← Chapters

လင်းရီက အရမ်းကြောက်ဖို့ ကောင်းတယ်

Vol. 38 Ch. 565

လင်းရီက အရမ်းကြောက်ဖို့ ကောင်းတယ်

Vol. 38 Ch. 565

"လင်းရီက အတော်လေး သန်မာတယ်..."ချောင်ရှန့်ယွီ ပြောလိုက်၏။

"ဒါပေမယ့် Muddy waters ဘက်က ဒီလိုမျိုး သူ့ရဲ့ မကောင်းသတင်းတွေကို ကြေညာလာလိမ့်မယ်လို့တော့ မျှော်လင့်ထားမှာ မဟုတ်လောက်ဘူ..."

"မှန်တယ်..."ချောင်ကျားတုံး ခေါင်းညိမ့်လိုက်၏။

"တစ်နေ့နဲ့ တစ်ညတောင် ရှိသွားပြီ... PR ပို့စ်တွေကလွဲရင် လင်းရီဘက်က ဘာမှ တုံ့ပြန်လာတာတွေ မရှိသေးဘူး..ဒီကောင် လက်လျော့လိုက်တာလည်း ဖြစ်နိုင်တယ်... တကယ်လို့ သူ လူလုံးထွက်ပြလာပြီး ကိုယ်တိုင်ကိုယ်ကျ ရှင်းပြရင်တောင် သံကို ပူတုန်း ထုနှက်တာလောက်တော့ အကျိုးရှိမှာ မဟုတ်ဘူး... "

ချောင်ကျားတုံး၏ အတွေးများကို ကြားပြီးနောက် ချောင်ရှန့်ယွီ ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။

သူ၏ အတွေးများကလည်း ထိုအတိုင်းပင်။

ယခု အချိန်ရောက်နေမှတော့ လင်းရီဘက်က မည်သို့ ဖြေရှင်းချက်မျိုး ပေးနေစေကာမူ အခြေအနေကို ထိန်းချုပ်ဖို့ရာ ခက်ခဲပေလိမ့်မည်။

Muddy waters က တကယ့်ကို သွားရှုပ်လို့ မရတာပဲ..

ထိုအကြောင်း စဉ်းစားရင်း ချောင်ရှန့်ယွီ ခေါင်းငဲ့၍ ချောင်ကျင်းချိုးကို ကြည့်လိုက်သည်။

သူ၏ ညီမငယ်မှ သူမ၏ အတွေးများကို ထုတ်မပြောလာသေးတာကို သတိထားမိတော့ ချောင်ရှန့်ယွီ ကူကယ်ရာမဲ့သွားခဲ့၏။ သို့သော်လည်း စိတ်ထဲတွင် အနည်းငယ် သင်္ကာမကင်း ဖြစ်နေသေးလေသည်။

"ကျင်းချိုး.. မင်းကော ဒီကိစ္စ ဘယ်လိုထင်လဲ..."

"ညီမလည်း မသိဘူး..."ချောင်ကျင်းချိုး ရှေ့တည့်တည့်ကို ငေးကြည့်ရင်း မိန်းမောတွေဝေနေသည့် အမူအရာဖြင့် ပြောလိုက်သည်။

သူမ ဘာတွေးတောနေလဲဆိုတာကိုတော့ မည်သူကမျှ မသိပါချေ။

သို့သော်လည်း သူမ၏ အဖြေက သားအဖ နှစ်ယောက်ကို ရှုပ်ထွေးသွားစေသည်။

အခြေအနေက လယ်ပြင် ဆင်နင်းသလိုမျိုးထင်ရှားနေတာကို ဘာစဉ်းစားဖို့ ကျန်သေးလို့တုန်း...

"ကျင်းချိုး... သမီးထင်တာ နောက်ထပ် ထင်မှတ်မထားတဲ့ အခြေအနေတစ်ခု ပေါ်ပေါက်လာမယ်လို့ ထင်နေတာလား... "

"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..."ချောင်ကျင်းချိုး ပြောလိုက်ပြီး "ဒီတိုင်း စိတ်ခံစားချက် သပ်သပ်ပါ... ရေရေရာရာတော့ မရှိပါဘူး..."

"အဲ့တာဆို သမီးထင်နေတာကို ပြောလေ..."ချောင်ကျားတုံး မေးမြန်းလိုက်၏။

"လူတွေက လင်းရီကို တအား လျှော့တွက်နေကြတာ... သမီးတို့ ဖြစ်ခဲ့သလိုမျိုးပဲပေါ့...သူ Cisco ကို ဒေဝါလီ ခံသွားအောင် လုပ်နိုင်လိမ့်မယ်လို့ဘယ်သူက ထင်ထားလို့လဲ...ဒီလူရဲ့ အတွေးတွေက ထင်ထားတာထက်ကို ရှုပ်ထွေးတယ်.. ဒါကြောင့်မို့ သမီးစိတ်ထင် ခု ဖြစ်နေတာတွေ အားလုံးကလည်း သူခန့်မှန်းထားတဲ့ အတိုင်းအတာအတွင်း ရှိနေမှာကိုပဲ..."ချောင်ကျင်းချိုး သူမ၏ အတွေးများကို ထုတ်ပြောလိုက်သည်။

"လင်းရီက ၂၄ နာရီလုံးလုံး ဘာတုံ့ပြန်ချက် တစ်စုံတစ်ရာမှ မလုပ်တော့ အဖေတို့က သူ့ကို လက်လျော့လိုက်ပြီးလို့ ထင်ကောင်း ထင်နေကြလိမ့်မယ်.. ဒါပေမယ့် သူက စားပွဲလှန်ဖို့ အခွင့်အရေးကို စောင့်နေတယ်ဆိုရင်ကော..."

"ဒီလို အခြေအနေမျိုးမှာ သူက စားပွဲလှန်ချင်နေတယ်ဆိုတော့.... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ.... "ချောင်ရှန့်ယွီ ပြောလိုက်သည်။

"Cisco ကလည်း ဟွာရှရဲ့ ကောင်းကင်မှာ နေတစ်စင်းလိုမျိုး တောက်ပခဲ့တာပဲ မဟုတ်ဘူးလား... ဘယ်သူကကော တစ်ညတည်းနဲ့ ဒီလိုအခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ တွေးထားလို့လဲ..."ချောင်ကျင်းချိုး မေးမြန်းလိုက်ပြီး "ဘယ်သူကကော သူ ချစ်ပ် ၂.၀ ကို ကြိတ်ပြီး တီထွင်နေလိမ့်မယ်ဆိုတာကော စဉ်းစားဖူးလို့လား..."

ချောင်ကျားတုံးနှင့် ချောင်ရှန့်ယွီတို့ တိတ်ဆိတ်သွားကြ၏။

လင်းရီ၏ အပြုအမူများကို သူတို့ လုံး၀ ခန့်မှန်း၍ မရချေ။ အမြဲတစေ လူတို့ စိတ်ကူးထားသည်ထက် ကျော်လွန်ပြီး လုပ်ပြသွားတတ်၏။

"ကျင်းချိူး ပြောသလိုမျိုးလည်း ဖြစ်နိုင်တယ်.. ဒါပေမယ့် ဒီအခိုက်အတန့်မှာ သူလည်း သေတဲ့အထိ အမှုန့်ကြိတ်ခံရနိုင်ချေ များတာပဲလေ...."ချောင်ရှန့်ယွီ ပြောလိုက်ပြီး "လင်းရီက လှည့်ကွက်ပေါင်း သောင်းခြောက်ထောင်နဲ့ ဉာဏ်များရင် များမယ်... ဒါပေမယ့် ကျောက်မိုက ဘယ်လိုလူစားမျိုးလဲဆိုတာ ကျွန်တော်တို့အားလုံး သိနေကြတာပဲ မဟုတ်ဘူးလား... ခု ဒီကိစ္စမှာ သူက ဟွာယင်းအုပ်စုရဲ့ ခွန်အားကို အကုန်လောင်းထည့်ထားတာ... ထိပ်တန်း ကုမ္ပဏီကြီးတစ်ခုရဲ့ ရှေ့မှောက်မှာ လင်းရီရဲ့ ရှင်သန်နိုင်ဖို့ အခွင့်အရေးက လက်သန်းလောက်လေးပဲ ရှိမှာ... "

"ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်...."

ချောင်ကျင်းချိုး ထွေထူး စကားပြန်မပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမ ဘာပြောရမှန်း မသိသောကြောင့်ပင်။

ဟွာယင်းအုပ်စု၏ အရှိန်အဝါ ရှိနေလျှင်တောင်မှ ယခုကိစ္စမှာ မည်သူက အကြွယ်၀ဆုံးလဲဆိုတာ မူတည်နေပါသေးသည်။

လင်းရီမှာလည်း သူမတို့ ထင်မှတ်မထားလောက်အောင် ဘီလီယမ် ရာကျော် စုဆောင်းထားသေး၏။ ထို့ကြောင့် ကျရှုံးသွားခဲ့လျှင်တောင် လှောင်ရယ်ရန် အခွင့်အရေး မရှိချေ။

မည်သို့ပင်ဆိုစေ မိနစ် အနည်းငယ်အတွင်း အမှန်တရားမှာ ထွက်ပေါ်လာတော့မည် ဖြစ်၏။

ဆယ်မိနစ်ကြာပြီးနောက် စတိတ်စင်ပေါ်ရှိ မီးများမှအပ ကျန်သည့် မီးအလင်းရောင်တို့ မှိန်ပျသွားခဲ့ကြသည်။

သတင်းစာ ရှင်းလင်းပွဲ စတင်ပြီဖြစ်ကြောင်း တစ်မျိုးတစ်ဖုံဖြင့် ကြေညာလိုက်ခြင်း ဖြစ်လေသည်။

တစ်ချိန်တည်းတွင် ထျန်းရန်တစ်ယောက် အဖြူရောင် အမျိုးသမီး ဝတ်စုံနှင့် အနက်ရောင် ဒေါက်မြင့်ဖိနပ်ကို စီးနင်း၍ စင်ပေါ်သို့ တက်လာပြီး လူတိုင်းကို ပြုံးပြ၍ “ အားလုံးပဲ...လတ်တလော အင်တာနက်ပေါ်မှာ ကျွန်မတို့ရဲ့ DIDI နဲ့ လင်းယွမ်အုပ်စုရဲ့ မကောင်းတဲ့ ဆောင်းပါးတွေ တော်တော်များများ ရေပန်းစားနေတာကို လူကြီးမင်းတို့အားလုံး သတိပြုပြီး ဖြစ်မှာပါ… ဒါပေမယ့် ကျွန်မတို့ဘက်က အဲ့ဒီ သတင်းဆောင်းပါးတွေ အကုန်လုံးက အတုအယောင်တွေဆိုတာ ကြေညာပါရစေ… အဲ့ဒီအတွက်လည်း Muddy Waters ရဲ့ တာဝန်ရှိသူ မစ္စတာကျူးဖုန်းကို ဒီကိစ္စ ရှင်းပြပေးဖို့ရာ စင်ပေါ်ကို ဖိတ်ခေါ်ပါရစေ…”

ရိုးရှင်းသည့် အဖွင့်မိန့်ခွန်း ပြောပြီးနောက် ထျန်းရန် အောက်ဆင်းလာခဲ့ပြီး သားနားစွာ ဝတ်ဆင်ထားသည့် ကျူးဖုန်းမှာ ချက်ချင်းလက်ငင်း သူမ၏ နေရာတွင် နေရာယူလိုက်လေသည်။

လင်းရီနှင့် ခေါင်းချင်းဆိုင်၍ ထိပ်တိုက် မရင်ဆိုင်ရသေးသော်လည်း မနက်ခင်းတုန်းက ပြောခဲ့သည့် စကားဝိုင်းကပင် သူက လင်းရီ၏ ပြိုင်ဘက်မဟုတ်ကြောင်း သိသာလေသည်။

စင်ပေါ်သို့ ရောက်ရှိလာသည့် ကျူးဖုန်းကိုမြင်တော့ စင်အောက်ရှိ မီဒီယာသမားများမှာ အကြီးအကျယ် ရှော့ခ်ရသွားခဲ့ကြသည်။

ယင်းကလည်း ကျူးဖုန်း၏ အထောက်အထားကြောင့်ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ယခုကိစ္စကို အစပျိုးသူမှာလည်း အမေရိကန် အခြေစိုက် Muddy Waters ကုမ္ပဏီမှ ဖြစ်ကြောင်း သိထားကြသောကြောင့်ပင်။ ယခု လင်းယွမ်အုပ်စုမှ အဆိုပါ Muddy Waters ၏ တာဝန်ရှိသူကို သတင်းစာရှင်းလင်းပွဲသို့ ဖိတ်ခေါ်လာလေသည်။

ဘာတွေ ဖြစ်နေကြတာတုန်းဟ….

စင်ပေါ်တွင် မတ်မတ်ရပ်နေရင်း ကျူးဖုန်း သူ၏ အမူအရာကို တည်တံ့လိုက်ကာ “ ရောက်ရှိလာကြတဲ့ သတင်းထောက်တွေနဲ့ ကျုပ်ရဲ့ မီဒီယာမိတ်ဆွေတို့… မင်္ဂလာနံနက်ခင်းလေးပါ…”

“ မနေ့တုန်းက လင်းယွမ်အုပ်စုနဲ့ DIDI ရဲ့ မကောင်းသတင်းတွေက အင်တာနက်ပေါ်မှာ ဗိုင်းရပ်စ်လို အသွင်နဲ့ မနားတမ်း ပျံ့နှံ့နေတာကို အားလုံးလည်း သိပြီးဖြစ်မှာပါ…. ဒီသတင်းကို ဘယ်သူတွေက အစဖော်လိုက်တယ် ဆိုတာကိုလည်း အားလုံး သိရှိပြီး ဖြစ်လောက်ပြီလို့ ကျုပ်ယုံကြည်ပါတယ်… ဒါကြောင့်မို့လည်း ကျုပ် ကျူးဖုန်းက ဒီနေ့ ဒီလိုနေရာမျိုးမှာ မတ်တပ်ရပ်ပြီး ဒီရဲ့ကိစ္စကို ဖြေရှင်းချက်ပေးချင်လို့ပါ…”

“ ဦးစွာအနေနဲ့ ကျုပ် လင်းယွမ်နဲ့ DIDI ရဲ့ ဥက္ကဌ မစ္စတာလင်းရီကို အနူးအညွှတ်နဲ့ တောင်းပန်ပါရစေ..…”

“ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ မကောင်းသတင်းတွေ အကုန်လုံးက ကျူပ်တို့ လုပ်ကြံပြောဆိုထားတာပါ… တစ်ခုမှ မမှန်ကန်ပါဘူး..”

“ ကျွန်တော့်ရဲ့ အုပ်ချုပ်မှု ညံ့ဖျင်းတာကြောင့် လင်းယွမ်နဲ့ DIDI ကို စီးပွားရေး ဆုံးရှုံးမှုတွေ အများအပြား ဖြစ်ပေါ်စေခဲ့ပါတယ်…. အဲ့ဒီအတွက်လည်း ကျွန်တော်ကိုယ်၌က အားလုံးကို တာဝန်ယူသွားပေးပြီးတော့ မစ္စတာလင်းနဲ့ ကုမ္ပဏီ နှစ်ခုရဲ့ တာဝန်ရှိသူတွေအားလုံးရဲ့ ခွင့်လွှတ်မှုကို တောင်းခံပါတယ်…”

“ ပြီးတော့ အားလုံးကလည်း လင်းယွမ်အုပ်စုနဲ့ DiDi ကို ဆက်လက် ပံ့ပိုးပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်…. အင်တာနက်ပေါ်က အတုအယောင် သတင်းအမှားတွေကြောင့် ပြည်သူတွေအပေါ် စေတနာနဲ့ အလုပ်အကျွေးပြုနေကြတဲ့ ကုမ္ပဏီနှစ်ခုကို မျက်နှာပျက်ရအောင် မလုပ်ကြဖို့လည်း ဒီနေရာကနေ တိုက်တွန်းပါရစေ….”

သို့နှင့် ကျူးဖုန်း လင်းယွမ်အုပ်စုနှင့် DIDI ၏အထက်ကြီးပိုင်း အရာရှိများ ရှိရာဘက်သို့ လေးနက်စွား ဦးညွှတ်၍ ဘေးတံခါးမှ ထွက်ခွာသွားခဲ့တော့သည်။

အစမှ အဆုံးထိတိုင်အောင် ကုန်ဆုံးသွားသည့် အချိန်ကာလမှာ မိနစ်ပိုင်းလေးမျှသာ ကြာမြင့်သော်လည်း လက်ရှိ ရောက်နေကြသည့် လူများအတွက်တော့ ထိုခဏတာအတွင်း ကမ္ဘာကို လှုပ်ခါသွားသည့် ဆူနာမီလှိုင်းဒဏ်ကို အလူးအလဲ ခံစားနေရသကဲ့သို့ စိတ်ခံစားချက်များဖြစ်ပေါ်နေလေသည်။

'Muddy Waters က ဒီလောက် သတင်းတွေအများကြီး တူးဆွထားခဲ့ရတာကို အဆုံးသတ်ကျတော့ အဲ့ဒီသတင်းတွေက အတုအယောင်တွေပါဆိုပြီးတော့ ဝန်ခံလိုက်ရတယ်တဲ့လား… ဒါဆို သူတို့ သေတွင်း သူတို့တူးနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား….'

“ ဒါ… ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…” ချောင်ရှန့်ယွီ မျက်ဝန်းတို့ မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်နေပြီး “ သူတို့လင်းရီကို အဆုံးသတ်လို့ ရနေပြီလေ… ဘာလို့ ဒီလိုမျိုး ဝန်ခံလိုက်တာလဲ… ငါတို့ကို လာနောက်နေတာလားဟ…”

“ ဘာပဲလုပ်ခဲ့လုပ်ခဲ့ DIDI ရဲ့ စတော့တန်ဖိုးကတော့ သေချာပေါက် ထောင်တက်လာတော့မှာပဲ… အချိန်တိုလေးနဲ့ မူလရှယ်ယာတန်ဖိုးကိုတောင် ပြန်ရောက်သွားနိုင်တယ်… ဒီလင်းရီက ဘယ်လိုလုပ်လိုက်တာတုန်းဟ….” ချောင်ကျားတုံး ရှော့ခ်ရနေသည့် လေသံဖြင့် ပြောလိုက်သည်။

ချောင်ကျင်းချိုး၏ နှလုံးသားကတော့ အရူးအမူး ခုန်ပေါက်နေလေသည်။ သူမ လင်းရီ အခြေအနေကို ပြောင်းပြန်လှန်နိုင်လိမ့်မည်ဖြစ်ကြောင်း တွေးထားသော်လည်း ယခုလို ရှင်းလင်းစွာ ဖော်ထုတ်လိုက်လိမ့်မည်လို့တော့ ထင်မထားခဲ့ချေ။

ဒီလို ရလဒ်မျိုးထွက်လာအောင်လုပ်ဖို့ ဖိအားတွေ ဘယ်လောက်တောင် လိုအပ်လိုက်မလဲ…

ဖြစ်နိုင်ချေရှိသည့် ဖြေရှင်းနည်းလမ်းများနှင့် နှိုင်းယှဉ်လိုက်လျှင် ယခုလို နည်းလမ်းက အကောင်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းဆိုတာကို သံသယဖြစ်ရန် မလိုပေ။

လင်းရီက အရမ်းကြောက်ဖို့ ကောင်းတာပဲ…..

ဖုန်းကျူး၏ မိန့်ခွန်းပြီးနောက် လင်းယွမ်နှင့် DIDI ၏ စီနီယာခေါင်းဆောင်များ တစ်ယောက်ပြီး တစ်ယောက် စင်ပေါ်တက်လာ၍ အသီးသီး ပြောကြားလေသည်။ သို့သော်လည်း အောက်ဘက်ရှိ ဧည့်ပရိသတ်များကတော့ ၎င်းတို့၏ ပြောစကားများကို အာရုံမထားနိုင်တော့ချေ။

လင်းယွမ်နှင့် DIDI က အဆိုပါ ငွေကြေးကစားပွဲတွင် အနိုင်ရရှိသွားပြီ မဟုတ်ပါလော။

ထို့ပြင် အစမှ အဆုံးထိတိုင်အောင် ဥက္ကဌ ဖြစ်သူမှာ မျက်နှာတစ်ချက်ထွက်မပြသွားပဲ သာမန်ကာလျှံကာ ကိုင်တွယ်ပြသွားခဲ့သည်။

ဖက်ခ် ဒါကြီးက သောက်ရမ်းကြမ်းလွန်းသွားပြီ။

“ ဒီသတင်းက မကြာခင် ကျောက်မိုနားထဲ ရောက်သွားမယ်ဆိုတာ သေချာတယ်….”

“ ဒီသတင်းကြားပြီရင် သူရုပ်ဘယ်လိုဖြစ်သွားမလဲဆိုတာကို သိချင်လိုက်တာနော်….”

All Chapters