ထာဝရဦးသျှောင်တစ်ယောက်၏ စွမ်းပကား
Vol. 66 Ch. 922
လေးယောက်သားက ခုံရုံးအတွင်း ၄၅နှစ်ကြာ အချိန်ကုန်ဆုံးခဲ့သော်လည်း အပြင်ဘက်တွင် တစ်ရက်မျှသာ ကုန်လွန်သေး၏။ ဝမ်ဝေ့က သူတို့၏ ဆွေးနွေးမှုသည် ကမ္ဘာ၏ အာဏာပိုင်းဆိုင်ရာအပေါ် သက်ရောက်မှုမဖြစ်စေလိုသည့်အတွက် အချိန်တာအိုကို အသုံးပြုကာ ခုံရုံး၏ အတွင်းဘက်နှင့် အပြင်ဘက်၏ အချိန်အချိုးအစားကို ပြောင်းလဲပစ်ခဲ့သည်။
ထို့ကြောင့် တစ်ရက်ကြာမြင့်ပြီးသည့်နောက်တွင် ဖုန်းဟွမ်၊ အောင်းရှန်နှင့် ဟို့ဖုန်းဟွမ်တို့က ခုံရုံးမှ ထွက်လာကာ သူတို့၏ အင်အားစုဆီ အသီးသီး ပြန်သွားကြသည်။ အနည်းဆုံးတော့ သူတို့က ထိုသို့လုပ်ဖို့ ကြိုးစားခဲ့ကြ၏။
ဟို့ဖုန်းဟွမ်က ရှေးဟောင်းမျိုးနွယ် ကမ္ဘာငယ်၏ ဝင်ပေါက်ဖြစ်ရာ လဆီ ပြန်ရောက်လာသည်။
သို့သော်လည်း သူမအတွက် ဧည့်သည်တစ်ယောက်က စောင့်ဆိုင်းနေလေ၏။ ထိုသူက အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး လကျောက်တုံးပေါ်တွင် တင်ပျဉ်ခွေထိုင်နေရင်း အဖြူရောင်ဓားတစ်ချောင်းကို သုတ်နေသည့် လူအိုကြီးတစ်ယောက် ဖြစ်သည်။ သူ့ခန္ဓာကိုယ်မှ ထက်ရှသည့် အငွေ့အသက်များ ထွက်ပေါ်နေ၏။ အကယ်၍ သေမျိုးတစ်ယောက်ကသာ သူ့ကို ကြည့်လိုက်ပါက သူတို့၏ မျက်ဝန်းသည် ထက်ရှသည့် ပစ္စည်းဖြင့် ထိုးဖောက်ခံလိုက်ရသည့်အလား သွေးထွက်လာလိမ့်မည်။
“ရှင်က ဓားရေးစံအိမ်ကမလား” ဟို့ဖုန်းဟွမ်က မေးလိုက်သည်။
“ဟုတ်တယ်”
“ရှင်တို့လူတွေက လက်မလျှော့သေးဘူးလား”
“ရှေးဟောင်းမျိုးနွယ်က အရှေ့ပိုင်းကုန်းမြေရဲ့ နတ်ဘုရားရာထူးအားလုံးကို သိမ်းပိုက်ထားဖို့ အာဏာရော၊ လုပ်ပိုင်ခွင့်ရောမရှိဘူး” ကျန့်ရှားက ပြောလိုက်သည်။
“ဒါပေမဲ့ ရှင်တို့လူတွေက ပင်လယ်နယ်မြေတစ်ခုလုံးကို ထိန်းချုပ်ခွင့်ရတာပဲလေ”
“ပင်လယ်က ကုန်းမြေလောက် အဖိုးမတန်ဘူးဆိုတာကို မင်းရော ငါရော သိကြတာပဲ။ ပြီးတော့ ငါတို့ရဲ့ ပိုင်နက်က မင်းတို့လိုမျိူး အားကောင်းတဲ့ ဧကရာဇ်မျိုးနွယ်အများကြီး မရှိဘူး” ကျန့်ရှားက သူ့ဓားကို သုတ်နေတာကို မရပ်ဘဲ တည်တည်ငြိမ်ငြိမ် တုံ့ပြန်လိုက်သည်။ သူက ထိုအရာကို မထိတွေ့ရသည်မှာ အချိန်အတော်ကြာ ကြာမြင့်နေသလိုမျိုးဖြစ်ကာ ပြန်လည်တွေးတောနေဟန်ပေါ်သည်။
“ကျွန်မ ကြားတာကတော့ အကြောင်းပြချက်တွေချည်းပဲ” ဟို့ဖုန်းဟွမ်က သရော်လိုက်သည်။
“ဒီစကားဝိုင်းက အဓိပ္ပာယ်မရှိဘူး။ မင်းရော ငါရောက ဒီစစ်တုရင်ပေါ်က နယ်ရုပ်တွေပဲ။ ကြည့်ရတာ မင်းတို့ရဲ့ ရှေးဟောင်းမျိုးနွယ်က ကစားသူကို ရန်စထားတယထင်တယ်”
ဟို့ဖုန်းဟွမ်က မျက်မှောင်ကြုတ်ကာ “ဟုတ်တယ်။ ကျွန်မတို့တိုက်ပွဲက ရှောင်လွှဲလို့ မရဘူး”
သူမက ကျားဖြူသတ်ဖြတ်ရေးဓားကို ထုတ်ကာ ကြောက်မက်ဖွယ်သတ်ဖြတ်ငွေ့ကို ထုတ်လွှတ်လာခဲ့သည်။
“ဒီလိုလှပပြီး အားကောင်းတဲ့ ဓားက မင်းလိုမျိုး ဓားအသုံးပြုသူအတွက် နှမြောစရာပဲ” ကျန့်ရှားက မတ်တပ်ထရပ်ရင်း တစ်ဖက်လူနှင့် ယှဉ်နိုင်သည့် သတ်ဖြတ်ငွေ့တို့ကို ထုတ်လွှတ်ရင်း ပြောလိုက်သည်။
“ရှင်တို့လူတွေက ဓားရဲ့ သန့်စင်မှုကို စွဲလမ်းနေကြတာက တကယ်ကို စက်ဆုပ်ဖို့ကောင်းတယ်” ဟို့ဖုန်းဟွမ်က ပြောလိုက်သည်။
“မင်း နားမလည်ပါဘူး။ ဒါပေမဲ့ ဓားကို အသုံးချပစ္စည်းတစ်ခုလောက်က မြင်တဲ့သူတွေကို ငါက ဘာများ မျှော်လင့်ရဦးမှာလဲ” ကျန့်ရှားက ခေါင်းခါလိုက်၏။
သူ့အရှိန်အဝါက ပြောင်းလဲသွားကာ နတ်ဘုရား၊ နတ်ဆိုး၊ ဗုဒ္ဓနှင့် မဟာဧကရာဇ်များကိုပင် သတ်ဖြတ်ထားသည့် အထွတ်အထိပ် မသေမျိုး ဓားသမားတစ်ယောက်လိုမျိုး ဖြစ်လာသည်။ ကျန့်ရှားက အင်မော်တယ်ချီ အမြောက်အများကို လှုံ့ဆော်ပြီး ရှေ့သို့ တိုးလာလေ၏။ ထိုစဉ် သူက သူမရှေ့မှောက် ချက်ချင်းပေါ်ထွက်လာကာ ဓားကို ဝှေ့ယမ်းလိုက်သည်။
ချွမ်
ဟို့ဖုန်းဟွမ်ကလည်း တိုက်ကွက်ကို တားဆီးလိုက်သော်လည်း သူမက မျက်မှောင်ကြုတ်လိုက်သည်။ စွမ်းအားအမြောက်အများက သူမ၏ သတ်ဖြတ်ရေးစည်းမျဉ်းကို လျှော့ချထားကြောင်း တွေ့လိုက်ရ၏။
ချွမ် ချွမ် ချွမ်
ကျန့်ရှားက ဓားချက်အမြောက်အများကို ထုတ်လွှတ်ပြီး ယခင်ထက် ပိုမိုအားကောင်းကာ မြန်ဆန်လာစေသည်။ ထိုစဉ် သူတို့၏ ဓားက အကြိမ်ထောင်ချီ ထိပ်တိုက်တွေ့ဆုံသွား၏။ ထို့နောက် ဟို့ဖုန်းဟွမ်က သူမ၏ အလိုလိုသိစိတ်သည် သတိပေးလာသည့်အတွက် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားမိလိုက်သည်။
ထို့ကြောင့် သူမက ယင်ယန်တာအိုကို အသုံးပြုလိုက်၏။ တစ်နေရာမှ အားကောင်းသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာကာ ကျန့်ရှားကို မီတာရာချီလွင့်စင်သွားစေသည်။
ဟို့ဖုန်းဟွမ်၏ ခန္ဓာကိုယ်အထက် ဓားရာထောင်ချီ ပေါ်ထွက်လာပြီး သူမ၏ အဝတ်အစားများနှင့် ကျောက်စိမ်းလို အရေပြားကို ဖျက်ဆီးပစ်လိုက်သည်။ သူမက ဖြစ်စဉ်တစ်လျှောက်လုံးအတွင်း တည်ငြိမ်နေပြီး နာကျင်မှုအရိပ်အယောင်ပင် မပြသခဲ့ပေ။
“အကာအကွယ်မဲ့ ဓားရေးကျင့်စဉ်လား” သူမ၏ ခန္ဓာကိုယ်က အလိုလိုပြန်ကောင်းသွားရင်း မေးလိုက်သည်။ သို့သော်လည်း ဓားဒဏ်ရာအားလုံးက ပျောက်ကွယ်သွားခြင်း မရှိပေ။
“ကောင်မလေး မင်းက တော်တော်သိသားပဲ” ကျန့်ရှားက ပြောလိုက်သည်။ အကာအကွယ်မဲ့ ဓားရေးကျင့်စဉ်က ဗလာခေတ်ကာလမတိုင်ခင်ကတည်းက တည်ရှိခဲ့သည့် ရှေးဟောင်းကျင့်စဉ်တစ်ခု ဖြစ်၏။ ထိုကျင့်စဉ်ကို မည်သူ ဖန်တီးခဲ့မှန်း မသိကြသော်လည်း ထိုကျင့်စဉ် နာမည်ကျော်ကြားရသည်မှာ မဟာဧကရာဇ် မဟုတ်သူများကို ရင်ဆိုင်ဖို့ မကြာခဏ အသုံးပြုလေ့ရှိသည့်အတွက် ဖြစ်သည်။
ထိုကျင့်စဉ်က တားဆီးဖို့ရာအတွက် အင်မတန် ခက်ခဲပြီး ထာဝရအရှင်များနှင့် တာအိုဘိုးဘေးများက သူတို့အချင်းချင်း တိုက်ခိုက်ဖို့ရာအတွက် အသုံးပြုကြကာ ဧကရာဇ်လမ်းစဉ်၏ ကုသရေးစွမ်းအား မရှိသည့် တခြားလမ်းစဉ်များအပေါ် အခွင့်ကောင်းယူဖို့ ထိုနည်းစနစ်ကို အသုံးပြုကြခြင်း ဖြစ်သည်။
ဟို့ဖုန်းဟွမ်က တစ်ဖက်လူ၏ နည်းဗျူဟာကို သိရှိသွားပြီးသည့်နောက်တွင် တိတ်တဆိတ် နှာခေါင်းရှုံ့လိုက်၏။ သူမက ထာဝရဧကရာဇ်တွေများလို ကုသနိုင်ခြင်း မရှိသော်လည်း သူမတွင် ဇာမဏီသွေးမျိုးဆက် ရှိထားလေသည်။ ထို့ကြောင့် သူမက တစ်ဖက်လူ၏ တခြားသော လှည့်ကွက်များကို သတိကြီးကြီးထားဖို့သာ လိုအပ်၏။
သူမ၏ ခန္ဓာကိုယ်က အလိုလိုပြန်ကောင်းလာပြီးသည့်နောက်တွင် ဟို့ဖုန်းဟွမ်က ဆက်လက်တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်သည်။ သို့သော်လည်း သူမက မလှုပ်ရှားခင် ပတ်ဝန်းကျင်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ရှင်တို့တွေ တခြားနေရာမှာ သွားပြီး တိုက်ခိုက်လို့ ရမလား။ ရှင်တို့တိုက်ပွဲက လကို ဖျက်ဆီးလိုက်တာမျိုး မဖြစ်စေချင်ဘူး”
“လနတ်ဘုရားလား” ဟို့ဖုန်းဟွမ်က မေးလိုက်သည်။
“ဟုတ်ပါတယ်။ ရှင်တို့ရဲ့ တိုက်ပွဲက ကျွန်မရဲ့ ပိုင်နက်ကို သက်ရောက်မှု ဖြစ်လာစေတယ်။ အဲဒါကြောင့် တခြားနေရာမှာ သွားပြီးတော့ တိုက်ခိုက်ကြပါ”
ဟို့ဖုန်းဟွမ်နှင့် ကျန့်ရှားတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်ပြီးသည့်နောက်တွင် ပျောက်ကွယ်သွားကြသည်။ သူတို့က တခြားသူများကို သက်ရောက်မှု မရှိစေဖို့အတွက် ကမ္ဘာ၏ အကာအရံအနီးတွင် ပေါ်ထွက်လာကြသည်။
အင်မော်တယ်ကြာ ကိုယ်ဖော့ ပညာရပ်
ကျန့်ရှားက အရှိန်ကို မြှင့်တင်နိုင်သည့် မန္တန်တစ်ခုကို အသုံးပြုခဲ့သည်။ ထိုစဉ် သူက တစ်ဖက်လူရှေ့ ချက်ချင်းပေါ်ထွက်လာပြီး မသေမျိုးအလင်းများဖြင့် တောက်ပနေသည့် ကြာပွင့်များသာ ချန်ထားခဲ့သည်။
ချွမ် ချွမ် ချွမ်
သူ့ဓားက ဟို့ဖုန်းဟွမ်နှင့် ထိပ်တိုက်တွေ့ဆုံသွား၏။ သို့သော် သူ့အနေနှင့် သူမက အကာအကွယ်မဲ့ ဓားရေးကျင့်စဉ်အကြောင်း သိထားသော်လည်း ထိပ်တိုက်ရင်ဆိုင်ဖို့ရာ တုံ့ဆိုင်းခြင်း မရှိကြောင်း သိလိုက်ရသည်။ သိပ်မကြာခင် သူက အကြောင်းအရင်းကို သိလိုက်ရ၏။
သူ့ဓားရေးကျင့်စဉ်က ကျရှုံးသွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်အထက် အနက်ရောင်နှင့် အဖြူရောင်ဒိုင်းကာတစ်ခု ပေါ်ထွက်လာပြီး တိုက်ကွက်ကို တားဆီးပေးထား၏။
“အံ့ဩသွားလား။ ဒီနည်းစနစ်က ဘယ်ကာကွယ်မှုမျိုးမဆို လျစ်လျူရှုထားနိုင်တဲ့ သက်ရောက်မှုမျိုး ရှိတယ်။ ဒါပေမဲ့ ကျွန်မက ရှင်နဲ့ ကျွန်မကြားက ကံဆက်နွယ်မှုကို တားဆီးနိုင်သရွေ့ ခုခံဖို့ လွယ်ပါတယ်” ဟို့ဖုန်းဟွမ်က ပြောလိုက်သည်။
“ဂိုဏ်းချုပ်က မင်းရဲ့ အကြောင်းကို သတိပေးထားပြီးသား။ မင်းက ကြောက်ဖို့ကောင်းတဲ့ မျိုးဆက်ကဆိုတော့ လွယ်လွယ်ကူကူ လျှော့မတွက်သင့်ဘူးလို့ ပြောထားတယ်။ သူ့စကားကို နားထောင်သင့်ခဲ့တာ” ကျန့်ရှားက သက်ပြင်းချလိုက်၏။
“ဟုတ်တယ်။ ရှင် သူ့စကားကို နားထောင်ခဲ့သင့်တာ” သူမက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
သတ်ဖြတ်ရေးဓား
သူမက ဓားကို ဝှေ့ယမ်းရင်း ကျန့်ရှားဆီ တိုးဝင်သွားသည့် ကြောက်မက်ဖွယ် ကျားဖြူတစ်ကောင်ကို ထုတ်လွှတ်လိုက်သည်။ ထိုသူက သူ့အရှိန်မန္တန်ကို အသုံးပြုကာ ရှောင်ရှားဖို့ ကြိုးစားခဲ့သော်လည်း သူက ထောင်ချောက်အတွင်း ပိတ်မိနေသည်ကို သဘောပေါက်သွားခဲ့သည်။ ယင်ယန်က ပြောင်းပြန်ဖြစ်သည့်အတွက် ဘယ်ဖက်က ညာဖက် ဖြစ်ကာ လှုပ်ရှားခြင်းက ရပ်တန့်ခြင်း ဖြစ်နေသည်။
သူက လှုပ်ရှားဖို့ တွေးလိုက်သည့်အခါ သူ့ခန္ဓာကိုယ်ကို ရပ်တန့်ဖို့ ပြောနေသလို ဖြစ်နေသည်။ ကျန့်ရှား၏ စိတ်က လျင်မြန်ကာ ထိုနည်းစနစ်ကို အကဲဖြတ်ရင်း သူ့ခန္ဓာကိုယ်ကို မခုခံဖို့ ပြောခဲ့သည်။ ထို့နောက် သူ့ဝန်းကျင်တွင် ကာကွယ်ရေးစက်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့၏။
ကံဆိုးစွာဖြင့် ဓားချက်က သူ့ခုခံမှုကို ကျော်ဖြတ်သွားပြီး ခန္ဓာကိုယ်အတွင်း ဝင်ရောက်ကာ မသေမျိုးနန်းဆောင်ဆီ ဦးတည်သွားသည်။
“ဒါက မင်း အစီအစဉ်လား။ ငါ့ရဲ့ မသေမျိုးနန်းဆောင်ကို ဖျက်ဆီးပြီးတော့ အသုံးမဝင်အောင် လုပ်ဖို့တဲ့လား။ ကံဆိုးလိုက်တာ” ကျန့်ရှားက ဟို့ဖုန်းဟွမ်၏ ယင်ယန်နည်းစနစ်ကို ချိုးဖောက်နိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားလှိုင်းတစ်ခု ထုတ်လွှတ်လာခဲ့သည်။
“ရှင့်ရဲ့ အင်မော်တယ်ချီက …” ဟို့ဖုန်းဟွမ်က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သော်လည်း ကျန့်ရှားက ရှင်းမပြခဲ့ပေ။
ဆန့်ကျင် ထာဝရအရှင်တစ်ယောက်အတွက် ထာဝရဦးသျှောင်အဆင့်အထိ ကျင့်ကြံဖို့ရာအတွက် အဆရာချီ ခက်ခဲလှသည်။ ထို့ကြောင့် ဧကရာဇ်မျိုးနွယ်များက သာမန်အင်မော်တယ်ချီ ရှိထားသည့် ပုံမှန်ထာဝရအရှင်များကိုသာ အဆင့်(၁၁)အဖြစ် ပြုစုပျိုးထောင်ဖို့ ရွေးချယ်လေ့ရှိသည်။
သို့သော်လည်း ထာဝရဦးသျှောင်ဖြစ်လာပြီးသည့်နောက်တွင် ကျန့်ရှားက အရင်းအမြစ်ချီ နေရာလွတ်အတွင်း ထူးကဲသည့်ချီကို ရှာဖွေတွေ့ရှိလောက်အောင် ကံကောင်းခဲ့၏။ သတ်ဖြတ်ရေးချီက သူ့အင်မော်တယ်ချီနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားခဲ့ပြီး ထူးကဲသည့် အရည်အသွေးတစ်ခု ပေးအပ်လာခဲ့သည်။
ချီက သူ့ကို အဆင့်(၁၁) ဆန့်ကျင်ကျင့်ကြံသူ ဖြစ်လာဖို့မလုံလောက်ခဲ့သော်လည်း သူ့အဆင့်တူများကြား တိုက်ခိုက်ရေးစွမ်းအားကို သိသိသာသာ မြှင့်တင်ပေးခဲ့သည်။ သူသည် ဒဏ်ရာမရရှိဘဲ ကောင်းကင်တာအိုမှ စည်းပိတ်ခံထားရသည့် အကြောင်းအရင်းတစ်ချက်လည်း ဖြစ်ပေသည်။
“ကောင်မလေး မင်းကို လျှော့တွက်မိတယ်ဆိုတာ ဝန်ခံတယ်။ ဒါပေမဲ့ ငါက ခေတ်ကာလတွေ အများကြီး ရှင်သန်လာခဲ့တာ။ ထာဝရဧကရာဇ်တချို့ကို ငါ မှတ်တောင် မမှတ်မိတော့ဘူး။ ဒါပေမဲ့ ဒီနေ့ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ရှုံးနိမ့်ပြီးတော့ နတ်ဘုရားရာထူးကို ပေးရလိမ့်မယ်”
“လူအိုကြီး ရှင့်ပါးစပ်ကနေ မဟုတ်တမ်းတရားတွေ အရမ်းပြောနေတာပဲ”
“ဟူး ကမ္ဘာက တကယ်ကို မမျှတဘူးပဲ။ တကယ်လို့ ဒိုင်မေးရှင်းအမြင့်မှာသာ ဖြစ်နေမယ်ဆိုရင် ဒီလိုယွမ်ထီတစ်ယောက်လောက်ကို ငါက ဘာလို့များ ဂရုစိုက်နေရမှာလဲ”
ဟို့ဖုန်းဟွမ်က ထိုအရာသည် အမှိုက်သရိုက်လမ်းစဉ်ကို ရွေးချယ်ခဲ့သည့် သူ့အမှားသာဖြစ်ကြောင်း ပြောချင်နေမိသည်။ သို့သော်လည်း သူမက တိုက်ပွဲကို ကြည့်ရှုနေသည့် လူများစွာရှိကြောင်း သိထားသည့်အတွက် ထိုစကားများကိုသာ ပြောလိုက်ပါက အသင်္ချေအင်ပါယာကမ္ဘာရှိ အင်မော်တယ်လမ်းစဉ် ကျင့်ကြံသူတိုင်းကို ရန်စပြီးသား ဖြစ်သွားလိမ့်မည်။
ထို့ကြောင့် သူမက အပြာရောင်မီးတောက်ဖြင့် လွှမ်းခြုံထားသည့် ဧရာမဇာမဏီတစ်ကောင်ကို ဆင့်ခေါ်ပြီး တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း ကျန့်ရှား၏ တုံ့ပြန်မှုက တည်ငြိမ်နေရင်း စကားတစ်ခွန်းသာ ရေရွတ်လာခဲ့သည်။
“သတ်ဖြတ်ခြင်း”
သတ်ဖြတ်ခြင်းဆိုသည့် စာလုံးက ကောင်းကင်အထက် အနီရောင်တောက်တောက် အရောင်ဖြင့် ပေါ်ထွက်လာခဲ့သည်။ ထို့နောက် သူက တုံ့ဆိုင်းခြင်းမရှိဘဲ သူ့ဓားဖြင့် ပိုင်းဖြတ်လိုက်၏။ အဖြူရောင်အလင်းက ကမ္ဘာကြီးကို လွှမ်းခြုံသွားပြီး ဓားဆီမှ ကြောက်မက်ဖွယ် ဓားစွမ်းအားတစ်ခုက ထွက်ပေါ်လာခဲ့သည်။
ဆက်တိုက်ဆိုသလို မီးတောက်ဇာမဏီက အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။
“သတ်ဖြတ်ခြင်း” ကျန့်ရှားက ပြောလိုက်စဉ် ဒုတိယမြောက် စာလုံး ထွက်ပေါ်လာခဲ့သည်။ သူက ဓားကို ဒုတိယအကြိမ် ဝှေ့ယမ်းလိုက်ပြီး အင်မော်တယ် သတ်ဖြတ်ရေးချီ အမြောက်အများကို ဖွဲ့စည်းလိုက်သည်။
ဟို့ဖုန်းဟွမ်က လက်ကို မြှောက်ကာ သတ်ဖြတ်ရေး ကောင်းကင်စည်းမျဉ်းကို ဆင့်ခေါ်လိုက်၏။ သူမ၏ လက်ဝါးက ထိုနည်းစနစ်ကို အလွယ်တကူ စုပ်ယူသွားပြီး အားဖြည့်မှုအနေဖြင့် အသုံးပြုခဲ့သည်။
ကျန့်ရှားက မိုးမြေကြားတွင် သတ်ဖြတ်ရေးစာလုံးနှစ်ခု မဖန်တီးခင် မျက်မှောင်အသာကြုတ်လိုက်သည်။ သူ့အရှိန်အဝါက သိသိသာသာ မြင့်တက်လာပြီး သူ့ဘေးနားရှိ အာကာပြင်က အားစိုက်ထုတ်မှုမရှိဘဲ တွန့်လိမ်သွားခဲ့သည်။
သူက သတ်ဖြတ်ရေးခုနစ်သွယ် ဓားရေးကျင့်စဉ်မှ သတ်ဖြတ်ရေးစာလုံး လေးခုကို အသုံးပြုခဲ့သည်။ သူက သူ့ဓားအပေါ် ယုံကြည်ချက်ရှိသော်လည်း တစ်ဖက်သူကို လျှော့မတွက်သင့်ကြောင်း သိထားသည်။ ထို့နောက် ဂလက်ဆီများစွာလောက် ကြီးမားသည့် ဓားစွမ်းအင်တစ်ခုက ဟို့ဖုန်းဟွမ်အပေါ် ကမ္ဘာမှ သုတ်သင်ပစ်တော့မည့်အလား ကျရောက်လာခဲ့သည်။