဆာနတ်ဘုရား အသက်မရှိတော့သည့်အခါ အင်္ကျီက အလိုအလျောက် ကျွတ်ထွက်လာပြီး အဘွားစစ်ဘေးသို့ ပြန်လာသည်။ အင်္ကျီသည် အဝတ်စများအဖြစ် ပြန်ကွဲထွက်သွားကာ အဘွားစစ်၏ ခြင်းထဲသို့ ဝင်သွား၏။

ချင်မူ ခြင်းထဲရှိ အဝတ်စများကို ကြည့်၍ သွေးတိုးစမ်းကြည့်လိုက်သည်။ “အဘွားစစ်ရဲ့ အပ်ချုပ်စွမ်းရည်က ပိုလို့တောင် သေသပ်လာတာပဲ... ဒီအဝတ်စတွေက ဘယ်ကလာတာလဲ... ဘာလို့ မိစ္ဆာနတ်ဘုရားရဲ့ ခန္ဓာကိုယ် ချုပ်နှောင်ထားနိုင်တာလဲ”

“အဝတ်စတွေက နတ်ဘုရားတွေရဲ့ အရွတ်အကြောတွေပဲ .... ဘွားဘွား မဟာမြို့ပျက်မှာ တွေ့ခဲ့ရတဲ့ နဂါးအရွတ်တွေလည်း ပါတယ်... အရေအတွက်က မလောက်လို့တာ အဝတ်စတွေအဖြစ်ပဲ ချုပ်ထား‌တာပါ”

အဘွားစစ်က ပြုံးလိုက်၏။ “မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာနဲ့ ဒီအဝတ်စတွေကို တွဲချုပ်လိုက်တော့ မိစ္ဆာနတ်ဘုရား ရုန်းမထွက်နိုင်တော့ဘူးပေါ့”

ချင်မူ မျက်တောင်ပုတ်ခတ်လိုက်သည်။ “အင်္ကျီအပြင် ဘွားဘွား တခြားဘာတွေ ချုပ်နိုင်သေးလဲ”

“ဖိနပ်သေးသေးလေးတွေ ချုပ်တတ်သေးတယ်.. ဘွားဘွားမှာ မိစ္ဆာနတ်ဘုရားတစ်ပါးရဲ့ အရေပြားနဲ့ ချုပ်ထားတဲ့ အဝတ်ဖိနပ်ခုံတွေ ရှိသေးတယ်.... အဲဒါတွေနဲ့ဆို ဖိနပ်နှစ်စုံလောက် ချုပ်ဖို့ လောက်တယ်”

အဘွားစစ်က ဖိနပ်ခုံနှစ်စုံ ထုတ်ပြပြီး မျက်ဝန်းလေးများ လခြမ်းသဖွယ် ကွေးညွတ်သွားသည့်တိုင်အောင် ပြုံးလိုက်သည်။ “ဒီဖိနပ်သေးသေးလေးတွေကို ဝတ်လိုက်တာနဲ့ ဘွားဘွား သူ့ရဲ့ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်သွားပြီ.... ဘယ်လိုပဲလုပ်လုပ် ဖိနပ်ချွတ်လို့ရမှာမဟုတ်ဘူး.... မူအာက ဘွားဘွား ချုပ်ထားတဲ့ ဖိနပ်သေးသေးလေးတွေ ဝတ်ချင်လို့လား”

“မဝတ်ချင်ပါဘူး... ကျွန်တော်ငယ်ငယ်တုန်းက ဘွားဘွား ချုပ်ပေးတဲ့ ဖိနပ်သေးသေးလေးတွေ စီးခဲ့ရလို့ အခုဆို ကျွန်တော့်ခြေထောက်တွေ သေးကုန်ပြီ”

သူတို့ စကားပြောနေကြစဉ် မဟာမြို့ပျက်မှ နတ်ဘုရားက သူတို့ကို ဖိတ်ခေါ်သည်။ “အဆွေတော်တို့ အပေါ် တက်လာခဲ့ကြပါလား”

ချင်မူနှင့် အဘွားစစ် ပလ္လင်အပေါ် တက်လိုက်ကြသည်။ ထိုနတ်ဘုရားသည် လေပြေထဲက ကျောက်စိမ်းသစ်ပင်ပမာ အလွန်ခံ့ညားချောမော၏။ သူက အဘွားစစ်ကို မြင်လျှင် ရင်ထဲလှုပ်ရှားသွား၍ ကပျာကယာ ဣန္ဒြေဆည်လိုက်ပြီး ကျေးဇူးတင်ကြောင်း အရိုအသေပေးသည်။ “ဂိုဏ်းသခင်ချင်ကိုး... ဒီဖက်က အထက်ကောင်းကင်ဘုံက တာအိုမိတ်ဆွေလား... ကူညီပေးလို့ ကျေးဇူးတင်ပါတယ်”

“ကျွန်တော့်ကို သိတယ်လား” ချင်မူ အံ့အားသင့်သွားသည်။

နတ်ဘုရားက ပြုံးလျက် ပြောသည်။ “ကောင်းကင်ဆရာသခင်က ဂိုဏ်းသခင်အကြောင်း တစ်ခါပြောဖူးပါတယ်”

ချင်မူ အလျင်အမြန် မေးလိုက်သည်။ “‌ကောင်းကင်ဆရာသခင် ဘယ်မှာလဲဗျ”

“ဟိုးမှာ”

နတ်ဘုရားက အဝေးသို့ လက်ညှိုးထိုးပြသည်။ “ဒီကနေ ခြောက်ခုမြောက် ယဇ်ပလ္လင်က ကောင်းကင်ဆရာသခင် စောင့်ကြပ်နေတဲ့ ယဇ်ပလ္လင်ပဲ... ကျုပ် ဒီယဇ်ပလ္လင်ကို စောင့်ရှောက်ရမှာမလို့ အဆွေတော်တို့ကို လိုက်ပို့လို့မရဘူး... ခွင့်လွှတ်ပါ”

ချင်မူနှင့် အဘွားစစ် နှုတ်ဆက်စကားပြောပြီး သူ ညွှန်ပြခဲ့သောဘက်သို့ လမ်းလျှောက်သွားကြသည်။ လမ်းတွင်လည်း တိုက်ခိုက်ခံနေရသည့် ယဇ်ပလ္လင်များအား မြင်ကြရ၏။ ရေလှိုင်းများသဖွယ် ယဇ်ပလ္လင်အပေါ် ပြုံတိုးတက်နေကြသော ကောင်းကင်နတ်ဆိုးတပ်ဖွဲ့များသော်လည်းကောင်း၊ နတ်ဘုရားနှင့် နှစ်ယောက်တည်း တိုက်ခိုက်နေသော မိစ္ဆာနတ်ဘုရားသော်လည်းကောင်း တွေ့မြင်ရသည်။ အားလုံးက ယဇ်ပလ္လင်များအား လုနေကြလေသည်။

ချင်မူနှင့် အဘွားစစ်က ကူညီနိုင်လျှင် ဝင်ကူပေးပြီး မကူညီနိုင်လျှင် ရှောင်ကွင်းသွားကြသည်။

ယဇ်ပလ္လင်တစ်ခုမှာ ကောင်းကင်နတ်ဆိုးတို့၏လက်ထဲ ကျရောက်နေပြီဖြစ်၍ ယဇ်ပလ္လင်အား စောင့်ကြပ်နေသော နတ်ဘုရား အသတ်ခံခဲ့ရခြင်း ဖြစ်လိမ့်မည်။ ဤအဖြစ်အပျက်များအား ရှောင်တိမ်းမရပေ။ တန်ခိုးရှင်သစ်ခုတ်သမားက ‌ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ တန်ဖိုးအထားဆုံးအရာ၊ လော့ဖူကောင်းကင်ဘုံကို ဓားစာခံသဖွယ် အသုံးချနေခြင်း မဟုတ်ပါ၏လော။ ကောင်းကင်နတ်ဆိုးမျိုးနွယ်အနေဖြင့် အပေးအယူအတွက် အသက်စွန့်၍ ပြန်လုရုံအပြင် ရွေးချယ်စရာမရှိပေ။

“လော့ဖူကောင်းကင်ဘုံက အန္တရာယ်များပေမယ့် ကောင်းကင်နတ်ဆိုးတွေ အများကြီး နေနေကြသေးတာပဲ”

တားမြစ်နေရာတချို့တွင် မိစ္ဆာနတ်ဘုရားတို့၏ အလောင်းများ၊ အရိုးများကို ချင်မူနှင့် အဘွားစစ်တို့ မြင်ကြရသည်။ ထိုကဲ့သို့ နေရာများတွင် ကျောက်ပြားများ ထောင်ထားကြပြီး မိစ္ဆာနတ်ဆိုးစာသားများ ရေးထားကြ၏။ ၎င်းတို့က သဘာဝကပ်ဆိုးကြီးကို ခုခံရန်အတွက် ဖြစ်လိမ့်မည်။

ထို့အပြင် ဤမိစ္ဆာနတ်ဘုရားအလောင်းများ၏ ကောင်းကင်ရတနာများအတွင်း၌ ကောင်းကင်နတ်ဆိုးများ နေထိုင်နေကြသည်။ ကပ်ဆိုးကြီးဖြစ်ပြီးနောက် မိစ္ဆာနတ်ဘုရားတချို့သည် သူတို့၏မျိုးနွယ်များ အသက်ဆက်နိုင်အောင် ရုပ်ခန္ဓာတို့အား စတေးခဲ့ဟန်တူ၏။

“အဘွားစစ်၊ ဘာလို့ ဒီ‌ကောင်းကင်နတ်ဆိုးကမ္ဘာက သဘာဝကပ်ဆိုးတွေကို ရင်ဆိုင်ရတာလဲ... အဲဒီကပ်ဆိုးတွေက ဘယ်ကလာတာလဲ” ချင်မူ နားမလည်နိုင်ဖြစ်နေပြီး ကောင်းကင်ယံရှိ ဂြိုဟ်အပဲ့ကြီးအား မော့ကြည့်လိုက်မိသည်။ ဂြိုဟ်ကြီးသည် အတိုင်းထက်အလွန် ကြီးမားပြီး လောလောဆယ်တွင် ရွေ့လျားနေ၏။ ၎င်းကြောင့် မြေ၊ ရေ၊ လေနှင့် မီးဓာတ်များ  ကမောက်ကမ ဖောက်ပြန်ကုန်၍ ကပ်ဆိုးများစွာ ဖြစ်ပေါ်လာသည်။

ကောင်းကင်ထဲတွင် ပျက်စီးနေသော ကြယ်အပိုင်းအစများ ရှိနေသေးသည်။ တစ်ခါတရံ အပိုင်းအစများက မီးလျှံမြွေများတဖွယ် တဝုန်းဝုန်း ကျဆင်းလာတတ်သည်။

အဘွားစစ်က ခေါင်းခါ၏။ “ဘွားဘွား ဘယ်လိုလုပ် သိပါ့မလဲ...  ဒီနေရာက တကယ့် သဘာဝကပ်ဆိုးကြောင့် ပျက်စီးသွားတာလည်း ဖြစ်နိုင်သလို... နတ်ဘုရားတစ်ပါးက မှော်စွမ်းအင်နဲ့ ဒီဂြိုဟ်တွေ၊ ကြယ်တွေကို ရွှေ့လိုက်ပြီး... ကပ်ဘေးတွေ စေလွှတ်ခိုင်းထားတာလည်း ဖြစ်နိုင်တာပဲ.. အကြောင်းရင်းကိုတော့ ဖုရွေ့လော်ပဲ သိနိုင်လိမ့်မယ်”

နောက်ဆုံးတော့ ဆဋ္ဌမပလ္လင်ဆီသို့ သူတို့ ရောက်လာကြသည်။

ချင်မူနှင့် အဘွားစစ် အဝေးမှ လှမ်းကြည့်လိုက်သည့်အခါ ထိုယဇ်ပလ္လင်အပေါ်ရှိ မိစ္ဆာနတ်ဆိုးချီမှာ အဖြူနှင့်အမည်း နှစ်ခြမ်းကွဲနေကြောင်း မြင်လိုက်ရသည်။ ၎င်းတို့က ငါးကြီးနှစ်ကောင်သဖွယ် တစ်‌ကောင်၏အမြီးဆီသို့ ဦးတည်လျက် ဖြည်းညှင်းစွာ လှည့်ပတ်နေကြသည်။

‘ဖုရွေ့လော် ရောက်နေပြီပဲ’

ချင်မူ အံ့အားသင့်သွားသည်။ ‘လုလီလည်း ရှိနေမလား မသိဘူး... လုလီသာ ဒီမှာ ရှိနေရင် တန်ခိုးရှင်သစ်ခုတ်သမားကို စိုးရိမ်ရတယ်’

သူက ယဇ်ပလ္လင်ဆီသို့ မော့ကြည့်လိုက်သည်။ တတိယမျက်လုံးဖြင့် မတူညီသော ကောင်းကင်ရတနာများကို သူ မြင်ရသော်လည်း တန်ခိုးရှင်သစ်ခုတ်သမားနှင့် ဖုရွေ့လော်၏ ကောင်းကင်ရတနာများမှလွဲ၍ ကောင်းကင်နန်းဆောင်များ သို့မဟုတ် မိစ္ဆာနန်းဆောင်များထဲ ဝင်ရောက်ထားသော ကောင်းကင်ရတနာများအား မမြင်တွေ့ရပေ။

ဖုရွေ့လော်နှင့်အတူ ယဇ်ပလ္လင်အပေါ် ရောက်နေသော ကောင်းကင်နတ်ဆိုးများအကြား လုလီ ရှိမနေ။ ထိုအစား မိစ္ဆာနတ်ဘုရားအဆင့်အထိ မကျင့်ကြံရသေးသော ကောင်းကင်နတ်ဆိုးများသာ ပါသဖြင့် သိပ်အန္တရာယ်မရှိပေ။

ယဇ်ပလ္လင်အောက်၌မူ မိစ္ဆာနတ်ဘုရားအဆင့် ကောင်းကင်ရတနာများအား မြင်တွေ့ရသည်။ ဖုရွေ့လော်သည် တန်ခိုးရှင်သစ်ခုတ်သမား လော့ဖူကောင်းကင်ဘုံအား စတေးလိုက်မည်စိုးသဖြင့် မိစ္ဆာနတ်ဘုရားများကို ယဇ်ပလ္လင်အောက်၌ ထားခဲ့ခြင်းဖြစ်မည်။

ချင်မူ စိတ်အေးသွားပြီး အဘွားစစ်နှင့်အတူ ဆဋ္ဌမယဇ်ပလ္လင်ဆီသို့ လျှောက်သွားလိုက်သည်။

ယဇ်ပလ္လင်၏ အောက်ခြေသို့ သူတို့ ရောက်သည့်အခါ ကျားနတ်မင်းကို မြင်လိုက်ရ၍ ချင်မူ ဝမ်းမသာမိဘဲ မ‌နေတော့ပေ။ သူ့ကို အလျင်အမြန် လက်ဝှေ့ယမ်းပြလိုက်မိသည်။

ကျားနတ်မင်းက သူ့ကို အဖက်မလုပ်ဘဲ တူကြီးနှစ်ဖက်ကို ကိုင်ဆွဲလျက် သတိအနေအထားဖြင့် ဘေးတစ်ဖက်စီရှိ မိစ္ဆာနတ်ဘုရားနှစ်ပါးအား ကြည့်နေသည်။ တန်ခိုးရှင်သစ်ခုတ်သမား၏အသံ ထွက်လာ၏။ “ချင်မူ၊ ယဇ်ပလ္လင်အ‌ပေါ် နတ်ဘုရားတွေ တက်ခွင့်မရှိဘူး... မင်းရဲ့ဘေးက အမျိုးသမီးကို အောက်မှာ နေခဲ့ခိုင်းလိုက်... မင်းကတော့ တက်လာနိုင်တယ်”

ချင်မူ ခေါင်းညိတ်လိုက်သည်။

အဘွားစစ်က မချုပ်တည်းနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။ “အထွတ်အမြတ်ဆရာသခင်၊ ကျွန်မက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ကောင်းကင်နတ်မယ်ဟောင်းပါ ... ကျွန်မ အထွတ်အမြတ်ဆရာသခင်ကို သိပ်လေးစားပါတယ်... အထွတ်အမြတ်ဆရာသခင်၊ ကျွန်မ ရှင့်ကို တစ်ချက်လောက် ကြည့်ခွင့်ရမလားရှင်”

ယဖ်ပလ္လင်ထက်မှ တန်ခိုးရှင်သစ်ခုတ်သမားက ငုံ့ကြည့်လိုက်ပြီး မှင်သက်သွားသည်။ သူက ဖြည်းညှင်းစွာ ပြောလေသည်။ “သိပ်လှတဲ့ အမျိုးသမီးပဲ... ငါ့တာအိုနှလုံးသားကိုတောင် ဖောက်ပြန်စေတော့မလို့... ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ငါနဲ့ ဘာမှမပတ်သက်ဘူး... အခု ငါ့ကိုလည်း မြင်ရပြီဆိုတော့ တက်မလာနဲ့တော့... မဟုတ်ရင် ငါ အာရုံစိုက်ဖို့ ခက်တယ်”

အဘွားစစ်မှာ ခေါင်းညိတ်လိုက်ရပြီး ကျားနတ်မင်းဘေး၌ နေကျန်ခဲ့ရသည်။ သူမက ခပ်တိုးတိုး မှာလေသည်။ “မူအာ၊ အပေါ်ရောက်ရင် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို မလှည့်ပတ်နဲ့နော်... လှည့်ပတ်ရမယ်ဆို ရွှေရောင်မိုးမခသစ်ရွက်ကို မင်းရဲ့ မျက်ခုံးနှစ်ဖက်ကြားမှာ ကပ်ထားရမယ်”

“ဘွားဘွား စိတ်မပူပါနဲ့ ကျွန်တော် မှတ်ထားပါ့မယ်”

ချင်မူက ခြေလှမ်းကြဲကြဲများဖြင့် လှေကားထစ်များအတိုင်း တက်သွားပြီး များမကြာခင် ယဇ်ပလ္လင်ထိပ်သို့ ရောက်သွားသည်။ ဖုရွေ့လော်နှင့် တန်ခိုးရှင်သစ်ခုတ်သမားက ထိုင်ခုံများတွင် ကိုယ်စီထိုင်နေကြပြီး ဖုရွေ့လော်၏ အောက်၌ လူငယ်တချို့ ရှိနေ၏။ ကျဲ့ဟွလီနှင့် ကောင်းကင်နတ်ဘုံမှ သခင်လေးချီကျုံရီလည်း ပါသည်။

သို့သော် ချီကျုံရီက သူ့ခုံတွင်သူ ထိုင်နေသည့်အတွက် ထိုင်ခုံနှင့် ထိုင်ပိုင်ခွင့်ရှိသော အဆင့်အတန်းဖြစ်ကြောင်း ထင်ရှားသည်။

ချင်မူ ရှေ့သို့ လျှောက်သွားပြီး ဖုရွေ့လော်အား ဦးညွှတ်အရိုအသေပေးကာ နှုတ်ဆက်လိုက်၏။ ဖုရွေ့လော်က အသာအယာ ခေါင်းညိတ်ပြကာ ပြန်နှုတ်ဆက်သည်။

ထို့နောက် ချင်မူ ကျဲ့ဟွလီနှင့် ချီကျုံရီကို နှုတ်ဆက်လိုက်သည်။ သူတို့ကလည်း မောက်မာထောက်လွှားမှုမရှိဘဲ ပြန်နှုတ်ဆက်ကြသည်။

ချင်မူက သစ်ခုတ်သမား၏အောက်သို့ သွားကာ ရပ်လိုက်သည်။ ဖုရွေ့လော်မှာ သူ့ကို လှမ်းကြည့်ပြီး ချင်မူ့မျက်လုံးများအား အဖြူရောင်အဝတ်စဖြင့် စည်းထားသော်လည်း မျက်ခုံးနှစ်ဖက်ကြား၌ ဒေါင်လိုက်မျက်လုံးတစ်လုံး ရှိနေကြောင်း မြင်လိုက်ရသည်။ သူက ပြုံးလျက် ပြောလိုက်၏။ “မိတ်ဆွေလေးချင်၊ မင်းရဲ့ မျက်ခုံးနှစ်ဖက်ကြားက မျက်လုံးက ထူးဆန်းတာပဲ”

ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားက မျက်လုံးက သူ့ကို မကြည့်ပေ။

ဖုရွေ့လော် ဟက်ခနဲ ရယ်ကာ ပြောလိုက်သည်။ “ဘာလို့ ငါ့ကို မကြည့်ရဲတာလဲ... ကြောက်လို့လား... မင်းက ငယ်ပါသေးတယ်.... နွားပေါက်လေးတွေဟာ ကျားကို မကြောက်တတ်ဘူးတဲ့... အခုကတည်းက ငါ့ကို ကြောက်နေရင် မင်းရဲ့ တာအိုနှလုံးသားနဲ့ အနာဂတ်အတွက် ငါ စိုးရိမ်မိတယ်.... လာပါ၊ ငါ့ကို မော့ကြည့်လိုက်”

ချင်မူက သူ့စကားကို နားထဲမထည့်ပေ။

ချီကျုံရီနှင့် ကျဲ့ဟွလီကလည်း ချင်မူ့ကို အကဲခတ်နေကြ၏။ ချင်မူ မည်သည့်အတွက်ကြောင့် မျက်လုံးကို စည်းထားမှန်း သူတို့ နားမလည်ကြပေ။ ထို့အပြင် သူ့မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးကိုလည်း သူတို့ စပ်စုနေကြသည်။

တန်ခိုးရှင်သစ်ခုတ်သမားက ချင်မူ့ကို လှမ်းကြည့်ပြီး ချင်မူ ခေါင်းငုံ့နေမှန်း တွေ့သွားသည်။ သူက ပြုံးလျက် ပြောလိုက်သည်။ “ချင်မူ ဘာလို့ ငါ့လာရှာတာလဲ... မျက်လုံးတွေကိုရော ဘာလို့ဖုံးထားတာလဲ... အာ သိပြီ.... ဖုရွေ့လော်နဲ့ အကြည့်ချင်းဆုံမိပြန်တာလား”

ချင်မူမှာ ခေါင်းညိတ်ရင်း ရှက်နေမိသည်။ “တပည့်နဲ့  တပည့်ရဲ့ ဘိုးဘိုးဘွားဘွားတွေ နတ်ဆိုးဘုရင်ဖုရွေ့လော်ရဲ့  အင်အားတစ်သန်းစစ်တပ်ကို တားနေတုန်းက ဖုရွေ့လော်ရဲ့ ပြုစားတာ ခံခဲ့ရတာပါ... သူနဲ့ အကြည့်ချင်းဆုံသွားတုန်းက သူက ကျွန်တော့်မျက်လုံးထဲမှာ ကောင်းကင်နတ်သိုင်းနောက်တစ်ခု ထားခဲ့တယ်... ကျွန်တော် မှန်ကြည့်ရင် သူ ဖမ်းခေါ်တာ ခံရလိမ့်မယ်... ဒီကောင်းကင်နတ်သိုင်းမျိုးကို ဘယ်လိုချေဖျက်ရမှန်း မသိလို့ ဆရာ့ လာရှာတာပါ”

တန်ခိုးရှင်သစ်ခုတ်သမားက အပြုံးတစ်ခုဖြင့် ပြောသည်။ “ဖု‌ရွေ့လော်က မင်းထက် အကြီးပဲ... သူက မင်းကို စနေတာပါ... သူကိုယ်တိုင် ဒီမှာ ရှိနေတာပဲ... အဲဒီလိုလှည့်ကွက်လေးနဲ့ မင်းကို ဖမ်းခေါ်စရာ မလိုပါဘူး... အဝတ်စကို ဖြေလိုက်... သူ မင်းကို ဘယ်လိုဖမ်းခေါ်မလဲ ကြည့်ရတာပေါ့”

ချင်မူ အဝတ်စကို ဖြေကာ မျက်လုံးများ ဖော်လိုက်သည်။

တန်ခိုးရှင်သစ်ခုတ်သမားက ပြုံးနေ၏။ “မှန်ကြည့်လိုက်.... သူ မင်းကို ဖမ်းခေါ်နိုင်မလား ကြည့်စို့”

ချင်မူ မှန်ထုတ်ကာ ကြည့်လိုက်သည်။ ဖုရွေ့လော်၏ပုံရိပ်က ပေါ်လာပြီး တစတစ ကြီးမားလာသည်။

ချင်မူမှာ မှန်၏အလေးချိန်ကို မ,နိုင်တော့သဖြင့် လက်နှစ်ဖက်လုံး တုန်ရီလာသည်။ မှန်ထဲရှိ ဖုရွေ့လော်သည် သူ့မျက်လုံးထဲရှိ ဖုရွေ့လော်ဖြစ်၏။ သူက အိပ်မက်ဆိုးတစ်ခုလို သူ့အား ဝါးမြိုပေတော့မည်။

ရုတ်တရက် တန်ခိုးရှင်သစ်ခုတ်သမားက ထင်းခုတ်တော့မည့်အလား ပုဆိန်ကို လွှဲမြှောက်၍ ချင်မူ ကိုင်ထားသော မှန်ဆီသို့ ခုတ်ချလိုက်သည်။

တစ်ဖက်ရှိ ဖုရွေ့လော်မှာ အင့်ခနဲ ညည်းတွားလိုက်ရပြီး သူ၏မျက်ခုံးနှစ်ဖက်ကြားတွင် သွေးစို့နေသော အစင်းရာတစ်ခု ပေါ်လာသည်။

ချင်မူမှာ ဝန်ထုပ်ဝန်ပိုးများ ပြုတ်ကျသွားသကဲ့သို့ ပေါ့ပါးသွား၏။

တန်ခိုးရှင်သစ်ခုတ်သမားက ပုဆိန်ကို ပြန်ရုတ်လိုက်သည်။ “ပြောသားပဲ ဖုရွေ့လော်က မင်းကို စ,နေတာပါလို့... သူက မင်းထက် အကြီးလေ... မင်းကို ဘယ်ထိပါ့မလဲ... ငါ ဒေါသထွက်ပြီး သူ့တပည့်တွေကို သေအောင် ခုတ်ထစ်ပစ်မှာ မကြောက်ဘဲ နေမလား”

ဖုရွေ့လော်၏ မျက်ခုံးနှစ်ဖက်ကြားမှ သွေးများစီးကျလာပြီး နှာရိုးပေါ် ရောက်သည့်အခါ သွေးစီးကြောင်းနှစ်ကြောင်း ကွဲထွက်သွားသည်။ သူ၏မျက်နှာသုံးခုလုံး အမျက်တချောင်းချောင်း ထွက်နေဟန်တူသည်။

“အဆွေတော်၊ မင်း လော့ဖူကောင်းကင်ဘုံကို ဆက်စောင့်ကြပ်နေရင် မင်းကတော့ မသေလောက်ပေမယ့် မင်းရဲ့ တာအိုမိတ်ဆွေ နှစ်ဆယ့်လေးယောက် သေဘေးက မလွတ်မှာကို သိသင့်ပါတယ်”

သူ၏မျက်နှာတစ်ဖက်က လှည့်လာကာ အလေးအနက် ပြော၏။ “မင်းတို့ကို ရှင်းချင်နေတာ ငါတို့ကောင်းကင်နတ်ဆိုးမျိုးနွယ် မဟုတ်ဘူး.. တကယ်ရှင်းပစ်ချင်နေတာက တခြားတစ်ယောက်ပဲ... မင်းရဲ့ဉာဏ်ရည်နဲ့ဆို သူက ဘယ်လောက်အင်အားကြီးမှန်း သိသင့်ပါတယ်... ဘာလို့ သူတို့ကို အသေခံခိုင်းနေသေးတာလဲ”

All Chapters