ပုန်းကွယ်နေသည့် အန္တရာယ်
Vol. 38 Ch. 569
လျန်ရူရွှယ် စခရင်ကို ရှော့ခ်ရစွာဖြင့် ငေးကြည့်နေမိသည်။ သူမ အမေ၏ ခံစားချက်များက အဘယ်ကြောင့် တက်လိုက်ကျလိုက် ဖြစ်နေလဲဆိုတာကို သူမ နားမလည်နိုင်တော့ချေ။
ယုတ္တိကျကျ ပြောရလျှင် လင်းရီမှာ ယခု ပြဿနာကို ဖြေရှင်းဖို့ရာအတွက် MUDDY WATERS ၏ တာ၀န်ရှိသူကို ဖိတ်ခေါ်ထားသောကြောင့် ယခု ပြဿနာမှာ ပြီးပြည့်စုံစွာ ဖြေရှင်းပြီး မဟုတ်ပါလော။
ဒါဆို အမေပြောတဲ့ ကိစ္စကြီးဆိုတာက ဘာကို ပြောနေတာလဲ...
"အမေ.. ဘာတွေ ဖြစ်နေတာ.... သမီးကို အရင် ပြောပြလေ..."
"နောက်မှ ပြောပြမယ်... ခု အရင်ဆုံး သမီးရဲ့ အန်ကယ်ချိန်နဲ့ စကားပြောဖို့ လိုနေပြီ.. အိုး ဟုတ်သား... လင်းရီရဲ့ ဖုန်းနံပါတ်ကိုလည်း အမေ့ဆီ ပို့ပေးဖို့ မေ့မနေနဲ့ဦးနော်... အရေးကြီးတယ်...."
"ခုပဲ ပို့လိုက်မယ်..."
ရှန်းရှူးရီ ဖုန်းချလိုက်ပြီး ချိန်ရွှင့်ကျယ်ကို ဖုန်းခေါ်လိုက်၏။
"မရီး..."
"မီလိလေး မနက်က နင့်ဆီ Pfizer နဲ့ အဓိက ဆေးကုမ္ပဏီ ခြောက်ခုနဲ့ လက်မှတ်ထိုးထားတဲ့ စာချုပ် ပို့လာခဲ့သေးလား..."
ရှန်းရှူးရီ မေးမြန်းလိုက်၏။
"ပို့လာခဲ့တယ်လေ.. ကျွန်တော်လည်း ဖတ်ပြီးပြီးချင်းပဲ ရှော့ခ်ရသွားခဲ့တာ..."
သူ၏ လေသံ နားထောင်ရုံမျှဖြင့် ချိန်ရွှင့်ကျယ် မည်မျှ ပျော်ရွှင်နေလဲတိုတာကို ခံစားသိရှိနိုင်လေသည်။
ထိုအထဲမှ အချက်တစ်ခုချင်းစီတိုင်းက သာမန် လူသားတစ်ယောက် ဆွေးနွေးညှိနှိုင်းနိုင်သည့် ကိစ္စများ မဟုတ်ပါချေ။ အနည်းဆုံးတော့ သူပင် နှစ်ပေါင်းများစွာ အားထုတ်နေပါလျက်နှင့် အရာမထင်ခဲ့ချေ။ သို့သော်လည်း လင်းရီမှ လုပ်ပြသွားခဲ့လေသည်။
"ကျွန်တော် စဉ်းစားပြီးသွားပြီ.. မီလိလေးက လက်မှတ်ထိုးထားတဲ့သူဆိုပေမယ့် ဒီလိုမျိုး ဖြစ်အောင် ဖန်တီးပေးထားတဲ့သူက လင်းရီဆိုတာ မီလိလေးက ပြောပြထားပြီးသား... ကျွန်တော်တို့ သူ့ကို အလကား လုပ်ခိုင်းလို့ ဘယ်ဖြစ်မှာလဲ ဟုတ်တယ်မလား... ဒါကြောင့်မို့ သူ့ကို ဟွာရှဆေးဝါးအဖွဲ့အစည်းရဲ့ စီမံခန့်ခွဲမှုခေါင်းဆောင်ရာထူး ပေးဖို့ ပြင်ဆင်နေတာ... ဒီတိုင်း အမည်ခံ ရာထူးဆိုရင်တောင်မှ အနာဂတ်ကျရင် သူ့အတွက် အကျိုးအမြတ်တွေ အများကြီး ယူလာပေးနိုင်တယ်လေ..."
"ကောင်းပါတယ်.. ဒါပေမယ့် နင် အဲ့ကိစ္စကို ခဏ ရပ်ထားဦး... ဒီရဲ့ သတင်းကို အရင်ဆုံး ဖိနှိပ်ထားမှ ဖြစ်မှာ..."
"ဟမ်.. ဖိနှိပ်ထားရမယ်..."
ချိန်ရွှင့်ကျယ် တစ်ခုခုမှားနေသည်ဟု အလိုအလျောက် ခံစားနေရ၏။
မဟုတ်ပါက ရှန်းရှူးရီမှာ သူ့ထံ တိုက်ရိုက် ဖုန်းခေါ်လာပြီး ယခု ကိစ္စ မေးမြန်းလာလိမ့်မည် မဟုတ်ချေ။
"ကောင်းပြီလေ.. ကျွန်တော့်အတွင်းရေးမှူးကို ကိစ္စတွေ ပြန်ရုပ်သိမ်းထားဖို့ ပြောလိုက်မယ်...."
"အင်း..ခုလောလောဆယ် ဒီကိစ္စအကြောင်း ဘာတစ်ခွန်းမှ မဟသေးနဲ့ဦး.. လင်းရီရဲ့ ပုံရိပ်ကို တိုးတက်စေမယ့် သတင်းအချက်အလက်တွေကို လည်း အချိန်တစ်ခုအထိ မထုတ်ပြန်သေးနဲ့ဦး."
"အိုကေပါ မရီး..."
ဖုန်းချပြီးနောက် ရှန်းရှူးရီ အတွင်းလိုင်းကို ဖုန်းခေါ်လိုက်သည်။ "ရှောင်၀မ်.. ငါ့ရုံးခန်းထဲ ခနလာခဲ့...."
မိနစ်အနည်းငယ်ကြာပြီးနောက် မီးခိုးရောင် အမျိုးသမီး၀တ် စကတ်နှင့် အမျိုးသမီးတစ်ဦးမှာ ရှန်းရှူးရီ၏ ရုံးခန်းထဲသို့ ၀င်ရောက်လာလေသည်။
ထိုအမျိုးသမီး၏ နာမည်မှာ ၀မ်လိဖြစ်ပြီး PR နှင့် CITIC အုပ်စု မားကတ်တင်း ဌာန၏ ဒုဥက္ကဌ အဖွဲ့၀င်လည်း ဖြစ်သည်။
"ဥက္ကဌရှန်း ကျွန်မကို ခိုင်းစရာရှိလို့လားရှင့်.."
"PR ဌာနကို အင်တာနက်ပေါ်က လင်းယွမ်အုပ်စုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အကုန်လုံး ဖယ်ရှားဖို့ အသိပေးလိုက်.. မမြင်ရလေ ကောင်းလေပဲ..."
၀မ်လိ မှန်းဆနေဟန်ဖြင့် "ဥက္ကဌရှန်း.. ရှင်က ဒီရဲ့ စတော့နည်းဗျူဟာ တိုက်ပွဲ သတင်းတွေအကြောင်းကို အဓိက ဖုံးကွယ်ထားစေချင်တာမလား..."
"အမှန်ပဲ..."ရှန်းရှူးရီ ပြောလိုက်ပြီး "အဲ့ သတင်းတွေရဲ့ အကျိုးသက်ရောက်မှုကို တတ်နိုင်သလောက် အကျဉ်းချုံ့နိုင်အောင်လုပ်လိုက်..."
"ကောင်းပါပြီ.. ခုပဲ စီစဉ်လိုက်ပါ့မယ်...."
၀မ်လိ ရုံးခန်းထဲမှ ထွက်သွားခဲ့သည်။ ရှန်းရှူးရီ လက်ပိုက်ထားပြီး သူမ၏ တံတောင်များကတော့ စားပွဲပေါ်တွင် ရှိနေလေသည်။ သူမ၏ စိတ်ကိုတော့ အဆက်မပြတ် အလုပ်ပေးနေခဲ့၏။
ယခု သတင်းစာရှင်းလင်းပွဲတွင် ကျူးဖုန်း၏ ထွက်ပေါ်လာမှုကြောင့် ယခု ကစားပွဲတွင် ကျောက်မို ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သိသာလေသည်။
ယခု လင်းရီဘက်မှ တုံ့ပြန်တိုက်ခိုက်လာရတော့မည့် အချိန်ပင်။
လင်းကျင်ကျန့်၏ အငြိုးတေးကြီးပြီး လက်စားချေလိုစိတ် ပြင်းပြသည့် ဗီဇနှင့်ဆိုပါက လင်းရီ၏ နောက်ပိုင်း လှုပ်ရှားမည့် အကွက်များကို ကြိုတင် မှန်းဆ၍ ရ၏။
သူ့ဘက်မှ အများပြည်သူ၏ Didi အပေါ်အကောင်းမြင်စိတ်ကို တိုးပွားစေပြီး ရှယ်ယာဈေးနှုန်းများကို မြင့်တင်ပေလိမ့်မည်။ သို့သော်လည်း ထိုအချက်က အရေးမကြီးသေးချေ။ တစ်နည်းအားဖြင့် ဆိုရသော် အဆိုပါ ရလဒ်များက ထိန်းချုပ်နိုင်သည့် အတိုင်းအတာအတွင်း၌ တည်ရှိလေသည်။
ကျောက်မိုနှင့် ကျန်သုံးယောက်မှာ တိတ်တဆိတ် ဆုံးရှုံးနေပြီး ဟွာယင်းအုပ်စုမှလည်း ကိုယ်တိုင်ကိုယ်ကျ ၀င်လာလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ယခုကိစ္စတွင် စစ်မှန်သည့် အရေးပါမှုက လင်းရီနှင့် ဆေးဝါးကုမ္ပဏီ ခုနစ်ခု တို့ ချုပ်ဆိုထားသည့် သဘောတူစာချုပ်ဖြစ်၏။
အထူးသဖြင့် ပထမတစ်ချက်ပင်။ လင်းရီနှင့် ပူးပေါင်း၍ ကမ္ဘာ့ထိပ်တန်း ဆေးဝါးစင်တာကို ကျိုးဟိုင်တွင် ဆောက်လုပ်မည်ဆိုသည့် သတင်းက Didi ၏ ရှယ်ယာများက်ို ထိပ်ဆုံးသို့ ထိုးတက်သွားစေလိမ့်မည်။
ထိုအခါ စတော့ ဈေးကွက်ထဲတွင် မရေမတွက်နိုင်သည့် လှုပ်ခတ်မှုများ ဖြစ်ပေါ်သွားပြီး ပမာဏ မည်မျှအထိ ထိုးတက်လာမလဲဆိုတာကိုတော့ မည်သူကမျှ ခန့်မှန်း၍ မရနိုင်ချေ။
Pfizer နှင့် အဓိက ဆေးကုမ္ပဏီခြောက်ခုမှာလည်း ယခုလို သတင်းမျိုးကို အမှားခံလိမ့်မည် မဟုတ်သောကြောင့် အချိန်ကျလာသောအခါ စတော့ဈေးကွက်တွင် ဆူနာမီ ဖြစ်ပွားသွားသည့်အလား အကျိုးသက်ရောက်မှုတို့ ဖြစ်ပေါ်လာပေမည်။
သို့သော်လည်း ယင်းက ကြောက်ဖို့အကောင်းဆုံးအချက် မဟုတ်သေးချေ။
လင်းရီ၏ ခမ်းနားကြီးကျယ်သည့် နိုင်ပွဲနှင့် Didi ၏ ရှယ်ယာဈေးနှုန်းများ တဟုန်ထိုး မြင့်တက်နေသည်က ဟွာယင်းအုပ်စုနှင့် ကျန်သည့် မိသားစုကြီး သုံးခုကို ရှောင်လွဲမရသည့် ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေမည်။
လင်းရီ၏ စွမ်းရည်နှင့်ဆိုပါက ဟွာယင်းအုပ်စုကို ဟန့်တားရန်မှာ ပြဿနာ မဟုတ်ပေ။ သို့သော်လည်း မိသားစု လေးခုလုံးမှ ပေါင်းစည်းလာလျှင်တော့ လင်းရီလည်း ဘာမျှ တတ်နိုင်လိမ့်မည် မဟုတ်ချေ။ အကယ်၍ ထိုသို့ ဖြစ်ပွားလာမည်ဆိုပါက လင်းရီမှာ သေသည်နှင့် ခြားနားလိမ့်မည် မဟုတ်တော့ချေ။
ထိုအကြောင်း တွေးမိသောအခါ ရှန်းရှူးရီ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းရမ်းလိုက်၏။
ယခုလို ရလဒ်မျိုး ဖြစ်ပေါ်လာလိမ့်မည်လို့ သူမ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ချေ။
လင်းရီက တော်တော်လေးကို လွန်လွန်ကြူးကြူး ကစားနေတာပဲ...
သူမ စတော့ဈေးကွက်ကို ဖွင့်ကြည့်ပြီး ရေပန်းစားနေသည့် စတော့များကို ကြည့်ကြည့်လိုက်သောအခါ ထူးဆန်းသည့် အဖြစ်အပျက်တစ်ခုကို ရှာတွေ့သွားခဲ့၏။ Didi ၏ စတော့ဈေးနှုန်းများမှာ ၁၀:၁၀ အကန့်အသတ်ကိုပင်ရောက်နှင့်နေပြီး ဖြစ်လေသည်။
ကြာချိန်ကို ဆန်းစစ်ကြည့်ရသလောက်တော့ သတင်းစာရှင်းလင်းပွဲမှာ ယခုလေးတင် စတင်ခြင်းဖြစ်ပြီး ကျူးဖုန်းမှာလည်း သူ၏ ရပ်တည်ချက်ကို ဖော်ပြသွားခဲ့သည်မှာ ဘယ်လောက်မျှ မကြာသေးချေ။ ယုတ္တိကျကျ ဆိုရလျှင် ယခုလို ရေပန်းစားနေရန်မှာ လုံး၀ မဖြစ်နိုင်ချေ။
သို့တိုင်အောင် သူမ မကြာမီ အဆိုပါ ဖြစ်ရပ်၏ အကြောင်းပြချက်ကို ရှာတွေ့သွားခဲ့၏။
လင်းရီက ဒီလိုမျိုး ဖြစ်အောင် တမင် စီစဉ်ထားတာပဲ ဖြစ်ရမယ်..
ယင်းက စတော့ဈေးကွက်တွင် လှည့်ပတ်နေသည့် ရှယ်ယာအရေအတွက်များကို လျော့ကျသွားစေပြီး ကျောက်မိုနှင့် ကျန်သူများမှ ရှယ်ယာများကို ၀ယ်ယူ၍ ပွဲစားများထံ ပြန်လည်ပေးအပ်ခြင်းကို တားမြစ်ထားလေသည်။ အကယ်၍ ပြန်ပေးမည်ဆိုလျှင်တော့ မြင့်မားသည့် ဈေးနှုန်းဖြင့် ၀ယ်ယူရတော့မည် ဖြစ်၏။
ယခုလို ဖြစ်လာပြီဆိုပါက လင်းရီ၏ ရည်မှန်းချက်မှာ ပြီးပြည့်စုံသွားလေပြီ။
ရှန်းရှူးရီ ကူကယ်ရာမဲစွာ သက်ပြင်းချရင်း တီးတိုးရေရွတ်လိုက်၏။ "ဒီချာတိတ် လေးကောင်ကတော့ လင်းရီ ကစားတာ ခံလိုက်ရတာပဲ... လင်းရီကလည်း ခေတော့ မခေဘူး..."
သို့နှင့် ရှန်းရှူးရီ လင်းရီထံ ဖုန်းခေါ်လိုက်၏။ သို့သော်လည်း တစ်ဖက်မှ ဖုန်းမကိုင်ချေ။
"ဒီသောက်ကလေးက ဘာတွေ လုပ်နေတာလဲ..."
......
လင်းယွမ် အုပ်စု၊ ချီရှန်းကျောက် ရုံးခန်း။
ထိုအခိုက်အတန့်တွင် လင်းရီ ၊ချင်းဟန် ၊ ချီရှန်းကျောက်နှင့် ကျန်သူများအားလုံး နောက်ရှေ့ဆက်မည့် အစီအစဉ်များအကြောင်း ဆွေးနွေးနေကြလေသည်။
လင်းရီ၏ ဖုန်းကတော့ လေယာဉ်မုဒ်ချိန်းထားသောကြောင့် မည်သူကမျှ သူတို့၏ စကားဝိုင်းကို နှောင့်ယှက်နေခဲ့ခြင်း မရှိချေ။
"လင်းကြီး.. ခု Didi ရဲ့ ရှယ်ယာတန်ဖိုးတွေက တရိပ်ရိပ်နဲ့ ထိုးတက်နေတာနော်.. တကယ်လို့ ကျောက်မိုဘက်က ရှယ်ယာတွေ အကုန်လုံးကို ၀ယ်နိုင်တဲ့ စွမ်းရည်ရှိတယ်ဆိုရင်တောင်မှ ပွဲစားတွေဆီ ပြန်ပေးရမယ့် ပမာဏက အသေးအမွှားလေးမဟုတ်ဘူး.. သေချာပေါက် ပိုက်ဆံ ဘီလီယမ်နဲ့ ချီပြီး ဆုံးရှုံးသွားတော့မှာ...." ချင်းဟန် ပြောလိုက်သည်။
"အဖြေက ပေါ်နေပြီသား.... သူတို့ဘက်က သေချာပေါက် ပိုက်ဆံ ဆုံးရှုံးမှာပဲ.. ဒါပေမယ့် သူတို့ ဘယ်လောက်ထိ ဆုံးရှုံးသွားမလဲဆိုတာက ပြောရမယ့် ကိစ္စဖြစ်လာပြီ...."လင်းရီ ရယ်မောလိုက်ပြီး "ခု မင်းတို့ သုံးယောက်လုံးက ငါ့လက်ထဲမှာ ရှိတဲ့ ရှယ်ယာတွေ အကုန်လုံးကို ဝါးမြိုထားတယ်ဆိုတော့ ငါ့ဘက်က လုံလောက်တော့ ငွေကြေးစီးဆင်းမှု ရှိသွားပြီ... ဈေးကွက်ထဲမှာ လှည့်ပတ်နေတဲ့ ရှယ်ယာပမာဏကို အနည်းဆုံးဖြစ်အောင် ထိန်းထားနိုင်သရွေ့ ကျောက်မိုနဲ့ ကျန်တဲ့ သူတွေကို အကြီးကြိး ခံစားသွားရအောင် လုပ်လို့ရတယ်..."
"ဒါပေမယ့် အဲ့လောက်လေးနဲ့ လုံလောက်ပြီလို့တော့ မထင်ဘူး... "ချင်းဟန် ပြောလိုက်ပြီး "ပိုပြီးစိတ်၀င်စားဖို့ကောင်းအောင် ငါတို့ကောင်တွေ စတော့ဈေးနှုန်းကို ဒီထက်မြင့်အောင် လုပ်ရမယ်..."
လင်းရီ ရယ်သွမ်းလိုက်ပြီး " အဲ့ကိစ္စကိုလည်း ငါ စဉ်းစားပြီးသွားပြီ.. ခု ချက်ချင်း စတော့မှာ... "
"ဘော့စ်.. ရှင့်ရဲ့ အကြံက ဘယ်လိုမျိုးလဲ..."ဟော်ယွမ်ယွမ် မေးလိုက်၏။
" သေချာပေါက် လူထုရဲ့ ဖိအားနဲ့ပေါ့ မြင့်တင်ရမှာပေါ့..."လင်းရီ ပြောလိုက်ပြီး
"ငါခု Didi က ကျိုးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်းနဲ့ ပူးပေါင်းပြီးတော့ Didi ပြိုင်ကား ပရောဂျက်ကို အကောင်အထည်ဖော်တော့မယ် ဆိုပြီးကြေညာလိုက်မယ်... "
"ဒုတိယ အနေနဲ့ ၀မ်ကျန်း ဆိပ်ကမ်းနဲ့ ပူးပေါင်းပြီးတော့ Didi ပင်လယ်ရေကြောင်း စီးပွားရေးကို တည်ထောင်တော့မယ်လို့ ကြေညာလိုက်မယ်..."
"နောက်ပြီး ပန်နီဆူလာဟိုတယ်နဲ့ ပူးပေါင်းပြီးတော့ Didi ညစာဘွတ်ကင် စနစ်ကိုလည်း ကြေညာလိုက်မယ် ဆိုရင် Didi ရဲ့ အရေးပါမှုက ဘယ်လောက်ထိ ထိုးတက်သွားလိမ့်မယ်လို့ ထင်လဲ..... လုပ်တာ မလုပ်တာ အပထား.. အရေးကြီးတာက ဟိတ်ဟန်ရှိဖို့ပဲ..."
"ဘော့စ်.. ရှင်က တကယ့်ဉာဏ်ကြီးရှင်ပဲနော်....ဒီလို အကြံအစည်မျိုးတောင် စဉ်းစားနိုင်တယ်... "
ဟော်ယွမ်ယွမ်ပြောလိုက်ပြီး "ကျွန်မအထင် ကျွန်မတို့ ဖောင်ဒေးရှင်းရဲ့ လှူဒါန်းမှုတွေကိုလည်း ခမ်းခမ်းနားနားနဲ့ ကြေညာပြသင့်တယ်လို့ ထင်တာပဲ.. အဲ့လိုလုပ်တာက ကျွန်မတို့ ကုမ္ပဏီရဲ့ ပုံရိပ်ကို တိုးတက်စေပြီးတော့ အနာဂတ်မှာ လှမ်းမယ့် ခြေလှမ်းတွေအတွက်လည်း အဆင်ပြေပြီးသား ဖြစ်တာပေါ့... "
"ကောင်းပြီလေ.. မင်း သင့်တော်မယ်ထင်သလိုသာ ကြည့်လုပ်လိုက်..."လင်းရီ ပြောလိုက်ပြီး "နောက်ဆုံး အနှစ်ချုပ်ရရင် ငါတို့ရဲ့ အဓိက ရည်မှန်းချက်က နှစ်ခုတည်းပဲ.. ရှယ်ယာတွေရဲ့ ငွေပေါ်လွယ်မှုကို လျော့ချပြီးတော့ ကျောက်မိသားစု၀င်တွေ ခြောက်ခြားသွားအောင် ရှယ်ယာဈေးနှုန်းတွေကို မြင့်နိုင်သမျှ မြင့်အောင် လုပ်ရမယ်... ဒီအချိန်ကာလအတွင်းမှာ ဒီကောင်တွေ အိပ်ကောင်းခြင်းအိပ် စားကောင်းခြင်း မစားစေရဘူး... “