← Chapters

ထူးကဲသာလွန်မှု၏ ပထမလမ်းစဉ်

Vol. 66 Ch. 920

ထူးကဲသာလွန်မှု၏ ပထမလမ်းစဉ်

Vol. 66 Ch. 920

အနက်ရောင် နဂါးဝတ်ရုံ ဝတ်ဆင်ထားသည့် လူလတ်အရွယ် အမျိုးသားက ရှေ့သို့ တိုးလာလေသည်။ သူ့ဆံပင်ကို ပြီးပြည့်စုံစွာ ထုံးဖွဲ့ထားပြီး သူ့ဆီမှ အုပ်ချုပ်သူတစ်ယောက်၏ အငွေ့အသက် ထွက်ပေါ်နေသည်။ သို့သော်လည်း ထိုးထွင်းမြင်နိုင်သည့်သူတိုင်းက သူသည် သူ့အရှိန်အဝါကို သေးနိုင်သမျှ သေးအောင် ဖုံးကွယ်ဖို့ ကြိုးစားနေကြောင်း မြင်နိုင်ကြသည်။

ဤသို့သော အပြုအမူမျိုးက တခြားကိုယ်စားလှယ်များကြောင့် ကြောက်ရွံ့နေခြင်း မဟုတ်ဘဲ ထိုသူက ဧကရာဇ်တစ်ပိုင်းအဆင့်မျှသာ ရှိသေးသည့်အတွက် မဟာကျင်းတိုင်းပြည်သည် အထွတ်အထိပ်တိုင်းပြည်သာ ဖြစ်ကြောင်း ညွှန်ပြနေသည်။

“ဟန်စွင်းက ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်” မဟာကျင်းတိုင်းပြည်၏ အုပ်ချုပ်သူက ပြောလိုက်သည်။

“မင်းတိုင်းပြည်ရဲ့ နာမည်ကို စာရင်းမှာတွေ့လိုက်တုန်းက အားလုံးလိုပဲ အံ့ဩသွားခဲ့တယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ငါကိုယ်တိုင် စစ်ဆေးကြည့်ပြီးတဲ့အခါမှာ ပိုပြီးတော့တောင် အံ့အားသင့်သွားမိတယ်”

ဟန်စွင်းက မျက်နှာပူစွာ ပြုံးလိုက်ပြီး “ဒါက ထူးကဲတဲ့ အခြေအနေတစ်ခုကြောင့်ပါ။ ကျုပ်က ဒဏ်ရာအပြင်းအထန်ရရှိပြီးတော့ အရှင့်ရဲ့ ပိုင်နက်အတွင်းမှာ ရောက်ရှိသွားခဲ့ပြီးတော့ ကယ်တင်ခြင်း ခံခဲ့ရပါတယ်။ ကျုပ် ပြန်လည်ကောင်းမွန်လာတာနဲ့ ကျုပ်ရဲ့ ကယ်တင်ရှင်တွေ နေတဲ့ လမ်းစဉ်အတိုင်း လိုက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီးတော့ ကံကြမ္မာတိုင်းပြည်ကို တည်ထောင်ခဲ့တာပါ”

ဝမ်ဝေ့က နားလည်စွာ ခေါင်းညိတ်လိုက်သည်။ မဟာကျင်းတိုင်းပြည်သည် အဆင့်ဇယား၌ မြင့်နေရသည်မှာ ဟန်စွင်းက တာအိုအခွင့်အလမ်းဂိုဏ်း၏ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ သင်္ကေတလူမှုအဖွဲ့အစည်းမှ များစွာ အတုခိုးထား၍ ဖြစ်သည်။ ထို့ကြောင့် သူ့အုပ်ချုပ်မှုအောက်တွင် နေထိုင်သည့် သူများ၏ ဘဝက ငြိမ်းချမ်းကာ စည်ပင်ကြွယ်ဝလာသည်။

“မင်းကို ချီးကျူးရမယ်” ဝမ်ဝေ့က အသိအမှတ်ပြုလိုက်သည်။ မဟာကျိုးတိုင်းပြည်က သူတို့၏ အိမ်ရှေ့စံ မွှေခဲ့သည့် ပြဿနာများအပြီးတွင် ပြန်လည်အားဖြည့်နေဆဲ ဖြစ်၏။ သူတို့က တိုင်းပြည်၏ ချီကံကောင်းမှုကို ပြန်လည်ဖွဲ့စည်းကာ တိုင်းပြည်ပြိုလဲသွားခြင်းမှ ကာကွယ်နိုင်ခဲ့သော်လည်း သူတို့၏ ပြည်သူပြည်သားများ၏ အသက်ကို ဂရုစိုက်လောက်အောင် အခြေအနေကောင်းတွင် မရှိသေးပေ။

မဟာဝူတိုင်းပြည်ကလည်း တူညီသည့် အခြေအနေတွင် ရှိ၏။ စွင်းကျောင်းလုံ သေဆုံးပြီးသည့်နောက်တွင် သူတို့တိုင်းပြည်၏ ကံကောင်းမှုက အောက်ခြေသို့ ရောက်ရှိသွားဟန် ပေါ်သည်။ အတုအယောင် ဧကရာဇ်များသာ ရှိထားသည့် လျှို့ဝှက်ချက် ပေါက်ကြားသွားသည့်အခါ ပတ်ဝန်းကျင်ရှိ တိုင်းပြည်များက သူတို့ကို တိုက်ခိုက်ဖို့ တုံ့ဆိုင်းမနေကြဘဲ စွင်းကျောင်းလုံ သိမ်းပိုက်ထားသည့် ပိုင်နက်အများစုကို ပြန်လည် သိမ်းယူခဲ့ကြသည်။

ထိုစဉ် တခြားသော တိုင်းပြည်များက တာအိုအခွင့်အလမ်းဂိုဏ်း၏ ပုံစံကို သိထားကြသော်လည်း မလိုလားအပ်သည့် အကြောက်တရားကြောင့် လိုက်လံ အတုမခိုးရဲခဲ့ကြပေ။ ထိုအုပ်ချုပ်သူများက စိတ်ဝိညာဉ်ဆိုင်ရာ သင်္ကေတ လူမှုအဖွဲ့အစည်းမှ ပြည်သူများ၏ ဉာဏ်ပညာ ပွင့်လင်းလာမှုကြောင့် ကြောက်ရွံ့လာကြသည်။ သူတို့က အုပ်ချုပ်သူ သဘောတရားကို ငြင်းဆန်ကာ တိုင်းပြည်ကို ဖရိုဖရဲဖြစ်အောင် ပြောင်းပြန်လှန်ပစ်မည်ကို စိုးရိမ်နေကြသည်။

တကယ်တမ်း သေမျိုးများက မည်မျှပင် ပုန်ကန်စေကာမူ အကျိုးမရှိပေ။ အံ့ဖွယ်ခန္ဓာကိုယ်အဆင့် ကျင့်ကြံသူတစ်ယောက်က ဝမ်ဝေ့၏ စိတ်ဝိညာဉ်ဆိုင်ရာ သင်္ကေတအဖွဲ့အစည်းကို နှိမ်နင်းပစ်ဖို့ လုံလောက်ပေသည်။

ထိုသူများအတွက် အဓိကအကြောက်တရားက ထိုသေမျိုးများကြားတွင် ပြိုင်ဘက်ကင်း ကျင့်ကြံရေးပါရမီရှင် တစ်ယောက် ပေါ်ထွက်လာပြီး သူတို့အပေါ် ဆန့်ကျင်မည်ကို ဖြစ်၏။ ထို့ကြောင့် တိုင်းပြည်အများစုက တာအိုအခွင့်အလမ်းဂိုဏ်း၏ ပိုင်နက်အတွင်း အပြောင်းအလဲများကို လျစ်လျူရှုထားပြီး လူတချို့ကသာ သူတို့ပြည်သူပြည်သားများ၏ ဘဝကို တိုးတက်စေဖို့ ကိစ္စတချို့ကို အတုခိုးခဲ့ကြပြီး ကံကောင်းမှုများကို စုစည်းနိုင်ခဲ့ကြသည်။

သို့သော်လည်း ဟန်စွင်းက ထိုသူများထဲမှ တစ်ယောက် မဟုတ်ပေ။ သူက ဝမ်ဝေ့၏ လူမှုအဖွဲ့အစည်းကို သူ့တတ်စွမ်းသလောက် အကောင်းဆုံး အတုခိုးထားခဲ့ပြီး သူ့လူများ၏ ချစ်မြတ်နိုးကာ ရိုသေလေးစားခံရသည့် အုပ်ချုပ်သူတစ်ယောက် ဖြစ်နေခဲ့သည်။

“ဘုရင်ဟန်စွင်းက ငါတို့ရဲ့ ပုံစံကို အတုခိုးခဲ့တဲ့ ပြီးပြည့်စုံတဲ့ နမူနာတစ်ခုပဲ” ဝမ်ဝေ့က ကိုယ်စားလှယ်များကို ကြည့်ကာ ပြောလိုက်သည်။

“အဲဒါဆိုတော့ မင်းတို့တွေ သူ့ဆီကနေ သင်ယူသင့်တယ်”

အားလုံးက ဟန်စွင်းကို တိတ်တဆိတ် ကြည့်လိုက်ကြသည်။ သို့သော်လည်း သူတို့၏ စိတ်ခံစားချက်နှင့် တကယ့်ရည်ရွယ်ချက်များကိုမူ ဖုံးကွယ်ထားလေ၏။ သို့သော်လည်း မဟာကျင်းတိုင်းပြည်က တိတ်တဆိတ် ထိတ်လန့်နေမိသည်။ သူ့အောင်မြင်မှုများက မည်မျှပင် ဖြစ်စေကာမူ ထိုအကောင်ကြီးကြီးများ၏ အမြင်တွင် သူက သေမျိုးမျှသာ ရှိနေသည့်အချက်ကို ပြောင်းလဲမပစ်နိုင်ပေ။

ဝမ်ဝေ့က လက်ဝှေ့လိုက်ကာ ရွှေရောင်အဆောင် တစ်ခုကို ဖန်တီးလိုက်၏။

“ဒါက မင်းရဲ့ အားစိုက်ထုတ်မှုနဲ့ ကြိုးပမ်းမှုအတွက် ဆုလာဘ်ပဲ”

လူများစွာက ထိုအဆောင်တွင် ပါဝင်နေသည့် စွမ်းအားကြောင့် အံ့အားသင့်နေကြသည်။ သူတို့၏ စိတ်ထဲမှ အတွေးဆိုးတချို့က ချက်ချင်းဆိုသလို ငြိမ်းသက်သွားလေ၏။

“အရှင့်ကို ကျေးဇူးတင်ပါတယ်” ဟန်စွင်းက ရိုရိုကျိုးကျိုး ဦးညွှတ်ကာ ပြောလိုက်သည်။ ထို့နောက် သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိ၏။ သူက ကယ်တင်ခံလိုက်ရပြီး တိုင်းပြည်ကို ပြဿနာမရှိဘဲ ဆက်လက်ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ကြောင်း သိလိုက်သည်။

ငါက ဒီမျိုးဆက်မှာ တာအိုမျိုးနွယ် ဖြစ်လာပြီးတော့ ငါ့နောက်မျိုးဆက်တွေက ဧကရာဇ်ဖြစ်လာအောင် ပြင်ဆင်ထားဖို့ပဲ လိုတယ်…

ဟန်စွင်းက ရည်မှန်းချက်ကြီးမားသူ ဖြစ်၏။ သူက အဆောင်ကို လက်ခံကာ လူအများ၏ အနောက်သို့ ပြန်လည်ဝင်ရောက်သွားသည်။

ထိုစဉ် ဝမ်ဝေ့က ဟန်စွင်း၏ အပြုအမူကို ကြည့်နေရင်း သူ့မျက်ဝန်းအထက် လျှို့ဝှက်ဆန်းကြယ်မှုတချို့ ဖြတ်ပြေးသွားသည်။ ထိုသူက နောက်ခံ မရှိသည့် ကံကောင်းသည့် လေလွင့်ကျင့်ကြံသူ တစ်ယောက်နှင့် တူသော်လည်း အမှန်တရားကမူ သူ့မျက်ဝန်းအောက်မှ ဖုံးကွယ်မထားနိုင်ပေ။

သူက စွင်းကျောင်းလုံအပြီး လူသားဧကရာဇ်ရဲ့ နောက်ထပ် ရွေးချယ်ခံတစ်ယောက်ပဲ…

ဝမ်ဝေ့က ဟန်စွင်း အမွေဆက်ခံထားသည့် ထူးကဲသည့် ကြမ္မာကို မြင်နိုင်လေသည်။

သူ့အစီအစဉ်က မဟာကျင်းတိုင်းပြည်ရဲ့ မျိုးဆက်တစ်ယောက်ကနေ ကောင်းကင်ဧကရာဇ် ရာထူးကို ရယူဖို့ပဲ…

ဝမ်ဝေ့က အကြည့်များ တောက်ပလာသည်။ သို့သော်လည်း သူက ဘာမှမပြောသလို ဟန်စွင်းနှင့် မဟာကျင်းတိုင်းပြည်ကိုလည်း ဘာမှမလုပ်လိုက်ပေ။ သူက လူသားဧကရာဇ်၏ အဆုံးသတ်ရည်ရွယ်ချက်ကို ရှာတွေ့ထားပြီးသားဖြစ်၏။

ထိုသူက မိုးမြေ၏ ကံဆက်စပ်သည့် ရာထူးသုံးခုကို ရယူချင်သည်။ လူသားဧကရာဇ်၊ မြေကမ္ဘာဧကရာဇ်နှင့် ကောင်းကင်ဧကရာဇ်တို့ ဖြစ်၏။ ထို့နောက် သူတို့၏ အနှစ်သာရတွေကို ပေါင်းစပ်ခြင်းဖြင့် သူက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်သို့ ဝင်ရောက်နိုင်လိမ့်မည်။

ဒါပေမဲ့ ဒီအစီအစဉ်က လုပ်ဆောင်ဖို့တော့ မလွယ်ကူဘူး … ဒိုင်မေးရှင်းအနိမ့်ရဲ့ ကောင်းကင်ဧကရာဇ်က ထူးကဲသာလွန်မှု လမ်းစဉ်နဲ့ မနီးကပ်သေးဘူး။ အဲဒါဆိုတော့ သူတို့က ဒိုင်မေးရှင်းအမြင့်မှာ ရယူဖို့ လိုတယ်။ ငါချန်ထားခဲ့တဲ့တစ်ခုက ဒိုင်မေးရှင်းအမြင့်ကတစ်ခုအတွက် သော့ချက်ဖြစ်နေနိုင်တယ်…

ဒီလိုဆိုရင်တောင် ကိစ္စတွေကို ရိုးရှင်းမှာ မဟုတ်ဘူး။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ စွမ်းအားကန့်သတ်ချက်က ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် … အဲဒါဆိုတော့ သူက ဒိုင်မေးရှင်းအမြင့်မှာ ကောင်းကင်ဧကရာဇ် ဖြစ်လာစေချင်ရင် ငါ့နည်းလမ်းကို အသုံးပြုလို့ရမှာ မဟုတ်ဘူး…

အကယ်၍ လူသားဧကရာဇ်က ဤသို့ဉာဏ်မရှိသည့်အရာကို ပြုလုပ်ဖို့ ကြိုးစားခဲ့ပါက အစစ်အမှန် ကောင်းကင်တာအိုသည် သူ့ကို သုတ်သင်ပစ်လိမ့်မည်။

အဲဒါဆိုတော့ သူက စွမ်းအင်ကန့်သတ်ချက်က တခြားအဆင့်ပဲ ရှိတယ်။ အခြားအရင်းအမြစ် ဟွင်သွမ်းကမ္ဘာဆီ သွားမှာလား။ အဲ့လိုလည်း ဟုတ်ပုံမပေါ်ဘူးပဲ။ သူက အဆုံးမဲ့ စံပြဖြစ်လာချင်လို့ ပြန်လည်ဝင်စားခဲ့ရုံတင်မကဘဲ ထူးကဲသာလွန်မှုအဆင့်ကို ရောက်ဖို့အတွက် အဓိကအရင်းအမြစ်ကမ္ဘာ တစ်ခုဖြစ်ဖို့လည်း လိုအပ်တယ်…

ဝမ်ဝေ့၏ စိတ်ထဲ လူသားဧကရာဇ်အကြောင်းကို တွေးတောရင်း အတွေးများစွာ ဖြတ်ပြေးသွားသည်။

သူက အစစ်အမှန်ကောင်းကင်တာအို အသိအမှတ်ပြုထားတဲ့ လူသားဧကရာဇ်ရာထူးကို ရယူပြီးသွားပြီ။ လိုအပ်နေတာက ကျန်နှစ်ခုပဲ။ ကပ်ပါး ၈ ယောက်ထဲမှာ တစ်ယောက်ဖြစ်တဲ့ မြေကမ္ဘာဧကရာဇ်ရာထူးအတွက် နယ်ရုပ်တစ်ခုဖြစ်နေနိုင်တယ်…

ဒါပေမဲ့ ဒီလူက ဒီရာထူးကို အစစ်အမှန် ရယူမှာ မဟုတ်ဘူးဆိုတဲ့ ခံစားချက်ရနေတယ်။ ဒါက နောက်ထပ် သော့ချက်တစ်ခုပဲ…

မြေကမ္ဘာဧကရာဇ်၏ ရာထူးက ပြန်လည်ဝင်စားခြင်း ပါဝင်နေသောကြောင့် ဝမ်ဝေ့သည် မြေကမ္ဘာဧကရာဇ်က ဒိုင်မေးရှင်းအမြင့်ရှိ ပြန်လည်ဝင်စားခြင်းကို ထိန်းချုပ်နိုင်သည်ဟု မထင်ပေ။

ပြီးတော့ လူအိုကြီးငရဲလည်း ရှိသေးတယ်။ သူက ပြန်လည်ဝင်စားခြင်းနဲ့ ပတ်သက်ပြီးတော့ အစွဲကြီးနေတာ ကြာလှပြီ။ ဒါက မြေကမ္ဘာဧကရာဇ် ရာထူးနဲ့များ သက်ဆိုင်နေမလား…

ဝမ်ဝေ့က တိတ်တဆိတ် ခေါင်းခါရင်း ထိုလူအိုကြီးငရဲကို ကောက်ချက်ချဖို့အတွက် သတင်းအချက်အလက်က နည်းပါးလွန်းနေသည်။

သဘောတရားအရ ပြောရမယ်ဆိုရင်တော့ လူသားဧကရာဇ်အတွက် ကောင်းကင်ဧကရာဇ်ရာထူးကို ရယူဖို့က မဖြစ်နိုင်သလောက်ပဲ။ ဒါပေမဲ့ ဒိုင်မေးရှင်းအမြင့်ရဲ့ လက်ရှိအာဏာပိုင်အခြေအနေအရ အဓိကသော့ချက်ကို ရယူပြီးတဲ့နောက်မှာ သူ့အနေနဲ့ အစစ်အမှန်ကောင်းကင်တာအိုကို ညှိနှိုင်းလိုက်ရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး။

အစစ်အမှန် ကောင်းကင်တာအိုအနေနဲ့ သူ့ရာထူးက အန္တိမသဟဇာတရဲ့ ကမ္ဘာအပေါ် ထိန်းချုပ်မှုကို အားနည်းအောင် လုပ်ပေးနိုင်သရွေ့ သဘောတူလာနိုင်တယ်…

ဝမ်ဝေ့က လူသားဧကရာဇ်သည် မဟာမိတ်လား၊ ရန်သူလား သို့မဟုတ် ကြားနေလား စဉ်းစားရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူက လူသားဧကရာဇ်သည် ကမ္ဘာမြေမှ ချင်ဧကရာဇ်ဖြစ်ကြောင်း ခန့်မှန်းထားပြီးသားဖြစ်သည့်အတွက် ထိုသူနှင့် ပတ်သက်ပြီး အလိုလို မနှစ်မြို့မှုတစ်ခု ရှိနေသည်။ သို့သော်လည်း သူက သူ့အလိုလိုသိစိတ်အပေါ် အပြည့်အဝ မှီခို၍ မရကြောင်း သူနှင့် လူသားဧကရာဇ်တို့၏ ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားဖို့လိုအပ်သည်။

အဓိကပြဿနာက ငါက သူ့နည်းလမ်းအတိုင်း လိုက်ပြီးတော့ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် ဖြစ်လာနိုင်မလားဆိုတာပဲ…

ဝမ်ဝေ့က အခြေအနေကို သေချာစဉ်းစားကြည့်ပြီးသည့်နောက်တွင် ထိုအစီအစဉ်ကို ငြင်းပယ်လိုက်သည်။

ဒီလိုနည်းလမ်းမျိုးက အုပ်ချုပ်သူတာအို ကျင့်ကြံတဲ့ လူတွေအတွက် သင့်တော်တယ်။ တကယ်လို့ ငါသာ သူ့နည်းလမ်းကို အသုံးပြုမယ်ဆိုရင် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်က ငါ့ရဲ့ ကန့်သတ်ချက်ဖြစ်သွားပြီးတော့ ငါ ဖြစ်ချင်သလို ဘယ်တော့မှ လွတ်လပ်ခွင့်ရမှာ မဟုတ်တော့ဘူး…

ထိုနည်းလမ်းက မည်မျှပင် စွဲမက်ဖို့ ကောင်းစေကာမူ သူ့လမ်းစဉ်နှင့် သွေဖယ်နေသည်။ ထို့ကြောင့် သူက အတင်းအကြပ် ဖိအားပေးခံရပြီး နောက်ဆုံးသော ရွေးချယ်စရာ မရှိတော့သရွေ့ အသုံးပြုမည် မဟုတ်ပေ။ ထို့အပြင် ထိုနည်းလမ်းက အတွေးအခေါ်တစ်ခုမျှသာ ဖြစ်ပြီး လက်ဆုပ်လက်ကိုင် အောင်မြင်မှု မရှိသေးသည့်အတွက် အောင်မြင်နိုင်ပါ့မလား မသိရသေးပေ။

တကယ့်ကို အကြံကောင်းတစ်ခုပဲ။ လူသားဧကရာဇ်က ဒါကို ဘယ်လိုတွေးမိသွားတာလဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။

ဝူဟုန်နဲ့ ချီယွမ်လိုမျိုးလူတွေကတောင် ထူးကဲသာလွန်မှု လမ်းစဉ်နဲ့ ပတ်သက်ပြီးတော့ ခိုင်မာတဲ့ အတွေးအခေါ်မျိုး မရှိကြတာ။ သူက ဘယ်လိုလုပ် သိတာလဲ…

လူသားဧကရာဇ်က လွန်ခဲ့တဲ့ ကမ္ဘာမြေမော်ဒန်ခေတ်နဲ့ဆိုရင် လွန်ခဲ့တဲ့ နှစ်နှစ်ထောင်ကတည်းက ပြန်လည်ဝင်စားသွားခဲ့တာ…

အဲဒါဆိုတော့ သူက အင်တာနက်ခေတ်က ဖန်တီးမှုတွေ အတွေးအခေါ်တွေ ရှိမှာ မဟုတ်ဘူး…

ဝမ်ဝေ့က ကမ္ဘာမြေတွင် သူ ဖတ်ထားသည့် ဝတ္ထုများသည် စိတ်ကူးယဉ်ဆန်ဆန် ဖန်တီးထားသည့် ရိုးရှင်းသော ဝတ္ထုများ မဟုတ်ကြောင်း ခန့်မှန်းထားပြီးသား ဖြစ်၏။ သူတို့တွင် နက်ရှိုင်းသော လျှို့ဝှက်ချက်များ ပါနေနိုင်သည်။ မဟုတ်ပါက သူတို့အနေဖြင့် လက်တွေ့အသုံးဝင်လာအောင် ဉာဏ်ပညာ၊ လျှို့ဝှက်ချက်နှင့် အတွေးအခေါ်များ ပါဝင်နေဖို့ရာ အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။

အဲဒါဆိုတော့ ဒါက ဟုန်ကျွင်းရဲ့ လက်ချက် ဖြစ်နေနိုင်တယ်။ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်အနေနဲ့ သူက ဒီလမ်းစဉ်ကို လျှောက်လှမ်းပြီးသွားပြီဆိုတော့ ဒီအဆင့်ကို ဘယ်လိုရယူရမလဲဆိုတာကို သိနေမှာပဲ။ ဒါပေမဲ့ သူက ဒီလိုနည်းလမ်းရှိတယ်ဆိုရင် အကြွင်းမဲ့တားမြစ်ချက်မှာ ဘာလို့ ဝင်ရောက်ဆင်နွှဲခဲ့တာလဲ။ သူက အန္တရာယ်ကို သိထားမှာပဲ…

သူက ထိုမေးခွန်းကို မေးလိုက်သည်နှင့် အဖြေကို တန်းသိလိုက်သည်။

ယုံကြည်မှု ကင်းမဲ့နေတာပဲ။ သမိုင်းကြောင်းတစ်လျှောက်မှာ ချင်ဧကရာဇ်က ဘယ်သူ့ကိုမှ မယုံဘဲ သံသယကြီးတဲ့ ဧကရာဇ်မျိုးပဲ။ အဲဒါဆိုတော့ သူက ကြိုတင်ပြင်ဆင်ထားမှုမရှိဘဲနဲ့ ဟုန်ကျွင်းကို ဘယ်လိုလုပ် အလွယ်တကူ ယုံကြည်နိုင်မှာလဲ…

ဝမ်ဝေ့က ခေါင်းယမ်းလိုက်သည်။ သူသာ လူသားဧကရာဇ် နေရာတွင် ရှိပါက တူညီစွာ လုပ်ဆောင်မိလိမ့်မည်။ ဇာတ်ကြောင်းများတွင် ဟုန်ကျွင်း၏ ပါဝင်ပတ်သက်မှုက အကောင်း မဟုတ်သည့်အတွက် ထိုသူ့အပေါ် သတိထားမှုက မြင့်မားလေသည်။

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ အတွေးများကို အဆုံးသတ်လိုက်၏။ သူ့သုံးသပ်ချက်အရ ထူးကဲသာလွန်မှုလမ်းစဉ်အတွက် အတွေးတစ်ခု ရရှိလာခဲ့သည်။ ထိုအရာက အုပ်ချုပ်သူတာအိုနှင့် ပတ်သက်နေသော်လည်း ထိုသို့‌သော အတွေးမျိုးက စကားဖြင့် ရှင်းမပြနိုင်လောက်အောင် အဖိုးတန်လွန်းလှသည်။

သူက အခန်းကို အာရုံစိုက်ကာ အရာအားလုံး ငြိမ်သက်နေပြီး သူ့ကို စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။

“စောင့်ဆိုင်းခိုင်းရတဲ့အတွက် အားနာပါတယ်” ဝမ်ဝေ့က ပြောလိုက်သည်။ သူက အကြောင်းအရင်းကို ရှင်းမပြသော်လည်း ထိုသူများကို လေးစားမှုပြသဖို့ လိုအပ်နေသေး၏။ အတိအကျပြောရလျှင် ထာဝရဧကရာဇ်အဆင့် ရှိထားသည့်သူများ ဖြစ်သည်။ သူက စကားအနည်းငယ်သာ ပြောဖို့ လိုအပ်လေရာ ဘာကြောင့်မပြောဘဲ နေမည်နည်း။

“အစည်းဝေးကို အဆုံးသတ်လိုက်မယ်။ တကယ်လို့ အကျိုးပြုစာရင်းမှာ တခြားသူတွေဆီ ရောင်းချဖို့ ပစ္စည်းထားချင်တယ်ဆိုရင် လုပ်ဆောင်ချက်တစ်ခုကို တင်ပြဖို့ လိုလိမ့်မယ်။ နောက်အစည်းအဝေးက နောက်နှစ်တစ်ထောင်ကြာရင် ကျင်းပမယ်။ မင်းတို့အတွက် အချိန်အများကြီး ရမှာပါ”

လူများစွာက နောက်အစည်းအဝေးသည် မည်သည့်အကြောင်း ဖြစ်မည်မှန်း တိတ်တဆိတ် စဉ်းစားကာ ခေါင်းညိတ်လိုက်ကြ၏။ လူများစွာက ခုံရုံးအနေဖြင့် အလွှာနိမ့်ထံ အခွဲများ ဖြန့်ဝေဖို့ အချိန်ကျရောက်လာပြီဖြစ်ကြောင်း ယုံကြည်ထားကြသည်။

ဧကရာဇ်မျိုးနွယ်တချို့က စတင်ပြင်ဆင်နေကြပြီ ဖြစ်၏။ ကံဆိုးစွာဖြင့် သူတို့က ဝမ်ဝေ့၏ ဝိညာဉ်ကွန်ယက်လိုမျိုး စွမ်းရည် မရှိသည့်အတွက် တခြားကမ္ဘာများကို ရှာတွေ့ဖို့ သိပ်မလွယ်လှပေ။

“ရှုရှစ်၊ ဖုန်းဟွမ်၊ အောင်းရှန်နဲ့ ဟို့ဖုန်းဟွမ်တို့က ဒီမှာနေခဲ့ဦး။ တခြားသူတွေက ထွက်သွားလို့ ရပြီ” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် အမိန့်ပေးလိုက်သည်။

All Chapters