အဆင့်မြင့်ဆုံးအဖွဲ့၏ အစည်းအဝေး
Vol. 66 Ch. 912
ကမ္ဘာဦးဟွင်သွမ်းအထက် အဆုံးသတ်ကောင်းကင်ဘုံ
ကံကြမ္မာစီရင်သူက နေရာလွတ် ငါးခုရှိနေသည့် စားပွဲဝိုင်းတစ်ခုတွင် ထိုင်လိုက်သည်။
သူက အဝေးတစ်နေရာကို ကြည့်ကာ အနည်းငယ် အာရုံထွေပြားနေလေ၏။ သူ့ဆံပင်တိုတို ခဲဖြူရောင်ဆံပင်က ဝမ်ဝေ့ ယခင်တစ်ခေါက်မြင်ခဲ့သည်ထက် အနည်းငယ်ပိုမို ရှည်လျားနေ၏။
သူ စောင့်ဆိုင်းနေသည့် နေရာက ထူးဆန်းလှသည်။ အရာအားလုံးက တီကောင်လေးတွေကဲ့သို့ ဆက်တိုက်လှုပ်ရှားနေသည့် အစက်ပြောက်နှင့် မျဉ်းကြောင်းများသာရှိသည့် အဖြူရောင်နေရာတစ်ခု ဖြစ်သည်။
ထိုနေရာလွတ်၏ အလယ်၌ အပြင်ဘက်တွင် ကြီးကျယ်ခမ်းနားဟန်ပေါ်သည့် ခရမ်းရောင်နန်းဆောင် တစ်ခု ရှိနေသော်လည်း ရွှေရောင်နှင့် အဖြူရောင် လွှမ်းခြုံထားသည့် အခန်းတစ်ခုသာ ပါဝင်သည်။
သူက စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေရင်း စားပွဲကို လက်ဖြင့် ခေါက်နေ၏။
“ကံကြမ္မာ … ကံကြမ္မာ” တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၍ နောက်ဆုံးတွင် ကံကြမ္မာစီရင်သူ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။
“အော် မင်းတို့တွေ ဒီရောက်လာပြီပဲ”
“ဘာလို့ အာရုံများနေတာလဲ” ဟွင်သွမ်းအကဲဖြတ်သူက မေးလိုက်သည်။ ထိုသူက ခရမ်းဖျော့ဖျော့ အရေပြားနှင့် အနက်ရောင်ဆံပင်ရှည်ရှည်ရှိသည့် အမျိုးသမီးတစ်ဦးဖြစ်ကာ အနက်ရောင် ပန်းပွင့် ဝတ်စုံ ဝတ်ကာ သရဖူတစ်ခု ဆောင်းထားလေသည်။
“ဒီအစည်းအဝေးကို ဘာလို့ ခေါ်တာလဲ” ကောင်းကင်စီရင်သူက မေးလိုက်သည်။ ထိုသူကမူ အဝတ်အစားမရှိဘဲ အဖြူရောင်ဘောင်းဘီတို ဝတ်ထားပြီး ရွှေရောင်လက်ကောက်များကိုသာ အဆင်တန်ဆာအဖြစ် ဝတ်ဆင်ထားသည့် ခပ်ထွားထွားအမျိုးသားတစ်ဦး ဖြစ်၏။
“မင်း ယူလာတဲ့ မျိုးစေ့က ပြဿနာရှာပြန်ပြီလား” သံသရာကွပ်ကဲသူက ပြောလိုက်သည်။ သူမက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နဖူးအထက်တွင် အဆင်တန်ဆာတစ်ခုကို ဝတ်ဆင်ထားပြီး သေခြင်းတရားနှင့်တူညီသည့် အေးစက်စက် အငွေ့အသက်မျိုးကို ထုတ်လွှတ်နေသည်။ သူမ၏ အသံတွင် လှောင်ပြောင်မှုများ ပါဝင်နေပြီး အနည်းငယ်မျှ ဖုံးကွယ်ထားခြင်း မရှိပေ။
“ဘာဖြစ်တာလဲ။ နင်က ပုံမှန်ထက် စိတ်တိုနေတဲ့ပုံပဲ” အချိန်ကြီးကြပ်သူက ပြောလိုက်သည်။ ထိုအရာက ခရမ်းရောင် ဝတ်ဆင်ထားသည့် ဧရာမကြောင် တစ်ကောင်ဖြစ်ပြီး သူ့ခန္ဓာကိုယ်မှာ အချိန်နှင့် ပတ်သက်သည့် အဆင်တန်ဆာများစွာ ပါဝင်သည်။
“ဒီခွေးကောင်က အခု ငါ့ရဲ့အစီအစဉ်တွေကို ဝင်စွက်ဖက်နေတာလေ” သူမက ပြန်ဖြေလိုက်သည်။ တခြားသူများက သူမ ထိုစကားများကို ပြောသည်နှင့် မည်သူ့ကို ဆိုလိုကြောင်း ချက်ချင်းသိလိုက်ကြသည်။
“တိုက်ပွဲကို မကြားမိဘူးလားလို့” အရင်းအမြစ်ချီ စီမံသူက ပြောလိုက်သည်။ သူမက အနက်ရောင်မျက်ဝန်းနှင့် ရွှေရောင်ဆံပင် ရှိထားလေ၏။
သို့သော်လည်း သူမ၏ အဝတ်အစားက ဖော်ပြဖို့ ခက်ခဲလှပြီး သူမ၏ ခန္ဓာကိုယ်အများစုက တစ္ဆေတစ်ကောင်ကလွဲ၍ မတည်ရှိသလိုမျိုး ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်နေသည်။
“ ငယ်ငယ်က သူနဲ့ တွေ့ခဲ့တယ်နဲ့ တူတယ်” ကောင်းကင်စီရင်သူက ပြောလိုက်သည်။
“ဒီလိုဆိုရင် ကိစ္စတွေက ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းလာတော့မှာပဲ”
အဖွဲ့က သံသရာကွပ်ကဲသူ၏ အစီအစဉ်သည် အကျဉ်းသားဖြစ်နေရာမှ လွတ်မြောက်ဖို့ရာ နည်းလမ်း ပါဝင်နေကြောင်း သိထားကြ၏။ ထို့အပြင် သူ့ကိုယ်သူ ပြဿနာတက်စေသည့် ကံကြမ္မာစီရင်သူ၏ အပြုအမူနှင့် မတူညီဘဲ သူမ၏ အပြုအမူများက မဟာတာအို၏ စည်းမျဉ်းကို မချိုးဖောက်ဘဲ တရားဝင် ဖြစ်သည်။
“ကောင်းပြီ။ မင်းရဲ့ နယ်ရုပ်က သူ သေမျိုးဘဝတုန်းက သူ့ရဲ့ အကြီးဆုံး ရန်သူပဲ။ ဒီရလဒ်ကို မျှော်လင့်ထားသင့်တယ် မဟုတ်ဘူးလား” အချိန်ကြီးကြပ်သူက လက်ဖဝါးကို အသာသပ်ကာ ပြောလိုက်သည်။ သူ့အပြုအမူက ကြောင်မျိုးနွယ်ဝင်၏ ပုံမှန်အကျဆုံး အလေ့အကျင့်တစ်ခု ဖြစ်နေသော်လည်း သူ လုပ်ဆောင်သည့်အခါ မြင့်မြတ်မှုများ ပါဝင်နေသည်။
“ဒီလိုဖြစ်သွားမယ်ဆိုတာကို နင်တို့လည်း သိမှာပါ” သံသရာကွပ်ကဲသူက မကျေနပ်မှုကို ဖုံးကွယ်ထားခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
“အမှန်ပဲ။ အချိန်စက်ဝန်းက ရှုပ်ထွေးနေပြီ” အချိန်ကြီးကြပ်သူက ပြောလိုက်သည်။
“မြစ်ကြောင်းရဲ့ အနိမ့်ပိုင်းမှာ တစ်သတ်မှတ်တည်းဖြစ်သင့်ပေမဲ့ အခု ဖရိုဖရဲလက္ခဏာတွေ ဖြစ်နေပြီ”
ကြောင်က မနေနိုင်ဘဲ သက်ပြင်းချလိုက်၏။ သူ ဤအလုပ်ကို ရှိကတည်းက အမြဲတမ်း ကိန်းသေဖြစ်ခဲ့သည့် အရာတစ်ခုမှာ အတိတ်သည် အကြွင်းမဲ့ ဖြစ်၏။ သို့သော် ယခုတွင် သူက သေချာပေါက် မပြောနိုင်တော့ပေ။
“အခြေအနေကို အာရုံစိုက်ရအောင်” ဟွင်သွမ်းအကဲဖြတ်သူက သတိပေးလိုက်သည်။
“ကံကြမ္မာ ဒီအစည်းအဝေးကို ဘာလို့ခေါ်လိုက်တာလဲ”
ကံကြမ္မာစီရင်သူက သက်ပြင်းချကာ “ငါ ကံကြမ္မာမြစ်ကြောင်းကနေ လှုပ်ခတ်မှုတချို့ကို ခံစားမိခဲ့တယ်။ ငါ့တွက်ဆထားမှုအရ ကံကြမ္မာခိုးယူသူတွေ လှုပ်ရှားကြတော့မယ် တူတယ်”
“တကယ် ပြောတာလား” သံသရာကွပ်ကဲသူက မေးလိုက်သည်။
“ငါတို့တွေ သူ့ကို ထိချက်ပြင်းပြင်းပေးခဲ့တယ် ထင်နေတာ”
“ဟုတ်တယ်။ သူတို့က ဒဏ်ရာအပြင်းအထန် ရနေပြီးတော့ ပြန်လည်အားဖြည့်နေသင့်တယ်”
“မင်းနဲ့အချိန်က သူတို့တွေ ပြဿနာမဖြစ်ဘူးလို့ ဖျောင်းဖျခဲ့ကြတာပဲလေ” အရင်းအမြစ်ချီ စီမံသူက ပြောလိုက်၏။
“ရှင်းပြဦး”
အားလုံးက အချိန်ကြီးကြပ်သူနှင့် ကံကြမ္မာစီရင်သူကို ကြည့်ကာ သူတို့၏ အရှိန်အဝါက ယခင်ထက် ပိုမိုကြောက်ဖို့ကောင်းလာလေ၏။
“ငါလည်း ဘယ်လိုဖြစ်မှန်းမသိဘူး” ကံကြမ္မာစီရင်သူက ရှင်းပြလိုက်သည်။
“ငါက မင်းတို့အားလုံးထက်တောင် ပိုပြီး စိုးရိမ်သေးတယ်”
သူက ဤကပ်ဘေးအတွင်း ရှင်သန်မှုအနည်းဆုံး ဖြစ်နိုင်ကြောင်း သိထားသည့်အတွက် ကံကြမ္မာခိုးယူသူများ ပေါ်ထွက်မလာစေလိုပေ။
“ငါ ရှင်းပြမယ်” ကြောင်က အင်မတန် တည်ငြိမ်နေလေ၏။
“ကောင်းကင်စာအုပ်စံပြက ကမ္ဘာဦးအချိန်စက်ဝန်းရဲ့ အနိမ့််ပိုင်းကို ပြောင်းလဲပစ်ခဲ့တယ်။ သူက တချို့အရာတွေကို ပြောင်းလဲဖို့ ဒီအခွင့်အရေးကို ယူခဲ့တယ် ထင်တယ်”
အနိမ့်ပိုင်း၊ အလယ်အလတ်နှင့် အထက်ပိုင်း၊ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်…
သူတို့ခြောက်ယောက်က အချိန်စက်ဝန်းမှ လွတ်မြောက်သွားသည့် သက်ရှိများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့သည် အချိန်မြစ်ကြောင်းမှ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်သို့ သွားလာနိုင်ကြသည်။
သို့သော်လည်း တစ်ခါတစ်ရံတွင် မြစ်ကြောင်း၏ အထက်ပိုင်းသည် ဝေဝါးနေပြီး သူတို့အတွက် မဝင်ရောက်နိုင်ကြောင်း သိလိုက်ရသည်။ သူတို့၏ စွမ်းအားဖြင့် ထိုသို့သော ဖြစ်ရပ်သည် မည်သို့ဆိုလိုကြောင်း ချက်ချင်း သိလိုက်ရသည်။
တစ်စုံတစ်ယောက်က အထက်ပိုင်းတွင် ပိတ်ဆို့ထားတာမျိုး သို့မဟုတ် အလယ်ပိုင်းတွင် သူတို့ထံ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့တာမျိုးကြောင့် အနာဂတ် မရှိလောက်အောင် လုပ်ဆောင်နိုင်သည့် အားကောင်းသူတစ်ယောက် ဖြစ်နေနိုင်သည်။
“ခွေးကောင်” သံသရာကွပ်ကဲသူက ဒေါသတကြီး ပြောလိုက်သည်။
“နင်သာ စည်းမျဉ်း မချိုးဖောက်ဘူးဆိုရင် ဒီအခြေအနေ ဘယ်လိုလုပ်ဖြစ်မှာလဲ”
ခဏအကြာတွင် ဟွင်သွမ်းစကြဝဠာတစ်ခုလုံးက တုံ့ပြန်လာလေ၏။ ကံကောင်းစွာဖြင့် သူတို့ ရှိနေသည့်နေရာက စွမ်းအားအများစု သီးခြားထားသည့်နေရာတစ်ခု ဖြစ်နေသည်။
“မင်းတို့တွေ သတ္တိ မရှိတဲ့အရာကို ငါ လုပ်ခဲ့ရုံပဲ” ကံကြမ္မာစီရင်သူက နှာခေါင်းရှုံ့ကာ ပြန်ဖြေသည်။
“ပြီးတော့ သူက ငါ့ကံကြမ္မာမျိုးစေ့ မဟုတ်ရင်တောင် ငါတို့ကို တိုက်ခိုက်မယ်ဆိုတာကို သိတာပဲ။ မင်းလည်း တခြားအချိန်စက်ဝန်းတွေကို မြင်ခဲ့တာပဲ”
“ဒါပေမဲ့ နင်က ဒီအခြေအနေကို ပိုဆိုးရွားသွားစေခဲ့တာလေ” သံသရာကွပ်ကဲသူက နောက်မဆုတ်ဘဲ ဆက်လက် ငြင်းဆန်လိုက်သည်။
“ဒါက ငြင်းခုန်နေရမဲ့အချိန် မဟုတ်ဘူး” ဟွင်သွမ်းအကဲဖြတ်သူက ဖျောင်းဖျလိုက်၏။
“နင့်အတွက် ပြောဖို့လွယ်တာပေါ့။ နင်က ဒီအခြေအနေမှာ သက်ရောက်မှု မရှိဆုံးလူပဲလေ”
ဟွင်သွမ်းအကဲဖြတ်သူက သံသရာကွပ်ကဲသူကို အေးစက်စွာ ကြည့်လိုက်သည်။ ထိုသူ၏ ပြောစကားက မှန်ကန်နေပေ၏။ နောက်ဆုံးသော အခြေအနေက မည်သို့ဖြစ်စေကာမူ သူမက အသက်ရှင်နိုင်ချေ အမြင့်ဆုံးဖြစ်၏။ ထိုအရူးက သူမ၏ ပိုင်နက်ဖြစ်သည့် ကမ္ဘာဦးဟွင်သွမ်းနှင့် ဟွင်သွမ်းကမ္ဘာအားလုံးကို ဖျက်ဆီးပစ်မည် မဟုတ်ပေ။
သူမအနေနှင့် ချစ်မြတ်နိုးရသော ကလေးများဖြစ်သည့် မကောင်းဆိုးဝါး နတ်ဘုရားများသည် ထိုခွေးကောင်ကြောင့် ပျက်သုဉ်းသွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
“စိတ်ငြိမ်ငြိမ်ထား” အရင်းအမြစ်ချီ စီမံသူက ဖျောင်းဖျလိုက်သည်။
ထို့နောက် သူမက အချိန်ကို စိုက်ကြည့်ကာ “စံပြငယ်လေးတစ်ယောက်က ကမ္ဘာဦးအချိန်စက်ဝန်းကို ဘယ်လိုပြောင်းလဲနိုင်မှာလဲ”
“တစ်ယောက်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုက ခွင့်ပြုပေးခဲ့လို့ပေါ့”
“မဟာတာအိုလား”
“အဲ့လိုဖြစ်နိုင်ချေရှိတယ်”
“ဒါပေမဲ့ ဘာလို့လဲ”
“အချိန်မြစ်ကြောင်းရဲ့ အထက်ပိုင်းမှာ ဖြစ်ပျက်ခဲ့သမျှအရာက အဲ့လိုလှုံ့ဆော်မှုမျိုး လိုအပ်လာလို့ပေါ့” အချိန်ကြီးကြပ်သူက ပြန်ဖြေလိုက်သည်။ သို့သော် သူ့အဖြေက သူ့သုံးသပ်ချက်တွင် ယုံကြည်ချက် မရှိကြောင်း ပြသနေ၏။
“တကယ်လို့ မဟာတာအိုကသာ ကမ္ဘာဦးအချိန်စက်ဝန်းကို ပြောင်းလဲပစ်ချင်ရင် ဘာလို့ ငါတို့ဆီကနေ မလုပ်ဆောင်ရတာလဲ” ဟွင်သွမ်းအကဲဖြတ်သူ က မေးလိုက်သည်။
“အဲဒါက သိသာနေတာ မဟုတ်ဘူးလား။ ငါတို့က ငါတို့ကို ဆက်မယုံတော့လို့လေ” ကောင်းကင်စီရင်သူက အံကြိတ်ကာ ပြောလိုက်၏။ သူ့ဒေါသက အထွတ်အထိပ်သို့ ရောက်ရှိနေကာ ထိုခွေးကောင် ကောင်းကင်စာအုပ်က ထိုအခြေအနေတွင် ပတ်သက်နေပြီးသည့်နောက်တွင် ပိုမိုဆိုးရွားလာခဲ့သည်။
“အခု ဒီလက်ရှိအခြေအနေက မဟာတာအိုနဲ့ တခြားတစ်ယောက်ကြားက စစ်တုရင် ကစားပွဲရလဒ်ဆိုတာကိုလည်း သိကြတာပဲ” အချိန်က ရှင်းပြလိုက်သည်။
“မဟာတာအိုက ကောင်းကင်စာအုပ်နဲ့ ပတ်သက်ပြီး လှုပ်ရှားလာပြီဆိုမှတော့ ကံကြမ္မာခိုးယူသူတို့ ပေါ်ထွက်လာမှုက တစ်ဖက်လူရဲ့ အတုံ့အလှည့် ဖြစ်နေနိုင်တယ်”
အခန်းက တိတ်ဆိတ်သွားပြီး အားလုံး၏ အမူအရာက ပျက်ယွင်းလာကြသည်။ သူတို့က မဟာတာအို၏ ပြိုင်ဘက်သည် မည်သူဖြစ်ကြောင်း မသိကြသော်လည်း မည်သူမှန်း ခန့်မှန်းမိသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။
သို့သော်လည်း သူတို့က ရှုပ်ထွေးမှုများကြောင့် ထိုအရာကို အမှန်ဟု ဝန်ခံဖို့ရာ ငြင်းဆိုနေကြသည်။
“အဲဒီခွေးကောင်က ငါတို့နဲ့ အဆင့်အတူတူပဲလေ။ သူက ဘယ်လိုလုပ် မဟာတာအိုနဲ့ တိုက်ခိုက်နိုင်မှာလဲ” ကံကြမ္မာစီရင်သူက ပြောလိုက်သည်။
“အဲဒီခွေးကောင်သာ မဟာတာအိုနဲ့ ရင်ဆိုင်မယ်ဆိုရင် သူက အသက်ရှင်နိုင်ချေမရှိဘူးဆိုတာကို သိမှာပဲ။ အဲဒါဆိုတော့ သူက အချိန်ရဲ့ သုံးသပ်ချက်ကို လက်မခံချင်ဘူး”
“ဘာမှအလောတကြီး ဖြစ်ဖို့မလိုဘူး” ကောင်းကင်စီရင်သူက ပြောလိုက်သည်။
“အနာဂတ်က အမြဲတမ်း ပြောင်းလဲနေတယ်ဆိုတာ ငါတို့လည်း သိကြတာပဲ။ ငါတို့တွေ လုပ်သင့်တာကို လုပ်သရွေ့ ပြောင်းလဲနိုင်ဖို့ မျှော်လင့်ချက်ရှိတယ်”
“ကောင်းကင် ပြောတာမှန်တယ်” အချိန်ကြီးကြပ်သူက ခေါင်းညိတ်လိုက်သည်။
“ငါတို့ရဲ့ အဓိကရည်ရွယ်ချက်က အချိန်ဆက်စပ်မှု တစ်ခုကို ရှာပြီးတော့ ငယ်ငယ်တုန်းက သူ့ကို သတ်ပြီး သုတ်သင်ပစ်ဖို့ပဲ”
“အဲဒါက ပြောရလွယ်တယ်” သံသရာကွပ်ကဲသူက ပြန်ဖြေလိုက်သည်။
“သူက သူ့အချိန်ဆက်စပ်မှုတွေကို ဖုံးကွယ်ထားတဲ့နေရာမှာ အတော်လေးကို ကျွမ်းကျင်တယ်။ နောက်ဆုံးတစ်ခေါက် ငါတို့ ကြိုးစားခဲ့တုန်းက သူက ငါတို့ကို လုပ်ကြံပြီးတော့ ကံကြမ္မာနဲ့ အရင်းအမြစ်ချီတောင် သေလုနီးပါးဖြစ်သွားတာလေ”
သူမက နှာခေါင်းရှုံ့လိုက်သည်။
“သူ့ဆီမှာ အချိန်ဆက်စပ်မှုတွေ ဘာလို့ရှိနေတယ်ဆိုတာကို မသိရသေးဘူး။ ဒီလိုအရေးကြီးတဲ့ သတင်းအချက်အလက် မရှိဘဲနဲ့ ငါတို့တွေက အရေးနိမ့်နေပြီ”
သူတို့၏ အဆင့်က ကာလံဒေသံကို ကျော်လွန်ခဲ့သည့် သက်ရှိများအနေဖြင့် အတိတ်ကိုယ် အသတ်ခံရမည့်ကိစ္စကို စိုးရိမ်စရာ မလိုပေ။ ထိုအရာက သူတို့နှင့် အဆင့်တူ သို့မဟုတ် အဆင့်မြင့်မားသူက ထူးကဲသည့်နည်းလမ်းများကို အသုံးမပြုသရွေ့ သက်ရောက်မှု မရှိသလောက် နည်းပါးလာသည်။
သို့သော်လည်း ထိုခွေးကောင်က သူ့ဘဝတွင် ထူးကဲသည့် အချိန်များ၌ သေမျိုးတစ်ယောက်ကြောင့်ပင် အလွယ်တကူ အသတ်ခံရနိုင်သည့် ပြစ်ချက်ကြီးတစ်ခု ရှိနေဟန်ပေါ်သည်။
ထို့အပြင် ထိုအချိန်ဆက်စပ်မှုက တစ်ခါ ပေါ်ထွက်လာပြီးသည့်နောက်တွင် ထာဝရ ပျောက်ကွယ်သွားလိမ့်မည်။
သူတို့၏ တွက်ချက်မှုအရ အချိန်ဆက်စပ်မှု ထာဝရ ပျောက်ကွယ်သွားဖို့ အချိန်က နီးကပ်လာလေပြီ။ ထို့ကြောင့် သူတို့က တစ်စုံတစ်ခုကို ဆုံးရှုံးသွားသည့်အချိန်တိုင်း ထိုသူကို သုတ်သင်ပစ်နိုင်မည့် အခွင့်အရေးက သိသိသာသာ လျော့ကျလာခဲ့သည်။
“အဲဒါက အရေးကြီးလို့လား” ကောင်းကင်စီရင်သူက မေးလိုက်သည်။
“တိုက်ရိုက်တိုက်ခိုက်ရင် ငါတို့က သူ့ပြိုင်ဘက်မှ မဟုတ်တာ။ အဲဒါဆိုတော့ ဒီနည်းလမ်းကို မှီခိုရမှာပဲ”
အားလုံးက ထိုအရာကို ကြားကာ ညည်းညူလိုက်ကြသည်။ ထိုခွေးကောင်၏ ကြောက်စရာ အကောင်းဆုံးအပိုင်းက သူ့အားကြီးလှသည့် စွမ်းအား မဟုတ်သလို ကြောက်ဖို့ကောင်းသည့် အသိဉာဏ်ကြောင့်လည်း မဟုတ်ဘဲ သူဖွဲ့စည်းထားသည့် အားကောင်းသော မဟာမိတ်များကြောင့် ဖြစ်သည်။
သူတို့က သူတစ်ယောက်တည်းသာဆိုလျှင် ရင်ဆိုင်နိုင်သော်လည်း သူ့တွင် မဟာမိတ်များစွာ ရှိနေသည်။
“အခု ကံကြမ္မာခိုးယူသူနဲ့ပတ်သက်ပြီး ဘယ်လိုဖြေရှင်းမယ်ဆိုတာကို မပြောရသေးဘူးနော်”
“ငါတို့တွေ ဘာတတ်နိုင်မှာလဲ။ သူတို့ကို အမဲလိုက်ရမှာပေါ့” ကောင်းကင်စီရင်သူက ပြောလိုက်သည်။ သူတို့တွင် တခြားရွေးချယ်စရာ ရှိနေသည်မဟုတ်ပေ။ ကံကောင်းစွာဖြင့် မဟာတာအိုက ထိုခွေးကောင်များနှင့် ရင်ဆိုင်သည့်အခါ မဟာတာအိုက သူတို့အပေါ် တားမြစ်ချက် မထားရှိပေ။
“ငါတို့တွေ ကောင်းကင်စာအုပ်ရဲ့ အကူအညီကို တောင်းခံသင့်တယ်လို့ ထင်လား။ ဘာပဲဖြစ်ဖြစ် သူက ငါတို့ဘက်မှာ ရောက်နေပြီလေ” ဟွင်သွမ်းအကဲဖြတ်သူက အကြံပြုလိုက်သည်။
“ဘယ်ဖြစ်မလဲ” ကောင်းကင်စီရင်သူက ချက်ချင်းပြန်ဖြေလိုက်သည်။
“သူက ဘာမှအရည်အချင်း မပြည့်မှီဘူး”
“ဘယ်လိုဖြစ်ဖြစ်ပေါ့” ဟွင်သွမ်းအကဲဖြတ်သူက ပြန်ဖြေလိုက်ပြီး တခြားသူများကလည်း ပုခုံးတွန့်ကာ ပြောလိုက်သည်။ သူတို့အနေနှင့် ကောင်းကင်စီရင်သူသည် ထိုအစီအစဉ်ကို အဘယ်ကြောင့် ငြင်းဆန်နေမှန်း သိထားကြ၏။ ထို့ကြောင့် ပြိုင်ဘက်ကင်း အလားအလာရှိသည့် စံပြတစ်ယောက်အတွက်ဖြင့်ပင် သူ့ကို အဆက်ဖြတ်ဖို့ရာ မထိုက်တန်ပေ။