မမျှတမှု
Vol. 66 Ch. 919
ကိုယ်စားလှယ်များက စိတ်လှုပ်ရှားမှု၊ လောဘနှင့် လိုအင်ဆန္ဒကို မထိန်းချုပ်နိုင်ကြတော့ပေ။ ယခင်က သူတို့သည် ကောင်းကင်ဧကရာဇ်က သေမျိုးများ၏ ဘဝကို တိုးတက်အောင် လုပ်လိုသည်မှာ ကုသိုလ်နှင့် တိုးတက်မှုတချို့ကြောင့်ဟု ထင်ခဲ့မိကြ၏။ သို့သော် ယခုတွင် သူတို့က လက်ဆုပ်လက်ကိုင် ပြနိုင်သည့် အကျိုးကျေးဇူးများ ရှိနေသည်။
ထာဝရအရှင်နှင့် တာအိုဘိုးဘေး လမ်းစဉ်ကို မဟာဧကရာဇ်များကသာ ထိန်းချုပ်ထားပြီး မိုးမြေမှ သူတို့ကို ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်တစ်ခုလည်း ဖြစ်ပေသည်။ လူတချို့က ထိုအရာသည် ဒိုင်မေးရှင်းအမြင့်တွင် အကြွင်းမဲ့ မဟုတ်ကြောင်း သိထားသော်လည်း သူတို့က ထိုနေရာတွင် မရှိသည့်အတွက် အရေးမပါပေ။
သို့သော် ယခုတွင် လူများစွာက ထိုလမ်းစဉ်နှစ်ခုကို ရယူဖို့အတွက် နောက်ထပ် နည်းလမ်းများ ရှိလာကြပြီ ဖြစ်သည်။ ဧကရာဇ်များ၏ လွှမ်းမိုးသိမ်းပိုက်မှုက ပြီးဆုံးသွားလေပြီ။ သူတို့က ကောင်းကင်တာအိုမှ ဖန်တီးထားသည့် မဟာတာအိုအရင်းအမြစ် မျိုးစေ့နှင့် မသေမျိုးနန်းဆောင်များသည် မဟာဧကရာဇ်များ ဖန်တီးသလောက် ထူးကဲမည် မဟုတ်ကြောင်း သိထားသော်လည်း ဘာမှမရှိသည်ထက်စာလျှင် ပို၍ ကောင်းပေသည်။
စိတ်အလှုပ်ရှားဆုံးသူများက ဧကရာဇ် မရှိသည့် မျိုးနွယ်များ ဖြစ်၏။ ဤကုသိုလ်ရမှတ်စနစ်ဖြင့် သူတို့သည် ထာဝရအရှင်နှင့် တာအိုဘိုးဘေးများ ရှိလာမည့် မျိုးနွယ် ဖြစ်လာနိုင်ချေ ရှိသည်။ သို့သော်လည်း ထိုအရာနှစ်ခု၏ တန်ကြေးကို မြင်တွေ့ပြီးသည့်နောက်တွင် အကြည့်များက မှေးမှိန်ကျသွားသည်။
သူတို့သာလျှင်မကဘဲ ဧကရာဇ်မျိုးနွယ်များကလည်း တူညီသည့် တုံ့ပြန်မှုမျိုး ရှိလာကြ၏။ ဈေးနှုန်းအပေါ် မူတည်၍ တာအိုအခွင့်အလမ်းဂိုဏ်းကသာ ထိုစာရင်းပေါ်ရှိအရာများကို ဝယ်ယူနိုင်လိမ့်မည်။ မဟာကျင်းတိုင်းပြည်ကပင် မသေမျိုးနန်းဆောင်ကို ဝယ်ယူနိုင်မည် မဟုတ်ပေ။
လူတော်တော်များများက စာရင်းပေါ်ရှိ တခြားအရာများကို အာရုံစိုက်လိုက်ကြပြီး အနည်းငယ်သာ ရှိသော်လည်း အားလုံးက ဈေးကြီးလှသည်။ လူများစွာ ဝယ်ယူနိုင်သည့် တစ်ခုတည်းသောအရာက ဉာဏ်အလင်းပွင့်အချိန်သာ ဖြစ်၏။ နာမည်အတိုင်း လူများစွာက ကုသိုလ်ကို အသုံးပြု၍ ဉာဏ်အလင်းပွင့်အနေအထားသို့ ဝင်ရောက်ကာ သူတို့၏ နားလည်နိုင်စွမ်းကို မဖြစ်နိုင်သည့် အနေအထားသို့ မြှင့်တင်နိုင်ကြသည်။
သို့သော်လည်း ဉာဏ်အလင်းပွင့်အချိန်က သေမျိုးနှင့် မသေမျိုးအဆင့် ဟူ၍ ပြန်လည်ခွဲခြားထားလေ၏။ ထိုအင်အားစုများက သေမျိုးအဆင့်ကိုသာ ဝယ်ယူဖို့ တတ်နိုင်ကြသည်။ ထို့အပြင် မသေမျိုးအဆင့်တွင် လူများအား မဟာတာအိုအရင်းအမြစ် ၄၀ ရာခိုင်နှုန်းအထိသာ ကူညီပေးနိုင်ကြောင်း မှတ်ချက်ပေးထားသည်။ ထို့နောက်တွင် အသုံးမဝင်ဖြစ်သွားလိမ့်မည်။
လူအများ၏ အာရုံကို ဖမ်းစားနိုင်သည့် နောက်ထပ်ပစ္စည်းနှစ်ခုက ခွန်အားသွေးကြောဆေးလုံးနှင့် သန့်စင်ဝိညာဉ်စွမ်းအားတို့ ဖြစ်သည်။ ထိုပစ္စည်းများ၏ သက်ရောက်မှုက အတော်လေး အဖိုးတန်လှ၏။ ခွန်အားသွေးကြောဆေးလုံးက ခန္ဓာကိုယ်၏ ခွန်အားကို တိုးမြှင့်ပေးနိုင်သည်။ ထိုဆေးလုံးရာချီက တတိယတန်းစား ဧကရာဇ်နှင့် တိုက်ခိုက်နိုင်သည့် ခန္ဓာကိုယ် ရှိသည့် ဆန့်ကျင်ကျင့်ကြံသူကို ပြုစုပျိုးထောင်ဖို့ လုံလောက်ကြောင်း မှတ်ချက်ပေးထားသည်။
သို့သော်လည်း ဈေးနှုန်းကို မြင်တွေ့ပြီးသည့်နောက်တွင် လူများစွာက ခေါင်းအသာယမ်းလိုက်ကြပြီး သန့်စင်ဝိညာဉ်စွမ်းအားကိုသာ အာရုံစိုက်လိုက်ကြသည်။ သူ့ဝိညာဉ်စွမ်းအား သို့မဟုတ် စိတ် စွမ်းအားက မသေမျိုးအဆင့်တွင် အတော်လေး အရေးပါလှသည်။
ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ဘုံအဆင့်၊ တာအိုအုပ်ချုပ်သူ သို့မဟုတ် ထာဝရဦးသျှောင်ဖြစ်လာဖို့အတွက် သူတို့၏ ဝိညာဉ်စွမ်းအားက သေချာသည့် အနေအထားတစ်ခုသို့ ရောက်ရှိရမည်။ နှမြောစရာကောင်းလှသည်က ထိုလိုအပ်ချက်သည် မြင့်မားလွန်းသည့်အတွက် ထိုလူများစွာအား မရောက်နိုင်အောင် တားဆီးထားလေ၏။
သန့်စင်ဝိညာဉ်စွမ်းအားက ငါတို့အဆင့်လူတွေ လိုအပ်နေတဲ့အရာပဲ…
အောင်းရှန်က ဝိညာဉ်၏ စွမ်းအား အရေးပါပုံကို သိထားပြီး တွေးလိုက်မိသည်။
ပြီးတော့ ခွန်အားသွေးကြော ဆေးလုံးနဲ့ သန့်စင်ဝိညာဉ်စွမ်းအားနဲ့ဆိုရင် ထာဝရဦးသျှောင်တွေကို ပြုစုပျိုးထောင်ပေးဖို့ ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုပဲ…
အားကောင်းသည့် ခန္ဓာကိုယ်က အင်မော်တယ်ချီများကို စုဆောင်းဖို့ ပိုမိုလွယ်ကူသွားစေမည် ဖြစ်ကာ ဝိညာဉ်ကမူ နန်းဆောင်ရှိ အင်မော်တယ်ချီများကို ထိန်းချုပ်ဖို့ရာအတွက် လိုအပ်သည်။
အားလုံးက ဒီပစ္စည်းတွေကို လိုချင်နေကြမှာပဲ။ ဒါပေမဲ့ ကန့်သတ်ချက်ရှိနေတယ်…
ဟို့ဖုန်းဟွမ်က တွေးလိုက်သည်။
သူမက ထိုအရာနှစ်ခုသည် စာရင်းအပေါ်ရှိ တခြားအရာများလောက် အလွယ်တကူ မရနိုင်ကြောင်း သတိပေးချက်ကို ကြည့်လိုက်မိသည်။
“မင်းတို့မြင်တဲ့အတိုင်း လူတွေက သူတို့ပစ္စည်းတွေကို ဒီစာရင်းပေါ်မှာ ထားပြီး တခြားသူတွေကို ဝယ်ခွင့်ပြုအောင် လုပ်လို့ရတယ်” ဝမ်ဝေ့က ရှင်းပြလိုက်သည်။
“ကိစ္စတွေကသာ ချောမွေ့ရင် ဒီစာရင်းက အဆင့်မြင့် အရင်းအမြစ်တွေကို လိမ်လည်မှုတွေ၊ ပဋိပက္ခဖြစ်မှာတွေ ကြောက်ဖို့ မလိုဘဲနဲ့ အလဲအလှယ် လုပ်လာနိုင်လိမ့်မယ်”
ကောင်းကင်ဧကရာဇ် ပြောသည်က မှန်ကန်ပေသည်။ အကယ်၍ ကောင်းကင်တာအိုက အရောင်းအဝယ်တွင် ကြားခံနယ်အဖြစ် ဆောင်ရွက်ပေးပါက လူများစွာသည် လိမ်လည်လှည့်ဖျားခြင်း ခံရမည်ကို ကြောက်ဖို့ မလိုတော့ပေ။ သူတို့က ထိုရိုးရှင်းလှသည့် နည်းစနစ်၏ အရေးသာချက်ကို မြင်နိုင်လေ၏။
မျှတသည့် အရောင်းအဝယ်ဖြင့် ကျင့်ကြံသူများသည် ပိုမိုပွင့်လင်းလာကာ လိုအပ်သည့် အရင်းအမြစ်များကို လဲလှယ်ပြီး ကျင့်ကြံရေးလောကကို တိုးတက်လာစေလိမ့်မည်။ ထိုသို့သော တိုးတက်မှုက ကောင်းကင်ဧကရာဇ်ခေတ်ကာလကို ပိုမိုစည်ပင်ကြွယ်ဝလာစေလိမ့်မည်။
ဒါက ခေတ်ကာလကို ပိုပြီးတော့ ယှဉ်ပြိုင်မှု ပိုပြီးတော့ ပြင်းထန်လာစေမှာပဲ…
ဖုန်းဟွမ်က ကောင်းကင်ရွေးချယ်ခံ တစ်ယောက်သည် နောင်အနာဂတ်၌ တာအိုသက်သေပြနိုင်ဖို့ရာ မည်မျှခက်ခဲသွားကြောင်း ခန့်မှန်းမိလိုက်သည်။ ကောင်းကင်ရွေးချယ်ခံ တစ်ယောက်အတွက် လိုအပ်ချက်က မြင့်မားသည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားပြီး အကောင်းဆုံးထဲက အကောင်းဆုံးကသာ နောက်ဆုံးအနိုင်ရရှိသူ ဖြစ်ပြီး ပလ္လင်ပေါ်တွင် ထိုင်နိုင်လိမ့်မည်။
ဒါက ခေတ်ကာလရဲ့ အစပဲ ရှိသေးတယ်…
ဖုန်းဟွမ်က ဆက်တွေးလိုက်သည်။
ပုံမှန်ဆိုရင် ကောင်းကင်တာအိုက ဧကရာဇ်တစ်ယောက်ကို ဒိုင်မေးရှင်းအနိမ့်မှာ ကြာကြာနေခွင့်ပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ်အတွက်တော့ ဒီလိုဖြစ်မှာ မဟုတ်လောက်ဘူး…
ဝမ်ဝေ့က ကမ္ဘာနှင့် သူ့ခေတ်ကာလကို တိုးတက်အောင် ဆောင်ရွက်နေသရွေ့ ကောင်းကင်တာအိုသည် သူ့အား နောက်မျိုးဆက်အထိ နေနိုင်ဖို့ အချိန်ဆွဲထားပေးလိမ့်မည်။
ထိုအရာကို သိသွားပြီးသည့်နောက်တွင် လူများစွာက စိတ်ပျက်သွားကြ၏။ သူတို့က ဤမကောင်းဆိုးဝါး တတ်နိုင်သမျှ မြန်မြန် ထွက်သွားစေလိုကြသော်လည်း သူက အချိန်ကြာကြာ ဆက်နေနိုင်ကြောင်း သဘောပေါက်သွားကြသည်။
ဒီလိုအပြောင်းအလဲက ငါ့အတွက်တော့ အသုံးဝင်လာနိုင်တယ်…
ဖုန်းဟွမ်က တွေးလိုက်မိသည်။ သူက သူ မတက်လှမ်းခင် ဗုဒ္ဓဘာသာအတွက် ခိုင်မာသည့် အုတ်မြစ်ကို ချထားဖို့ အချိန်များများ လိုအပ်နေသည်။ အကယ်၍ ကောင်းကင်တာအိုကသာ ကောင်းကင်ဧကရာဇ်၏ အချိန်ကို ဆွဲထားပေးပါက သူ့ကို မျှခြေညီစေရန်အတွက် တခြားသော ဧကရာဇ်များအတွက်လည်း အတူတူသာ ဖြစ်လာလိမ့်မည်။
“နောက်ထပ် မေးစရာ ရှိသေးလား” ဝမ်ဝေ့က မေးလိုက်သည်။
“ရှိပါတယ်။ ကျုပ်တို့ နတ်ဆိုးမျိုးနွယ်က လူသားဦးရေ များများစားစား မရှိဘူး။ အဲဒါဆိုတော့ ကုသိုလ်ရမှတ်ကို ဘယ်လိုစုဆောင်းနိုင်မှာလဲ” အောင်းရှန်က ရှေ့ထွက်လာကာ မေးလိုက်သည်။
မြောက်ပိုင်းကို ထိန်းချုပ်ပြီးသည့်နောက်တွင် အောင်းရှန်က လူသားဦးရေကို တခြားနယ်မြေများသို့ ပြောင်းရွှေ့ပေးခြင်းဖြင့် လျှော့ချပစ်ခဲ့သည်။ အထူးသဖြင့် တာအိုအခွင့်အလမ်းဂိုဏ်း၏ ပိုင်နက်အတွင်း ပို့ဆောင်ပေးခဲ့၏။
“ကျုပ်တို့လည်း အတူတူပဲ” ပင်လယ်မျိုးနွယ် ကိုယ်စားလှယ်ကလည်း ပြောလိုက်သည်။ သူတို့အနေဖြင့် ပင်လယ်အောက်ရှိ သူတို့၏ ပိုင်နက်ထဲ နေထိုင်ဖို့ရာအတွက် မဖြစ်နိုင်ပေ။
“မင်းတို့ရဲ့ အခြေအနေကကျတော့ ထူးခြားတယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“လူသားတွေက အသင်္ချေအင်ပါယာကမ္ဘာရဲ့ ဇာတ်လိုက်တွေဆိုတော့ သူတို့က ကုသိုလ်ရမှတ် ရရှိဖို့ အမြန်ဆန်ဆုံးနဲ့ အကောင်းဆုံးနည်းလမ်းပဲ။ လူသားတွေကို မင်းတို့ပိုင်နက်ထဲ များများစားစား နေထိုင်ခွင့်ပေးဖို့ အကြံပေးချင်တယ်။
အဲဒီနောက်ကျရင် ငါ ဖန်တီးခဲ့တဲ့ နတ်ဆိုးစာသင်ကျောင်းကို အသုံးပြုပြီးတော့ မင်းတို့မျိုးနွယ်တွေကို ပြုစုပျိုးထောင်ပေးလို့ ရတယ်။ ပြီးတော့ လူသားနဲ့နတ်ဆိုး ပြီးပြည့်စုံကာ သဟဇာတဖြစ်တဲ့ လူမှုအဖွဲ့အစည်းကို ဖန်တီးလို့ ရတာပေါ့”
အောင်းရှန်နှင့် ပင်လယ်မျိုးနွယ်၏ ကိုယ်စားလှယ်က မျက်မှောင်ကြုတ်လိုက်ကြသည်။ ဤနည်းလမ်းက အစစ်အမှန်နှင့် ဝေးကွာလှသည်။ လူသားများကို ပြုစုပျိုးထောင်ခြင်းက လူသားမျိုးနွယ်အတွက်သာ အကျိုးရှိလိမ့်မည်။ သူတို့မျိုးနွယ်အတွက် မဟုတ်ပေ။ သူတို့က ဉာဏ်ကောင်းသောကြောင့် သေမျိုး လူမှုအဖွဲ့အစည်းမြောက်များစွာ မြင့်တက်လာပြီးသည့်နောက်တွင် လူသားစွမ်းအား မည်မျှမြင့်တက်လာမည်ကို တွေးကြည့်လို့ရပေသည်။
သေမျိုးများက လူဦးရေ ကိုးဆယ်ရာခိုင်နှုန်းကျော် ရှိထားသည့်အတွက် သူတို့က ကျင့်ကြံရေးလောက၏ ပါရမီ အရင်းအမြစ် ဖြစ်နေသည်။ ထိုများပြားလှသည့် လူဦးရေဖြင့် ကျင့်ကြံရေးပါရမီရှိသည့် သေမျိုးများစွာက ဘယ်သောအခါမှ ရှာဖွေတွေ့ရှိမခံရဘဲ သူတို့တစ်ဘဝလုံး သေမျိုးများအဖြစ်သာ နေထိုင်ရင်း သေဆုံးသွားကြသည်။ ထိုသူများက ကံကောင်းမှု နည်းပါးသူအဖြစ် သတ်မှတ်ခံထားရသော်လည်း သူတို့၏ ပါရမီက ငြင်းဆန်၍ မရပေ။
ယခုအခါ ကိစ္စများက ကွဲပြားသွားပြီ ဖြစ်၏။ သေမျိုးနှင့် ကျင့်ကြံရေးလောကက သိသာစွာ ပိုင်းခြားထားခြင်း မရှိတော့ပေ။ ထို့ကြောင့် ပါရမီရှိသည့် သေမျိုးများကို ရှာဖွေဖို့ ပိုမိုလွယ်ကူလာလိမ့်မည်။ ထို့အပြင် သူတို့သာ တာအိုအခွင့်အလမ်းဂိုဏ်း၏ ပုံစံအတိုင်း လိုက်လုပ်ပါက သူတို့ပိုင်နက်အတွင်းရှိ သေမျိုးများသည် ကျင့်ကြံရေးအတွက် သာမန်ထက် ကျော်လွန်သည့် ပါရမီမျိုးကို ပိုင်ဆိုင်ထားကြလိမ့်မည်။
သိုင်းပညာက သေမျိုးများကို အားကောင်းသည့် ခန္ဓာကိုယ် ပေးအပ်နိုင်ပြီး သူတို့၏ မျိုးဆက်များက ပိုမိုကျန်းမာကာ အားကောင်းသည့် ခန္ဓာကိုယ်ကိုပင် အမွေဆက်ခံနိုင်ချေ ရှိ၏။ သိုင်းပညာက မိုးမြေကြားရှိ ဝိညာဉ်ချီများကို အလိုအလျောက် စုပ်ယူခွင့်ပြုထားသည့်အတွက် သူတို့၏ မျိုးဆက်များက ဝိညာဉ်ချီနှင့် ရင်းနှီးမှု များပြားလာနိုင်သည်။ ထိုရင်းနှီးမှုမျိုးက အလုံခန္ဓာကိုယ်ဖြစ်ဖို့ ပိုမိုလွယ်ကူလာစေပြီး ကျင့်ကြံရေးလမ်းစဉ်ကို လျှောက်လှမ်းလာစေလိမ့်မည်။
သေမျိုးလူမှုအဖွဲ့အစည်း၏ အကြီးမားဆုံး ဖန်ဆင်းမှုက ထူးကဲသာလွန်သည့် ပြည်သူများ ဖြစ်၏။ ထိုသူများက ဝိညာဉ်စွမ်းအားကို ရယူပြီး အဆင့်နိမ့် ဆေးလုံးဆရာ၊ အဆောင်ပြုလုပ်သူ၊ လက်နက်သန့်စင်သူနှင့် တခြားသော ကျွမ်းကျင်အတတ်ပညာများကို ပြုလုပ်နိုင်ကြသည်။
နောင်အနာဂတ်တွင် သူတို့၏ အရေအတွက်က သိသိသာသာ တိုးပွားလာမည် ဖြစ်သည့်အတွက် လူသားမျိုးနွယ်၏ ကံကောင်းမှုကို ပိုမိုကြွယ်ဝလာစေလိမ့်မည်။
ထိုသို့သော အရေးသာချက်မျိုးဖြင့် အောင်းရှန်နှင့် ပင်လယ်မျိုးနွယ်က လူသားများ သူတို့နေရာတွင် စည်ပင်ကြွယ်ဝလာမည်ကို မည်သို့ခွင့်ပြုနိုင်မည်နည်း။
အဆိုးရွားဆုံးက နတ်ဆိုးစာသင်ကျောင်း အခြေအနေသည် အတော်လေး ဆိုးရွားလှသည်။ ထိုအရာက သေမျိုးတိရစ္ဆာန်များကို နတ်ဆိုး သို့မဟုတ် ပင်လယ်မျိုးနွယ်အဖြစ် ပြောင်းလဲဖို့ရာ ခွင့်ပြုပေးထား၏။ သို့သော်လည်း နတ်ဆိုးမျိုးနွယ်က ထူးကဲသာလွန်သည့် ခန္ဓာကိုယ်နှင့် သဘာဝလွန် စွမ်းဆောင်ရည်များဖြင့် မွေးဖွားလာကြသည်။
ပြောရလျှင် တိရစ္ဆာန်တစ်ကောင်၏ အသိဉာဏ်ကို လူသားတစ်ယောက် အနေအထားရောက်အောင် မြှင့်တင်ပြီး နတ်ဆိုးအဖြစ် ပြောင်းလဲဖို့ရာအတွက် အင်မတန်ခက်ခဲလှသည်။ အောင်မြင်လျှင်ပင် သူတို့၏ တိရစ္ဆာန်အလိုလိုသိစိတ်က ကျန်ရှိနေမည်ဖြစ်ကာ သတ်ဖြတ်မှုများဖြင့် ပြည့်နှက်နေလိမ့်မည်။ ထိုစိတ်မျိုးကို အပြည့်အဝ ဖယ်ရှားဖို့ရာအတွက် အချိန်နှင့် အားစိုက်ထုတ်မှုတို့ လိုအပ်လိမ့်မည်။
နတ်ဆိုးမျိုးနွယ်နှင့် လူသားမျိုးနွယ်တို့ကို သဟဇာတဖြစ်စွာ နေထိုင်စေမှုအတွက်မူ…
ထိုအရာက ကောင်းကင်ဧကရာဇ် ပြောသလောက် မရိုးရှင်းပေ။ ထို့အပြင် သူတို့အောင်မြင်လျှင်ပင် သူတို့ကံကောင်းမှု၏ တစ်စိတ်တစ်ပိုင်းက နတ်ဆိုးစာသင်ကျောင်းကို ဖန်ဆင်းခဲ့သည့် တာအိုအခွင့်အလမ်းဂိုဏ်းဆီ ရောက်ရှိသွားလိမ့်မည်။
သူတို့က မည်သည့်အနေအထားမှ ကြည့်စေကာမူ ကောင်းကင်ဧကရာဇ်ကသာ ဘာမှမလုပ်ဘဲ အကျိုးကျေးဇူးရနေပြီး သူတို့က အခက်တွေ့ကြရလိမ့်မည်။
ဝမ်ဝေ့က သူတို့ကို ကြည့်ကာ သူတို့တွေးနေသည့်အရာများကို ခန့်မှန်းမိလိုက်၏။ ထိုအရာက မမျှတဘူးဟု ထင်ရသော်လည်း ကမ္ဘာ၏ ဇာတ်လိုက်တိုက်ပွဲကို ဆုံးရှုံးပြီးသည့်နောက် ထိုမျိုးနွယ်များ ပေးဆပ်ရမည့် တန်ကြေး ဖြစ်ပေသည်။
ထို့အပြင် သူတို့၏ ပြဿနာက မျိုးနွယ်တိုင်း၏ အခြေခံသဘောတရားများ ပါဝင်နေလေ၏။ နတ်ဆိုးများက အားကောင်းစွာ မွေးဖွားလာကြသော်လည်း ဝိညာဉ် သို့မဟုတ် အသိဉာဏ်ပိုင်းဆိုင်ရာ ကင်းမဲ့နေကြသည်။ ထိုစဉ် လူသားများကမူ ဆန့်ကျင်ဘက် ဖြစ်၏။
လူသားများက ကမ္ဘာများစွာတွင် ဇာတ်လိုက်များ ဖြစ်လာကြသည်မှာ သူတို့၏ ဉာဏ်ရည်နှင့် တီထွင်ဖန်တီးနိုင်စွမ်းကြောင့် ဖြစ်သည်။ သူတို့အနေဖြင့် သေမျိုးများကို စည်ပင်ကြွယ်ဝအောင် လုပ်ဖို့ရာအတွက် နည်းလမ်းများ ဖန်တီးဖို့ လွယ်ကူလှသည်။ ထိုစွမ်းရည်ကြောင့် လူသားများသည် ဟွင်သွမ်းစကြဝဠာတစ်ခုလုံးအတွင်း အားအကောင်းဆုံး မျိုးနွယ်တစ်ခု ဖြစ်နေခြင်း ဖြစ်၏။
ဝမ်ဝေ့က ဖုန်းဟွမ်ကို ကြည့်ကာ ပြောလိုက်သည်။
“ဗုဒ္ဓဘာသာက ဉာဏ်အလင်းပွင့်အောင် လုပ်ပေးတဲ့နေရာမှာ ထူးချွန်တယ်ဆိုတော့ နတ်ဆိုးမျိုးနွယ်နဲ့ ပူးပေါင်းလို့ရတယ်။ အောင်မြင်မှုက ဗုဒ္ဓဘာသာအတွက် ကံကောင်းမှု ကောင်းချီးရလိမ့်မယ်”
“အော်မိသောဖော” ဖုန်းဟွမ်က ပုတီးစေ့ကို ကိုင်ဆောင်ရင်း ရေရွတ်လိုက်သည်။ သူက အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင် မလုံမလဲသာ ပြုံးလိုက်သည်။ သူက အောင်းရှန်နှင့် ပင်လယ်မျိုးနွယ်တို့၏ ခက်ထန်သည့် အကြည့်များကို ခံစားမိ၏။
ကောင်းကင်ဧကရာဇ်က ထိုစကားများကို ပြောလာသည်နှင့် သူသည်လည်း တူညီသည့် အတွေးမျိုး ရှိခဲ့သည်။ သို့သော်လည်း သူ့အနေနှင့် ထိုသူသည် သူ့အား နတ်ဆိုးမျိုးနွယ်နှင့် ပင်လယ်မျိုးနွယ်တို့ကို လှုံ့ဆော်ဖို့အတွက် နယ်ရုပ်အဖြစ် အသုံးပြုလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
ဤသို့သော အခြေအနေမျိုးတွင် သူက တိတ်ဆိတ်ဖို့သာ ရွေးချယ်ခဲ့၏။ မည်သို့ပင်ဆိုစေကာမူ သူက ဗုဒ္ဓဘာသာအတွက် အကူအညီဖြစ်စေမည့် အခွင့်အရေးကို လက်လျှော့မည် မဟုတ်ပေ။ အထူးသဖြင့် သူက သဘာဝရန်သူဖြစ်သည့် တာအိုဘာသာ ရှိနေသည့်အခါတွင် ဖြစ်၏။
တာအိုဘာသာက ဉာဏ်အလင်းဖွင့်ပေးရာတွင် ဗုဒ္ဓဘာသာလောက် ကောင်းမွန်ခြင်း မရှိပေ။ ထိုအရာ၏ အရေးသာချက်က နတ်ဆိုးများနှင့် မိစ္ဆာများကို ဖိနှိပ်ခြင်းသာ ရှိ၏။ သို့သော်လည်း သူတို့က ထိုနယ်ပယ်တွင် ထူးချွန်ကြပြီး မိစ္ဆာများကို စည်းပိတ်ခြင်းဖြင့် ဗုဒ္ဓဘာသာလိုမျိုး ကုသိုလ်ရယူနိုင်ကြသည်။
ထို့ကြောင့် ဖုန်းဟွမ်က သူသည် ထိုက်တန်သည့် ပြိုင်ဘက်ရှိထားကြောင်း သိထားသည့်အတွက် ထိုအောင်းရှန်နှင့် တခြားသူများ၏ သတိပေးသည့် အကြည့်များကြောင့် ရပ်တန့်မည် မဟုတ်ပေ။
“မဟာကျင်းတိုင်းပြည်ရဲ့ ကိုယ်စားလှယ်က ဘယ်မှာလဲ” ဝမ်ဝေ့က ထိုသူများကို ကြည့်ပြီးသည့်နောက်တွင် မေးလိုက်သည်။ အားလုံးက ဘေးပတ်လည်ကို ကြည့်ကာ ထိုတိုင်းပြည်က မည်သည့်နေရာမှ ရုတ်တရက် ပေါ်ထွက်လာလဲဟု စဉ်းစားနေကြ၏။