ဒုတိယမြောက် ခုံရုံးအစည်းအဝေး
Vol. 66 Ch. 917
နှစ်သုံးရာသတ်မှတ်ထားသည့် အချိန်က တဖြည်းဖြည်း ချဉ်းကပ်လာပြီဖြစ်ကာ အင်အားစုအသီးသီးက ဒုတိယအစည်းအဝေးအတွက် အဆင်သင့် ဖြစ်နေကြသည်။ လူများစွာက တားမြစ်နယ်မြေထဲမှ တစ်ခုဖြစ်သည့် သွေးမြေသည် ကောင်းကင်ဧကရာဇ် သွားရောက်ပြီးသည့်နောက်တွင် ပျောက်ကွယ်သွားသည့် အချက်ကို ဂရုမစိုက်ကြတော့ပေ။
မည်သို့ပင်ဆိုစေကာမူ အနောက်ပိုင်းသန့်စင်ကောင်းချီးကုန်းမြေကို ဖုန်းဟွမ်က ဖြေရှင်းပြီးပြီဖြစ်သည့်အတွက် လူများစွာက တခြားသော တားမြစ်နယ်မြေများလည်း ဤခေတ်ကာလတွင် ရှင်သန်လာလိမ့်မည်ဟု ယုံကြည်နေကြသည်။
ဒုတိယမြောက် အစည်းအဝေး နီးကပ်လာသည့်အခါ လူတော်တော်များများက စိတ်လှုပ်ရှားနေကြ၏။ သူတို့က ဤအစည်းအဝေးသည် ပထမတစ်ခေါက်ကလိုမျိုး ကမ္ဘာကို ပြောင်းလဲသွားစေလိမ့်မည်ဟု မျှော်လင့်စောင့်စားနေကြသလို ထိတ်လန့်နေကြသည်။ ယခင်နှစ်သုံးရာအတွင်း သူတို့က ကောင်းကင်ခုံရုံး၏ စည်းမျဉ်းမှ အကျိုးကျေးဇူးများကို တွေ့ကြုံခံစားခဲ့ရပြီ ဖြစ်၏။
ကောင်းကင်ဧကရာဇ်က သူတို့ထံ အကျိုးကျေးဇူးမြောက်များစွာ ယူဆောင်လာဖို့ မျှော်လင့်နေကြသည်။ တချို့ကလည်း တာအိုအခွင့်အလမ်းဂိုဏ်း၏ အာဏာကြီးလာမှုအကြောင်းကို တွေးကာ စိုးရိမ်နေကြ၏။ နှမြောစရာကောင်းလှသည်က ထိုကိစ္စသည် ရှောင်ရှား၍ မရနိုင်သလို ပြောင်းလဲ၍လည်း မရပေ။
…………………………
အစည်းအဝေးနေ့ရက်
အားလုံးက ပလ္လင်ခန်းမအတွင်း မတ်တပ်ရပ်ကာ တည်တည်ငြိမ်ငြိမ် စောင့်ဆိုင်းနေကြသည်။ အားလုံးက စောစီးစွာ ရောက်ရှိနေပြီး စိတ်မရှည်သည့် အရိပ်အယောင်ပင် မပြကြဘဲ ဖြည်းဖြည်းချင်း စောင့်ဆိုင်းနေကြ၏။ ထို့နောက် သတ်မှတ်ထားသည့်အချိန် ကျရောက်လာသည့်အခါ ဝမ်ဝေ့က ခန်းမအတွင်း ဖြည်းဖြည်းချင်း ဝင်ရောက်လာကာ ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။
“အရာထမ်းတွေက အရှင်ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်”
လူထောင်ချီ၏ အသံက အခန်းအတွင်း ပဲ့တင်ထွက်သွားလေ၏။ လူတော်တော်များများက ၉၀ ဒီဂရီ ဦးညွှတ်လိုက်ကြပြီး စွမ်းအားကြီးမားသည့်သူများကမူ အနည်းငယ်သာ အရိုအသေပြုလိုက်ကြသည်။
“သက်တောင့်သက်သာနေကြပါ” ဝမ်ဝေ့က ရယ်မောကာ ပြောလိုက်သည်။ သူက ထိုသူများသည် သူတို့ကိုယ်သူတို့ သူ့အရာထမ်းအဖြစ် ညွှန်းဆိုသည်ကို စိတ်ထဲ မမှတ်ယူပေ။ ပြောရလျှင် ဝူမင်နှင့် မိစ္ဆာကျင့်ကြံသူတချို့ကသာ ဤခုံရုံးအတွင်း နေထိုင်ကြလေသည်။
လူများစွာက လိုချင်တပ်မက်ကြသော်လည်း သဘောတူညီမှုတစ်ခု ရရှိဖို့အတွက် စောင့်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြသည်။ သို့သော်လည်း ဝမ်ဝေ့က အချိန်က သူ့ဘက်တွင် ရှိနေသည့်အတွက် ဂရုမစိုက်ပေ။
ထိုအင်အားစုများက ဆုံးဖြတ်ချက် မပြတ်မသားဖြစ်နေစဉ် သူ့တာအိုအခွင့်အလမ်းဂိုဏ်းက ခုံရုံး၏ အကျိုးကျေးဇူးများကို အခွင့်ကောင်းယူနိုင်လေသည်။
ဝမ်ဝေ့က အားလုံးကို ကြည့်ပြီးသည့်နောက်တွင် ရှုရှစ်ဆီ အကြည့်ကျရောက်သွားသည်။
ထူးကဲတဲ့ ဧကရာဇ်ဝိညာဉ်လား…
ဒါက ကမ္ဘာဦးစွမ်းအားကို အသုံးပြုပြီးတော့ လေ့ကျင့်ထားတာပဲ ဖြစ်ရမယ်…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
သူမရဲ့ စွမ်းအားက ၃ဆတိုက်ခိုက်ရေးအဆင့်ကို ရောက်သွားပြီပဲ။ ၄ဆအထိ ရောက်နိုင်ချေ ရှိတယ်…
ဝမ်ဝေ့က ရှုရှစ်သည် ထူးကဲသည့် ခန္ဓာကိုယ်လေ့ကျင့်ရေး ကျင့်စဉ်ကို ဖန်တီးနေရင်း ကျင့်ကြံထားပြီးသားတစ်ခုကို ပြီးမြောက်ဖို့ရာ လုပ်ဆောင်ခဲ့၏။ သူမသာ အောင်မြင်သွားပြီး မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား ၄၀ ခွန်အားကို ရောက်ရှိသွားသည်နှင့် ၄ဆတိုက်ခိုက်ရေးအဆင့်သို့ ရောက်ရှိသွားလိမ့်မည်။
ထူးကဲတဲ့ ကျင့်စဉ်ပဲ။ အခုကစပြီးတော့ ကျောင်းတော်ကလည်း ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းနဲ့ ယှဉ်နိုင်တဲ့ ဆန့်ကျင်ကျမ်းတစ်ခု ရှိလာတော့မယ်…
ရှုရှစ်ကို ကျမ်းဖြင့် အကဲခတ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က တခြားသူများကို များများစားစား အာရုံမစိုက်ပေ။ ထို့ကြောင့် နှစ် ၃၀၀ အချိန်တိုအတွင်း သူတို့က ခုံရုံး၏ လက်ရှိအကျိုးကျေးဇူးဖြင့်ပင် တိုးတက်မှု များများစားစား မရှိခဲ့ကြပေ။ ထာဝရဧကရာဇ်အဆင့် ရှိသည့် အင်အားစုများက ကုသိုလ်ကို နောက်ပိုင်းတွင် အသုံးပြုဖို့ စုဆောင်းထားကြသည်။
ရှုရှစ်က သူမ၏ အချိန်တာအိုကြောင့် မြန်မြန်ဆန်ဆန် တိုးတက်လာခြင်း ဖြစ်၏။ ဝမ်ဝေ့ကဲ့သို့ သူမက တခြားသူများထက်စာလျှင် ကျင့်ကြံဖို့ရာ အချိန်ပိုမိုရှိလေသည်။
“ဧကရာဇ်နဲ့ အရာထမ်းတွေကြားက ဆက်ဆံရေးတစ်ခုကို ဖွဲ့စည်းချင်ပေမဲ့ မင်းတို့ထဲက တချို့ကပဲ ကျေနပ်ဖို့ကောင်းတယ်။ အဲဒါဆိုတော့ တဲ့တိုးပဲပြောမယ်။ ငါ့ကို ဘာအကြောင်း တင်ပြစရာ ရှိလဲ။”
မည်သူကမှ ဧကရာဇ်၏ ရိုင်းရိုင်းပျပျစကားကို ဂရုမစိုက်ကြပေ။ သူတို့က သူ့ကို သုံးသပ်ခဲ့ကြပြီး သူ့အရေးသာချက်ရဖို့ လောကဝတ်နှင့် ပေါင်းသင်းဆက်ဆံရေး စည်းမျဉ်းများကို အသုံးပြုနိုင်သည့်သူဖြစ်ကြောင်း ကောက်ချက်ချထားပြီးသား ဖြစ်၏။
ထို့အပြင် သူတို့က သူ့စကားများ၏ အကြောင်းအရင်းကို သိထားကြသည်။ ထင်ထားသည့်အတိုင်း ခေါင်းဆောင်မိုက ရှေ့ထွက်လာသည်။
“အနောက်ပိုင်းကုန်းမြေက လူတွေက ဧကရာဇ်ရဲ့ စကားကြောင့် ဉာဏ်အလင်းပွင့်သွားပြီးတော့ လမ်းစဉ်ကို ပြင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” ခေါင်းဆောင်မိုက ဦးညွှတ်ကာ ပြောလိုက်သည်။
“ဧကရာဇ်ရဲ့ ကြင်နာမှုကို ပြန်လည်ပေးဆပ်ဖို့အတွက် ကျုပ်တို့တွေ လက်ဆောင်တစ်ခု ယူဆောင်လာပါတယ်”
ဧကရာဇ်က စည်းမျဉ်းများကို ချိုးဖောက်နိုင်သော်လည်း သူက မလုပ်နိုင်ပေ။ မဟုတ်ပါက တခြားသော အင်အားစုများသည် သူနှင့် မိစ္ဆာကျင့်ကြံသူများကို ထိုအချက်ကို အသုံးပြု၍ ရင်ဆိုင်ကြလိမ့်မည်။
သူ လက်တစ်ချက် ဝှေ့လိုက်သည့်အခါ ရွှေရောင်အလင်းများ တောက်ပနေသည့် မီးပြင်းဖိုတစ်ခုက အခန်းအလယ်တွင် ပေါ်ထွက်လာခဲ့သည်။ အသင်္ချေမျက်လုံးများစွာက လောဘအပြည့်ဖြင့် ကြည့်လိုက်ကြသော်လည်း မည်သူကမှ မလှုပ်ရှားရဲပေ။
ဝမ်ဝေ့က လက်ကို မြှောက်လိုက်သည့်အခါ မီးပြင်းဖိုက သူ့လက်ထဲ ကျရောက်လာပြီး လက်ဝါးအရွယ်အဖြစ် ကျုံ့သွားလေသည်။ သူက အထဲရှိ ကုသိုလ်များကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
“မိုမျိုးနွယ်ခေါင်းဆောင်က အတော်လေး လုပ်ရည်ကိုင်ရည်ရှိတယ်လို့ ပြောရမယ်” ဝမ်ဝေ့က ထိုသူ့အပေါ် ချီးကျူးမှုကို ဖုံးကွယ်ထားခြင်း မရှိပေ။ အချိန်တိုလေးအတွင်း ထိုသူက မိစ္ဆာမျိုးနွယ်ကို ပျက်သုဉ်းခြင်းမှ ကယ်တင်ဖို့ နည်းလမ်းကို စဉ်းစားနိုင်ခဲ့သည်။ ထို့အပြင် သူက အရက်စက်ဆုံးနှင့် သက်ရောက်မှုအရှိဆုံး နည်းလမ်းကို ရွေးချယ်ခဲ့၏။
“အရှင့်ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်”
“ငါက မင်းနဲ့ မိစ္ဆာကျင့်ကြံသူတွေကို သုတ်သင်မပစ်လိုက်တာ တော်သေးတာပေါ့။ တကယ်လို့ ကမ္ဘာကို သစ္စာဖောက်ပြီး နယ်ခြားဧကရာဇ်နဲ့ ငါ့ကို ရင်ဆိုင်ခိုင်းမဲ့ အစီအစဉ်သာ အကောင်အထည်ဖော်လာခဲ့ရင် မင်းတို့တွေအကုန်လုံးကို သတ်ပစ်မှာ”
ခေါင်းဆောင်မို၏ ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်သွားလေသည်။ ကံကောင်းစွာဖြင့် သူက ဦးညွှတ်ထားသည့် အနေအထားတွင် ရှိထားသည့်အတွက် ထိုမျက်ဝန်းများကို ရင်ဆိုင်ရခြင်းမှ အကြောက်တရားကို ထုတ်မပြခဲ့ပေ။
သူက ငါတို့အစီအစဉ်ကို ဘယ်လိုလုပ်သိနေတာလဲ။ တစ်ယောက်ယောက်က သစ္စာဖောက်ခဲ့တာလား။ မဟုတ်သေးဘူး။ သူ့အဆင့်၊ သူ့တာအိုနဲ့ဆိုရင် အမှန်တရားကို တွက်ချက်ကြည့်ဖို့က လွယ်မှာပဲ…
“အရှင် အရင်တုန်းက ကျုပ်တို့အပြုအမူက မှားယွင်းတဲ့ အကဲဖြတ်ချက်တစ်ခုပါ။ ဒီလိုကိစ္စမျိုး ထပ်မဖြစ်စေရပါဘူးလို့ ကတိပေးပါတယ်”
ခေါင်းဆောင်မိုက သူ လုပ်ခဲ့သမျှ အရာအားလုံးကို ငြင်းဆန်နေသည်က ပိုမိုအန္တရာယ်ကြီးမားလာစေကြောင်း သိထားလေသည်။
“အဲ့လိုလား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
“ဒါပေမဲ့ ဒီလိုကိစ္စ ဆက်မဖြစ်တော့ဘူးဆိုရင် အာမခံချက်ရှိရင်တော့ ပိုပြီး စိတ်ချရတာပေါ့”
ဝမ်ဝေ့က မဟာတာအိုအရင်းအမြစ်ကို လှုံ့ဆော်လိုက်သည့်အခါ သံကြိုးမြစ်ကြောင်းတစ်စင်းက သူ့နောက်တွင် ပေါ်ထွက်လာခဲ့သည်။ ထို့နောက် သူက အားလုံးကြားရအောင် ကျယ်ကျယ်လောင်လောင် ပြောလိုက်၏။
“အစီအစဉ်ကျမှု အမိန့်မှာတမ်း - အခုကစပြီးတော့ မိစ္ဆာကျင့်ကြံသူတွေရဲ့ စမ်းသပ်ချက်က သူတို့ရဲ့ ကံအပြစ်ကြွေးအပေါ် မူတည်ပြီးတော့ ဆယ်ဆကနေ အဆတစ်ရာအထိ ခက်ခဲလာလိမ့်မယ်။
အစီအစဉ်မကျမှု အမိန့်မှာတမ်း - စမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်တဲ့သူတွေက သူတို့ရဲ့ ကံအပြစ်ကြွေး တစ်စိတ်တစ်ပိုင်းကို ဆေးကြောခွင့်ရမယ်။”
ဝမ်ဝေ့၏ စကားအဆုံးတွင် စာလိပ်တစ်လိပ် ပေါ်ထွက်လာပြီး မိုးမြေကြားတွင် ပြန့်ကျဲသွားသည်။ ကမ္ဘာက အနည်းငယ် တုန်ယင်သွားသော်လည်း လူတချို့ကသာ ထိုအပြောင်းအလဲကို အာရုံခံမိလိုက်ကြ၏။
ခေါင်းဆောင်မိုက သူနှင့်အတူ ပါလာသည့် ဆန့်ကျင်ကျင့်ကြံသူဆီမှ အသံကူးပြောင်းမှုကို ရယူပြီးသည့်နောက်တွင် အမူအရာ ပျက်ယွင်းသွားခဲ့သည်။ သူက အသင်္ချေအင်ပါယာကမ္ဘာ၏ စည်းမျဉ်းသည် အတင်းအကြပ် ပြောင်းလဲခံလိုက်ရပြီး မိစ္ဆာကျင့်ကြံသူများ သို့မဟုတ် ကံကြွေးများသည့်သူများအတွက် ကျင့်ကြံဖို့ရာ အဆရာချီ ခက်ခဲလာကြောင်း သိလိုက်သည်။
သဘာဝလွန်အဆင့်မှ ကျင့်ကြံသူများသည် ကောင်းကင်စမ်းသပ်ချက်ကို ကျော်ဖြတ်ရမည်။ သို့သော် ယခုတွင် မိစ္ဆာကျင့်ကြံသူ ၉၉ ရာခိုင်နှုန်းက သဘာဝလွန်အဆင့်သို့ ရောက်နိုင်မည် မဟုတ်ပေ။
ခေါင်းဆောင်မိုက မိစ္ဆာကျင့်ကြံသူများ၏ အနာဂတ်ကို မြင်လိုက်ရ၏။ ယခင် အားနည်းပြီးသား အသက်ရှင်ကျန်နေသည့် အင်အားစုများသည် သူတို့၏ သွေး၊ အသား၊ ဝိညာဉ် သို့မဟုတ် အဆိုးမြင်စိတ်ခံစားချက်များ လိုအပ်နေသည့် မိစ္ဆာကျမ်းအများစုကို စွန့်ပစ်လိုက်ရလိမ့်မည်။
တပည့်များ သို့မဟုတ် အကြီးအကဲများကို ပြုစုပျိုးထောင်ဖို့အတွက် ကောင်းကင်စမ်းသပ်ချက်ဆီမှ ကာကွယ်ဖို့အတွက် ဧကရာဇ်အသုံးအဆောင်ကဲ့သို့ အရင်းအမြစ်များ လိုအပ်လာလိမ့်မည်။ သူတို့၏ အနာဂတ်ကောင်းကင်ရွေးချယ်ခံအတွက် မြင့်တက်လာမှုက အဆရာချီ ပိုမိုခက်ခဲသွားလိမ့်မည်။
အနည်းဆုံးတော့ ငါတို့ကို မျှော်လင့်ချက်တော့ ပေးထားသေးတယ်…
ခေါင်းဆောင်မိုက နှလုံးသားထဲ နာကျင်နေလျက် တွေးလိုက်မိသည်။ ကံအပြစ်ကြွေးကို ဆေးကြောရခြင်းက အင်မတန် ခက်ခဲလှပြီး ကုသိုလ်ကဲ့သို့ အရာများဖြင့်သာ ဖြစ်နိုင်ချေ ရှိသည်။
သို့သော် ယခုတွင် ကောင်းကင်စမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်သည်နှင့် သူတို့၏ အပြစ်ကြွေး တစ်စိတ်တစ်ပိုင်းကို ဆေးကြောခွင့်ရလာလိမ့်မည်။
“အရှင်ရဲ့ သက်ညှာမှုအတွက် ကျေးဇူးတင်ပါတယ်” ခေါင်းဆောင်မိုက ပြောလိုက်သည်။ အားလုံးက တစ်ခါက ရည်မှန်းချက်ကြီးမားသည့် အမျိုးသားကို ကြည့်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်ကြ၏။
ယနေ့ ကိုယ်စားလှယ်များက ဤကမ္ဘာတွင် မိစ္ဆာကျင့်ကြံသူများအတွက် စည်ပင်ကြွယ်ဝလာဖို့ မဖြစ်နိုင်သလောက် နည်းပါးသွားကြောင်း သိလိုက်ကြသည်။ သူတို့၏ ကံကြမ္မာက လက်ရှိ မိစ္ဆာကျင့်ကြံသူများ၏ နိမ့်ပါးနေသည့် ကံကောင်းမှု သို့မဟုတ် ကြမ္မာကို အတင်းအကြပ် ပြောင်းလဲနိုင်သည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် မမွေးထုတ်နိုင်သရွေ့ ကံကြမ္မာက စည်းပိတ်ခံထားရလိမ့်မည်။
လူများစွာက ကောင်းကင်ဧကရာဇ်၏ စွမ်းအားကို တအံ့တဩဖြင့် သက်ပြင်းသာချလိုက်သည်။
“သွားလို့ရပြီ” ဝမ်ဝေ့က ပြောလိုက်၍ ခေါင်းဆောင်မိုက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူက ခြေလှမ်းအနည်းငယ် ဆုတ်ပြီးသည့်နောက်တွင် ကိုယ်စားလှယ်များ၏ ဘေးတွင် ပြန်လည်ရောက်ရှိသွားသည်။
နောက်ဆုံးတွင် ဝမ်ဝေ့က ကိုယ်စားလှယ်များကို အာရုံစိုက်လိုက်၏။
“ဒီအစည်းအဝေးရဲ့ အဓိကခေါင်းစဉ်က သေမျိုးတွေရဲ့ ဘဝတိုးတက်ရေးနဲ့ ပတ်သက်နေတယ်” ဝမ်ဝေ့က လက်ကိုဝှေ့ပြီးသည့်နောက်တွင် စာရင်းတစ်ခု ထုတ်ဖော်ပြီး ကြေညာလိုက်သည်။ အားလုံးက ထိုစာရင်းကို အာရုံစိုက်ထားကြ၏။
(၁) တာအိုအခွင့်အလမ်းဂိုဏ်း - ကုသိုလ်ရမှတ် ၁၀ထရီလီယမ်
(၂) မဟာကျင်းတိုင်းပြည် - ကုသိုလ်ရမှတ် ၈၅၆ ၀၀၀ မှတ်
(၃) ကောင်းကင်သစ်ပင်ရွာ - ကုသိုလ်ရမှတ် ၅၆၇ ၉၈၇ မှတ်
(၄) ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော် - ကုသိုလ်ရမှတ် ၅၀၇ ၈၇၆
(၅) တိမျိုးနွယ် - ကုသိုလ်ရမှတ် ၄၈၉ ၀၀၈ မှတ်
(၆) အနောက်ပိုင်းကောင်းချီးဂိုဏ်း - ကုသိုလ်ရမှတ် ၄၃၄ ၆၇၅ မှတ်
(၇) ဓာတ်ငါးပါးမျှခြေညီနန်းဆောင် - ကုသိုလ်ရမှတ် ၃၄၅ ၈၇၆ မှတ်
(၈) ထိုက်ယီနက်နဲမုခ် - ကုသိုလ်ရမှတ် ၃၂၀ ၅၆၅ မှတ်
(၉) ထာဝရအိပ်မက်ဂိုဏ်း - ကုသိုလ်ရမှတ် ၃၁၈ ၆၇၈ မှတ်
(၁၀) မဟာအဆောင်မြို့တော် - ကုသိုလ်ရမှတ် ၂၈၅ ၈၉၇ မှတ်
စာရင်းက ထိုအင်အားစု ဆယ်ခုထက် ပိုမိုများပြားလေသည်။ သို့သော်လည်း ထိပ်တန်းဆယ်ခုကြားတွင် ကွာဟချက်က သိသာလွန်းလှ၏။ ထို့အပြင် ပထမနေရာနှင့် ဒုတိယနေရာကွာဟချက်က လူများစွာကို မျက်မှောင်ကြုတ်သွားစေပြီး ကောင်းကင်ဧကရာဇ်က မျက်နှာသာပေးနေတာလားဟု စဉ်းစားသွားကြပြန်သည်။
“မင်းတို့တွေ ဘာကိုတွေးနေတယ်ဆိုတာကို သိတယ်။ ဒါပေမဲ့ ဒီစာရင်းမှာ အတုအယောင် မရှိဘူးဆိုတာကို အာမခံနိုင်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ငါ ပြောခဲ့တဲ့အတိုင်း ဒီနေ့ဆွေးနွေးရမဲ့ ခေါင်းစဉ်က သေမျိုးတွေရဲ့ ဘဝနဲ့ ပတ်သက်ပြီးတော့ပဲ … အခုကစပြီးတော့ ငါ့ပိုင်နက်ထဲမှာ သေမျိုးတွေရဲ့ ဘဝဘယ်လိုရှိတယ်ဆိုတာကို ပြမယ်။ မင်းတို့တွေ ဒီစာရင်းကို နားလည်သွားလိမ့်မယ်”
သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူတို့ဂိုဏ်း၏ ပိုင်နက်အတွင်း သေမျိုးများ မည်သို့နေထိုင်နေကြသည်ကို ပြသလိုက်သည်။ သူတို့က သူတို့ကိုယ်သူတို့အတွက် ထူးကဲသည့် လူမှုအဖွဲ့အစည်းတစ်ခုကို တည်ထောင်ထားနိုင်ကြောင်း ပြသလိုက်သည်။