← Chapters

ကြောက်ရွံ့ထိတ်လန့်သွားရသည့် ချန်ဟန်း

Vol. 77 Ch. 1070

ကြောက်ရွံ့ထိတ်လန့်သွားရသည့် ချန်ဟန်း

Vol. 77 Ch. 1070

ထိုစကားသံကြီး ပေါ်ပေါက်လာမှုကြောင့် ဝမ်ပေါင်လဲ့၏ အသိစိတ်မှာ အပြင်းအထန် တုန်ရီသွားရ၏။ လိပ်ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည့် ချန်ဟန်းနှင့် သူ ရှိနေသည့် လိပ်ပြာအုပ်တစ်အုပ်လုံးမှာမူ ကြောက်လန့်ထိတ်လန့်သွားကြပြီး အရက်မျက်နှာအနှံ့သို့ ပျံထွက်သွားကြသည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ချန်ဟန်း၏ အမြင်အာရုံမှတစ်ဆင့် အလင်းတန်းများ တသွင်သွင် စီးဆင်းနေသည့် ကောင်းကင်ယံကြီးထဲ၌ ဧရာမ လူမျက်နှာကြီးတစ်ခု ပေါ်ပေါက်လာသည်ကို မြင်လိုက်ရတော့သည်။

ထိုမျက်နှာကြီးမှာ ကောင်းကင်ကြီးတစ်ခုလုံး၏ တစ်ဝက်နီးပါး နေရာယူထား၏။

၎င်းမှာ နာမကျန်းဖြစ်နေသည့် ကောင်မလေးတစ်ယောက်၏ ဖြူဖပ်ဖြူရော်ဖြစ်နေသော မျက်နှာတစ်ခု ဖြစ်သည်။ သူမသည် အထူးအဆန်းဖြစ်နေသည့် မျက်ဝန်းများဖြင့် လိပ်ပြာအုပ်ကြီးအား လှမ်းကြည့်နေ၏။ သူ၏ ဘေးတွင်ရှိနေသည့် အဖြူရောင်ဆံပင်နှင့် သက်လတ်ပိုင်းလူကြီးမှာလည်း ၎င်းတို့အား ငုံ့ကြည့်နေသည်။

ကောင်းကင်ကြီးမှာမူ... ကောင်းကင်ကြီးမဟုတ်ပေ။ ၎င်းမှာ ဧရာမ အဖုံးကြီးတစ်ခုသာဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ အသိစိတ်အား အပြင်းအထန် တုန်ရီသွားစေသည့် လူနှစ်ယောက်အား မြင်လိုက်ရပြီးနောက် သူတို့၏ နောက်တွင် အခန်းတစ်ခန်း ရှိနေသည်ကိုလည်း မြင်လိုက်ရသည်။

၎င်းမှာ ထိုကောင်မလေး၏ အခန်းဖြစ်ပေသည်။

" ဒါ... "

ဝမ်ပေါင်လဲ့တစ်ယောက် မှင်တက်နေစဉ် အဖြူရောင်ဆံပင်နှင့် သက်လတ်ပိုင်းလူကြီးမှာ ထိုအခန်းအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို မျက်ဝန်းများ စူးရှစွာ တောက်ပသွား၏။

" ဟင် "

ထိုအခါ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ အေးစက်စက် နှာမှုတ်သံကြီးတစ်သံ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ထိုအသံကြီး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့၏ အသိစိတ်မှာလည်း အားကောင်းသောစွမ်းအားတစ်မျိုး၏ တွန်းထုတ်ခြင်းကို ခံလိုက်ရ၏။ ခဏအကြာတွင် ကံကြမ္မာဂြိုဟ်ပေါ်၌ တင်ပျဥ်ခွေထိုင်နေသည့် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို မျက်လုံးများပြန်ပွင့်လာတော့သည်။ သူသည် အသက်ရှူသံများ မြန်ဆန်နေပြီး သူ၏ မျက်နှာပေါ်မှ အံ့သြတုန်လှုပ်မှု အရိပ်အယောင်များကို ဖုံးကွယ်ထားနိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။

" ငါက ဒီအတိုင်း ကြည့်နေတာပါဟ။ ဘာမှဝင်မလုပ်ခဲ့သလို ဘာကိုမှလည်း မပြောင်းလဲခဲ့ဘူးလေ... ပြီးတော့ အဲဒီ ဖြစ်ရပ်တွေအကုန်လုံးက ဆဋ္ဌမ အတိတ်ဘဝထဲမှာ ဖြစ်ပျက်ခဲ့တာ မဟုတ်ဘူးလား... အဲတာကို သူက ငါ့ကို ဘယ်လိုလုပ်ပြီး ရှာတွေ့သွားခဲ့ရတာလဲ "

" မဟုတ်သေးပါဘူး "

" အတိတ်ဘဝဆိုတဲ့အရာက... ဘာများဖြစ်နေမလဲ။ ဒါမှမဟုတ် အဲဒီ အတိတ်ဘဝဆိုတာ တကယ်ရော အတိတ်ဘဝတစ်ခု ဟုတ်ရဲ့လား " သူ မကြာသေးမီတုန်းက မေ့ဖျောက်ထားခဲ့ရသည့် သံသယစိတ်များမှာ ယခုတွင် သူ၏ နှလုံးသားထဲ၌ ထိန်းမနိုင်သိမ်းမရ ပြန်လည်ပေါ်ပေါက်လာတော့သည်။ သူ၏ အသိစိတ်မှာလည်း ဗြောင်းဆန်နေရပြီ ဖြစ်သည်။

သူသည် သူ၏ ဆဋ္ဌမအတိတ်ဘဝ မှောင်မိုက်နေခဲ့ရသည့် အကြောင်းရင်းကို မသိထားသလို သူ၏ သံသယစိတ်များ၏ အဖြေကိုလည်း သိရှိထားခြင်းမရှိပေ။ သို့သော် သူသည် အချက်တစ်ချက်အား သိထား၏။

" ငါ့ဆီမှာ သက်သေအထောက်အထားတွေနဲ့ သဲလွန်စတွေ အလုံအလောက်မရှိသေးရင် အဲဒီအကြောင်း မတွေးတာ အကောင်းဆုံးပဲ။ အဲလိုမှမဟုတ်ဘဲ ဇွတ်တွေးနေရင် အရူးတစ်ယောက်နဲ့ပဲ တူနေမှာ "

ဝမ်ပေါင်လဲ့မှာ သူ၏ စိတ်အား ပြန်လည်တည်ငြိမ်အောင်ထားနိုင်ရန် အစွမ်းကုန်ကြိုးစားနေ၏။ သို့သော်လည်း သူသည် ရှဲ့ဟေးရန် ပြောခဲ့သည့် စကားများအား ပြန်၍ စဉ်းစားမိလိုက်သည်သာ ဖြစ်သည်။ သူ၏ မိသားစုမျိုးနွယ်စုထဲရှိ ရှေးဟောင်းမှတ်တမ်းတစ်ခုထဲတွင် ဤ ကမ္ဘာကြီးမှာ အတုအယောင်တစ်ခုသာ ဖြစ်သည်ဟု ပြောခဲ့သော အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ယောက် ရှိခဲ့ဖူးသည်ဟု ရေးသားထားသည် မဟုတ်ပါလော။

" ဒီကမ္ဘာကြီးက... မူမမှန်ဘူး " ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး တဆတ်ဆတ် တုန်ရီနေရပြီဖြစ်သည်။ သူသည် မည်သည့်အကြောင်းကြောင့်မှန်းမသိ ခေါင်းမော့ကာ သူ၏ ဦးခေါင်းအထက် သုံးပေအကွာကိုပင် လှမ်းမကြည့်ရဲတော့ပေ။ ထို့ကြောင့် သူသည် စိတ်ကိုတည်ငြိမ်အောင်ထားနိုင်ရန် အကောင်းဆုံးကြိုးစားလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်၏။ ခဏအကြာမှ သူသည် မသိမသာ ခေါင်းမော့ကြည့်လိုက်တော့သည်။

ထိုအခါ... သူသည် မြူခိုးများကိုသာ မြင်လိုက်ရ၏။ အခြားမည်သည့်အရာမှ ရှိမနေပေ။

ဝမ်ပေါင်လဲ့မှာ အသက်ရှူကြိမ်အနည်းငယ်ခန့် ထိုကဲ့သို့ ခေါင်းမော့ကြည့်နေလိုက်ပြီးမှ အကြည့်ပြန်လွှဲလိုက်၏။ ထို့နောက် သူသည် မျက်နှာဖုံးအပိုင်းအစလေးအား ထုတ်ယူကာ ၎င်းအား ငုံ့ကြည့်လိုက်သည်။ သူသည် စကားတစ်ခွန်းမှ မပြောခဲ့ပါသော်လည်း ၎င်းအား အချိန်အတော်အတန်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးနောက် ပြန်လည်သိမ်းဆည်းလိုက်၏။ ထို့နောက် သူ၏ မျက်ဝန်းများမှာ ထူးဆန်းစွာတောက်ပသွားသည်။

နှစ်နာရီအကြာတွင် ချန်ဟန်း၏ ဦးခေါင်းမှာ အပြင်းအထန် တုန်ရီသွားပြီး သူသည် မျက်လုံးများပွင့်လာ၏။ သူသည် ယခုမှ ပြန်လည်သတိရလာသည်ဖြစ်ရာ သူ့အား စိုက်ကြည့်နေသည့် ဝမ်ပေါင်လဲ့ကို သတိမထားမိပေ။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ သူ၏ ဦးခေါင်းမှာ ဆတ်ခနဲတွန့်သွားပြီး သူသည် ဝမ်ပေါင်လဲ့တစ်ယောက် သူ့အား စိုက်ကြည့်နေသည်ကို သတိထားမိလိုက်တော့သည်။

" ဪ။ အဖေက နိုးနေပြီကိုး။ သားလည်း အခုမှ ပြန်ပြီးတော့ သတိရလာ... "

သူ စကားမဆုံးနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ သူ၏ လက်အား အသာအယာ ဝှေ့ယမ်းကာ တည်ကြည်မှုအပြည့်ရှိသောလေသံဖြင့် မေးလိုက်၏။

" မင်းရဲ့ ဆဋ္ဌမဘဝ အဆုံးမှာ ဘာမြင်ခဲ့ရလဲ "

" ဗျာ " ချန်ဟန်းမှာ ထိုမေးခွန်းကြောင့် ကြက်သေသေသွားရပြီး မျက်စိ ပေကလတ်ပေကလတ် ဖြစ်သွား၏။ ထို့နောက် သူ၏ မျက်နှာပေါ်တွင် ရှက်ကိုးရှက်ကန်း ဖြစ်နေသည့်အမူအရာတစ်ခု ပေါ်ပေါက်လာသည်။

" အဲ... သားရဲ့ ဆဋ္ဌမဘဝက နည်းနည်းလေးတော့ ထူးဆန်းတယ်ဗျ။ သားက မွေးကတည်းက တမူထူးခြားနေပြီးသား။ အဆုံးအစမရှိတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားခဲ့သလို ကမ္ဘာကြီးထဲက စွမ်းအင်လှိုင်းတွေကိုလည်း အာရုံခံနိုင်စွမ်းရှိခဲ့တာလေ "

" သားရဲ့ အသိစိတ်ထဲမှာလည်း သားရဲ့ အနာဂတ်က သားရဲ့ ရှေ့မှာပဲ ရှိတယ်ဆိုပြီး အမြဲတမ်းပြောနေခဲ့တဲ့ စကားသံတစ်သံ ရှိနေခဲ့သေးတယ်။ အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်ပေမဲ့ ဇွဲလုံ့လဝီရိယရှိရှိနဲ့ ရှေ့ဆက်လျှောက်နေသရွေ့ အောင်မြင်မှုကို ဆွတ်ခူးနိုင်မှာဆိုပြီးတော့ ပြောခဲ့တာ "

" အဲတာမလို့လည်း သားက ဘဝ တစ်ဝက်တိတိ အချိန်ပေးပြီးတော့ ရှေ့ဆက်လျှောက်နေခဲ့တာ။ လမ်းတစ်လျှောက်မှာ သား မကျေနပ်ချက်တွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ မုန်းတီးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ ကမ္ဘာကြီးရဲ့ ပြောင်းလဲမှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရသေးတယ်... "

ဝမ်ပေါင်လဲ့မှာ ချန်ဟန်း၏ ပြောစကားများကိုနားထောင်ရင်း မျက်မှောင်ကြုတ်သွား၏။ သူသည် ချန်ဟန်းမှာ အမြဲတမ်း ရှေ့ဆက်လျှောက်နေခဲ့ရသည်ဖြစ်ကြောင်း သိထားပြီးသားဖြစ်သည်။ သို့သော် သူသည် ကြိုးစားရုန်းကန်၍ လမ်းလျှောက်နေခဲ့ခြင်းမဟုတ်ဘဲ သွားသွားနေခဲ့ခြင်းသာ ဖြစ်သည်...

မကျေနပ်ချက်နှင့် မုန်းတီးမှုဆိုသည့် အရာများမှာမူ ထို ဆဋ္ဌမဘဝထဲ၌ တိုက်ခိုက်ခဲ့သည့် လေပြင်းများကြောင့် သူ၏ နှလုံးသားထဲ၌ ပေါ်ပေါက်လာခဲ့သည့် အငြိုးအတေးများအကြောင်း ပြောနေခြင်းဖြစ်မည်ဟု ဝမ်ပေါင်လဲ့က ခန့်မှန်းလိုက်၏။ သို့သော် ဝမ်ပေါင်လဲ့မှာ ချစ်ခြင်းမေတ္တာဆိုသည့် အရာအား မမှတ်မိပေ။

ကမ္ဘာကြီး၏ ပြောင်းလဲမှုများဆိုသည့် စကားမှာမူ သစ်ရွက်များ ထပ်တလဲလဲ ပြောင်းလဲသွားခဲ့သည့်အချက်ကို ပြောနေခြင်းဖြစ်ရမည်ဟု ဝမ်ပေါင်လဲ့က မှတ်ယူလိုက်သည်။ ထိုကဲ့သို့ ပြောင်းလဲသွားသည်ကို ချန်ဟန်းမှာ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားသည့်အလား ပုံကြီးချဲ့ကာ ပြောဆိုနေခြင်းဖြစ်သည်။

" မင်း ပိုးကောင်တစ်ကောင် ဖြစ်ခဲ့တာမလား " ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ပြန်မေးလိုက်၏။

" သူက ဘယ်လိုလုပ်ပြီး သိနေရတာလဲဟ " ထိုမေးခွန်းကြောင့် ချန်ဟန်းမှာ တုန်လှုပ်ချောက်ချားသွားရသည်။

" အဖေ။ သားက အရင်ဘဝတုန်းက အသွင်ပြောင်း သားရဲတစ်ကောင်ဖြစ်ခဲ့တာ။ နောက်ဆုံးကျတော့ အရောင်စုံ အလင်းတန်းကြီးတစ်ခုအသွင် ပြောင်းလဲသွားခဲ့ပြီး အမြင့်ဆုံးမှာရှိတဲ့ မိုးကောင်းကင်ကြီးထဲအထိ ပျံတက်သွားခဲ့တာပဲ " ချန်ဟန်းမှာ ဂုဏ်ယူဝင့်ကြွားမှု အပြည့်ရှိသော အမူအရာဖြင့် ပြန်ပြောလိုက်၏။

" အမှန်အတိုင်းပြောစမ်းပါ " ဝမ်ပေါင်လဲ့မှာမူ ချန်ဟန်းအား စိုက်ကြည့်နေဆဲပင်။ သူ၏ အကြည့်ကြောင့် ချန်ဟန်းမှာ တစ်ကိုယ်လုံး တုန်ရီသွားရ၏။

" အဖေ။ အဖေ သားကို အထင်လွဲနေတာပါ။ သား... "

ချန်ဟန်းမှာ အပေါ်ယံတွင် မျက်စိမျက်နှာ ပျက်နေသည့်ပုံ ပေါ်ပါသော်လည်း စိတ်ထဲတွင်မူ မှင်တက်နေရပြီ ဖြစ်သည်။ သူ သူ၏ အတိတ်ဘဝ၌ ပိုးကောင်တစ်ကောင် ဖြစ်နေခဲ့သည့် အချက်ကို ဝမ်ပေါင်လဲ့မှာ အဘယ်ကြောင့် သိနေရပါသနည်း။ ကျောချမ်းဖွယ်ရာ ကောင်းလှပေသည်။ ထို့ကြောင့် သူ ရှင်းပြရန်ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှိတ်ကာ ရာဇသံပေးလိုက်၏။

" ဒါ နောက်ဆုံးအခွင့်အရေးပဲ "

ထိုအခါ ချန်ဟန်းမှာ တစ်ကိုယ်လုံး ဆတ်ခနဲတုန်ရီသွားပြီး အော်ပြောလိုက်တော့သည်။

" အဖေက တော်တော်လေးကို ဉာဏ်ကောင်းတာပဲဗျ။ သား အဖေ့ဆီကနေ ဘယ်အရာကိုမှ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ပါဘူး။ သားရဲ့ ဆဋ္ဌမဘဝထဲမှာ သားက တကယ်ပဲ ပိုးကောင်တစ်ကောင် ဖြစ်ခဲ့တာပါ " ချန်ဟန်းမှာ စိုးရိမ်တုန်လှုပ်နေရပါသော်လည်း ချစ်စရာကောင်းသည့် အမူအရာပေါက်အောင် အကောင်းဆုံးကြိုးစား၍ ဟန်ဆောင်နေလိုက်ဆဲပင်။

" သားက ပေါက်ဖက်တစ်ကောင် ဖြစ်ခဲ့တာဗျ။ ဒါပေမဲ့ သား ပင်ပင်ပန်းပန်း ကြိုးစားခဲ့တာမလို့ နောက်ဆုံးကျတော့ လိပ်ပြာတစ်ကောင်အဖြစ်ကို ပြောင်းသွားခဲ့တာလေ။ အဲဒီလိုနဲ့ သားလည်း သားရဲ့ လိပ်ပြာမိတ်ဆွေလေးတွေနဲ့အတူ... အိုမင်းပြီး အသက်သေသွားတဲ့ အချိန်အထိ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာပေါ့ "

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ မျက်လုံးများ မှေးသွားပြီး မေးမိလိုက်၏။

" ဒါပဲလား။ မင်း မိုးကောင်းကင်ကြီးရဲ့အလွန်မှာ ဘာတွေမြင်ခဲ့ရသေးလဲ "

" မိုးကောင်းကင်ကြီးရဲ့ အလွန် ဟုတ်လား " ချန်ဟန်းမှာ ထိုမေးခွန်းကြောင့် ပင့်သက်ရှိုက်မိသွား၏။

" အဖေ။ သားက မိုးကောင်းကင်ကြီးရဲ့အလွန်အထိ မပျံနိုင်ခဲ့ဘူးလေ။ ပြီးတော့ တခြားဘာကိုမှလည်း သတိထားမိခဲ့တာမဟုတ်ဘူး။ သားက တောနက်ကြီးတစ်ခုထဲမှာပဲ ရှိနေခဲ့တာ "

ဝမ်ပေါင်လဲ့မှာ ချန်ဟန်း၏ စကားများကို ကြားလိုက်ရပြီးနောက် စကားတစ်ခွန်းမှ ဆက်မပြောတော့ပေ။ သို့သော် သူသည် စိတ်ထဲတွင်မူ အံ့သြတုန်လှုပ်သွားရ၏။

သူသည် ချန်ဟန်းမှာ လိမ်ညာပြောဆိုနေခြင်းမဟုတ်ကြောင်း အာရုံခံမိပေသည်။ သို့သော်လည်း သူသည် ချန်ဟန်း၏ အမြင်အာရုံမှတစ်ဆင့် ချန်ဟန်း မြင်တွေ့ခဲ့ရသည့် အရာများကို မြင်ခဲ့ရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ချန်ဟန်း၏ အမြင်တွင် သူမြင်တွေ့ခဲ့ရသည့် အရာများမှာ ဝမ်ပေါင်လဲ့ မြင်တွေ့ခဲ့ရသည့် အရာများနှင့် မတူဘဲ ကွဲလွဲနေခြင်းဖြစ်ရပေမည်... သို့မဟုတ် တစ်စုံတစ်ယောက်၏ လက်ချက်ကြောင့် ချန်ဟန်းနှင့် အခြားလိပ်ပြာများအားလုံးမှာ မိုးကောင်းကင်ကြီး၏ အလွန်၌ ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များနှင့် ပတ်သက်သော မှတ်ဉာဏ်များအားလုံးကို မေ့ပျောက်သွားခဲ့ခြင်း ဖြစ်ရပေမည်။

" ထူးဆန်းလိုက်တဲ့ ဆဋ္ဌမဘဝ... နောက်ဘဝကိုတောင် ပိုပြီးတော့ စိတ်ဝင်စားလာပြီ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှိတ်ကာ ချန်ဟန်းအား လျစ်လျူရှုလိုက်ပြီးနောက် တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်တော့သည်။

ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွား၏။ ချန်ဟန်းမှာမူ ရင်ခုန်နှုန်းများ မြန်ဆန်နေဆဲပင်။ သူ၏ အမြင်တွင် ဝမ်ပေါင်လဲ့မှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလွန်းနေသည်မဟုတ်ပါလော။ သူသည် အဘယ်ကြောင့် သူ၏ အတိတ်ဘဝအကြောင်း သိနေရပါသနည်း။ ထို့အပြင် သူသည် သမင်ဖြူလေးအကြောင်း လူဝံအိုကြီး ပြောခဲ့သည့် ကောလာဟလများကို ပြန်၍ စဉ်းစားမိလိုက်သဖြင့် ပို၍ပင် အံ့သြတုန်လှုပ်သွားရ၏။ သို့သော် သူသည် မည်မျှပင် စဥ်းစားတွေးတောစေကာမူ တစ်ခုခုမှာ လွဲနေသည်ဟု ခံစားနေရဆဲပင်။

" ငါ့ အရင်ဆုံးပြောခဲ့တဲ့ စကားတွေထဲမှာ အမှားလေးတွေ နည်းနည်းပါသွားလို့ သူ လျှောက်ရွှီးနေတာပဲ ဖြစ်မှာပါ "

" ဒီကောင်က ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်နေတာ မှန်ပေမဲ့ ငါ့ရဲ့ အတိတ်ဘဝအကြောင်းကို သိထားစရာအကြောင်း မရှိပါဘူး။ ငါ့ကို လှည့်စားပြီးတော့ တခြားလူတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို စပ်စုချင်တဲ့ သူ့ရဲ့အာသီသကို ဖြေဖျောက်ဖို့ကြိုးစားနေတာပဲဖြစ်မယ် "

" သူ ငါ့ရဲ့ အတိတ်ဘဝအကြောင်း နောက်တစ်ခေါက် ထပ်ပြီးတော့ သိနိုင်မှာမဟုတ်ပါဘူး "

ချန်ဟန်းတစ်ယောက် ထိုသို့ အတွေးများထဲ၌ နစ်မျောနေစဉ် ဆဋ္ဌမနေ့ ကုန်ဆုံးသွားပြီး သတ္တမနေ့သို့ ရောက်ရှိလာ၏... ထိုအခါ စကားသံကြီး ထပ်၍ ထွက်ပေါ်လာပြီး အဖြူရောင်မြူခိုးများမှာလည်း ဝဲကြီးတစ်ခုကဲ့သို့ လည်ပတ်သွားကြပြန်သည်။ လမ်းပြအလင်းရောင်များမှာလည်း စတင်တောက်ပလာကြ၏။

အောက်သို့ နစ်ဝင်သွားနေသည့် ခံစားချက်ကြီးနှင့် အေးစက်ကာ မှောင်မိုက်နေသည့် ဟင်းလင်းပြင်ကြီးမှာလည်း ပြန်လည်ပေါ်ပေါက်လာပြီ ဖြစ်သည်။ သို့သော်လည်း ဝမ်ပေါင်လဲ့၏ အသိစိတ်မှာမူ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ သူသည် သူ၏ စိတ်ကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားခဲ့သည့်တိုင်အောင် အနည်းငယ် အံသြတုန်လှုပ်သွားရဆဲပင်။

" ဒီတစ်ခေါက်လည်း မရဘူးလားဟ " ဝမ်ပေါင်လဲ့မှာ အေးစက်နေသည့် အမှောင်ထုကြီးထဲ၌ တစ်ခဏမျှ ထိုင်နေလိုက်ပြီးနောက် မျက်လုံးများ ပြန်ပွင့်လာ၏။ ထို့နောက် သူသည် အဖြူရောင်မြူခိုးများကို ကြည့်လိုက်ပြီး အတိတ်ဘဝထဲသို့ ရောက်နေသည့် ချန်ဟန်းအား လှမ်းကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင်မူ သံသယစိတ်များ ပေါ်ပေါက်လာ၏။

" ငါ့မှာ အတိတ်ဘဝ ငါးခုပဲ ရှိတာများလား " ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် ချန်ဟန်းအား ပြန်ကြည့်လိုက်၏။ ထိုအခါ သူ၏ မျက်ဝန်းများထဲတွင် တွေဝေတုံ့ဆိုင်းနေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ သို့သော်လည်း တစ်အောင့်ခန့်အကြာတွင် သူသည် စိတ်ပိုင်းဖြတ်လိုက်တော့သည်။

" သူ ငါ့ကို ထပ်ပြီးတော့ ရှာတွေ့သွားရင်တောင် ဘာဖြစ်လဲကွာ " ဝမ်ပေါင်လဲ့မှာ ထိုသို့ စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် မန္တန်လက်ကွက်တစ်ခုဖော်ကာ အမှောင်မီးတောက်တစ်ခုအား ထုတ်လွှတ်လိုက်ပြီး ချန်ဟန်းအား လွှမ်းခြုံသွားစေလိုက်၏။ ထို့နောက် သူသည် သူ၏ ဝိညာဉ်အား လိုအပ်သည့် ပြောင်းလဲပြင်ဆင်မှုများ ပြုလုပ်လိုက်ပြီး ချန်ဟန်း၏ ဝိညာဉ်နှင့် ထပ်တူကျသွားအောင် လုပ်လိုက်သည်။ ထိုအခါ သူသည် အလွန်အင်မတန်မှ ထူးဆန်းပြီး ယုတ္တိမရှိသော ကမ္ဘာကြီးတစ်ခုကို မြင်လိုက်ရတော့သည်။

All Chapters