သေအောင် ဆွဲချခြင်း
Vol. 44 Ch. 603
မုတူလော်၏ ဒဏ်ရာများမှ ထွက်လာသော ငွေအပ်များက ရွှေချည်ထိုးဖိနပ်ထဲသို့ ပြန်ဝင်သွားပြီး အစအနပင် ရှာမရအောင် ပျောက်ကွယ်သွားသည်။ ငွေအပ်များ မည်သည့်နေရာတွင် ပုန်းနေမှန်း မမြင်ရပေ။ ရွှေချည်ထိုးဖိနပ်သည် ခြေပြတ်များကို ခါချပြီး အဘွားစစ်၏ ခြင်းထဲသို့ ပြန်ရောက်လာ၏။
အဘွားစစ်က ဖိနပ်ခုံတစ်စုံနှင့် အဝတ်စများ ထုတ်၍ သူမအတွက် ရွှေချည်ထိုးဖိနပ်အသစ်တစ်စုံ လျင်မြန်စွာ ချုပ်လိုက်သည်။ ထို့နောက် ဖိနပ်ကို ဝတ်ကာ ခေါင်းယမ်းလိုက်သည်။ “နင့်ကြောင့် ငါ့ဖိနပ်တွေ ညစ်ပတ်သွားရတာတောင် အကျယ်ကြီး အော်ငိုနိုင်သေးတယ်ပေါ့လေ... နင်တို့ကောင်းကင်နတ်ဆိုးမျိုးနွယ်က အကဲပိုလွန်းအားကြီးတယ်... နင် နင့်ခြေထောက်တွေကို မလိုတော့ဘူးမလား... နင့်ခြေထောက်ပေါ်က အရေပြားတွေက အကောင်းတိုင်းရှိနေတုန်းပဲ.... ငါ ဖိနပ်နောက်တစ်စုံ ချုပ်လို့ရတယ်.. အသားပေါ်က အမှတ်အသားတွေနဲ့ဆို အလှဆင်စရာတောင် မလိုဘူး.... ငါ့ကို ပေးလို့ရမလား... နင်က သဘောကောင်းပါတယ် ...နော်”
မိစ္ဆာနတ်ဘုရားမုတူလော်မှ နာကျင်မှုကြောင့် အော်ဟစ်နေရပြီး တုန်ရီနေသောလက်များဖြင့် ပြတ်တောက်သွားသည့်နေရာရှိ ဒဏ်ရာများအား ချုပ်ရန် ကြိုးစားနေသည်။ သွေးတိတ်အောင် လုပ်နေစဉ် အဘွားစစ်၏စကားကို ကြားသောအခါ သူ မီးပုံယမ်းကျ ပေါက်ကွဲသွားတော့သည်။ “မြွေလို ကောက်ကျစ်ပြီး ကင်းမြီးကောက်လို အဆိပ်များတဲ့ နှလုံးသားနဲ့ မိန်းမ ... မင်း ...”
သူ သွေးတစ်လုပ် အန်လိုက်ရသည်။
ဖုရွေ့လော် မျက်မှောင်ကြုတ်ပြီးနောက် ပြုံးလိုက်သည်။ “တဏှာဆိုတာ သေစေနိုင်တဲ့ ဓားသွားတစ်ခုပဲ... မုတူလော်တော့ သူ့အမှားကြောင့် အခုလို ခြေထောက်ပြတ်သွားရပြီ.... ကျဲ့ဟွလီ၊ ကျန်တဲ့သူတွေနဲ့ အောက်ဆင်းပြီး ဝေးဝေး ထွက်သွားကြတော့.... မြေအောက်ဘုံအရှင်သခင်နဲ့ ပဋိညာဉ်ချုပ်ဆိုပြီးသွားပြီမလို့ ငါ အခု ကောင်းကင်ဆရာသခင်နဲ့ ဆွေးနွေးစရာရှိတယ်”
တန်ခိုးရှင်သစ်ခုတ်သမားက ပြုံးလျက် ပြောလိုက်၏။ “ချင်မူ၊ မင်းလည်း ဆင်းသင့်တယ်... ဒီနေရာက မင်းတို့ နေနိုင်တဲ့နေရာ မဟုတ်ဘူး”
အားလုံး အံ့အားသင့်သွားကြသည်။ မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ချုပ်ဆိုပြီးသွားပြီဖြစ်၍ ဝန်ထုပ်ဝန်ပိုးများ မရှိတော့ရာ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သေချာပေါက် စိန်ခေါ်ကြလိမ့်မည်။
ချင်မူ၊ ကျဲ့ဟွလီ၊ ချီကျုံရီနှင့် ကျန်ရှိသူများ ယဇ်ပလ္လင်အပေါ်မှ ဆင်းလိုက်ကြသည်။ ကျဲ့ဟွလီက တည်ငြိမ်အေးဆေးစွာ ပြောလာသည်။ “အရင်တစ်ခေါက်တုန်းက ငါ နောင်တော်ချင်နဲ့ နောင်တော်ချီတို့နှစ်ယောက်လုံးကို ရှုံးခဲ့တယ်.... ငါ အဲဒါကို လက်မခံနိုင်ဘူး.. ဒါကြောင့် နှစ်ယောက်လုံးကို ထပ်စိန်ခေါ်ချင်ပါတယ်”
“ပြဿနာမရှိပါဘူး ပြဿနာမရှိပါဘူး”
ချင်မူက ခပ်သွက်သွက် ခြေလှမ်းများဖြင့် ပလ္လင်အောက်သို့ ဆင်းရင်း အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “အရင်တစ်ခေါက်က မင်းကို အနိုင်ယူနိုင်ခဲ့တာက ကံကောင်းလို့ပါ... ဒီတစ်ခေါက်တော့ ကံကောင်းမယ်မထင်ဘူး”
ချီကျုံရီ၏အကြည့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွား၏။ “နောင်တော်ချင်က ဉာဏ်နီဉာဏ်နက်များပါပေတယ်... မင်း မြေအောက်ဘုံအရှင်သခင်နဲ့ ရင်းနှီးပြီး ချိတ်ပိတ်တဲ့အကြောင်း ပြောနေတာ ကြားလိုက်သလားလို့ ... အသေးစိတ် ပြောပြလို့ရမလား”
ချင်မူမှာ သူ့ရင်ဘတ်ပေါ်ရှိ ‘ကျောက်စိမ်းလည်ဆွဲ’ကို အလိုအလျောက် လှမ်းဆုပ်မိပြီး လက်ပြန်ရုတ်လိုက်သည်။ သူက တဟားဟား ရယ်ကာ ပြောလေသည်။ “ဘာချိတ်ပိတ်တာလည်း ... မပြောခဲ့ပါဘူး”
ချီကျုံရီက သရော်သလို မဲ့ပြုံးပြုံးလိုက်၏။
သူတို့သုံးယောက် ယဇ်ပလ္လင်အပေါ်မှ ဆင်းနေစဉ် ခြေလှမ်းများသည် ပြိုင်တူဖြစ်နေ၏။ သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် ကျောပေးထားရမည်ကို ကြောက်နေကြသည်။
ချင်မူ့အမူအရာ ပြောင်းလဲသွားသည်။ ‘ဒီနှစ်ယောက်က အမှားတွေကနေ သင်ခန်းစာယူထားတာဆိုတော့ နှစ်ယောက်လုံးကို နောက်ကျောဓားနဲ့ ထိုးဖို့ ခက်လိမ့်မယ်... နှစ်ယောက်လုံးက ငါ လှည့်စားတာခံဖူးသလို သင်လွယ်တတ်လွယ်ကြတယ်....’
ကျားနတ်မင်းက သူ့အမူအရာကို မြင်လျှင် နှာခေါင်းရှုံ့လိုက်သည်။ “ညီလေး၊ မင့်အမူအရာ ပြောင်းလဲသွားပြန်ပြီ... တာအိုနှလုံးသားကို ထိခိုက်နေဦးမယ် သတိထားဦး... ငါ့အရှင်နဲ့ ဖုရွေ့လော်က နှစ်ယောက်ထဲ တိုက်ခိုက်တော့မယ်... ဒီနေရာက ငါတို့နေလို့ရတဲ့ နေရာမဟုတ်ဘူး... သွားကြစို့... မုတူလော်၊ ယွီလော်ရှ ... မင်းတို့တွေ လိုက်မှာလား၊ မလိုက်ဖူးလား”
မုတူလော်၏နဖူးမှ ချွေးပေါက်များ ကျနေပြီး ခက်ခက်ခဲခဲ မတ်တပ်ရပ်နေရသည်။ သူက အေးစက်စက် ပြောလိုက်သည်။ “မြွေလို ကောက်ကျစ်ပြီး ကင်းမြီးကောက်လို အဆိပ်များတဲ့ နှလုံးသားနဲ့ မိန်းမက ငါ့ခြေထောက်ကို ဖြတ်ခဲ့မှတော့ ကလဲ့စားပြန်မချေရင် ငါ့မျိုးနွယ်ကို ဘယ်လိုမျက်နှာပြန်ပြရမလဲ”
ချင်မူ မနေနိုင်တော့ဘဲ ဝင်ပြောလိုက်မိ၏။ “နောင်ကြီး၊ ကျွန်တော် ဆေးကုတတ်တယ်... နောင်ကြီး စိတ်မရှိရင် ကျွန်တော် ခြေထောက်တွေ ပြန်ဆက်ပေးနိုင်ပါတယ်... ဆေးဆရာဆိုတာ လူနာကို မိဘလို သဘောထားပြီး ပြုစုပေးရတယ် မဟုတ်ပေလား... တစ်ယောက်ယောက် ဒဏ်ရာရနေတာ မြင်ရင် ကျွန်တော် မကြည့်ရက်ပါဘူး... ဒီမှာရှိတဲ့သူတွေထဲမှာ နောင်ကြီးအတွက် သင့်တော်မယ့် ခြေထောက်ရှိရင် ဖြတ်လိုက်ပါ... ကျွန်တော် ပြန်ဆက်ပေးမယ်... စိတ်မပူနဲ့၊ နောင်ကြီး ထခုန်နိုင်စေရမယ်”
ကျန်ရှိသူများ၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး မုတူလော် သူတို့၏ခြေထောက်များအား မဖြတ်အောင် နောက်ဆုတ်သွားကြသည်။
မုတူလော်က နာကျင်မှုကို တောင့်ခံကာ ဟက်ခနဲ ရယ်လိုက်၏။ “ခွေးကောင်လေး၊ ငါ မင်းကို ယုံမယ်ထင်ထား... ငါ သူတို့ခြေထောက်တွေ ဖြတ်ရင်တောင် မင်းက အဆိပ်ခပ်ဦးမှာပဲ”
ချင်မူ ခေါင်းကုတ်လိုက်မိသည်။ “ဆေးဆရာဆိုတာ လူနာကို မိဘလို...”
“ဖွီ တော်စမ်း”
ချင်မူက သက်ပြင်းချပြီး စိတ်မကောင်းဖြစ်သွားသည်။ “ကျွန်တော့်စိတ်ရင်းက ဘယ်လောက်ကြင်နာတတ်လဲ နောင်ကြီး မသိဘူးပဲ... နောင်ကြီး တစ်မျိုးနွယ်တည်းသားတွေရဲ့ ခြေထောက်ကို မဖြတ်ရက်မှန်း သိပါတယ်... ဒါပေမဲ့ ချီကျုံရီက နောင်ကြီးတို့မျိုးနွယ်မှ မဟုတ်တာ.... သူ့ခြေထောက်တွေ ဖြတ်လို့ရတာပဲ... နောင်တော်ချီ၊ ကျွန်တော် နောင်တော်ချီကို ပစ်မှတ်ထားနေတာမဟုတ်ဘူးနော်.... ဥပမာ ပြနေတာပါ”
ချီကျုံရီ၏အမူအရာ ပျက်ယွင်းသွားပြီး ခြေထောက်နှစ်ဖက်လုံး တောင့်တင်းသွား၏။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “နောင်တော်ချင်၊ ရှင်းပြစရာမလိုပါဘူး ငါ နားလည်ပါတယ်”
ကျားနတ်မင်းနှင့် အဘွားစစ်က အဝေးရောက်သွားပြီဖြစ်သည်။ ချင်မူ သူတို့နောက်သို့ အလျင်အမြန် လိုက်သွားစဉ် မုတူလော်၏အကြည့်က ချီကျုံရီ၏ ခြေထောက်များအပေါ် ကျရောက်သွားသည်။ ချီကျုံရီမှာ ခြေထောက်နှစ်ဖက်လုံး တင်းသွားပြန်ပြီး အေးအေးဆေးဆေး ဆိုလိုက်၏။ “ကျွန်တော်က အထက်ဘုံကပါ မုတူလော်.... ခင်ဗျား ကျွန်တော့်ကို ထိလို့မရဘူး... ဒါ့အပြင် သူက ဆေးပညာမှာ ကျွမ်းသလို၊ အဆိပ်ပညာမှာလည်း ကျွမ်းတယ်.... ခင်ဗျား သူ့ကို ယုံလိုက်ရင် သေချာပေါက် သေလိမ့်မယ်”
မုတူလော်က မိစ္ဆာတိမ်တိုက်များကို ထိန်းချုပ်ကာ ယွီလော်ရှနောက် လိုက်သွားသည်။ သူက သရော်သလို ပြောလိုက်လေသည်။ “မြွေလို ကောက်ကျစ်ပြီး ကင်းမြီးကောက်လို အဆိပ်များတဲ့ နှလုံးသားနဲ့ မိန်းမ ၊ နတ်ဆိုးဘုရင်နဲ့ ကောင်းကင်ဆရာသခင်က တိုက်ခိုက်နေကြပြီ... ငါတို့လည်း တိုက်ခိုက်ကြမယ်... မင်း ထွက်သွားဖို့ မစဉ်းစားနဲ့”
အဘွားစစ် လှည့်လာပြီး တောက်ပစွာ ပြုံးပြလိုက်သည့်အခါ မုတူလော်မှာ တမုဟုတ်ချင်း မိန်းမောသွားသည်။ ထို့နောက် သူက ဟက်ခနဲ ရယ်ကာ ပြောလေသည်။ “ဘယ်လောက်လှလှ အသုံးမဝင်ဘူး.. ငါ မင်းကို ဖမ်းပြီး ငါ့မိန်းမ လုပ်ခိုင်းမယ်”
သူ့ဘေးရှိ ယွီလော်ရှက ဒေါသထွက်သွား၍ အသံနှိမ့်ကာ သတိပေးလိုက်၏။ “မုတူလော်၊ နင်ကတော့ သူ့ကို မသတ်ရက်ပေမယ့် သူက နင့်ကို သတ်ဖို့ ဝန်လေးနေမှာမဟုတ်ဘူး”
မုတူလော် ခေါင်းယမ်းလိုက်သည်။ “သူ ငါ့ကို မသတ်ပါဘူး... စောစောက ပြုံးပြတာပဲ ကြည့်ပါလား... ငါ့ကို လေးစားနေတာ ငါ မြင်နေရတယ်...”
ယွီလော်ရှက အေးစက်စက် ပြော၏။ “နင့်တာအိုနှလုံးသားတော့ ဒီကဝေမကြောင့် ပျက်စီးသွားပြီပဲ... နင် ဒီကျားနက်ကို ရှင်း... ငါ သူ့ကို သတ်မယ်”
မုတူလော်မှာ အင်တင်တင် ဖြစ်နေသော်လည်း ခေါင်းညိတ်လိုက်သည်။ သူလည်း သူ၏လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး မူမမှန်သလို ခံစားရသည်။ ဤအမျိုးသမီး၏ လှည့်စားမှုကြောင့် ခြေနှစ်ဖက်လုံး ပြတ်သွားသော်လည်း သူမကို မမုန်းရက်ပေ။
မမုန်းရက်သည်သာမက ၊ သူမ မျက်မှောင်လေး တစ်ချက်ကြုတ်လိုက်တိုင်း၊ နှုတ်ခမ်းလေး၌ အပြုံးလေးဖြစ်ထွန်းလာတိုင်း သူ့နှလုံးသားကြိုးမျှင်များ တီးခတ်ခံလိုက်ရသကဲ့သို့ ရင်ခုန်သံများ ဗလောင်ဆူလာပြီး တည့်တည့်မတ်မတ် မတွေးနိုင်တော့ပေ။ ကဝေမလေးက သူ့နှလုံးသားထဲ၌ နေထိုင်ပြီး အရူးအမူး ချစ်မိသွားအောင် ပြုစားနေသကဲ့သို့ ထင်ရသည်။
ဤအခြေအနေက အလွန်ထူးဆန်းလေသည်။
ယွီလော်ရှကို သူမနှင့် တိုက်ခိုက်ခိုင်းခြင်းက အကောင်းဆုံး ဖြစ်လောက်သည်။
မုတူလော် အလေးအနက် ပြောလိုက်မိ၏။ “မင်းလည်း သိတာပဲ... ငါက ရင်ခုန်တာ ခပ်ရှားရှားရယ်.... ရင်ခုန်မိရင်တော့ ငါ့အချစ်က ဘယ်တော့မှ မသေဆုံးနိုင်ဘူး.... သူ့ကို အနိုင်တော့ယူ... မသတ်ပါနဲ့”
ယွီလော်ရှက အံတင်းတင်းကြိတ်ကာ နှာခေါင်းရှုံ့လိုက်သည်။
ချင်မူမှာ မျက်လုံးလေးကလယ်ကလယ်ဖြင့် တွေးနေမိသည်။ “ဘယ်လိုလုပ်ပြီး သူ့နှလုံးသားထဲမှာ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာရဲ့ စိတ်နှလုံးမိစ္ဆာမျိုးစေ့ ရှိနေတာပါလိမ့်.... ဘွားဘွား ဘယ်တုန်းက မုတူလော်ရဲ့ တာအိုနှလုံးသားထဲမှာ စိတ်နှလုံးမိစ္ဆာမျိုးစေ့ စိုက်လိုက်တာလဲ”
သူတို့အားလုံး မိုင်တစ်ထောင်အကွာအထိ ပြေးပြီးသည့်အခါ ကျားနတ်မင်းက ရုတ်တရက် ရပ်လိုက်၏။ သူက ဘေးဘီဝဲယာကို ကြည့်ပြီး ပျက်စီးယိုယွင်းနေသော မြင်ကွင်းကို မြင်လိုက်ရသည်။ မြေ၊ ရေ၊ လေနှင့် မီးတို့က အဆက်မပြတ် ဖောက်ပြန်နေသည့်အပြင် အဝေးတွင် ဧရာမဥက္ကာခဲကြီးတစ်လုံး တည်ရှိနေ၏။ ဥက္ကာခဲကြီးက လုံးဝန်းမည်းနက်နေပြီး ကမ္ဘာမြေဆွဲအားကို နှောင့်ယှက်နေသည်။
“ဒီနေရာပဲ”
ကျားနတ်မင်းက ရယ်မောလိုက်သည်။ “ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ အဆွေတော်တို့... ဒီနေရာက သိပ်သင့်တော်တယ်... မင်းတို့အလောင်းကို မြှုပ်ဖို့ပဲ ဖြစ်ဖြစ်၊ ငါတို့အလောင်းကို မြှုပ်ဖို့ပဲ ဖြစ်ဖြစ် ဒါက သိပ်ကောင်းတဲ့ ဖုန်းရွှေမြေပဲ... ညီလေး၊ ဟိုက မည်းမည်းအလုံးကြီးဆီ သွားလိုက်... ဒါမှ မင်းတို့အပေါ် အားလှိုင်းတွေ မသက်ရောက်မှာ”
ယွီလော်ရှနှင့် မုတူလော်က ရှေ့တက်လာသည်။ ယွီလော်ရှက ခနဲ့သလို ပြောလိုက်၏။ “ဒီမြေမှာ ကောင်းကင်နတ်ဆိုးအများကြီး မြှုပ်ခဲ့ပြီးပြီ... နင်တို့အလောင်းတွေ မြှပ်ဖို့ပဲ ကျန်တော့တယ်”
အဘွားစစ်က ချင်မူကို မှာနေသည်။ “မင်းရဲ့ တတိယမျက်လုံးကို မဖုံးရသေးဘူး... မြန်မြန် ရွှေရောင်မိုးမခသစ်ရွက်နဲ့ ဖုံးထားလိုက်... မဆင်မခြင် မသုံးနဲ့”
သူမက အနည်းငယ်တွေးပြီး ထပ်မှာပြန်သည်။ “သူတို့ကို မနိုင်ရင်တော့ ခွာလိုက် ကြားလား”
ချင်မူ ပြုံးလိုက်မိသည်။ “ကျွန်တော်က ဒီနောင်တော်တွေနဲ့ စကားလေးဘာလေးပဲ ပြောမှာပါ... အန္တရာယ်မရှိပါဘူး”
အဘွားစစ်မှာ စိတ်မအေးနိုင်သေးပေ။ “ကျဲ့ဟွလီကတော့ ကိစ္စမရှိဘူး... ချီကျုံရီကို သတိထား... သူ့သိုင်းကွက်က အချိန်ယူရပေမယ့် သိပ်အားကြီးတယ်... သူ့မှာ မကောင်းတဲ့အကြံအစည်တွေ ရှိလောက်တယ်.. မင်းရဲ့ရင်ဘတ်ကိုပဲ စိုက်ကြည့်နေတာ... သူ တိုက်ခိုက်ဖို့ အဆင်သင့်မဖြစ်သေးတဲ့အချိန်ကို အခွင့်အကောင်းယူပြီး ရှင်းလိုက်... ဒါဆို ကျန်တဲ့တစ်ယောက်ကို ရှင်းဖို့လည်း လွယ်ကူသွားလိမ့်မယ်”
ချင်မူ အလေးအနက် ခေါင်းညိတ်ပြီး လက်ဝှေ့ယမ်းနှုတ်ဆက်ကာ ဥက္ကာခဲဆီသို့ လျှောက်လိုက်သည်။
ချီကျုံရီက သူ့ဘေး၌ လျှောက်လာကာ မှင်သေသေ ပြော၏။ “နောင်တော်ချင်၊ ငါ အကုန်ကြားတယ်နော်... မင်း ငါ့ကို အလစ်တိုက်ချင်ရင် လွယ်မယ်မထင်နဲ့”
ချင်မူက ရိုးသားစွာ ပြောလိုက်သည်။ “နောင်တော်ချီ ဘာတွေပြောနေတာလဲ... ငါက ငယ်ငယ်ကတည်းက ရိုးသားဖြောင့်မတ်အောင် ဆုံးမသင်ကြားခံခဲ့ရတဲ့သူပါ... နောင်တော်ချီကို ငါက ဘာလို့ အလစ်တိုက်ခိုက်ရမှာလဲ.... ငါတို့ လေတွေ၊ ပန်းပွင့်တွေ၊ ဆီးနှင်းတွေနဲ့ လတွေအကြောင်းပဲ ပြောမှာပါ... တိုက်ခိုက်မှာမဟုတ်ဘူး”
ကျဲ့ဟွလီက မိစ္ဆာဓားမကို လွယ်လျက် သူ၏ဘယ်ဘက်၌ လျှောက်နေသည်။ သူ၏ခြေလှမ်းတိုင်းက ပေတံဖြင့် တိုင်းထားသကဲ့သို့ အကွာအဝေးညီမျှစွာ တူညီနေ၏။ သူက အေးဆေးစွာ ဝင်ပြောသည်။ “အရင်တစ်ခေါက်တုန်းက မင်းတို့နှစ်ယောက် ငါ့ကို အနိုင်ယူနိုင်ခဲ့ပေမယ့် ငါ အရှုံးကို လက်မခံနိုင်ဘူး... သုံးယောက်လုံးလည်း ဆုံခဲတော့ တစ်ယောက်နဲ့တစ်ယောက် အကဲစမ်းရမယ်”
ချင်မူ ပြုံးလျက် ပြောလိုက်မိသည်။ “ဘာလို့ အမြဲတိုက်ခိုက်နေရမှာလဲ... ဟိုက နောင်တော်တို့၊ ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ... နတ်ဘုရားတွေ စတိုက်ခိုက်ရင် ကျွန်တော်တို့ ထိခိုက်နိုင်တယ်”
သူတို့နောက်တွင် ကောင်းကင်နတ်ဆိုးမျိုးနွယ် သိုင်းပညာရှင်နှစ်ယောက် ရှိနေသေးပြီး သူ့စကားကြားလျှင် ရှေ့သို့ လျှောက်လာကြသည်။ အားလုံး မြေကြီးထဲ၌ တစ်ဝက်နစ်မြုပ်နေသော ဥက္ကာခဲဆီသို့ လျှောက်သွားနေကြ၏။
ကောင်းကင်နတ်ဆိုးမျိုးနွယ် သိုင်းပညာရှင်နှစ်ယောက်မှာ သူတို့အနား ရောက်သည့်အခါမှ တစ်စုံတစ်ခု မူမမှန်သည်ကို သတိထားမိလိုက်ကြသည်။ ချင်မူ၊ ကျဲ့ဟွလီနှင့် ချီကျုံရီတို့က ချီစွမ်းအင်ချင်း ပြိုင်ဆင်နေကြ၍ သူတို့နှစ်ယောက်ကိုလည်း ဆွဲခေါ်လိုက်ခြင်းဖြစ်၏။
ချင်မူ၊ ကျဲ့ဟွလီ၊ ချီကျုံရီ။ သူတို့သုံးယောက်၏ ခြေလှမ်းခြေကွက်များက အဆက်မပြတ် ပြောင်းလဲနေသလို၊ အရှိန်အဝါများလည်း အဆက်မပြတ် ပြောင်းလဲနေသည်။ ခန္ဓာကိုယ်လှုပ်ရှားမှုတိုင်းတွင် နက်နဲသော သဘောတရားများ ကိန်းအောင်းနေပြီး တိုက်ကွက်များအား ခြေလှမ်းများ၌ ဖုံးကွယ်ထား၏။ ကောင်းကင်နတ်သိုင်းအပြောင်းအလဲ၊ ချီစွမ်းအင်အပြောင်းအလဲအပြင် သတ်ဖြတ်လိုစိတ်ကိုလည်း မြုပ်နှံထားလေသည်။
ငါးယောက် ရှေ့လျှောက်သွားကြသည်။ ချင်မူ၊ ကျဲ့ဟွလီနှင့် ချီကျုံရီတို့၏ ခြေလှမ်းများက တည်ငြိမ်နေပြီး ဟန်ချက်ပျက်သွားခြင်းမရှိပေ။ ထိုအချိန်တွင် ကောင်းကင်နတ်ဆိုးမျိုးနွယ် သိုင်းပညာရှင်နှစ်ယောက်မှာ အရက်မူးသမားများလို ဘယ်ညာ ယိမ်းယိုင်စပြုနေချေပြီ။
သုံး၊ လေး၊ ငါးမိုင်ခန့် လမ်းလျှောက်ပြီးနောက် ကောင်းကင်နတ်ဆိုးမျိုးနွယ် သိုင်းပညာရှင်နှစ်ယောက်မှာ သွေးအန်ကာ ဒယိမ်းဒယိုင် ပြေးနေရတော့သည်။
နောက်ထပ် သုံး၊ လေး၊ ငါးမိုင်ခန့် ရောက်သည့်အခါ ထိုကောင်းကင်နတ်ဆိုးမျိုးနွယ် သိုင်းပညာရှင်နှစ်ယောက်မှာ သွေးအန်လိုက်ရပြီး တစ်ယောက်၏မူလဝိညာဉ်က မီးဟုန်းခနဲ တောက်သွားသည်။ သူ့မှာ မီးလူသားသဖွယ် ဖြစ်သွားကာ အသက်ထွက်သွားတော့သည်။ အလောင်းက မြေပြင်ပေါ် ဘုန်းခနဲ လဲကျသွားပြီး တခဏကြာသော် လူပုံစံ မီးသွေးတုံးကြီး ဖြစ်သွား၏။
ဆယ်ကိုက်ကျော် ကြာလျှင် ကျန်ခဲ့သည့် ကောင်းကင်နတ်ဆိုးမျိုးနွယ် သိုင်းပညာရှင်၏ ခြေထောက်များ ကျိုးကြေသွားပြီး မြေပြင်ပေါ် လဲကျသွားသည်။ နောက်တခဏတွင် သူ့ခေါင်းက ဖောင်းခနဲ ပေါက်ကွဲသွားပြီး မူလဝိညာဉ် ပြိုကွဲသွား၏။
ချင်မူက မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။ “အခု သူတို့ကို ဂရုစိုက်စရာ မလိုတော့ဘူးဆိုတော့ ငါတို့ စကားပြောနိုင်ပါပြီ"
ကျဲ့ဟွလီနှင့် ချီကျုံရီတို့၏ နဖူးမှ ချွေးများကျနေပြီး မျက်ဝန်းထောင့်စွန်းများ တွန့်သွားကြသည်။ ကျဲ့ဟွလီနှင့် ချီကျုံရီတို့က အတူတူ မပူးပေါင်းဘဲ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေသဖြင့် ချင်မူက ကောင်းကင်နတ်ဆိုးသိုင်းပညာရှင်နှစ်ယောက်ကို သေအောင် ဆွဲခေါ်နိုင်ခဲ့ခြင်းဖြစ်သည်။
သူတို့အတူ ချင်မူ့အား ရင်ဆိုင်လျှင် ချင်မူ အောင်မြင်ခဲ့မည်မဟုတ်ပေ။
သို့တိုင်အောင် သူတို့နှစ်ယောက်အနေဖြင့် ဘယ်သောအခါမှ ပူးပေါင်းနိုင်မည်မဟုတ်။
ချီကျုံရီက သရော်တော်တော် ပြောလိုက်သည်။ “နောင်တော်ချင်က စကားပြောနေတယ် ဆိုပြီး ဘာကြောင့် အဲဒီကောင်းကင်နတ်ဆိုးနှစ်ယောက်ကို သေအောင် ဆွဲခေါ်ခဲ့သေးတာလဲ... သူတို့ကိုတော့ သတ်နိုင်ရင် သတ်နိုင်လိမ့်မယ် ... ငါတို့ကတော့ အစွမ်းအစချင်း မကွာတော့ မင်း ငါတို့ကို သေအောင် ဆွဲခေါ်ချင်ရင် တစ်နှစ်၊ နှစ်နှစ်လောက် လမ်းလျှောက်နေရလိမ့်မယ်”
သူတို့သုံးယောက် ဥက္ကာခဲအနား ရောက်လာသည့်အချိန်တွင် မြေဆွဲအား ပြောင်းလဲသွားသည်။ သုံးယောက်လုံး ပြိုင်တူခြေထောက်မြှောက်၍ အလုံးကြီးအပေါ် နင်းလိုက်ကြသည်။ ရေပြင်ညီပေါ်တွင် လျှောက်နေရသကဲ့သို့ ၎င်းအပေါ်တွင် သက်တောင့်သက်သာ လျှောက်နေနိုင်လေသည်။
လုံးဝန်းနေသော ဥက္ကာခဲအလုံးကြီးအပေါ်မှကြည့်လျှင် လော့ဖူကောင်းကင်ဘုံမှာ ထောင်မတ်နေသော နံရံတစ်ချပ်ပမာ ဖြစ်လာသယောင် ထင်ရ၏။ မှန်သည်၊ ဤနံရံ၏ အလျား၊ အနံ့နှင့် အမြင့်ကား တိုင်းတာ၍မရနိုင်ပေ။
ဤမြင်ကွင်းမှာ စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်အောင် ထူးဆန်းလှသည်။