← Chapters

အိပ်မက်

Vol. 77 Ch. 1069

အိပ်မက်

Vol. 77 Ch. 1069

ထို အအေးဓာတ်များကြောင့် သူသည် ဆီးနှင်းများ ဖုံးလွှမ်းနေသည့် ရေခဲပြင်ကြီးပေါ်၌ အဝတ်အစားမပါပဲ လဲလျောင်းနေရသည့်အလား ခံစားနေရသည်။ ထို့အပြင် သူ၏ ပတ်ပတ်လည်တွင်လည်း လေအေးများ တိုက်ခတ်နေသေးသောကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသာမက သူ၏ ဝိညာဉ်ပင်လျှင် တဖြည်းဖြည်းနှင့် ခြောက်သွေ့ပျက်စီးသွားတော့မည့်အလား ဖြစ်နေ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ အသိစိတ်တစ်ခုအနေနှင့်သာ ရှိနေသည့်တိုင်အောင် အအေးဓာတ်များအား ရှင်းလင်းပြတ်သားစွာ အာရုံခံနိုင်စွမ်း ရှိနေဆဲပင်။

ထို အအေးဓာတ်များနှင့်အတူ အထီးကျန်ဆန်သည့် ခံစားချက်ကြီးတစ်ခုလည်း ရှိနေ၏။ ၎င်းမှာ သူ၏ ပတ်ပတ်လည်ရှိ အမှောင်ထုကြီးထဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ အသိစိတ် ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းထားနိုင်စွမ်း ရှိနေသည့်တိုင်အောင် ထို အထီးကျန်ဆန်သည့် ခံစားချက်ကြီးမှာ ပို၍ အားကောင်းလာသည်သာ ဖြစ်သည်။

ထို့အပြင် အသံတစ်သံမှ မကြားရသလို အလင်းရောင်ကိုလည်း လုံးဝ မမြင်ရပေ။ သို့ဖြစ်ရာ ထိုဟင်းလင်းပြင်ကြီးထဲ၌ ဝမ်ပေါင်လဲ့တစ်ယောက်သာ ရှိနေသည့်အလားပင်။

တစ်ရက်၊ တစ်လ၊ တစ်နှစ်၊ အနှစ်တစ်ရာ၊ အနှစ်တစ်ထောင်အထိ ကုန်ဆုံးသွားသည့်တိုင်အောင် ထိုဟင်းလင်းပြင်ကြီးမှာ အေးစက်မှောင်မိုက်ကာ အထီးကျန်ဆန်နေဆဲပင်။

ဝမ်ပေါင်လဲ့မှာ အချိန်မည်မျှ ကုန်ဆုံးသွားမှန်းကိုပင် မသိတော့ပေ။ ထိုနေရာ၌ အချိန်ဆိုသည့်အရာ မရှိခြင်းလည်း ဖြစ်နိုင်ပေသည်။ သူသည် မည်သည့်အရာကိုမှ ပြောင်းလဲနိုင်စွမ်းမရှိသလို ထိန်းချုပ်နိုင်စွမ်းလည်း မရှိသဖြင့် စောင့်ဆိုင်းနေရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ သူ၏ အတွေးများ တဖြည်းဖြည်းနှင့် ရပ်တန့်သွားသည်ကိုပင် သတိမထားမိလိုက်ပေ။ သို့ဖြစ်ရာ သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားသည့်အလား လှုပ်ရှားနေခြင်းမရှိတော့ဘဲ ရပ်တန့်သွားတော့သည်။

တစ်ရက်တွင် ထို အမှောင်ထုကြီးထဲ၌ အားကောင်းသော စွမ်းအားတစ်မျိုး ပေါ်ပေါက်လာ၏။ ၎င်းမှာ ဆွဲငင်အားတစ်မျိုး ဖြစ်ကာ ဝဲကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီးနောက် ချက်ချင်းဆိုသလိုပင် ဝမ်ပေါင်လဲ့၏ အသိစိတ်အား စုပ်သွားတော့သည်။

ထို့ကြောင့် သူသည် နှလုံးသားတစ်ခုလုံး ဆတ်ခနဲ တုန်ရီသွားရပြီး အိပ်ပျော်နေရာမှ ပြန်လည်နိုးထလာ၏။ ထို့နောက် သူသည် မျက်လုံးများ ပြန်ပွင့်လာပြီး အဆုံးအစမရှိသော အဖြူရောင်မြူခိုးများ၊ သူ၏ ပတ်ပတ်လည်၌ ဝန်းရံနေသည့် သူ၏ ကိုယ်ပွားများနှင့် ခေါင်းတစ်လုံးသာ ရှိတော့သော ချန်ဟန်းအား မြင်လိုက်ရသည်။ ချန်ဟန်းမှာ သူနှင့် မလှမ်းမကမ်းတွင် ရစ်ဝဲနေပြီး လမ်းပြအလင်းရောင်များ၏ ဖုံးလွှမ်းခြင်းကို ခံထားရ၏။

ထိုနေရာကြီးမှာ... ကံကြမ္မာဂြိုဟ်ပေါ်မှ အရည်အချင်းစမ်းသပ်ပွဲ ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည် စဉ်းစားတွေတောကြည့်လိုက်ပြီးနောက် မျက်ဝန်းများ ထူးဆန်းစွာတောက်ပသွား၏။ ထို့နောက် သူသည် မျက်မှောင်ကြုတ်သွားရသည်။ ဤ ဆဋ္ဌမဘဝကြီးမှာ ထူးဆန်းနေသည် မဟုတ်ပါသော။ သူသည် အမှောင်ထုကြီးထဲသို့ ရောက်သွားခဲ့ပြီး သူ၏ ဘဝကြီးမှာ ရပ်တန့်သွားခဲ့ရ၏။ သို့သော် သူ၏ အသိစိတ်မှာမူ ပျောက်ကွယ်သွားခဲ့ခြင်းမရှိဘဲ ကြည်လင်ပြတ်သားနေဆဲပင်။ သို့ဖြစ်ရာ သူသည်... ဆဋ္ဌမဘဝထဲသို့ မရောက်သေးခြင်း ဖြစ်ရပေမည်။

" မဟုတ်မှလွဲရော။ ငါ့ဆီမှာ ဆဋ္ဌမအတိတ်ဘဝ မရှိတာများလား "

ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါဖြစ်နေသည့် မျက်နှာအမူအရာဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ သူသည် နားမလည်နိုင်လောက်အောင် ဖြစ်နေရပြီဖြစ်သည်။ သူ သိထားသလောက်ဆိုလျှင် ယခုလို ဖြစ်လာစရာအကြောင်းမရှိပေ။ သို့ဖြစ်ရာ ဖြေရှင်းချက်တစ်ခုသာ ရှိတော့ပေသည်။

" ဒါမှမဟုတ် ငါ့ရဲ့ လမ်းပြအလင်းရောင်က မလောက်လို့များလား " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်အား ငုံ့ကြည့်မိလိုက်၏။ ထိုအခါ သူသည် သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ အလင်းရောင်များမှာ ချန်ဟန်း၏ အလင်းရောင်များထက်ပင် အဆပေါင်းများစွာ ပို၍ တောက်ပနေသည်ကို မြင်လိုက်ရသည်။

သို့ဖြစ်ရာ... သူ၏ ခန့်မှန်းချက်မှာ မဖြစ်နိုင်ပေ။

" ဒါမှမဟုတ် နောက်ပိုင်းကို ရောက်လေလေ ကိုယ့်ရဲ့ အတိတ်ဘဝတွေကို နားလည်အောင်လုပ်ရတာ ပိုခက်လာလေလေ ဖြစ်မယ်။ ငါ့ရဲ့ ကန့်သတ်ချက်က ဆဋ္ဌမဘဝ အထိပဲ ရှိနေတာများလား... " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများ မှေးသွား၏။ သူသည် မယုံချင်ပါသော်လည်း လက်ရှိတွင် သူ့ဆီ၌ သဲလွန်စ များများစားစား မရှိပေ။ သို့သော် သူသည် သူ၏ စိတ်အား ချက်ချင်း တည်ငြိမ်အောင်ထားလိုက်ပြီးနောက် ချန်ဟန်းအား စိုက်ကြည့်ရင်း မျက်ဝန်းများ ထူးဆန်းစွာ တောက်ပလာတော့သည်။

သူသည် အမှောင်ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်များထဲမှ အမှောင်အိပ်မက်စွမ်းရည်အား တွေးမိသွားခြင်းဖြစ်သည်။ ထိုနတ်ဘုရားစွမ်းရည်မှာ အခြားသူများအား တကယ့်လက်တွေ့ဘဝနှင့် တထေရာတည်း တူသည့် အိပ်မက်တစ်ခုထဲသို့ ထည့်သွင်းနိုင်စွမ်းရှိပေသည်။ သို့သော် ဝမ်ပေါင်လဲ့မှာ သူ၏ လက်ရှိ အနေအထားနှင့်ပင် ထိုစွမ်းရည်အား အလွယ်တကူ အသုံးပြုနိုင်ဦးမည် မဟုတ်ပေ။ ထိုစွမ်းရည်အား အသုံးပြုလိုပါက အိပ်မက်နယ်မြေတစ်ခု တည်ဆောက်ထားရန် လိုအပ်သလို ထို နယ်မြေ၏ အခြေခံစည်းမျဥ်းများကိုလည်း နားလည်ထားရန် လိုအပ်ပေသည်။

သို့သော် သူကိုယ်တိုင် အိပ်မက်နယ်မြေတစ်ခု တည်ဆောက်ထားခြင်း မရှိပါက အခြားသူတစ်ယောက်၏ အသိစိတ်အား အိပ်မက်နယ်မြေတစ်ခုအဖြစ် သတ်မှတ်၍ ရပေသည်။ ထိုသို့သာဆိုပါက သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့် သူ၏ တာအိုဂြိုဟ်ထဲမှ အထူးစည်းမျဉ်းဥပဒေသများ၏ အကူအညီများကို ရယူလိုက်မည်ဆိုလျှင် သူသည် ထိုအိပ်မက်နယ်မြေထဲသို့ ဝင်ရောက်ခွင့်ရှိသွားမည်ဖြစ်သည်။ အကယ်၍ သူ၏ ပစ်မှတ်မှာ အခြားတစ်ယောက်ယောက် ဖြစ်နေမည်ဆိုပါက ဝမ်ပေါင်လဲ့မှာ ထိုစွမ်းရည်အား အသုံးပြုနိုင်ရန် အများကြီး ပေးဆပ်ရမည်ဖြစ်သည်။ သို့သော် ချန်ဟန်းအား သူ၏ ပစ်မှတ်အဖြစ် သဘောထားလိုက်မည် ဆိုလျှင်မူ ခက်ခဲနေတော့မည်မဟုတ်ပေ။ ချန်ဟန်း၏ ကိုယ်ပေါ်တွင် သူ၏ အမှတ်အသား ရှိနေသည်မဟုတ်ပါလော။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချန်ဟန်းအား ခေါင်းအစခြေအဆုံးကြည့်ရင်း ထိုစွမ်းရည်အား အသုံးပြုချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာ၏။ နောက်ဆုံးတွင် သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သောကြောင့် အမှောင်မီးတောက်တစ်ခု ထွက်ပေါ်လာတော့သည်။ ထို့နောက် သူသည် သူ၏ လက်ညှိုးကို ဝှေ့ယမ်းကာ ထို အမှောင်မီးတောက်အား ပါးလွှာသည့် အမျှင်အတန်းလေးတစ်ခုအသွင် ပြောင်းလဲလိုက်ပြီးနောက် ချန်ဟန်းဆီသို့ စေလွှတ်လိုက်၏။ ထို့ကြောင့် မျက်စီးတစ်မှိတ်အတွင်းတွင် ထို အမှောင်မီးတောက်မှာ ချန်ဟန်း၏ ဦးခေါင်းအား ဖုံးလွှမ်းသွားတော့သည်။

" အိပ်မက်နယ်မြေ " ထို အမှောင်မီးတောက် ချန်ဟန်းအား လွှမ်းခြုံသွားသည်နှင့် ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။ ထို့နောက် သူသည် သူ၏ ခန္ဓာကိုယ်အား လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လိုက်တော့သည်။ ထိုပြောင်းလဲမှုများမှာ သူ၏ ဝိညာဉ်ထဲ၌ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ၎င်းမှာ အပြီးတိုင် ပြောင်းလဲသွားခြင်းမဟုတ်ဘဲ ပုံတူကူးနေခြင်းသာ ဖြစ်ပေသည်။

သူ ပုံတူကူးနေသည့် အရာမှာ ချန်ဟန်း၏ ဝိညာဉ် ဖြစ်၏။

သို့ဖြစ်ရာ သူသည် ချန်ဟန်း၏ ဝိညာဉ်နှင့် တထေရာတည်း တူနေသည့် ဝိညာဉ်ခြုံလွှာတစ်ခုအား သူ၏ ခန္ဓာကိုယ်ပေါ်၌ ခြုံလိုက်သကဲ့သို့ပင်။ ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် သူနှင့် ချန်ဟန်း၏ ကြား၌ အချိတ်ဆက်တစ်ခု ပေါ်ပေါက်လာတော့သည်။

သူသည် တာအိုဂြိုဟ်နှင့် အမှောင်ပညာရပ်အား ယခုမှ ပထမဆုံးအကြိမ်အဖြစ် ပေါင်း၍ အသုံးပြုဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် တစ်ကြိမ်ပြီးတစ်ကြိမ် မအောင်မြင်ဘဲ ကျရှုံးခဲ့ရသည့်တိုင်အောင် လိုအပ်သည့်ပြောင်းလဲမှုများကို အဆက်မပြတ် ပြုလုပ်နေခဲ့၏။ ထိုသို့ဖြင့် သတ္တမအကြိမ်သို့ ရောက်သွားချိန်တွင် သူ၏ အသိစိတ်ထဲ၌ ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားတော့သည်။

တစ်အောင့်ခန့်အကြာတွင် ဝမ်ပေါင်လဲ့၏ ရှေ့ရှိ ကမ္ဘာကြီးမှာ ရုတ်ခြည်းဆိုသလို ပြောင်းလဲသွား၏။ သူသည် အလွန်အင်မတန်မှ ကြီးမားကျယ်ပြန့်သော အစိမ်းရောင်လွင်ပြင်ကြီးတစ်ခုကို မြင်နေသည်။ ချန်ဟန်းမှာမူ ထိုလွင်ပြင်ကြီးပေါ်တွင် တွားသွားနေပြီး အသံကွဲကြီးဖြင့် အော်ဟစ်နေ၏။

" မိတ်လိုက်မယ်၊ မိတ်လိုက်မယ်၊ မိတ်လိုက်မယ် "

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အထူးအဆန်းဖြစ်သွားရ၏။ သို့သော် သူသည် ချန်ဟန်း၏ အမြင်အာရုံကိုသာ ပိုင်ဆိုင်ထားသောကြောင့် သူ၏ ပုံပန်းသွင်ပြင်အား မမြင်နိုင်ဘဲ ဖြစ်နေရသည်။ ထို့ကြောင့်လည်း သူသည် အစိမ်းရောင်လွင်ပြင်ကြီးကိုသာ စိုက်ကြည့်ရင်း ချန်ဟန်း၏ အမြန်နှုန်းအား မှန်းဆနိုင်ရန် ကြိုးစားနေရ၏။

သို့သော် ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ မှန်းဆနိုင်ရန် ကြိုးစားနေရင်း တဖြည်းဖြည်းနှင့် ခေါင်းခဲလာရတော့သည်။

" ဒီဘဝထဲမှာ ချန်ဟန်းက ဘာကောင်ကြီး ဖြစ်နေတာလဲဟ။ ဘာကိစ္စနဲ့ သူက အခုလောက်အထိ နှေးနေရတာလဲ။ ပြီးတော့ ဘာလို့ သူက မိတ်လိုက်မယ်ဆိုပြီး အဆက်မပြတ် အော်ဟစ်နေရတာလဲ... " ဝမ်ပေါင်လဲ့တစ်ယောက် ထိုကဲ့သို့ အထူးအဆန်း ဖြစ်နေစဉ်မှာပင် အစိမ်းရောင်လွင်ပြင်ကြီးမှာ စတင်တုန်ရီလာ၏။ သို့ဖြစ်ရာ လှိုင်းလုံးကြီးများ အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်နေပြီး လေပြင်းတစ်ချက် စတင်တိုက်ခတ်လာသကဲ့သို့ပင်။ ခဏအကြာတွင် မြေပြင်ကြီးမှာ လေပေါ်သို့ မြောက်တက်သွား၏။ ချန်ဟန်းမှာလည်း လေပြင်းများထဲ၌ ပါသွားပြီး အဝေးသို့ လွင့်ထွက်သွားသဖြင့် သနားစရာကောင်းစွာ အော်ဟစ်မြည်တမ်းလိုက်ရသည်။

ကြောက်ဒူးတုန်နေသည့် ချန်ဟန်းမှာ ထိုကဲ့သို့ လွင့်ထွက်သွားနေစဉ် သူ၏ မျက်ဝန်းထဲ၌ ပေါ်ပေါက်လာသည့် ကမ္ဘာကြီးအား သတိမထားမိလိုက်ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာမူ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရ၏။ ချန်ဟန်း ရောက်နေသည့်နေရာမှာ အစိမ်းရောင် လွင်ပြင်ကြီးတစ်ခု မဟုတ်ဘဲ ဧရာမ သစ်ရွက်ကြီးတစ်ရွက်သာ ဖြစ်ပေသည်။

ထိုသစ်ရွက်ကြီးမှာ အနည်းဆုံး မီးတာသုံးဆယ်အထိ ရှည်လျားနေပြီး ၎င်းနှင့် ချိတ်ဆက်နေသည့် သစ်ပင်ကြီးများမှာမူ မိုးထိုးလုမတတ် မြင့်မားနေကြ၏။

မိုးကောင်းကင်ကြီးမှာ အဝေးကြီးတွင်ရှိနေသောကြောင့် ၎င်းအား ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းမရှိပေ။ ထိုနေရာကြီး၏ ဘေးနားတစ်ဝိုက်တွင်မူ အလွန်အင်မတန်မှ အရွယ်အစားကြီးမားသည့် အပင်အမျိုးမျိုးကို မြင်နိုင်ပေသည်။ သို့သော် ကုန်းမြေဟူ၍မရှိဘဲ ဟင်းလင်းပြင်ကြီးတစ်ခုသာ ရှိနေ၏။

သို့ဖြစ်ရာ စကြဝဠာကြီး တစ်ခုလုံးမှာ ထူးဆန်းသော တောနက်ကြီးတစ်ခု ဖြစ်နေသကဲ့သို့ပင်။

ဝမ်ပေါင်လဲ့မှာ ဧရာမ ရေစက်ကြီးတစ်စက်ထဲ၌ ထင်ဟပ်နေသည့် ချန်ဟန်း၏ ပုံရိပ်ကိုလည်း မြင်လိုက်ရသေးသည်။ ၎င်းမှာ... ပေါက်ဖက်တစ်ကောင်ဖြစ်၏။

အကယ်၍ ထိုပေါက်ဖက်မှာ ရောင်စုံဖြစ်နေမည်ဆိုပါက အနည်းငယ် အဆိပ်ရှိနေနိုင်သေးသည်ဖြစ်ရာ သူသည် ယခုလောက် အံ့အားသင့်သွားရမည်မဟုတ်ပေ။ သို့သော် ချန်ဟန်း၏ အတိတ်ဘဝထဲမှ ပေါက်ဖက်မှာ စိမ်းဖန့်ဖန့် အဝါရောင် ဖြစ်နေ၏။ သို့ဖြစ်ရာ ၎င်းမှာ အလွန်အင်မတန်မှ ရွံစရာကောင်းပြီး အားနည်းနေသည့်ပုံ ပေါက်နေတော့သည်။

" ချန်ဟန်းရဲ့ အတိတ်ဘဝကလည်း ထူးဆန်းလိုက်တာ " ဝမ်ပေါင်လဲ့မှာ သူ၏ အတိတ်ဘဝအကြောင်း ပြန်လည်စဉ်းစားရင်း ချန်ဟန်းအား ကရုဏာသက်မိသွား၏။

သူ၏ ဂရုဏာစိတ်များ၏ ကောင်ချီးပေးမှုများကြောင့်လားတော့ မသိပေ။ လေပြင်းများထဲ၌ ပါသွားသည့် ချန်ဟန်းမှာ အောက်သို့ပြန်ကျလာချိန်တွင် သေဆုံးသွားခြင်းမရှိဘဲ အခြား သစ်ရွက်ကြီးတစါ်ရွက်ပေါ်သို့ ရောက်သွား၏။ ထို့နောက် သူသည် ထိုသစ်ရွက်ကြီးပေါ်၌ သွားသွားကာ ဆက်လက်အော်ဟစ်နေတော့သည်...

ဝမ်ပေါင်လဲ့မှာ သူ၏ ဘေးဘီဝဲယာအား အချိန်အတော်အတန်ကြာအောင် အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် ပျင်းရိလာပါသော်လည်း လက်ဗလာနှင့် ထွက်ခွာသွားချင်စိတ် မရှိသေးပေ။ ထို့ကြောင့် သူသည် စိတ်ရှည်ရှည်နှင့် ဆက်လက်စောင့်ဆိုင်းနေလိုက်၏။ ထိုသို့ဖြင့် ချန်ဟန်းမှာ ပေါက်ဖက်တစ်ကောင်အဖြစ် တွားသွားရင်း အစာများ လိုက်လံရှာဖွေနေတော့သည်။ နောက်ဆုံးတွင် သူသည် ပိုးရုပ်ဖုံးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွား၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာလည်း စိတ်ဝင်တစားဖြစ်သွားရပြီး အချိန်အတော်အတန်ကြာအောင် ဆက်လက် စောင့်ကြည့်နေလိုက်ပြန်သည်။ ထိုသို့ဖြင့် သူ စိတ်မရှည်တော့ဘဲ ထွက်ခွာသွားခါနီးတွင် ထို ပိုးရုပ်ဖုံးလေးမှာ ဟက်တက်ကွဲသွားပြီး လှပသည့် လိပ်ပြာလေးတစ်ကောင်မှာ တောင်ပံများကို တဖျပ်ဖျပ်ခတ်ရင်း ပျံထွက်လာနိုင်ရန် ကြိုးစားနေတော့သည်။

ချန်ဟန်းတစ်ယောက် ထိုသို့ ပျံထွက်လာသည်နှင့် အခြား လိပ်ပြာပေါင်း မြောက်မြားစွာမှာလည်း တစ်ပြိုင်နက်တည်း ပျံထွက်လာကြ၏။ ၎င်းတို့၏ အရေအတွက်မှာ အနည်းဆုံး အကောင်ဆယ်သန်းကျော် ရှိပေသည်။ သို့ဖြစ်ရာ ကမ္ဘာကြီးတစ်ခုလုံးမှာ ၎င်းတို့ကြောင့် လှပနေတော့သည်။

ထို လိပ်ပြာလေးများမှာ အရောင်စုံလင်ကြပြီး အပြာရောင် အလင်းရောင်စက်ဝန်းများကို ထုတ်လွှတ်နေကြ၏။ ချန်ဟန်းမှာလည်း အပြင်ဘက်သို့ ပျံထွက်လာပြီးနောက် စိတ်လှုပ်တရှားဖြစ်နေသည့် အမူအရာဖြင့် ထို လိပ်ပြာအုပ်ကြီးထဲသို့ ဝင်ရောက်သွားပြီး အသံကုန် အော်ဟစ်နေလိုက်တော့သည်။

" မိတ်လိုက်မယ်၊ မိတ်လိုက်မယ်၊ မိတ်လိုက်မယ် " ချန်ဟန်းမှာ ထိုကဲ့သို့ စိတ်လှုပ်တရှား ပျံသန်းကာ အခြားလိပ်ပြာလေးများနှင့်အတူ သစ်ရွက်တစ်ရွက်မှ အခြားတစ်ရွက်ဆီ ခုန်ကူးရင်း အပေါ်သို့ ပျံတက်သွားနေ၏။ ဝမ်ပေါင်လဲ့၏ အမြင်တွင် ထိုမြင်ကွင်းမှာ ငြီးငွေ့ဖွယ်ကောင်းနေသည့်တိုင်အောင် သူသည် အာရုံအပြည့်စိုက်ကာ ချန်ဟန်း၏ အမြင်အာရုံမှတစ်ဆင့် ကမ္ဘာကြီးတစ်ခုလုံးအား အကဲခတ်နိုင်ရန် ကြိုးစားနေဆဲပင်။ ထိုအချိန်တွင် သူ ရင်းရင်းနှီးနှီး ကြားဖူးနေသည့် စကားသံတစ်သံမှာ သူ၏ အထက်၌ ပေါ်ပေါက်လာတော့သည်။

" ဖေကြီး။ ဒီလိပ်ပြာလေးတွေက အရမ်းလှတာပဲ “

All Chapters