မျှခြေညီ စက်ယန္တရား
Vol. 66 Ch. 915
ဝမ်ဝေ့က လေထဲ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ့ရှေ့တွင် သူ့အံ့ဖွယ်ပလ္လင်ကို ပုံဖော်ထားသည့် ကောင်းကင်ဘုံနန်းဆောင်နှင့် တူသည့် ပုံစံငယ်သုံးခု ရှိနေလေသည်။ သို့သော်လည်း ထိုပုံစံငယ်များတွင် မူလချီအစား အင်မော်တယ်ချီ ရှိနေသည်။
မသေမျိုးနန်းဆောင်ကား တခြားချီများကို အင်မော်တယ်ချီအဖြစ် ပြောင်းလဲကာ ဖွဲ့စည်းထားမှုတစ်ခုအပြင် မပိုပေ။ ထိုအရာကို ဖန်တီးရာတွင် ဝမ်ဝေ့က တချို့အရာများကို အာရုံစိုက်ဖို့ လိုအပ်၏။
ပထမတစ်ခုက စွမ်းအင်ဗဟိုချက် သို့မဟုတ် အံ့ဖွယ်ပင်လယ်နှင့် ကိုက်ညီမှု ဖြစ်သည်။ အကယ်၍ မသေမျိုးနန်းဆောင်က အံ့ဖွယ်ပင်လယ်အများစုနှင့် မကိုက်ညီပါက ထူးကဲရုပ်ခန္ဓာရှိသည့် လူတချို့ကသာ အသုံးပြုနိုင်လိမ့်မည်။ ထို့အပြင် စွမ်းအင်အမျိုးအစားများစွာ ရှိသည့်အတွက် ဝမ်ဝေ့အနေဖြင့် မူလအရင်းအမြစ်နှင့် ကိုက်ညီမှုကိုပါ ထည့်သွင်းစဉ်းစားရပြီး မသေမျိုးနန်းဆောင်ကို ထိုသီးသန့်ချီနှင့် ကိုက်ညီအောင် ဖန်တီးရသည်။
ဒုတိယတစ်ခုမှာ တည်ငြိမ်မှု ဖြစ်၏။ ထိုနန်းဆောင်ကို ဖန်တီးသန့်စင်နေစဉ်အတွင်း ထိုအရာက အသုံးပြုသူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို မြင့်မားသည့် အဆင့်သို့ ပြောင်းလဲပေးမည်ဖြစ်ကာ မသေမျိုးအဆီအနှစ်ကို ရယူစေနိုင်လိမ့်မည်။ သို့သော်လည်း မသေမျိုးနန်းဆောင်က မတည်ငြိမ်ပါက အင်မော်တယ်ချီသည် အသုံးပြုသူကို ကူညီပေးကာ အဆင့်မြင့်သက်ရှိသို့ ပြောင်းလဲပေးမည့်အစား ဖျက်ဆီးလိမ့်မည်။
“သန့်စင်ရေးဖြစ်စဉ်နဲ့ ပြဿနာတော့မရှိဘူး။ ဒါပေမဲ့ ဒီဖြစ်စဉ်ကို တိုးတက်အောင် လုပ်နိုင်တဲ့ နည်းလမ်းများ ရှိဦးမလား။ ဒီမသေမျိုးနန်းဆောင်ကို ထူးကဲအောင် လုပ်ဖို့လေ…” ဝမ်ဝေ့က ရေရွတ်လိုက်၏။
ထိုထူးကဲသည့် မသေမျိုးနန်းဆောင်သည် ထာဝရအရှင်များအတွက် ဆန့်ကျင်ကျင့်စဉ်အများစု ဆင်းသက်လာရာ နေရာကြောင့် ထူးကဲမည်မဟုတ်ပေ။
မသေမျိုးနန်းဆောင်ကို အားကောင်းအောင် လုပ်မဲ့နည်းလမ်းကို စဉ်းစားမဲ့အစား ကျင့်ကြံရေးကို မြန်ဆန်အောင်လုပ်ပြီး အဆင့် ၁၁ ထာဝရဦးသျှောင်တွေ ပြုစုပျိုးထောင်ဖို့ လိုအပ်တဲ့ အချိန်ကို လျှော့ချနိုင်တယ်ဆိုရင်ရော…
ဝမ်ဝေ့က အဆင့် ၁၁အကြောင်း သိထားသည့် သတင်းအချက်အလက်များကို ပြန်လည်သုံးသပ်ရင်း တွေးလိုက်မိသည်။
အဆင့် ၁၁၏ ဗဟိုချက်က သက်ရှိ ဖြစ်၏။ ကောင်းကင်ဘုံအဆင့်က ကမ္ဘာနှင့် သက်ရှိကို ဖန်တီးနိုင်သည့် စွမ်းအား ရှိထားသည်။ တာအိုအုပ်ချုပ်သူ၏ အတွင်းကမ္ဘာတွင်လည်း ဆင့်ကဲပြောင်းလဲသွားကာ သက်ရှိများကို ဖန်တီးနိုင်လိမ့်မည်။ ထိုသက်ရှိများက အတွင်းကမ္ဘာမှ ထွက်သွားပြီး အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် ရှင်သန်ဖို့ တင်းကြပ်သည့် လိုအပ်ချက်များ ရှိသည်။
ထာဝရဦးသျှောင်များကမူ ဝိညာဉ်များကို သူတို့၏ မသေမျိုးနန်းဆောင်အတွင်း စုပ်ယူကြလိမ့်မည်။
ထိုကူးပြောင်းမှု၏ အကြောင်းအရင်းက ကျင့်ကြံရေး အခက်အခဲကြောင့် ဖြစ်၏။ ကောင်းကင်ဘုံအဆင့်နှင့် တာအိုအုပ်ချုပ်သူများ ဖန်တီးထားသည့် သက်ရှိများသည် မဟာတာအိုအရင်းအမြစ်အပေါ် သူတို့၏ နားလည်နိုင်စွမ်းကို တိုးမြှင့်ဖို့ရာအတွက် ဖြစ်သည်။ သူတို့က သူတို့၏ ဝိညာဉ်နှင့် ဖန်ဆင်းမှုများကို ဆက်နွယ်ပြီး နားလည်နိုင်စွမ်းကို တိုးမြှင့်နိုင်ကြသည်။
ထိုစဉ် ထာဝရဦးသျှောင်များ၏ ဝိညာဉ်က အင်မော်ချီများကို သန့်စင်ရာတွင် ကူညီပေးနိုင်သည်။
ထူထန်စစ်သည်တော်က ဖြေရှင်းနည်းဖြစ်နေနိုင်တယ်…
ဝမ်ဝေ့က တွေးလိုက်မိသည်။
တကယ်လို့ သူတို့ကသာ မသေမျိုးနန်းဆောင်ကို သူတို့ကို ကူညီသန့်စင်ပေးပြီး အင်မော်တယ်ချီ ထုတ်လုပ်ပေးနိုင်တဲ့ ဧကရာဇ်အစီအရင်တစ်ခုနဲ့ ဆက်နွယ်ခဲ့မယ်ဆိုရင် ထာဝရဦးသျှောင်ဖြစ်လာဖို့ လိုအပ်တဲ့အချိန်ကို သိသိသာသာ လျော့ကျသွားစေလိမ့်မယ်…
ဝမ်ဝေ့က သူသာ ထိုနည်းလမ်းကို ချန်ထားခဲ့ပါက တာအိုအခွင့်အလမ်းဂိုဏ်းသည် မည်မျှ အားကောင်းလာမည်ကို စဉ်းစားမိသွားပြီး အကြည့်များ တောက်ပလာ၏။ သို့သော်လည်း မျှခြေညီ စက်ယန္တရားအကြောင်း တွေးမိသွားသည့်အခါ သူ့စိတ်လှုပ်ရှားမှုက ပျောက်ကွယ်သွားသည်။
အကယ်၍ ဂိုဏ်းကသာ ထာဝရဦးသျှောင်များကို ပြုစုပျိုးထောင်နိုင်သည့် နည်းလမ်းရှိနေပါက မျှခြေညီစက်ယန္တရားသည် သူတို့၏ တည်ရှိမှုကို သည်းခံမည် မဟုတ်ပေ။
ဝမ်ဝေ့၏ တွက်ဆထားမှုအရ ဂိုဏ်းသည် နောက်မျိုးဆက်သုံးခုအထိ အသင်္ချေအင်ပါယာကမ္ဘာတစ်ခုလုံးကို အလွယ်တကူ လွှမ်းမိုးနိုင်လောက်အောင် အားကောင်းပြီး လွှမ်းမိုးမှုကြီးလာလိမ့်မည်။
ထို့ကြောင့် သူက မျှခြေညီစက်ယန္တရားကို သူတို့အပေါ် အကွက်ကျကျစီစဉ်ခြင်းမှ ကာကွယ်ဖို့ရာအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားလေ၏။ နမူနာအားဖြင့် တာအိုအခွင့်အလမ်းဂိုဏ်းသည် မျိုးဆက်တိုင်းတွင် ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို ဝင်ရောက်ဆင်နွှဲမည် မဟုတ်ပေ။
ထိုအစား ဂိုဏ်းက သိုသိုသိပ်သိပ်သာနေပြီး တစ်ဖက်ပိတ် အခြေအနေသို့ ဝင်ရောက်သွားနိုင်သည်။ သူ့အဖေ၏ မျိုးဆက်နှင့် ၁၁ယောက်မြောက် ဧကရာဇ်ထွက်ပေါ်လာပြီးသည့်နောက်တွင် သူတို့သာ လုံလောက်သည့် ကောင်းကင်ရွေးချယ်ခံရှိပါက တိုက်ပွဲကို ဝင်ရောက်ဆင်နွှဲနိုင်လိမ့်မည်။
လီကျွင်းနှင့် ယန်းလီလင်းအတွက်မူ သူတို့၏ အခြေအနေက ထူးကဲသည့်အတွက် ဂိုဏ်း၏ မဟာဧကရာဇ်ရာထူးအဖြစ် အချိန်အတော်ကြာ ထည့်တွက်ထားခြင်း မရှိပေ။ ထို့ကြောင့် သူတို့သည် ၁၅ ယောက်မြောက်နှင့် ၁၆ ယောက်မြောက် ဧကရာဇ်ဖြစ်လာနိုင်သလို ထိုထက်လည်း နောက်ကျနိုင်သည်။ ဝမ်ဝေ့က သေချာမသိသေးသော်လည်း ချိုက်စုန့်က သူတို့ထက်အရင် ဧကရာဇ်ဖြစ်လာနိုင်ကြောင်း သိထား၏။
ငါ့အလုပ်က ဘာလို့ ဒီလောက် ခက်ခဲနေပါလိမ့်…
ဝမ်ဝေ့က အစစ်အမှန် ကောင်းကင်တာအိုအပေါ် စတင်၍ မကျေမချမ်းဖြစ်လာမိသည်။ စွမ်းအင်ကန့်သတ်ချက်က စံပြအဆင့် ဖြစ်နေသည့် သာမန်ဟွင်သွမ်းကမ္ဘာတွင် နေထိုင်ခဲ့ပါက သူ့ဂိုဏ်းသည် မျှခြေညီစက်ယန္တရားနှင့် ပတ်သက်ပြီး များများစားစား စိုးရိမ်စရာလိုမည် မဟုတ်ပေ။ သို့သော် အစစ်အမှန် ကောင်းကင်တာအို၏ စွမ်းအားက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်သာ ရှိနေသေးသည်မှာ ကိစ္စကောင်းတော့ မဟုတ်ပေ။
ထားလိုက်ပါတော့။ ငါ နည်းနည်းပိုပြီးတော့ ကြိုးစားရမှာပေါ့…
ဝမ်ဝေ့က အင်မော်ချီ စုစည်းရေးအစီအရင်၏ ပြဿနာကို ဖြေရှင်းဖို့ စဉ်းစားပြီးသား ဖြစ်၏။ သူက ခုံရုံးမှလူများ အသုံးပြုဖို့ ခွင့်ပြုပေးနိုင်သည်။ သို့သော်လည်း အစီအရင်က အဆင့်များရှိထားပြီး လူများစွာကို ကွဲပြားသည့် တိုးတက်မှုနှင့် အထောက်အပံ့ကို ပေးအပ်လိမ့်မည်။
ပထမအဆင့်က လျှို့ဝှက်ချက်တစ်ခု ဖြစ်ပြီး တာအိုအခွင့်အလမ်းဂိုဏ်းကသာ အသုံးပြုနိုင်လိမ့်မည်။ ထိုစဉ် ကျန်လူများအားလုံးကမူ ဒုတိယအဆင့်ကို ရယူနိုင်ပြီး သူတို့က ပထမအဆင့်ဟုသာ တွေးမိကြလိမ့်မည်။
တခြားအင်အားစုတွေက ထာဝရဦးသျှောင် ပြုစုပျိုးထောင်နိုင်မဲ့နှုန်းကို မြှင့်တင်နိုင်မဲ့ နည်းလမ်းတော့ ရှိကြမှာ။ တာအိုအခွင့်အလမ်းဂိုဏ်းလောက်တော့ မြန်မှာ မဟုတ်ဘူး။ ဒီပုံစံမျိုးနဲ့ဆိုရင် မျှခြေညီစက်ယန္တရားက ဘာမှပြောနိုင်မှာ မဟုတ်ဘူး…
ဝမ်ဝေ့က အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။
တစ်ခုတည်းသော ပြဿနာက ကောင်းကင်အလိုဆန္ဒ တစ်ခုချင်းစီနဲ့ သူတို့အသိုင်းအဝိုင်းကြားက မျှခြေပဲ…
အသင်္ချေအင်ပါယာကမ္ဘာက မြန်မြန်ဆန်ဆန် တိုးတက်လာပြီဖြစ်ရာ ဆန့်ကျင်နေသည့် မျှခြေညီ စက်ယန္တရား မရှိသေးပေ။ အကြောင်းမှာ ဤကမ္ဘာက တခြားအရာများထက် ခေတ်ကာလများစွာ နောက်ကျခဲ့ပြီး ယခုမှ အချိန်မီလိုက်နေဆဲသာ ဖြစ်၏။
သို့သော်လည်း ကောင်းကင်ဧကရာဇ်ခေတ်ကာလက အထွတ်အထိပ်သို့ ရောက်ရှိလာသည်နှင့် ကမ္ဘာ့အသိုက်အဝန်းတစ်ခုက ဒိုင်မေးရှင်းအနိမ်တစ်ခုလုံးကို လွှမ်းမိုးလာနိုင်သည့်အခါ ပြဿနာဖြစ်လာနိုင်သည်။
ကောင်းပြီ။ ဒီပြဿနာက ငါနဲ့တော့ မဆိုင်ဘူး။ ကောင်းကင်တာအိုက မျှခြေကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာကိုပဲ မူတည်တယ်…
ဤသို့သော ပြဿနာမျိုးက သူ့ပြဿနာ မဟုတ်ပေ။ ဝမ်ဝေ့က ထိုပြဿနာနှင့် ပတ်သက်ပြီး သတင်းအချက်အလက်တချို့ကို ကောက်ချက်ချထားပြီးသား ဖြစ်၏။ အသင်္ချေအင်ပါယာကမ္ဘာ၏ ဖွံ့ဖြိုးတိုးတက်မှုအရ လက်ရှိ တခြားကမ္ဘာ့အသိုက်အဝန်းများတွင် ကံအပြောင်းအလဲအခွင့်အရေးများစွာ ပေါ်ထွက်လာခဲ့သည်။
အစစ်အမှန် ကောင်းကင်တာအိုက သူ့ခေတ်ကာလ၏ အလားအလာကို မြင်ကာ မျှခြေကို ညီစေဖို့ တုံ့ပြန်လာခြင်း ဖြစ်၏။ ထို့ကြောင့် သူ့လက်တံက တခြားကမ္ဘာ့အသိုက်အဝန်းများဆီ မရောက်ခင် ဆန့်ကျင်ကျင့်ကြံသူများနှင့် ထာဝရအရှင်များ ပေါ်ထွက်လာနိုင်ချေရှိသည်။
ဝမ်ဝေ့က တိုက်ခိုက်ရေးအဆင့် မြှင့်တင်ခြင်းက မဟာဧကရာဇ်အများစုအတွက် လွယ်ကူသည်မှာ သူ့လွှမ်းမိုးမှုအားကောင်းသည့် စွမ်းအားကို မျှခြေညီစေရန် ကြိုးစားမှုအနေဖြင့် ဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။
အစစ်အမှန် ကောင်းကင်တာအို၏ ကံကောင်းမှု ကောင်းချီးအောက်တွင် ထိုဂုဏ်မောက်ကာ မာနကြီးသည့် မဟာဧကရာဇ်များက သူတို့၏ ဟာကွက်များကို ရှင်းလင်းဖို့ လွယ်ကူလာပြီး သူနှင့် မျှခြေညီဖို့ လုပ်ဆောင်လာနိုင်လိမ့်မည်။
ဝမ်ဝေ့က ဂရုမစိုက်ပေ။ သူ့လက်ရှိစွမ်းအားက ကမ္ဘာရှိတချို့အရာများကသာ အမှန်တကယ် လိုက်မှီနိုင်သည်။ သူ့အနေနှင့် အစစ်အမှန် ကောင်းကင်တာအိုသည် ကြံမိကြံရာကြံရင်း ထာဝရဦးသျှောင်များအပေါ် ဖိနှိပ်ထားသည့် စွမ်းအားကို ဖယ်ရှားပစ်မည်ကို စိုးရိမ်နေမိသည်။
အကယ်၍ ဤသို့သာ ဖြစ်လာပါက သူသည် သူ့တိုက်ခိုက်စွမ်းရည်ကို ကောင်းကင်ဘုံအဆင့်သို့ တတ်နိုင်သမျှ မြန်မြန်မြှင့်တင်နိုင်ဖို့ လိုအပ်လာလိမ့်မည်။
ဝမ်ဝေ့က အသက်ပြင်းပြင်းရှူလိုက်၏။
ဒါက စိုးရိမ်ဖို့ မလိုသေးဘူး။ ငါက အကောင်းဆုံးပြင်ဆင်ပြီးသွားပြီ…
သူက သူ့လူများကို ကမ္ဘာ့အသိုက်အဝန်းများဆီ လွှတ်ကာ အုတ်မြစ် တည်ထောင်ခိုင်းထားသည်။ သို့သော်လည်း သူ့ရည်ရွယ်ချက်က အစစ်အမှန် ကောင်းကင်တာအိုသည် သူ့နှင့် မျှခြေညီစေဖို့ ကံကောင်းမှုနှင့် ကြမ္မာများ ခွဲဝေပေးမှုကို ရယူရန် ဖြစ်သည်။ ထို့အပြင် သူတို့၏ တာဝန်က သူ့မြင့်တက်လာမှုကို ခြိမ်းခြောက်နိုင်သည့် ဆက်နွယ်မှုနှင့် မဟာမိတ်များကို ဖျက်ဆီးပစ်ရန် ဖြစ်၏။
နောက်ဆုံးတွင် သူက စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်း၏ အစစ်အမှန် ကောင်းကင်တာအိုမှာ ဖုံးကွယ်ထားနိုင်သည့် ဝိရောဓိနည်းလမ်းကို မျက်စိကျနေမိသည်။ အကယ်၍ သူသာ ထိုနည်းလမ်းကို ရယူနိုင်ပါက တာအိုအခွင့်အလမ်းဂိုဏ်းသည် မျှခြေညီစက်ယန္တရားနှင့် ရင်ဆိုင်ရသည့်အခါ အပိုနည်းလမ်းတစ်ခု ရှိလာလိမ့်မည်။
ဝမ်ဝေ့က ပျောက်ကွယ်သွားပြီး ဂိုဏ်းသို့ ပြန်ရောက်လာခဲ့သည်။ သူက အချိန်ဖြုန်းတီးခြင်း မရှိဘဲ မူလအရှင်နှင့် အထွေထွေသောင်းပြောင်းအရှင်တို့ကို ဆင့်ခေါ်လိုက်သည်။
“စာရင်းက ပြီးသွားပြီလား”
“စာရင်းလား” မူလအရှင်က မေးလိုက်သည်။ သိပ်မကြာခင် သူက ဆိုလိုရင်းကို နားလည်သွား၏။
“တာအိုအရင်းအမြစ် မျိုးစေ့ကို ဖန်တီးခဲ့ပြီလား”
“မဟုတ်ဘူး။ မသေမျိုးနန်းဆောင်ကို ဖန်တီးခဲ့ပြီ။ သုံးယောက်စာ ရတယ်”
“ကောင်းပြီ။ သူတို့ကို ခေါ်လိုက်မယ်”
မူလအရှင်က သူကိုယ်တိုင် ထွက်သွားပြီး ဂိုဏ်းမှ အကြီးအကဲ သုံးယောက်ကို သွားခေါ်ခဲ့သည်။ အားလုံးက ဝမ်ချန်၏ မျိုးဆက်မှ ဖြစ်ကြ၏။ သိပ်မကြာခင် ဝမ်ဝေ့က အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။ လူလတ်အရွယ်ပုံစံရှိသည့် အမျိုးသမီးမှလွဲ၍ ကျန်သူများက သင်္ချိုင်းတစ်ဖက် လှမ်းနေသည့် ပုံစံမျိုး ဖြစ်နေကြသည်။
ဝမ်ဝေ့က သူတို့ကို ခေါင်းညိတ်ပြလိုက်၏။ သူတို့က ချက်ချင်းဆိုသလို ဦးညွှတ်လိုက်သော်လည်း သူက သူတို့ကို ဒူးထောက်ခွင့်မပြုပေ။
ထိုသူများက စာရင်း၏ ထိပ်တွင် ရှိနေသည့်အချက်မှာ သူတို့က ဂိုဏ်းအပေါ် အကျိုးပြုထားမှုများက မျိုးဆက်သုံးခုအတွင်း ပြိုင်ဘက်ကင်းနေခြင်း ဖြစ်၏။ သူတို့၏ အကျိုးပြုများက သူ့လေးစားမှုနှင့် ထိုက်တန်ပေသည်။ သူတို့က တာအိုဘိုးဘေးဖြစ်လာဖို့ လိုအပ်ချက်နှင့် မပြည့်မှီသည်မှာ နှမြောစရာကောင်းလှ၏။
ဝမ်ဝေ့က မသေမျိုးနန်းဆောင် တစ်ခုချင်းစီကို ပေးအပ်ကာ သူတို့ကို သန့်စင်ခိုင်းလိုက်သည်။ သူက မည်သည့်အရာမှ လွတ်မြောက်မသွားအောင် သေချာစောင့်ကြည့်ပေးနေ၏။
ထိုဖြစ်စဉ်က ချောမွေ့ကာ သက်ရောက်မှုရှိလှသည်။ မသေမျိုးနန်းဆောင်က သူတို့၏ အံ့ဖွယ်ပင်လယ်အတွင်း ဝင်ရောက်သွားပြီးသည့်နောက်တွင် ထိုသူများ၏ အသိစိတ်ပင်လယ်ထဲရှိ စည်းမျဉ်းပလ္လင်က အံ့ဖွယ်ပင်လယ်ထဲ ရောက်ရှိသွားသည်။
မသေမျိုးနန်းဆောင်က စည်းမျဉ်းပလ္လင်ကို ဝါးမျိုပြီး ပထမဦးဆုံးအင်မော်တယ်ချီ ပေါ်ထွက်လာခဲ့သည်။ ထို့နောက် ချီများစွာ ပေါ်ထွက်မလာခင် နန်းဆောင်၏ နေရာတစ်ခုတွင် တောက်ပနေသည့် ပွင့်ချပ်ကိုးလွှာပေါ်ထွက်လာလေ၏။
သေချာသည့် အနေအထားတစ်ခုသို့ ရောက်ရှိပြီးသည့်နောက်တွင် မသေမျိုးချီက သူတို့၏ ခန္ဓာကိုယ်အနှံ့ ရောက်ရှိသွားပြီး အင်မော်တယ်ခန္ဓာကိုယ် ပြန်လည်ဖွဲ့စည်းပေးသွားသည်။
အမျိုးသမီးက ၃၀အရွယ် ရှိသည့် မိန်းမပျိုတစ်ယောက်အသွင် ပြောင်းလဲသွားပြီး အမျိုးသားတစ်ဦးက လူလတ်အရွယ်ပြောင်းလဲသွားကာ နောက်ဆုံးလူကမူ သူ့အသွင်အပြင်ကို ထိန်းသိမ်းထားခဲ့သည်။
သူတို့၏ ခန္ဓာကိုယ်က အင်မော်တယ်ဆန်ဆန် အလင်းရောင်ဖြင့် တောက်ပနေလေ၏။ သူတို့၏ အမူအရာနှင့် အရှိန်အဝါက ပြောင်းလဲသွားကာ ပိုမိုမြင့်မြတ်လာသည်။
သို့သော်လည်း ထိုဖြစ်စဉ်က အဆုံးမသတ်သေးပေ။ အင်မော်တယ်ခန္ဓာကိုယ် ဖန်တီးပြီးသည့်နောက်တွင် အင်မော်တယ်ချီက သူတို့၏ အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်ကာ သူတို့၏ ဝိညာဉ်ကို အင်မော်တယ်ဝိညာဉ်အဖြစ် ပြောင်းလဲပစ်လိုက်သည်။
ထိုဖြစ်စဉ်က ၆နာရီကျော် ကြာမြင့်ခဲ့သော်လည်း ဝမ်ဝေ့က စိတ်မရှည်ခြင်း မရှိဘဲ သေသေချာချာ လေ့လာစောင့်ကြည့်ပေးနေသည်။
သူက ကိစ္စများစွာကို သင်ယူလိုက်ရ၏။
နမူနာအနေဖြင့် ကျင့်ကြံသည့်စည်းမျဉ်းသည် ထာဝရအရှင်တစ်ယောက် ရောက်ရှိနိုင်သည့် ပွင့်ချပ်အရေအတွက်ကို ဆုံးဖြတ်ပေးနိုင်သည်။ နမူနာအားဖြင့် သူတို့၏ စည်းမျဉ်းကို နက်နဲသည့် အနေအထားသို့ ကျင့်ကြံပေးထားသည့် ကောင်းကင်ရွေးချယ်ခံ တစ်ယောက်သည် မသေမျိုးနန်းဆောင်က သူတို့၏ စည်းမျဉ်းပလ္လင်က စုပ်ယူပြီးသည့်နောက်တွင် ပွင့်ချပ် ၉လွှာ ရောက်ရှိဖို့ အာမခံချက်ရှိသည်။
ခန္ဓာကိုယ်၏ ခွန်အားက ထိုကူးပြောင်းမှုအတွင်း လူတစ်ယောက် အင်မော်တယ်ချီ မည်မျှရယူနိုင်ကြောင်း ဆုံးဖြတ်ပေးနိုင်၏။ အင်မော်တယ်ချီပမာဏက ထာဝရအရှင်တစ်ယောက်၏ ကျင့်ကြံဆင့်ကို ဆုံးဖြတ်ပေးနိုင်သောကြောင့် ခန္ဓာကိုယ်ကျင့်ကြံသူများသည် ထာဝရအရှင် ဖြစ်လာပြီးသည့်နောက်တွင် ပိုမိုမြင့်မားသည့် ကျင့်ကြံဆင့် ရှိလာနိုင်သည်။
နောက်ဆုံးတွင် သူက အင်မော်တယ်ချီသည် ခန္ဓာကိုယ်လေ့ကျင့်ရေးတွင် သက်ရောက်မှုများစွာ မရှိကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူက သူ့အတွက်သူ သုံးဖို့ အတွေးကို လက်လျှော့လိုက်သည်။
“ဂိုဏ်းချုပ်က ကျုပ်တို့ကို မသေမျိုး ကံကြမ္မာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ထကြပါ” ဝမ်ဝေ့က ပြောလိုက်သည်။
“ဒါက ဂိုဏ်းရဲ့အပေါ်မှာ နှစ်များစွာ စောင့်သိလာတဲ့ ဆုလာဘ်ပါပဲ” ဝမ်ဝေ့က သူတို့နှင့် စကားစမြည်ပြောပြီး ဂိုဏ်းနှင့် မိတ်ဆွေဟောင်းများအား ဤအကြောင်း ပြသဖို့ တိတ်တဆိတ် လှုံ့ဆော်ပေးခဲ့သည်။ ထိုဉာဏ်ကောင်းသည့်သူများက သူ့ရည်ရွယ်ချက်ကို သိကာ အချိန်မဖြုန်းဘဲ ထိုတာဝန်ကို လုပ်ဆောင်ခဲ့ကြသည်။