အပြင်ဘက်ကို ရှာဖွေခြင်း
Vol. 66 Ch. 913
ကမ္ဘာဦးဟွင်သွမ်း၊ အနီရောင်မြူ တားမြစ်နယ်မြေ
ကောင်းကင်စာအုပ်က မျက်လုံးဖွင့်လာကာ “အကုသိုလ်တချို့ကြောင့် အခွင့်အရေးကောင်းနဲ့ လွဲချော်သွားတယ်လို့ ဘာလို့ခံစားမိနေပါလိမ့်”
သူ့အလိုလိုသိစိတ်က အကြောင်းအရင်း မရှိဘဲ သတိပေးမည် မဟုတ်ကြောင်း သိသည့်အတွက် ထိုခံစားချက်နောက်ကွယ်မှ လျှို့ဝှက်ချက်ကို ရှာဖွေဖို့ ကြိုးစားလိုက်သည်။
သို့သော်လည်း သူ မည်သည့်နည်းလမ်းကို အသုံးပြုစေကာမူ အကျိုးမရှိခဲ့ပေ။
“ဘာမှမရှိဘူးလား။ အဲဒါဆိုတော့ သူတို့ရဲ့ သဲလွန်စကို ဖုံးကွယ်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ ငါ့လို အဆင့်တူတစ်ယောက် ဒါမှမဟုတ်ဘူးဆိုရင် ငါ့ထက် အဆင့်မြင့်တဲ့သူတစ်ယောက် ပါဝင်နေလိမ့်မယ်”
မည်သည်က အမှန်တရားဖြစ်စေကာမူ သူ တတ်နိုင်သည့်အရာ မရှိပေ။ သူ့သဲလွန်စက ကျယ်ပြန့်လွန်းသည့်အတွက် ဤသို့သော ခံစားချက်မျိုးရှိသည်က ဖြစ်နိုင်ချေများစွာ ရှိနေနိုင်သည်။
တကယ်လို့ ငါ့အဆင့်တူ တစ်ယောက်ယောက်နဲ့သာ ပတ်သက်နေမယ်ဆိုရင် ငါနဲ့ ကံကြွေးရှိတဲ့သူက နည်းနည်းပဲရှိတယ်ဆိုတော့ အကြောင်းအရင်းကို ကောက်ချက်ချလို့ ရသေးတယ်။ တကယ်လို့ အဆင့်မြင့်နေတဲ့သူ ဖြစ်မယ်ဆိုရင်တော့ လက်တစ်ဆုပ်စာပဲ ရှိတယ်။ တကယ့်ပြဿနာက ငါက ဘယ်လိုအခွင့်အရေးမျိုးနဲ့ လွဲချော်သွားတာလဲ…
ကောင်းကင်ကျမ်းက ခေါင်းခါကာ စာအုပ်ကို အာရုံစိုက်လိုက်သည်။ ထို့နောက် သတင်းအချက်အလက် အသစ်တချို့ကို ရှာဖွေတွေ့ရှိလိုက်၏။
“ဆယ်ဆတိုက်ခိုက်ရေးအဆင့်လား။ အင်း သူ့ရဲ့ အောင်မြင်မှုတွေနဲ့ဆိုရင် ဒါက ဒီလို ဒီလိုတော့ တွက်ဆထားပြီးသားပါ” ကောင်းကင်စာအုပ်က ပြောလိုက်သည်။
သို့သော်လည်း သူ့သဘောထားက မထူးမခြားနား ဖြစ်နေလေသည်။ အကြောင်းအရင်းမှာ သူ့အောင်မြင်မှုများက ထိုအရာထက် ပိုမိုကြီးကျယ်ခဲ့၏။
သူက ဆယ်ဆတိုက်ခိုက်ရေးအဆင့်ကို ရယူခဲ့ရုံသာမက ထိုထက်ပင် ကျော်လွန်ခဲ့သည်။
သူ့တိုက်ခိုက်စွမ်းရည်က တစ်ခါမှမမြင်တွေ့ခဲ့ဖူးသည့် အဆင့်သစ်တစ်ခုကို ဖန်တီးခဲ့ပြီး တားမြစ်တိုက်ခိုက်ရေးအဆင့်အထိ ရောက်ရှိခဲ့သည်။
ထို့ကြောင့် သူက ဝမ်ဝေ့၏ အောင်မြင်မှုကို ဂရုမစိုက်ပေ။ ထိုသူက သူနှင့် မယှဉ်နိုင်သေးပေ။ ထို့အပြင် ကောင်းကင်ဘုံအဆင့်နှင့် စံပြအဆင့်တွင် ဤသို့သော တိုက်ပွဲစွမ်းရည်ကို ထိန်းသိမ်းထားနိုင်ပါ့မလား မသိရသေးပေ။
ကောင်းကင်စာအုပ်က စာရွက်တချို့ကို လှန်လှောပြီးသည့်နောက် အာရုံစူးစိုက်ကာ အသေးစိတ် အချက်အလက်များကို စူးစိုက်ကာ ဖတ်ရှုလိုက်သည်။ နောက်ဆုံးတွင် သူ့မျက်နှာအထက် မျက်မှောင်ကြုတ်မှုတစ်ခု ပေါ်ထွက်လာခဲ့၏။
“မဟာတာအိုရဲ့ သားတော်က ဝမ်ဝေ့နဲ့ ယှဉ်လိုက်ရင် အမှိုက်လို့ ခံစားမိနေပါလိမ့်”
သူ မည်သို့ပင်တွေးကြည့်စေကာမူ ထိုသူများ၏ ကံကြမ္မာက ဆက်နွယ်နေပြီး သူတို့၏ အောင်မြင်မှုကလည်း အတူတူလောက် ဖြစ်သင့်သည်။
သို့သော်လည်း ဤသို့ဖြစ်ဟန်မပေါ်ပေ။
“မဟာတာအိုသားတော်က အောင်မြင်မှုနောက်ကျတဲ့သူမျိုးမလို့လား” ကောင်းကင်စာအုပ်က ရေရွတ်လိုက်သည်။ ဤအခြေအနေအထိ သူက ထိုသူနှစ်ဦ၏ မဟာဧကရာဇ်အဆင့်အထိ ပြန့်ကျဲနေသည့် သတင်းအချက်အလက်များသာ ရှိထားလေသည်။ ထို့ကြောင့် သူတို့အနေဖြင့် ပိုမိုအားကောင်းလာကာ တိုးတက်လာမည့် အခွင့်အရေးများ ရှိနေသေး၏။
“အခြေအနေက ဘယ်လိုပဲဖြစ်ဖြစ် မဟာတာအိုရဲ့ သားတော် ဂုဏ်ပုဒ်အဆင့်အတန်းနဲ့ဆိုရင် သူက ထူးခြားသင့်တယ်။ မြန်မြန်ဆန်ဆန် အကဲမဖြတ်တာပဲ ကောင်းလိမ့်မယ်”
ကောင်းကင်စာအုပ်က အပြင်ဘက်တွင် မြင်ရသလိုမျိုး မောက်မာခြင်းနှင့် ကွဲလွဲစွာ ကိစ္စများ လုပ်ဆောင်ရာ၌ သတိကြီးကြီး ထားလေ့ရှိသည်။ သူက ထိုသို့မောက်မာသည့် ပုံစံမျိုး ဟန်ဆောင်နေသည်က တစ်ဖက်လူလျှော့တွက်အောင် လုပ်ပြထားသည့် ဟန်ဆောင်မှုသက်သက်သာ ဖြစ်၏။
ကောင်းကင်စာအုပ်က အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။
“ဒီလောက်တောင် ကြာနေပြီ။ အလုံးစုံပကတိ သိမြင်ကျောင်းဆောင်က အခုထိ ဂမ္ဘီရကို တွက်လို့မပြီးသေးဘူးလား”
သူက သူတို့မတိုင်ခင် ဂမ္ဘီရကို အပြီးသတ်ဖို့ ကြိုးစားခဲ့ဖူးသော်လည်း ပြင်းထန်သည့် အကြောက်တရားနှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့် ကောင်းကင်စာအုပ်က ထိုနိမိတ်သည် သူ့စာအုပ်မှ သင်ယူထားသည့် သတင်းအချက်အလက်များ ပါဝင်နေနိုင်ကြောင်း ကောက်ချက်ချလိုက်ကြ၏။
“စကြဝဠာက ဗြောင်းဆန်တဲ့ ခေတ်ကာလကို ရောက်ရှိလာတော့မယ်။ ချီယွမ်ရဲ့ အပြုအမူတွေအရ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက ပါဝင်ပတ်သက်ပြီးတော့ ဗဟိုချက်တောင် ဖြစ်နေနိုင်တယ်။ နှမြောစရာကောင်းတာက ငါ အဲဒီမှာ ထားရှိခဲ့တဲ့ နယ်ရုပ်တွေကို အသုံးမပြုနိုင်ဘူး”
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရှိ အခြေအနေက သူ့ကို ဒေါသထွက်စေသည်။ သူက အချိန်များစွာ ကုန်ဆုံးကာ အားစိုက်မှုများစွာ သုံး၍ နယ်ရုပ်များစွာကို ဖြန့်ကျက်ထားခဲ့သည်။ သို့သော် မေတ္တယျနှင့် အန္တိမသဟဇာတတို့ ပေါ်ထွက်လာပြီးသည့်နောက်တွင် သူ့နယ်ရုပ်များက သူတို့၏ နယ်ရုပ် ဖြစ်သွားလေ၏။
ကောင်းကင်စာအုပ်က သက်ပြင်းချလိုက်သည်။ သူက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်များနှင့် ရင်ဆိုင်ဖို့ နည်းလမ်းကို မတွေ့သရွေ့ အခြေအနေက ပြောင်းလဲမည် မဟုတ်ပေ။
ကောင်းကင်စာအုပ်က မျက်လုံးကို မှိတ်ထားပြီး ဆက်လက် စောင့်ဆိုင်းဖို့ ပြင်ဆင်လိုက်သည်။ သူက ဟွင်သွမ်းကမ္ဘာအသီးသီးတွင် တာဝန်နှင့် ပို့ဆောင်ထားသည့် ကိုယ်ပွားများ ရှိ၏။ သူ့အနေဖြင့် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းဖို့သာ လိုအပ်သည်။ သို့သော်လည်း သူ့မျက်လုံးကို ပိတ်ပြီးသည့်နောက် ဆယ်စက္ကန့်အကြာတွင် တဖန် ပြန်လည်ဖွင့်လာသည်။ သူ့ရှေ့တွင် အဆောင်တစ်ခု ပေါ်ထွက်လာပြီးသည့်နောက် အသက်သွင်းလိုက်၏။
မရဏအရှင် ပေါ်ထွက်လာပြီလား…
သူ ပေါ်ထွက်လာသည့် အရိပ်အယောင်မျှသာ ရှိသေးသည်ဟု သတင်းစကားက ဆိုထားသော်လည်း ထိုသတင်းက သူ့ကို အံ့အားသင့်သွားစေသည်။ ကောင်းကင်စာအုပ်အနေဖြင့် လျှို့ဝှက်ချက်များကို ထိုးဖောက်မမြင်နိုင်သည့် စံပြအနည်းငယ်သာ ရှိပြီး မရဏအရှင်က ထိပ်ဆုံးတွင် ပါဝင်နေသည်။
သူက ဘာလို့ အခုမှ ပေါ်ထွက်လာတာလဲ။ မဟုတ်သေးဘူး။ လက်ရှိအခြေအနေက သူ ပေါ်ထွက်လာစေဖို့ အခွင့်အရေးကောင်းပဲ…
ကောင်းကင်စာအုပ်က တုံ့ဆိုင်းခြင်း မရှိဘဲ နောက်ထပ်ကိုယ်ပွားတစ်ခုကို ဖန်ဆင်းကာ မရဏအရှင် ရှိရာဆီ စေလွှတ်လိုက်သည်။ သတင်းအချက်အလက် လိုအပ်နေမှုက မလိုချင်သည့် အပြောင်းအလဲ ရှိခြင်းနှင့် ညီမျှ၏။ ထို့ကြောင့် သူက မရဏအရှင်၏ တည်နေရာကို သိချင်မိသည်။
…………………………………………………………..
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၊ မူလစည်းတံဆိပ် ကုန်းမြေ
“ဒီကောင်လေးက ဘာတွေလုပ်ခဲ့ပါလိမ့်” ဓားဧကရီက တာအိုအခွင့်အလမ်းဂိုဏ်း၏ ချီကံကောင်းမှုကို ခံစားရင်း ရေရွတ်လိုက်သည်။
“သူက ခေတ်သစ်ကို ဖွင့်ခဲ့တယ်ဆိုရင်တောင် နှစ်ရာချီပဲ ရှိသေးတာ။ သူက ဒီလိုကံကောင်းမှုမျိုးကို ဘယ်လိုစုဆောင်းခဲ့တာလဲ”
ဒိုင်မေးရှင်းအနိမ့်ဆီမှ လက်ရှိ ကံကောင်းမှုသည် ချီယွမ်နှင့် တခြားတစ်ယောက်အတွက် အသက်ပြန်သွင်းဖို့ လုံလောက်ပေသည်။ ထို့အပြင် ဆက်လက်မြင့်တက်နေဆဲသာ ဖြစ်၏။
သူမက ထိုကောင်လေးသည် ချီယွမ်နှင့် ပတ်ဝန်းကျင်ကို ပြောင်းလဲကာ တိုးတက်မှုများကို လုပ်ဆောင်မည့်အကြောင်း ဆွေးနွေးခဲ့ဖူးသည်ကို အမှတ်ရသွား၏။ သို့သော်လည်း သူတို့က ကြာကြာမနေနိုင်သည့်အတွက် အသေးစိတ်ကို မကြားလိုက်ရပေ။ သို့သော် ယခုတွင် ထိုကောင်လေးက အကျိုးဆက်အများကြီးရှိသည့် ကြီးကျယ်ခမ်းနားဖွယ် အစီအစဉ်တစ်ခုရှိထားဟန် ပေါ်သည်။
“တာအိုအခွင့်အလမ်းဂိုဏ်းတင် မဟုတ်ဘူး။ ဒိုင်မေးရှင်းအမြင့်ရဲ့ ကြမ္မာတစ်ခုလုံးကလည်း ပြန်လည်ရှင်သန်မဲ့ အရိပ်အယောင်တွေ ပြသနေပြီ” ဝူဟုန်က ပြောလိုက်သည်။
သူတို့က ထိုအပြောင်းအလဲ၏ ဆိုလိုရင်းကို နားလည်ထားကြသည်။ ထိုအရာက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ လက်ရှိအာဏာပိုင်းဆိုင်ရာ အခြေအနေသည် ပြောင်းလဲတော့မည်ဖြစ်ကြောင်း ညွှန်ပြနေလေ၏။ ပြောရလျှင် အကြွင်းမဲ့တားမြစ်ချက်အတွင်း စံပြများစွာ ခံစားခဲ့ရသည်နှင့် အတူတူသာ ဖြစ်၏။
ဤသို့သော အပြောင်းအလဲက ကိစ္စကောင်း ဖြစ်သင့်သည်။ ကပ်ပါး ၈ ယောက်၏ ဆိုးဆိုးရွားရွားအုပ်စိုးမှုက အဆုံးသတ်သွားတော့မည် ဖြစ်ကာ ကမ္ဘာကြီးက စည်ပင်ကြွယ်ဝသည့် ခေတ်ကာလသို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်။ သူတို့က ပိုမိုစည်ပင်ကြွယ်ဝသည့် ခေတ်ကာလကို ဖန်တီးနိုင်မည့် အခွင့်အရေးပင် ရှိ၏။
သို့သော်လည်း ဉာဏ်ကြီးသည့်သူများက ကပ်ပါး ၈ ယောက်အနေနှင့် ပြန်လည်ဖွဲ့စည်းရေး ဖြစ်လာနိုင်မလား မဆုံးဖြတ်နိုင်ကြောင်း သိထားကြ၏။ ပြောရလျှင် ထိုသို့သော ဂုဏ်ပြုမှုမျိုးက နေမင်းနှစ်စင်းဆီ ရောက်ရှိသွားသင့်သည်။
“ဒီလိုအပြောင်းအလဲမျိုးက မေတ္တယျကို နှာတဖျားပိုသာသွားစေမှာပဲ … ဒါပေမဲ့ ဒီကောင်လေးရဲ့ အခြေအနေက အရင်ကထက်ပိုပြီးတော့ အန္တရာယ်များလာလိမ့်မယ်” ဓားဧကရီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“အန္တိမသဟဇာတရဲ့ စိတ်အနေအထားနဲ့ဆိုရင် သူ့ကို သတ်ဖို့ ဘာမဆိုလုပ်လိမ့်မယ်။ ကံဆိုးတာက ဒီအခြေအနေမှာ ကျွန်မတို့ တတ်နိုင်တာ ဘာမှမရှိဘူး”
ဝူဟုန်က သက်ပြင်းချလိုက်ပြီး အကြွင်းမဲ့တားမြစ်ချက်အပြီးတွင် သူမ မကြာခဏ ခံစားလေ့ရှိသည့် အင်အားမဲ့မှုကို သဘောမကျပေ။ ဓားဧကရီကလည်း အတူတူ ခံစားနေရသော်လည်း အတိတ်အကြောင်းကို ပြန်လည်တမ်းတနေ၍ အကျိုးမရှိကြောင်း နားလည်ထား၏။
“မင်းရော ဘယ်လိုအကျိုးအမြတ် ရလိုက်လဲ”
“ဘာကို ပြောတာလဲ”
“မင်းက ဒီကောင်လေးနဲ့ လက်ထပ်ထားတာလေ။ အဲဒါဆိုတော့ သူ လုပ်တဲ့ ကိစ္စပေါ်ကနေ မင်းလည်း အကျိုးအမြတ်ရသင့်တာပေါ့။ မင်း ဘာရလဲဆိုတာ သိချင်နေတာ”
“ဘာမှမရဘူး။ သူက ကျွန်မရဲ့ အမည်မသိ ကိုယ်ပွားတစ်ခုကို လက်ထပ်ထားတယ်ဆိုတာလည်း သိတာပဲ”
“ဒီကောင်လေးရဲ့ အရေထူပုံမျိုးနဲ့ သူက ဂရုစိုက်မယ်များ ထင်နေလား”ဓားဧကရီက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“ပြီးတော့ မိုးမြေကလည်း မင်းတို့ရဲ့ ပေါင်းစည်းမှုကို အသိအမှတ်ပြုထားပြီးပြီလေ”
“ဘာပဲဖြစ်ဖြစ် ကျွန်မကမှ အသိအမှတ် မပြုရသေးတာ”
“ဒါပေမဲ့ မင်း မငြင်းဆန်ခဲ့ဘူးလေ”
ဝူဟုန်က လျစ်လျူရှုဖို့ ရွေးချယ်လိုက်သည်။ စိတ်ထဲ၌မူ သူ့မိတ်ဆွေက သူ့မျိုးဆက်သည် သူမ၏ ခင်ပွန်းဖြစ်နေသည့်အချက်ကို လွှတ်မပေးကြောင်း သိလိုက်၏။
“ဘာရလိုက်တာလဲ”
“ဘာမှမရသေးဘူး။ ဒါပေမဲ့ လတ်တလောလေးတော့ တစ်စုံတစ်ခု ကောင်းတာဖြစ်တော့မယ်လို့ ခံစားမိနေတယ်”
ဓားဧကရီ၏ အကြည့်က တောက်ပလာသည်။ သူတို့၏ အဆင့်တွင် ကောင်းသည်ဟု ဖော်ပြနိုင်သည့် ကံအပြောင်းအလဲ အခွင့်အရေးက မရိုးရှင်းလှပေ။
“မင်းရဲ့ အကြီးအကဲတွေကို လက်ဆောင်ပေးဖို့ မမေ့နဲ့ဦးနော်”
“နောက်ဆုံးတစ်ခေါက် ရိုက်တာ မမှတ်သေးဘူးလား။ ထပ်ပြီး အရိုက်ခံချင်နေတာလား”
“စိတ်အေးအေးထားပါ။ ငါ နောက်နေတာပါ” ဓားဧကရီက ချောင်းအသာဟန့်ကာ ခေါင်းစဉ်လွှဲပြောလိုက်သည်။
“အချိန်စားသုံးသူရဲ့ လတ်တလော လှုပ်ရှားမှုကို သတိထားမိလား”
“သူက အလျင်လိုနေတဲ့ပုံပဲ”
“ငါတို့တွေ လှုပ်ရှားသင့်တယ်လို့ ထင်လား။ သူက အပြောင်းအလဲတစ်ခု ဖြစ်နေနိုင်တယ်”
“အဲ့လိုလုပ်ဖို့ မလိုဘူး” ဝူဟုန်က ပြောလိုက်သည်။
“အဲဒီလူတွေက စစ်မှန်တဲ့ မဟာမိတ်တွေ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ သူ့မူမမှန်မှုကို ခံစားမိတာနဲ့ အရင်ဆုံးလှုပ်ရှားလာမဲ့သူက သူတို့တွေပဲ။ သူတို့ထဲက တစ်ယောက်ယောက် လှုပ်ရှားလိုက်တာနဲ့ သူတို့အတွင်းက ပဋိပက္ခတွေ ထွက်ပေါ်လာဖို့ အချိန်တစ်ခုပဲ လိုလိမ့်မယ်”
“မင်း ပြောတာမှန်တယ်။ ဒါပေမဲ့ အချိန်စားသုံးသူက ကိစ္စတွေကို ဒီလောက်အခြေအနေထိ ဖြစ်အောင် ခွင့်ပြုမှာ မဟုတ်ဘူးလို့ ခံစားမိနေတယ်။ သူက မလှုပ်ရှားရင်တောင် အန္တိမသဟဇာတက အထဲကနေ ပြိုကွဲမှာကို ခွင့်ပြုမှာ မဟုတ်ဘူး”
“အဲဒါတော့ ဟုတ်တယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အကောင်းဆုံးရွေးချယ်မှုက စောင့်ဆိုင်းပြီးတော့ တတ်နိုင်သမျှ မြန်မြန်အားဖြည့်ဖို့ပဲ”
“စောင့်ဆိုင်းဖို့လား။ ဒီကောင်လေးကို စောင့်ဆိုင်းချင်တာလား”
“ဟုတ်တယ်။ ဒီလူတွေကို ဖြေရှင်းဖို့က သူ့ကြမ္မာဆိုတော့ သူ့ကိုပဲ ဖြေရှင်းခိုင်းလိုက်တာ ကောင်းမယ်။ လိုအပ်လာတဲ့အချိန်ကျမှ သူ့ကို ထောက်ပံ့ပေးတာပေါ့”
“အဲ့လိုလည်း အဆင်ပြေပါတယ်” ဓားဧကရီက ခေါင်းညိတ်လိုက်သည်။ တစ်ခါတစ်ရံတွင် ကံကြမ္မာကိုသာ အပ်ထားပြီး ဝင်ရောက်မစွက်သည်က အကောင်းဆုံး ဖြစ်၏။
“အဲဒီကပ်ပါးတွေ ပျောက်ကွယ်သွားပြီးတဲ့နောက် အနာဂတ်ကို အာရုံစိုက်ထားတာ ပိုကောင်းလိမ့်မယ်”
“နိမိတ်အကြောင်းကို ပြောတာလား” လက်ရှိသီးသန့်ခွဲထုတ်ထားသည့် အခြေအနေကြောင့် အချိန်တချို့ ကြာမြင့်သော်လည်း သူတို့က အလုံးစုံပကတိ သိမြင်ကျောင်းဆောင်၏ ဂမ္ဘီရကို လက်ခံရရှိဆဲ ဖြစ်၏။
“ဟုတ်တယ်။ စကြဝဠာကြီးက ဖရိုဖရဲဖြစ်လာရင် ကျွန်မတို့တွေက မုန်တိုင်းအလယ်မှာ ဖြစ်မယ်ဆိုတာကို အစ်မက ကျွန်မထက် ပိုပြီးကောင်းကောင်းသိပါတယ်”
ဓားဧကရီက ညည်းတွားလိုက်သည်။ သူမက ဟွင်သွမ်းစကြဝဠာ၏ ချီကံကောင်းမှုအများစုကို အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာအပေါ် စုဝေးခဲ့သည့် ချီယွမ်၏ အပြုအမူသည် ဆိုးကျိုးများနှင့် ကောင်းကျိုးများ ဒွန်တွဲနေကြောင်း သိလိုက်သည်။ ကံဆိုးစွာဖြင့် ယခုအခါ ဆိုးကျိုးအလှည့် ကျရောက်လာလေပြီ။
“ဖရိုဖရဲဖြစ်မှုက တကယ့်ကို အန္တရာယ်ကြီးတယ်။ ဒါပေမဲ့ အခွင့်အရေးကောင်းလည်း ဖြစ်နေနိုင်တယ်”
ဓားဧကရီက ရေရွတ်လိုက်ကာ ဝူဟုန်ကလည်း သဘောတူလိုက်သည်။