အခန်း (၅၅၉)
Vol. 38 Ch. 559
"ဒီလို အသေးမွှား ကိစ္စလေးက နင့်ကို ဘယ်လိုလုပ်ပြီး အကျပ်ရိုက်စေမှာလဲ...."လျန်ရူရွှယ် ထေ့ငေါ့လိုက်၏။
"ဘာလို့လဲဆိုတော့ ငါ့အမေက အကျိုးကြောင်း သင့်တာတွေ မသင့်တာတွေ နားမလည်လို့လေ.. သူရောက်လာတာနဲ့ ငါ့ကို ချက်ချင်း တန်းရိုက်တော့မှာ...."
အခြေအနေကို တစ်ချက်နားထောင်ကြည့်ပြီးနောက် လျန်ရူရွှယ် ယခုလို ပြောလိုက်၏။ "ကြည့်ရတာ နင့်အမေက ဥက္ကဌကျီဘက်က နေဖို့ ဆုံးဖြတ်ပြီးသားထင်တယ်...."
"သိသာနေတာပဲလေ... မဟုတ်ရင် ကျိုးဟိုင်ကို အရေးတကြီး ရောက်လာမှာတဲ့လား... ပြီးတော့ လေယာဉ်လက်မှတ်တောင် ကိုယ့်ဘာကိုယ် ဖြတ်လိုက်သေးတယ်..."
"အမ်... ဒါဆို နင်တို့နှစ်ယောက်ကြားမှာကော ဘာမှ မဖြစ်ထားဘူးလား...."လျန်ရူရွှယ် မေးမြန်းလိုက်ပြီး "ငါ ဆိုလိုတာက နင်နဲ့ လီချူးဟန် ကြားထဲမှာလေ...."
"ဘာဖြစ်ရမှာ..."လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် ငါ့အမေက လီချူးဟန်နဲ့လည်း ဆုံဖူးပြီးတော့ သူ့အပေါ်မှာလည်း အထင်မြင်ကောင်းတွေရှိတယ်...ဆိုတော့ သူမက ငါ့ကိုယ်စား ပြောပေးလို့ရတယ်....."
"နင့်အမေက သူနဲ့လည်း တွေ့ဖူးတယ်ပေါ့လေ...."
"အင်း .... ငါ နောက်ဆုံးတစ်ခေါက် ရန်ချိန်ကို ပြန်တုန်းက ဂေဟာကို သွားလည်သေးတယ်လေ.... အဲ့မှာ အမေနဲ့ ပေးတွေ့လိုက်တာ....."
ထိုအခါ လျန်ရူရွှယ် စဉ်းစားလိုက်ပြီး "နင်ပြောပုံအရဆိုရင် နင့်ရဲ့ မွေးစားမိဘတွေနဲ့ အရင်ဆုံးတွေ့တဲ့သူက ကျီချင်းရန် ပြီးမှ ဒုတိယက လီချူးဟန် ဟုတ်တယ်မလား....."
"အင်း.... ဟုတ်တယ်လေ....ဘာလဲဖြစ်လို့... တစ်ခုခု မှားနေလို့လား...."
"ဒီတိုင်းမေးကြည့်တာပါဟယ်...."လျန်ရူရွှယ် ပြောလိုက်ပြီး "နင် ငါနဲ့ လေပေါနေတာကို ရပ်ပြီးတော့ ဒီကိစ္စ ဘယ်လိုကိုင်တွယ်မလဲဆိုတာကို စဉ်းစားရင်ကောင်းမယ်နော..."
လင်းရီ သူ့ဖုန်းကို အပေါ်အောက် ပွတ်ဆွဲရင်း ရေရွတ်လိုက်၏။ "ဒီကိစ္စမှာ ဂယ်ပေါက်တွေက အများကြီးပါ... ကိုင်တွယ်ရ မခက်ပါဘူး...."
"ဟုတ်လား.... ငါတော့ နင်ဘယ်လိုတွေ ကိုင်တွယ်သွားမလဲဆိုတာ တော်တော်လေး သိချင်နေပြီ....."
“ အမေက သူ ကျိုးဟိုင် ရောက်နေတာကို ငါသိထားပြီးပြီဆိုတာ သိဦးမှာမဟုတ်ဘူး… ငါ့ကိုလည်း အသိမပေးဘူးဆိုတော့ မှန်းဆကြည့်ရသလောက်တော့ ခုလောလောဆယ် ကျီချင်းရန်နား ရောက်နေတာပဲ ဖြစ်ရမယ်…”
“ နင် သိတာနဲ့ မသိတာ ဘာကွာသွားမှာမို့လို့…”
“ အကြီးကြီး ကွာတာပေါ့ဟ… ငါ့ အစီအစဉ်ရဲ့ အဓိကအချက်ကလည်း အဲ့တာပဲ….”
ထိုအကြောင်း တွေးတောရင်း လင်းရီ သူ့ဖုန်းကိုကောက်ကိုင်ပြီး ဝမ်ချွေ့ပင်းကို ခေါ်ရန် ဟန်ပြင်လိုက်၏။
သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ၏ ဖုန်းမှာ အသံမြည်လာလေသည်။ မေမေဝမ်ထံမှပင်။
………………..
ယွင်ရွှေဗီလာ။
ကျီချင်းရန်၏ မာစီးတီးမှာ တံခါးဝရှေ့တွင် ရပ်တန့်သွားခဲ့၏။
ကျီချင်းရန်နှင့် ဝမ်ချွေ့ပင်းတို့ ကားထဲမှထွက်လာပြီး အနောက်ခုံထဲရှိ ခရီးဆောင်အိတ်များကို ထုတ်လိုက်ကြသည်။
မနက်ခင်းပိုင်းတွင် ကုမ္ပဏီသို့ ပြန်ပြီးနောက် အွန်လိုင်းပေါ်ရှိ မကောင်းသည့် သတင်းဆောင်းပါးများကို ကိုင်တွယ်ပြီးချိန်တွင် ကျီချင်းရန် ကျိုကျုံးဗီလာသို့ ပြန်၍ သူမ၏ အဝတ်အစားများကို ထုပ်ပိုးရန် ထွက်လာခဲ့၏။ သို့သော်လည်း သူမ ထုပ်ပိုးပြီးနောက် ဝမ်ချွေ့ပင်းထံမှ ဖုန်းခေါ်ဆိုလာမှုကို လက်ခံရရှိလိုက်ပြီး ကျိုးဟိုင်သို့ ရောက်နေပြီးဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူမ၏ ပစ္စည်းများကို ထုပ်ပိုးပြီးသည်နှင့် တစ်ပြိုင်နက် လေဆိပ်သို့ မောင်းထွက်လာခဲ့လိုက်၏။
“ အန်တီဝမ်… မလုပ်နဲ့… သမီးလုပ်လိုက်မယ်...”
“ အိတ်က အရမ်းလေးတာကို သမီးရဲ့ လက်နုနုလေးတွေ ထိခိုက်ကုန်မှာပေါ့….”
“ ရပါတယ် အန်တီကလည်း … ဒီ အိတ်လေးတောင် မသယ်နိုင်ရင် သမီးက အသုံးမကျတဲ့သူ ဖြစ်သွားမှာပေါ့….”
ကျီချင်းရန် ခေါင်းမာစွာဖြင့် ခရီးဆောင်အိတ်များကို သယ်ဆောင်လိုက်ပြီး ဝမ်ချွေ့ပင်းကို လုံး၀ ပေးမထိချေ။
“ အိုက်ယိုး…. ဒီကောင်မလေးနဲ့တော့လေ….”
သို့နှင့် နှစ်ယောက်သား အိမ်ထဲသို့ ဝင်လာခဲ့ကြ၏။ ဝမ်ချွေ့ပင်းမှာ အိမ်၏ ကြီးကျယ်ခမ်းနားမှုများကို ခံစားကြည့်ရှုနေရန် အာရုံမရှိသေးပဲ ကျီချင်းရန်၏ လက်ကိုကိုင်လျက် စိတ်အားထက်သန်စွာဖြင့် ပြောလာခဲ့၏။
“ ချင်းရန် ….. အန်တီပြောတာကို နားထောင်နော်… အန်တီက အဲ့ကောင်စုတ်လေးဘက်ကနေ ပြောပေးနေတာ မဟုတ်ဘူး…. ဒါပေမယ့် အန်တီက သူ့ကို ကြီးပြင်းလာအောင် စောင့်ရှောက်ပေးခဲ့တာဆိုတော့ ရီလေးက နည်းနည်း ကြောင်တောင်တောင်နိုင်တယ်ဆိုပေမယ့် အဲ့လိုကိစ္စမျိုးတွေတော့ လုပ်ရဲမှာမဟုတ်ဘူး… တကယ်လို့ သူလုပ်ရဲခဲ့ရင်လည်း အန်တီ သူ့ခြေထောက်တွေကို ရိုက်ချိုးပစ်လိုက်မယ်….”
ကျီချင်းရန် သူမ၏ ဆံပင်ကို စည်းနှောင်လိုက်ပြီး အိမ်တွင် သစ်သီးများ မရှိတော့တာကြောင့် ရေနွေးကြမ်းတစ်အိုးခပ်၍ ဝမ်ချွေ့ပင်းထံ ကမ်းပေးလိုက်သည်။
“ သမီးတို့က ရင်းနှီးတယ်ဆိုပေမယ့် သူငယ်ချင်းတွေ ဖြစ်နေတုန်းပါပဲ အန်တီရယ်….”
“ ဟင် ... သမီး...အန်တီ့ကို အဲ့လိုမျိုးကြီး မခြောက်ရဘူးလေ…” ဝမ်ချွေ့ပင်း စိုးရိမ်စွာဖြင့် ကျီချင်းရန်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး “ တကယ်လို့ သမီးလေးသာ ရီလေးနဲ့ ဆက်ပြီး အတူမရှိနိုင်တော့ဘူးဆိုရင် အန်တီလည်း ဆက်ပြီး အသက်ရှင်နိုင်တော့မှာ မဟုတ်တော့ဘူးနော်…”
“အာ... အဲ့လောက်ကြီးလည်း ဖြစ်စရာမလိုပါဘူး အန်တီရယ်….” ကျီချင်းရန် ငိုရအခက် ရယ်ရအခက် ဖြစ်နေပြီး “ ဒီလိုကိစ္စမျိုးဆိုတာက ကံတရားအပေါ်မှလည်း မူတည်နေသေးတာလေ…. အတင်း လုပ်ယူလို့မှ မဖြစ်ပဲဟာကို….”
“ အတင်းလုပ်ယူလို့မရဘူးဆိုတာက ဘာသဘောလဲ… ဟော့ဒီ တစ်လောကလုံးမှာ သမီးနဲ့ ရီလေးတို့နှစ်ယောက်ကသာ အလိုက်ဖက်ဆုံးပဲ…. ဘာပဲဖြစ်ဖြစ် အန်တီ သမီးကို ပထမဆုံးအကြိမ် စတွေ့ကတည်းကရင် အန်တီ့ချွေးမလောင်းလေးအဖြစ် သတ်မှတ်ပြီးသွားပြီ…” ဝမ်ချွေ့ပင်း ပြောလိုက်ပြီး “ ပြီးတော့ အန်တီ ကုန်ပစ္စည်းတွေ ၀ယ်တုန်းက ရှေ့ဖြစ်ဟော တာအိုဘုန်းကြီးနဲ့လည်း ဆုံခဲ့သေးတယ်... သမီးရဲ့ ဇာတာကို အန်တီပြကြည့်လိုက်တော့ သူဘာပြောလဲ သိလား... သမီးရဲ့ ဇာတာက အမြွှာလေးမွေးဖို့ အရမ်းသင့်လျော်တယ်တဲ့..."
"အန်တီ၀မ်ကလည်း...."ကျီချင်းရန်၏ မျက်နှာမှာ ရှက်ရွံ့စွာဖြင့် နီရဲသွားခဲ့ပြီး ကိုယ်ကိုကျုံ့ကာ "အဲ့ဒီ ရှေ့ဖြစ်ဟောတဲ့သူတွေ အကုန်လုံးက လူလိမ်တွေ... အန်တီ သူတို့စကားကို ယုံမနေနဲ့..."
"အလိမ်အညာတွေ.... အိုက်ယိုး... သမီးမသိလို့ ဒီစကားတွေ ပြောနေတာနော... အဲ့ဒီ ရှေ့ဖြစ်ဟောကြီးရဲ့ စကားတွေက သွေးထွက်အောင်ကို မှန်တာ...."၀မ်ချွေ့ပင်း ၀မ်းသာအားရစွာဖြင့် ပြောလိုက်ပြီး "ဒါကြောင့်မို့ ရီလေးနဲ့ သမီးက သေချာပေါက် လိုက်ဖက်နဲ့ စုံတွဲတွေပဲ... အွန်လိုင်းပေါ်က သတင်းတွေက အကုန်အတုတွေ... ငါ့သမီး ဂရုစိုက်နေစရာ မလိုဘူး... သူတို့က အန်တီ့သားကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ကြနေတာ...."
"အဲ့တာတွေက မဟုတ်မမှန်တဲ့ သတင်းတွေဆိုရင်တောင် ဓာတ်ပုံတွေနဲ့ သက်သေအတိအကျ ရှိနေတာလေ...."
"အိုက်ယား.. အဲ့အင်တာနက်ပေါ်က ဘာမှန်းမသိတဲ့ ပေါက်ကရပုံတွေကို ဂရုစိုက်မနေနဲ့..."
၀မ်ချွေ့ပင်း သူမ အိတ်ထဲမှ အနီရောင် အိတ်ရှုံ့လေးကို ထုတ်ယူလိုက်ပြီး အထဲတွင် ကျောက်စိမ်းလက်ကောက်တစ်ကွင်း ရှိနေလေသည်။
"အန်တီ့ရဲ့ ယောက္ခမက ရီလေးရဲ့ အဖေနဲ့ လက်ထပ်တုန်းက အန်တီ့ကို ဒီလက်ကောက်လေး ပေးလိုက်တာ... သမီးနဲ့ ရီလေးတို့က ခုထိ လက်မထပ်ရသေးဘူးဆိုပေမယ့် အန်တီကတော့ ချွေးမလောင်းလေးအဖြစ် သတ်မှတ်ပြီးသွားပြီပဲ... ဒါကြောင့်မို့ အန်တီလည်း သမီးကို ဒီလက်ကောက်လေး ပေးလိုက်မယ်...."
"အန်တီ၀မ်.. အဲ့လိုမလုပ်မဖြစ်ဘူးနော်..."ကျီချင်းရန် ရှော့ခ်ရသွားခဲ့ပြီး ငြင်းဆန်သည့် အနေဖြင့် သူမလက်ကို ခါးခါးသီးသီး ခါရမ်းလိုက်သည်။
အဆိုပါ ကျောက်စိမ်းလက်ကောက်မှာ တန်ကြေး ဘယ်လောက်မျှ မရှိသော်လည်း ပေးအပ်သူ၏ စိတ်ထဲရှိ လေးနက်မှုက အင်မတန်တန်ဖိုး ကြီးမားလေသည်။ ထို့ကြောင့် သူမ သာမန်ကာလျှံကာ လက်ခံလိုက်၍ မဖြစ်ပေ။
"ဘာလဲ...အန်တီ၀မ်ရဲ့ လက်ကောက်က တန်ကြေးမရှိလို့လား... ဒါမှ မဟုတ် သမီးက ရီလေးရဲ့ နောက်ခံကို အထင်သေးနေတာလား..."
မည်သို့ပင်ဆိုစေ အမေတစ်ဦးအနေဖြင့် သူမသားဘက်မှ ရပ်တည်ပေးရပေမည်။
ကျီချင်းရန်ကို ထိန်းထားရန်အတွက် ၀မ်ချွေ့ပင်း သူမတတ်ကျွမ်းသည့် အနုနည်းဖြင့် ခြိမ်းခြောက်သည့် နည်းလမ်းကို ထုတ်သုံးလိုက်တော့၏။
"အဲ့သဘောမျိုး မဟုတ်ပါဘူး အန်တီရယ်..."ကျီချင်းရန်မှ ငိုလုငိုခင် ဖြစ်သွားခဲ့၏။
"ဒါဆိုလည်း သိမ်းထားလိုက်တော့... ဘာပဲဆိုဆို အန်တီက သမီးကို ချွေးမလောင်းလေးအဖြစ် သဘောတူပြီးသွားပြီလေ... မဟုတ်ရင် ဒီရဲ့ လက်ကောက်လေးကို ပေးမှာ မဟုတ်ဘူး....."
မေးမြန်းခြင်း မရှိပဲ ၀မ်ချွေ့ပင်း ကျောက်စိမ်းလက်ကောက်ကို ကျီချင်းရန် လက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်၏။ ကျီချင်းရန် သဘောတူ မတူကိုပင် ဂရုစိုက်နေခြင်း မရှိတော့ချေ။
"အန်တီ၀မ်ကလည်း .. ဘာလို့ ဒီလိုမျိုးကြီး လုပ်လိုက်တာ..."ကျီချင်းရန်မှာ ငိုရကောင်းနိုး ရယ်ရကောင်းနိုး ဖြစ်နေလေသည်။ သို့သော်လည်း သူမ ရင်ဘက်ထဲရှိ လင်းရီနှင့် ဆက်စပ်သည့် ကောလဟာလများက အထုံးတစ်ခုအဖြစ် ကျန်ရှိနေဆဲပင်။
"အန်တီ ပြောပြမယ်... အင်တာနက်ပေါ်က သတင်းတွေက သူများတွေ အန်တီ့သားကို ရည်ရွယ်ချက်ရှိရှိ သိက္ခာချနေတာ.. အန်တီခုပဲ ဒီကောင့်ကို ဖုန်းဆက်လိုက်ပြီးတော့ ဘာဖြစ်နေလဲဆိုတာ လှမ်းမေးကြည့်လိုက်မယ်..."
"အန်တီ သူ့ကို ခေါ်တော့ကော ဘာသိရမှာမို့လို့... "
"မတူဘူးလေ.. "၀မ်ချွေ့ပင်း ပြောလိုက်ပြီး "အန်တီက ဒီကို ရီလေးမသိအောင် လာခဲ့တာဆိုတော့ အန်တီ ကျိုးဟိုင် ရောက်နေတယ်ဆိုတာ သူသိဦးမှာ မဟုတ်ဘူး... သမီးလည်း ဘေးမှာ ရှိနေတယ်ဆိုတာ သိဖို့ဆို ဝေးရောပေါ့... အန်တီ သူ့နား သတင်းတွေ နှိုက်ပြီး ချင်းရန်အတွက် မျှတမှုကို ရှာဖွေပေးမယ်...."
ကျီချင်းရန် မည်သည့် စကားတို့မျှ မဆိုချေ။ ထိုအစား ထူးမခြားနားစွာဖြင့် "သမီးကတော့ အဲ့လိုလုပ်ဖို့ အလိုအပ်ဘူးလို့တော့ ထင်တာပဲ..."
"ဘာလို့ မလိုအပ်ရမှာ.. ဒီကိစ္စက သိကိုသိရမှ ဖြစ်မှာ..."၀မ်ချွေ့ပင်း သူမ ဖုန်းကို ဖွင့်လိုက်ပြီး လူကြီးပီပီ မျက်မှန်တပ်၍ "မပူနဲ့.. သူက အန်တီ့သားဆိုပေမယ့် အန်တီကတော့ သမီးလေးဘက်ကပဲ....."
သို့နှင့် သူမ လင်းရီ ဖုန်းနံပါတ်ကို နှိပ်လိုက်ပြီး စပီကာ တန်းဖွင့်လိုက်သည်။
"ဟဲလို အမေ.. ဘာလဲဖြစ်လို့..."
"ငါ့သား ဘာတွေများ လုပ်နေလဲဆိုတာ သိချင်လို့လေ....."၀မ်ချွေ့ပင်း တည်ငြိမ်ဟန် ဆောင်၍ မေးမြန်းလိုက်သည်။
"ကျွန်တော် ခုလေးတင် ခွဲစိတ်မှုပြီးလို့ ဒါရိုက်တာလီနဲ့ ရှိနေတာ..."
၀မ်ချွေ့ပင်း ရင်တစ်ချက် ထိတ်သွားခဲ့သည်။ ဖြစ်နိုင်လျှင် သူမ ချက်ချင်း လင်းရီ ထံသို့ သွား၍ စိတ်ရှိလက်ရှိ ကန်ဆောင့်ပစ်ချင်နေလေသည်။
'နင် ဒါ ဘာအချိုးချိုးနေတာ..... ငါ့ချွေးမလေးက ထွက်သွားမယ် တကဲကဲ ဖြစ်နေတာကို နင်က တခြား မိန်းကလေးတစ်ယောက်နဲ့ အရူးကွက် နင်းနေတယ်ပေါ့လေ....'
၀မ်ချွေ့ပင်း ကိုးရိုးကားယား ဖြစ်သွားပြီး လေလျော့သွားသည့် ပူဖောင်းကဲ့သို့ သက်ပြင်းချလိုက်သည်။
မျှော်လင့်ထားသည့် အတိုင်း ရီလေးမှာ သူမ ကျီချင်းရန်နှင့် အတူရှိနေကြောင်း မသိသေးချေ။ မဟုတ်ပါက ယခုလို စကားမျိုး ပြောလာလိမ့်မည် မဟုတ်ကြောင်း သေချာလေသည်။