ရွှေချည်ထိုးဖိနပ်တစ်စုံ
Vol. 44 Ch. 602
“သူတို့တွေက ငါ့လို အရင်ကတည်းက သေသွားသင့်တဲ့ လူတွေပဲ... ငါတို့အားလုံး လွန်ခဲ့တဲ့ နှစ်နှစ်သောင်းကတည်းက စစ်မြေပြင်မှာ သေသွားခဲ့သင့်လူတွေပါ... အခြေအနေကြောင့်သာ အခုချိန်အထိ အသက်ရှင်နေခဲ့ရတာ”
တန်ခိုးရှင်သစ်ခုတ်သမားက ပုဆိန်ကို ဘေးချကာ သက်ပြင်းချသည်။ “ဖုရွေ့လော်၊ မင်း သိလား... ခိုင်ဧကရာဇ်ခေတ်တုန်းကသာဆိုရင် မင်းလို ငြိမ်ငြိမ်မနေနိုင်တဲ့ မိစ္ဆာနတ်ဘုရားသေးသေးလေးကို နတ်ဘုရားစီရင်ရာစင်မြင့်ဆီ ပို့ပြီး သုတ်သင်လိုက်တာ ကြာပြီ... အခုအချိန်ကတော့ အတိတ်လို ဘယ်ဟုတ်တော့မလဲ... ငါ မင်းကို သိပ်လေးစားမိတယ်... မင်းရဲ့အရည်အချင်းတွေနဲ့ နည်းလမ်းတွေကိုလည်း ငါ သိတယ်... မင်းက ကောင်းကင်နတ်ဘုံကလူတွေကို အမြဲ မဆင့်ခေါ်ခဲ့ဘဲ မင်းအစွမ်းအစနဲ့မင်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို တိုက်ခိုက်ခဲ့တယ်... တခြားသူရဲ့ စည်းကမ်းတွေအောက်မှာ မင်း မနေချင်မှန်း ငါ သိပါတယ်... မင်းက ကိုယ်ပိုင်ရည်မှန်းချက်နဲ့ မျှော်လင့်ချက်တွေနဲ့လူ.... မင်းက ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို အသုံးချပြီး ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံထဲ ဝင်ချင်တယ်... မင့်ရည်မှန်းချက်က သိပ်ကြီးတာပဲ....”
ဖုရွေ့လော်က ခပ်ယောင်ယောင် ပြုံးလိုက်သည်။ “ဒီကမ္ဘာပေါ်မှာ ရည်မှန်းချက်မရှိတဲ့သူ ရှိပါ့မလား... ရည်မှန်းချက်မှ မရှိရင် အသက်ရှင်နေရတာ ဘယ်အဓိပ္ပါယ် ရှိတော့မလဲ”
တန်ခိုးရှင်သစ်ခုတ်သမား ခေါင်းယမ်းလိုက်၏။ “ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံကို သိမ်းပိုက်လိုက်ရင် ဘာဖြစ်မလဲ တွေးဖူးလား... မင်း အစဖျောက်ခံရမှာပဲမဟုတ်လား.... ‘ဘုရားပြီး ငြိမ်းဖျက်’ ‘ယုန်ကို မိတော့ ခွေးကို ချက်’ ဆိုတဲ့ စကားပုံတွေကို မင်း နားလည်သင့်ပါတယ်... မင်း မဟာမြို့ပျက်ကို တိုက်ခိုက်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ရှင်းပစ်လိုက်တဲ့အချိန်က မင်းနဲ့ မင်းတို့မျိုးနွယ်ရဲ့ အဆုံးသတ် ဖြစ်လာလိမ့်မယ်... မင်းတို့မျိုးနွယ် သုတ်သင်ခံရတော့မယ့်ဘေးက နည်းနည်းလေးပဲ လိုတော့တယ်... ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ ဉာဏ်အမြော်အမြင်ကြီးမားတဲ့ နတ်ဆိုးဘုရင် ဖုရွေ့လော်၊ မင်း နားမလည်ဘဲ မနေဘူးမလား...”
ဖုရွေ့လော်၏လည်ပင်းက လည်သွားပြီး ညာမျက်နှာသို့ ပြောင်းသွားသည်။ သူက အေးအေးလူလူ ပြောလေသည်။ “သူတော်စင်တန်ခိုးရှင်က စိတ်နှလုံးသားကို တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်ပါပေတယ်... ငါ့အတွက် တွေးပေးနေသယောင် ထင်ရပေမယ့် တကယ့်တော့ ငါ့နှလုံးသားကို တိုက်ခိုက်နေတာပဲ... မင်းပြောတဲ့ သဘောတရားကို ငါ နားလည်တယ်... ဒါပေမဲ့ ငါ့လူတွေ အသက်ရှင်နိုင်မယ့် နည်းလမ်းကိုလည်း ငါ ရှာဖို့ လိုသေးတယ်.... ကောင်းကင်နတ်ဘုံက ငါ့ကို သုတ်သင်မလား၊ မသုတ်သင်မလားဆိုတာ ဖြစ်နိုင်ခြေပဲ ရှိသေးတာ... အလွန်ဆုံး ခွေးသာသာပဲ ဆက်ဆံခံရလောက်မှာပါ.... ကောင်းကင်နတ်ဘုံက ခွေးတစ်ကောင်ကို သတ်ရတဲ့အထိ မနိမ့်ကျလောက်ပါဘူး ဟုတ်တယ်မလား”
သူ၏ဘယ်မျက်နှာက ပြုံးကာ ပြော၏။ “အသက်ရှင်ဖို့ လိုက်လျောညီထွေနေတတ်ရတယ်... တာအိုနောင်တော်၊ မင်း လော့ဖူကောင်းကင်ဘုံနဲ့ ငါ့ကို ခြိမ်းခြောက်နေဦးမယ်ဆိုရင် ငါ မင်းကို သတ်စရာတောင် မလိုဘူး... မင်းကို သတ်မယ့်တစ်ယောက် ပေါ်လာလိမ့်မယ်... တာအိုနောင်တော်အနေနဲ့ လိုက်လျောညီထွေနေတာ ကောင်းမယ်ထင်တယ်”
တန်ခိုးရှင်သစ်ခုတ်သမား ခေါင်းယမ်း၍ ပြောလိုက်သည်။ “ခွေး ဖြစ်ချင်လို့ကတော့ လွန်ခဲ့တဲ့ နှစ်နှစ်သောင်းထဲက ခွေးလုပ်ပြီးပြီပေါ့... ငါကတော့ ရပ်တည်ပြီး အသက်ရှင်နိုင်သေးသရွေ့ ရပ်တည်နေဦးမှာပဲ”
ဖုရွေ့လော်၏ အကြည့်များ လှုပ်ခတ်သွားသည်။ “ဒါမဲ့ မင်းတို့လူတွေ အများကြီး သေသွားရင် နောက်ဆုံးကျ ခွေးသေတစ်ကောင်လို မင်း လဲနေရဦးမှာပဲ”
တန်ခိုးရှင်သစ်ခုတ်သမားက ပြုံးလေသည်။ “ငါ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ထစ်ခံရလည်း မကြောက်ဘူး... အဲဒီထိ ပိုဆိုးတဲ့ အသေဆိုးနဲ့တောင် ငါ သေနိုင်ပါတယ်... မပူနဲ့ ငါ မြေကြီးပေါ် လဲမနေဘူး... မင်း စာချုပ်ထဲမှာ တောင်းဆိုတဲ့အတိုင်း... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပိုင်နက်ကို မင်းရဲ့ ကောင်းကင်နတ်ဆိုးမျိုးနွယ်ဆီ ပေးဖို့ ကိစ္စက... အခု ချင်မူ ရောက်လာပြီဆိုတော့ ငါ မင်းကို ပြောမယ်”
သူ့အမူအရာက တမုဟုတ်ချင်း အေးစက်သွား၏။ “ငါတို့ အသက်ရှင်နေသေးသရွေ့ ခိုင်ဧကရာဇ်မြေရဲ့ တစ်လက်မလေးကိုတောင် မင်းဆီ မပေးနိုင်ဘူး”
“ခြေလှမ်းကြည့်လိုက် ငါ ခုတ်ဖြတ်ပစ်မယ်... ခေါင်းတိုးကြည့်လိုက် ငါ ခုတ်ဖြတ်ပစ်မယ် ... မင်းတို့ကောင်းကင်နတ်ဆိုးတွေ ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲ ဝင်လာရဲရင် ငါ မင်းတို့ကို တစ်ယောက်မကျန် သုတ်သင်ပစ်မယ်”
သူက အေးစက်စွာ ပြောသည်။ “ခိုင်ဧကရာဇ်ရဲ့မြေကို အိပ်မက်တောင် မမက်နဲ့”
သူ့စကားကို ကြားလျှင် ဖုရွေ့လော်၏ မျက်နှာသုံးဖက်လည်း တမုဟုတ်ချင်း တင်းမာခက်ထန်သွားသည်။ “ဆိုလိုတာက ညှိနှိုင်းလို့မရဘူးပေါ့... ဒါဆို မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ချုပ်မယ်”
သူက စုတ်တံမြှောက်ကာ ကျမ်းသစ္စာရေးလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ညင်ညင်သာသာ မြှောက်လျက် စာရွက်အား တန်ခိုးရှင်သစ်ခုတ်သမားဆီသို့ စေစားလိုက်၏။ တန်ခိုးရှင်သစ်ခုတ်သမားလည်း ကျမ်းသစ္စာ ရေးသားပြီးနောက် သူနှင့် စာရွက်ချင်း ဖလှယ်လိုက်သည်။
နှစ်ယောက်သား တစ်ယောက်၏ ကျမ်းသစ္စာကို တစ်ယောက်ကြည့်ကာ ဟာကွက်များရှိမရှိ စစ်ဆေးကြည့်ကြသည်။ ထို့နောက် စုတ်တံများဖြင့် တချို့နေရာများကို ပြင်ဆင်ကာ အချင်းချင်း ပြန်လဲကြည့်ကြသည်။ သူတို့က ဂရုတစိုက် ဖတ်ပြီး လက်မခံနိုင်သောအပိုင်းများအား ပြင်ဆင်ကြ၏။
ဤသို့ဖြင့် ထပ်တလဲလဲ ပြင်ဆင်ပြီးနောက်ဆုံးတွင် သဘောတူလိုက်ကြသည်။
သူတို့နှစ်ယောက်က မတ်တပ်ထရပ်ပြီး ကျမ်းသစ္စာဆိုကြ၏။ ဖုရွေ့လော်က မိစ္ဆာဘာသာစကားဖြင့် ရွတ်ဆိုကာ တန်ခိုးရှင်သစ်ခုတ်သမားက နတ်ဘုရားဘာသာစကားဖြင့် ရွတ်နေသည်။ ဘာသာစကားနှစ်ခုလုံးက ပြိုင်တူထွက်ပေါ်နေပြီး မတူညီသော သဘောတရားများ ကိန်းဝပ်နေသည်။ အသံများက တစ်သံနှင့်တစ်သံ တိုက်ခိုက်နေလေသည်။
ချင်မူက ဘာသာစကားနှစ်မျိုးလုံး တတ်မြောက်သဖြင့် နတ်ဘုရားဘာသာစကားဖြစ်စေ၊ မိစ္ဆာဘာသာစကားဖြစ်စေ နှစ်မျိုးလုံးကို နားလည်၍ မသိလိုက်မသိဖာသာဖြင့် နစ်မျောသွား၏။
ဟင်းလင်းပြင်မှာ ရုတ်တရက် တုန်ခါလာ၍ သူတို့ခြေထောက်အောက်ရှိ ယဇ်ပလ္လင်ကြီး လှုပ်ခတ်သွားသောကြောင့် ယဇ်ပလ္လင်ပေါ်ရှိ လူတိုင်း အလျင်အမြန် ဟန်ချက်ထိန်းလိုက်ကြရသည်။ ယဇ်ပလ္လင်၏အောက်တွင် မိစ္ဆာနတ်ဘုရားနှစ်ပါးနှင့် မျက်နှာချင်းဆိုင်လျက် ရှိနေသော အဘွားစစ်နှင့် ကျားနတ်မင်းတို့၏ ခြေထောက်အောက်ရှိ မြေပြင်လည်း အလိုအလျောက် ဖောင်းကြွလာ၏။ နတ်ဘုရားလေးပါးမှာ ရန်သူဖက်မှ အခွင့်အကောင်းမယူနိုင်အောင် ကပျာကယာ ဟန်ချက်ထိန်းလိုက်ကြသည်။
အဘွားစစ်မှာ ကျင့်စဉ်စွမ်းအင် အားနည်းနေသည့်အလား ဘယ်ညာယိမ်းယိုင်နေပြီး နောက်သို့ လဲပြိုတော့မလို ဖြစ်သွား၏။ ခြေထောက်မှ ရွှေချည်ထိုးဖိနပ်တစ်ဖက် မတော်တဆ ကျွတ်ထွက်သွားသဖြင့် သူမမှာ ခြေဗလာတစ်ဖက်ဖြင့်သာ ရပ်လိုက်ရသည်။
သူမနှင့်မျက်နှာချင်းဆိုင်ရှိ မိစ္ဆာနတ်ဘုရား၏ မျက်လုံးများ လင်းလက်သွားပြီး သူမကို တုံ့ပြန်ရန် အချိန်မပေးပေ။ မိစ္ဆာနတ်ဘုရားက ရွှေချည်ထိုးဖိနပ်ကို လှမ်းကောက်ပြီး ဖိနပ်ကို ကိုင်လျက် အဘွားစစ်၏ ဖြူဖွေးဖွေး ခြေထောက်လေးကို စိုက်ကြည့်နေသည်။ သူက ဟက်ခနဲ ရယ်၍ ဖိနပ်ကို နှာခေါင်းနား တေ့ကာ ရှူလိုက်၏။
အဘွားစစ် ဒေါသထွက်သွားပြီး အပြုံးမဟုတ်သော အပြုံးလေးဖြင့် လက်ဆန့်ထုတ်လိုက်သည်။ “ငါ့ဖိနပ် ပြန်ပေး”
မိစ္ဆာနတ်ဘုရားက တဟားဟား ရယ်ကာ ဖိနပ်ကို ရင်အုံထဲ ထည့်လိုက်သည်။ “အလှလေး၊ မင်းဖိနပ်ကို ငါ သိမ်းထားပေးပါ့မယ်”
အဘွားစစ် ဒေါသတချောင်းချောင်း ထွက်သွားပြီး ကျန်ဖိနပ်တစ်ဖက်ကို ဆွဲချွတ်ကာ သူ့ဆီ ပစ်ပေါက်လိုက်၏။ “နင်က မိစ္ဆာနတ်ဘုရားမဟုတ်လား... ဘာလို့ ဒီလောက် နှာဘူးကျနေတာလဲ”
မိစ္ဆာနတ်ဘုရားက ကျန်လက်တစ်ဖက်ဖြင့် ဖိနပ်ကို ဖမ်းကာ သူမ၏ ဖြူဖွေးနေသော ခြေထောက်လေးကို စိုက်ကြည့်နေသည်။ သူက ညစ်ကျယ်ကျယ် ရယ်ရင်း ပြော၏။ “ပွတာပဲ... ဖိနပ်တစ်စုံလုံး ရလိုက်ပြီ... အလှလေးက နုနုရွရွလေး မွေးလာတာပဲ... ငါ့မှာ လူသားမျိုးနွယ် ကိုယ်လုပ်တော်တွေလည်း ရှိပါတယ်... မင်း စကားနားထောင်ရင် ငါ မင်းကို ငါ့ရဲ့မယားကြီးအဖြစ် တင်မြှောက်ပေးပြီး အိမ်ပြန်ရောက်တာနဲ့ ဟိုအဘွားကြီးကို စားပစ်လိုက်မယ်”
အဘွားစစ်က တခစ်ခစ် ရယ်လျက် ပြောသည်။ “နင့်ရဲ့အဘွားကြီးကို စားရင် ငါလည်း အဘွားကြီးဖြစ်လာရင် နင် စားတာခံရမှာ ကြောက်နေရမှာပေါ့.... နင်က ငါ့ဖိနပ်သေးသေးလေးတွေကို မဝတ်နိုင်ပါဘူး... ရတယ် သိမ်းထားလိုက်”
ကျားနတ်မင်း မျက်မှောင်ကြုတ်ကာ တွေးမိလိုက်၏။ “ဒီအမျိုးသမီးက ဘယ်ကလာတာလဲ... ဘာတွေပြောနေမှန်းလည်း မသိဘူး... ဒီမိစ္ဆာနတ်ဘုရားနဲ့တောင် ကလူနေသေးတယ်... သူကလည်း ညီလေးချင်လို ထူးဆန်းတဲ့ လူမျိုးပဲ”
အမှောင်ထုက ပတ်ဝန်းကျင်ကို လွှမ်းခြုံလာပြီး မီးရောင်များ တောက်ပလာသည်။ ယဇ်ပလ္လင်အောက်ရှိ အမှောင်ထုထဲမှ ချွန်ထက်နေသော ချိုကြီးနှစ်ချောင်း ဖြည်းဖြည်းချင်း ထိုးထွက်လာ၏။
ယဇ်ပလ္လင်၏ ပတ်ပတ်လည်မှာ ညအမှောင်ထုပမာ မည်းမှောင်နေသည်။ ချိုကြီးနှစ်ချောင်း၏ အချိုးအကွေ့ကိုးသွယ်နှင့် အကွေ့အကောက်ဆယ့်ရှစ်ခုက တိမ်တိုက်များကို ထိလုအောင် မြင့်မားလာပြီး ယဇ်ပလ္လင်ကိုပင် ကျော်တက်သွားသည်။
ကျားနတ်မင်းမှာ အကြီးအကျယ် ကြောက်လန့်သွား၍ လက်ထဲမှ တူကြီးနှစ်လက်စလုံးပင် လွတ်ကျသွားသည်။ သူက အလျင်အမြန် ပြန်ကောက်ပြီး အမှောင်ထုထဲမှ မြင့်တက်လာနေသော ချိုကြီးနှစ်ချောင်းအား မော့ကြည့်နေမိသည်။
တခဏကြာသော် မြေအောက်ဘုံအရှင်သခင်၏ ပုံရိပ်က ခေါင်းကိုသာ ပြသလိုက်သော်လည်း ချိုကြီးနှစ်ချောင်းသည် အပြင်အာကာသအထိပင် ထိုးဖောက်သွားခဲ့ပြီဖြစ်၏။
မြေအောက်ဘုံအရှင်သခင်၏ ရက်စက်ကြမ်းတမ်းသော ကျားမျက်နှာကြီးက အမှောင်ထုထဲ၌ နစ်မြုပ်နေပြီး သူ့မျက်လုံးထဲရှိ မီးတောက်များကြောင့် တစ်ချက်တစ်ချက် လင်းလာတတ်သည်။ သူ့အကြည့်အောက်တွင် ယဇ်ပလ္လင်မှာလည်း တစ်ချက်တစ်ချက် မီးရောင်လင်းသွားတတ်သည်။
မြေအောက်ဘုံအရှင်သခင်က သူတို့ကျမ်းသစ္စာ ကျိန်ဆိုနေသည်ကို တိတ်ဆိတ်စွာ စောင့်နေ၏။
ဤသည်မှာ မြေအောက်ဘုံအရှင်သခင်၏ ပုံရိပ်သာ ရှိသေးသည်။ မြေအောက်ဘုံအရှင်သခင် အစစ်မဟုတ်ပေ။ သူ၏စွမ်းအင်က ဤကမ္ဘာသို့ ပုံရိပ်ယောင်အား ပို့လွှတ်ကာ နတ်ဘုရားနှစ်ပါး ကျမ်းသစ္စာကျိန်ဆိုနေသည်ကို မျက်မြက်သက်သေတည်နေခြင်း ဖြစ်၏။
မြေအောက်ဘုံအရှင်သခင်အနေဖြင့် ကြီးမားလှသော ခန္ဓာကိုယ်ကြီးကြောင့် ကိုယ်တိုင်ဆင်းမလာနိုင်ပေ။ သူသာ ဆင်းသက်လာပါက ဤကမ္ဘာလေးမှာ တောင့်ခံနိုင်လိမ့်မည်မဟုတ်။
ချင်မူ စိတ်လှုပ်ရှားလာပြီး မြေအောက်ဘုံအရှင်သခင်၏ ပုံရိပ်အား အားတက်သရော လက်ဝှေ့ယမ်းပြလိုက်မိသည်။
မြေအောက်ဘုံအရှင်သခင်၏အမူအရာက တည်ကြည်လေးနက်နေပြီး သူ့ကို အဖက်မလုပ်ပေ။
ချင်မူက စိတ်လှုပ်တရှား လက်ဝှေ့ယမ်းရင်း အော်ဟစ်လိုက်သည်။ “ကျွန်တော်လေ... ကျွန်တော်ပါ.... မြေအောက်ဘုံအရှင်သခင်၊ ကျွန်တော်တို့ တွေ့ဖူးတယ်နော်... ကျွန်တော် ချင်ဖုန်းကျင့်လေ... မြေအောက်ဘုံအရှင်သခင် ကျွန်တော့်ကိုတောင် ချိတ်ပိတ်ပေးခဲ့သေးတယ်”
မြေအောက်ဘုံအရှင်သခင်က သူ့ကို ဘေးမဲ့ပေးထား၏။
ချင်မူက စိတ်လှုပ်ရှားစွာ လက်ဝှေ့ယမ်းပြနေဆဲပင်။
မြေအောက်ဘုံအရှင်သခင်၏ မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ “တည်တည်တံ့တံ့ နေစမ်း.... ငါ့ကို မနှောင့်ယှက်နဲ့... ငါ အလုပ်လုပ်နေတယ်”
ကျဲ့ဟွလီနှင့် ချီကျုံရီတို့ တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်ရင်း ထိတ်လန့်သွားကြ၏။
ဖုရွေ့လော်နှင့် တန်ခိုးရှင်သစ်ခုတ်သမားက ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပဋိညာဉ်စာချုပ် ရေးထိုးကြသည်။ မြေအောက်ဘုံအရှင်သခင်၏ ဧရာမခေါင်းကြီးက သူ့ကို စကားပြောချင်းလွန်း၍ ရိုးတိုးရွတ စောင့်နေသော ချင်မူ့အား တစ်ချက်ကြည့်သည်။
ချင်မူ အတန်ကြာ တွန့်ဆုတ်နေပြီးနောက် မြေအောက်ဘုံအရှင်သခင်ဆီသို့ လျှောက်သွားလိုက်သည်။
မြေအောက်ဘုံအရှင်သခင်က သူ့ကို အရေးမစိုက်ဘဲ ပြော၏။ “ပြဿနာမရှာနဲ့”
ထို့နောက် သူက အမှောင်ထုထဲ ပြန်လည်နစ်မြုပ်ပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူ၏ချိုကြီးများ အစအနမကျန် နစ်မြုပ်သွားသည့်အခါ အမှောင်ထုလည်း ကြဲပါးသွားကာ အလင်းရောင်ပြန်ဝင်လာသည်။
တန်ခိုးရှင်သစ်ခုတ်သမားက ချင်မူ့ကို စိုက်ကြည့်နေသည်။ ဖုရွေ့လော်လည်း ချင်မူ့ကို စိုက်ကြည့်နေသည်။ ချီကျုံရီနှင့် ကျဲ့ဟွလီ၏အကြည့်များလည်း ချင်မူ့အပေါ် ရောက်လာသည်။
မြေအောက်ဘုံအရှင်သခင်သည် တည်ကြည်လေးနက်သူဖြစ်ပြီး သေခြင်းရှင်ခြင်းကို ထိန်းချုပ်၏။ သူက ဘယ်သောအခါမှ ထွေရာလေးပါး စကားမပြောတတ်သလို၊ အဆင့်မြင့်သိုင်းပညာရှင်များ ကျမ်းသစ္စာကျိန်ဆိုသည့်အခါတိုင်း သူ၏စွမ်းအားက မျက်မြင်သက်သေအဖြစ် ပုံရိပ်ယောင်တစ်ခု စေလွှတ်သည်။ ဤကဲ့သို့ အရှိန်အဝါမျိုးက ကြောက်မက်ဖွယ်ရာကောင်းသဖြင့် သူ တည်ရှိနေသည့်အချိန်တွင် အသက်ပင်မရှူဝံ့ကြပေ။
ဤတစ်ခေါက်တွင်မူ မြေအောက်ဘုံအရှင်သခင်က စကားပြောရုံသာမက၊ ချင်မူနှင့်လည်း ရင်းနှီးနေဟန်တူသည်။ ထို့ကြောင့် ချင်မူသာ ကျမ်းသစ္စာကျိန်ဆိုလျှင် မြေအောက်ဘုံအရှင်သခင် သူ့အား မျက်နှာသာပေးမည်လားဟုပင် သံသယဝင်လာကြတော့သည်။
မြေအောက်ဘုံအရှင်သခင်ကို တိုင်တည်၍ ကျမ်းကျိန်ကြခြင်းမှာ သူ၏တစ်ကိုယ်ကောင်းမဆန်မှုနှင့် ဘက်မလိုက်မှုကြောင့် ဖြစ်သည်။ တစ်ကိုယ်ကောင်းဆန်ပြီး ဘက်လိုက်တတ်လျှင် များစွာချောက်ချားဖွယ်ရာကောင်းလိမ့်မည် မဟုတ်ပါလော။
“မိတ်ဆွေလေးချင်နဲ့ မြေအောက်ဘုံအရှင်သခင်ရဲ့ ဆက်ဆံရေးက ဒီလောက်ကောင်းမယ် မထင်ထားခဲ့ဘူး” ဖုရွေ့လော်က တောက်ပစွာ ပြုံးလျက် ပြောလိုက်သည်။
ချင်မူက မျက်လုံးသုံးလုံးစလုံးကို ပိတ်ကာ သူ့အား မကြည့်ဘဲ ညည်းတွားလိုက်သည်။ “ကျွန်တော်တို့ ဆက်ဆံရေးသာ သိပ်ကောင်းနေရင် သူ ကျွန်တော့်ကို ချိတ်ပိတ်ခဲ့ပါ့မလား”
ဖုရွေ့လော် စိတ်အေးသွားသော်လည်း ချင်မူ၏ကျောက်စိမ်းလည်ဆွဲအား တွေးလိုက်မိသည်။ သူ့ရင်ထဲ ဒိန်းခနဲ ဖြစ်သွား၏။ ‘အဲဒီကျောက်စိမ်းလည်ဆွဲက မြေအောက်ဘုံအရှင်သခင်ရဲ့ အတားအဆီးအစီအရင်လား.... အဲဒီနေ့တုန်းက ငါက ချိတ်တံဆိပ်ကို ဖိနှိပ်လိုက်မိတော့ အဲဒီမိစ္ဆာနတ်ဆိုးကို လွှတ်ပေးမိလိုက်တာ ဖြစ်မယ်’
ဖုရွေ့လော် သဘောပေါက်သွားသဖြင့် ရင်ထဲမှ အလုံးကြီးကျသွားတော့သည်။ ‘မြေအောက်ဘုံအရှင်သခင်ကိုယ်တိုင် သူ့ကို ချိတ်ပိတ်ထားတာဆိုတော့ အဲဒီမိစ္ဆာနတ်ဆိုး လွတ်လာမှာ မပူရတော့ဘူး... ငါ အခု သူ့ကို အေးအေးဆေးဆေး ရင်ဆိုင်လို့ရပြီ.... ဒီကောင်လေး ငါ့ကို မကြည့်ရဲတော့တာပဲ ဆိုးတယ်’
ဤအခိုက်အတန့်တွင် ယဇ်ပလ္လင်အောက်မှ ‘အား’ခနဲ အော်သံနက်ကြီး ထွက်လာ၍ ပလ္လင်ပေါ်ရှိ လူတိုင်း အံ့အားသင့်သွားကြပြီး ပလ္လင်အစပ်နားသို့ အလျင်အမြန် သွားကာ ငုံ့ကြည့်လိုက်ကြသည်။
ခြေထောက်နှစ်ချောင်းကို ဖက်ရင်း လူးလွန့်အော်ဟစ်နေသော မိစ္ဆာနတ်ဘုရားတစ်ပါးအား သူတို့ မြင်လိုက်ရ၏။ ထိုမိစ္ဆာနတ်ဘုရား၏ ခြေထောက်တွင် ရွှေချည်ထိုးဖိနပ်တစ်စုံ ရှိနေသည်။ ဖိနပ်များမှာ သုံးလက်မခန့်သာ ရှိပြီး အပ်များပြည့်နေ၏။ အပ်အားလုံးက မိစ္ဆာနတ်ဘုရား၏ခြေထောက်ထဲ ပြွတ်သိပ်စွာ ထိုးစိုက်နေရာ သွေးသံရဲရဲ ဖြစ်နေတော့သည်။
မိစ္ဆာနတ်ဘုရား၏ခန္ဓာကိုယ်က တစ်ချက်တစ်ချက် သေးလိုက်၊ တစ်ချက်တစ်ချက် ကြီးလိုက် ဖြစ်နေပြီး ဖိနပ်များကို ချွတ်နေသော်လည်း ဖိနပ်များသည် ကျုံ့သာသွား၏။ ကြီးမလာပေ။ ဤအချိန်တွင် သူ့ခြေထောက်နှစ်ဖက်လုံးရှိ အရိုးများ ရစရာမရှိအောင် ကျိုးကြေနေပြီဖြစ်၍ နာကျင်မှုမှာ ဖော်ပြမတတ်အောင် အသည်းခိုက်လှသည်။
အခြားတစ်ဖက်တွင် ကျားနတ်မင်းနှင့် ကျန်မိစ္ဆာနတ်ဘုရားမှာ အဘွားစစ်အား ကြောက်လန့်တုန်ရီစွာ ကြည့်နေကြသည်။ သူတို့နှစ်ယောက်လုံး အနားမကပ်ရဲကြပေ။
“နင့်ခြေရိုးအားလုံး ကျိုးသွားပြီ”
အဘွားစစ်က ပျော်ရွှင်မြူးထူးစွာ ပြောလိုက်ပြီး နူးညံ့ချိုသာသော အသံဖြင့် သူ့ကို အကြံပေးနေသည်။ “ဖြတ်ပစ်လိုက်တော့.... အပ်တွေ နင့်နှလုံးနဲ့ အဆုတ်တွေဆီ ရောက်လာရင် နောက်ကျသွားလိမ့်မယ်နော်”
မိစ္ဆာနတ်ဘုရားမှာ နာကျင်မှုကြောင့် တဆတ်ဆတ် တုန်ရီနေကာ အံတင်းတင်းကြိတ်ထား၏။ “ဒီဖိနပ်သေးသေးလေးတွေ ဝတ်အောင် မင်း ငါ့ကို လှည့်စားခဲ့တာပဲ....”
အဘွားစစ်က အံ့အားသင့်သွားသော အမူအရာလေးဖြင့် ပြောလေသည်။ “ငါ ဘယ်တုန်းက လှည့်စားလို့လဲ... နင့်ဘာသာနင် ဝတ်ကြည့်ချင်နေတာလေ”
ယဇ်ပလ္လင်ထက်တွင် ဖုရွေ့လော် မျက်ခုံးများပင့်သွားပြီး တန်ခိုးရှင်သစ်ခုတ်သမားအား ခနဲ့လိုက်သည်။ “ဒါက မင်းရဲ့ တပည့်နောက်တစ်ယောက်လား.... သူက မင်းလိုပဲ နောက်ကျောဓားနဲ့ ထိုးတဲ့နေရာမှာ သိပ်တော်တယ်”
တန်ခိုးရှင်သစ်ခုတ်သမားလည်း အံ့အားသင့်စွာဖြင့် ခေါင်းယမ်းပြလိုက်သည်။ “ငါ့တပည့်မဟုတ်ဘူး... ဒါပေမဲ့ သူ့ဖြတ်ထိုးဉာဏ်က ငါနဲ့ ယှဉ်နိုင်တယ်”
ဖုရွေ့လော် နှာခေါင်းရှုံ့လိုက်ပြီး သူ့အသံက ယဇ်ပလ္လင်အောက်သို့ ပျံ့လွင့်သွား၏။ “မုတူလော်၊ မင်းရဲ့ ကောင်းကင်နတ်သိုင်းက သူ့အပ်တွေကို မတားနိုင်ဘူး... အချိန်ကြာကြာ ဆွဲလေလေ၊ အသက်အန္တရာယ် စိုးရိမ်ရလေလေပဲ... ခြေနှစ်ချောင်းလုံး ဖြတ်လိုက်တော့”
ထိုမိစ္ဆာနတ်ဘုရားမှာ ရွှေချည်ထိုးဖိနပ်မှ အပ်များ သူ၏သွေးကြောများတစ်လျှောက် စီးဆင်းနေသည်ကို ဟန့်တားနေ၏။ အပ်များက အလွန်သေးမျှင်လှပြီး ဓားပျံများသဖွယ် သွေးကြောများထဲ ဝင်ရောက်နေသည်။ သူက ချီစွမ်းအင်ဖြင့် ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်ကာ အပ်များကို ပိတ်ဆို့နေခဲ့ခြင်းဖြစ်သည်။ သို့သော် ခန္ဓာကိုယ် ပေါက်ကွဲမည်စိုး၍ အားကောင်းသော သိုင်းကွက်များ မထုတ်လွှတ်နိုင်ရာ အခက်တွေ့နေ၏။
ဖုရွေ့လော်၏အသံကို ကြားလျှင် သူက မာန်သွင်းဟစ်အော်လိုက်သည်။ ထို့နောက် ပါးပြင်တစ်လျှောက် စီးကျလာသော မျက်ရည်များကို သုတ်၍ ခြေနှစ်ဖက်လုံး ခုတ်ချလိုက်သည်။
ခြေထောက်များ ပြတ်သွားသည့်အခါ ငွေအပ်သေးသေးလေးများက စီးဆင်းနေသော ရေအလျဉ်သဖွယ် ထွက်လာကြသည်။
“စက်မှုလက်မှုနတ်ဘုရားမျိုးနွယ်ရဲ့ ပန်းပဲစွမ်းရည်”
ဖုရွေ့လော်မှာ ပန်းပဲစွမ်းရည်ကို မြင်လိုက်ရ၍ အံ့အားသင့်သွား၏။ ရုတ်တရက် ချင်မူ့ဘေး၌ ရှိခဲ့သော ပန်းပဲဆရာအဘိုးအိုကို ပြန်သတိရလိုက်သည်။ အဘွားစစ်၏ ငွေအပ်များက ထိုပန်းပဲဆရာအဘိုးအိုဆီမှ ဖြစ်လိမ့်မည်။
“ပန်းပဲဆရာ၊ အပ်ချုပ်သည်၊ ပန်းချီဆရာ၊ ဆေးဆရာ.... ဘယ်လိုလူတွေ ဒီကောင်လေးချင်မူ့ဘေးမှာ ရှိနေတာလဲ” ဖုရွေ့လော် ခေါင်းကိုက်လာတော့သည်။