အတင်းအကြပ် အပေးအယူလုပ်ခြင်း
Vol. 66 Ch. 923
ရေ၏ ဂုဏ်သတ္တိတစ်ခုက အရာအားလုံးကို အလွယ်တကူ ပုံသွင်းနိုင်ခြင်း ဖြစ်၏။ ထို့ကြောင့် ထိုတိုက်ကွက်ကို မြင်တွေ့ပြီးသည့်နောက်တွင် ဟို့ဖုန်းဟွမ်က သူမ၏ နဂါးပြာ သွေးမျိုးဆက်ကို လှုံ့ဆော်ကာ အပြာဖျော့ဖျော့ ပင်လယ်ပြင်ကို ဆင့်ခေါ်လိုက်သည်။
ပင်လယ်ပြင်က သူမဆီ ကျရောက်လာသည့် ဓားစွမ်းအင်ကို စုပ်ယူလိုက်သည်လား သို့မဟုတ် ပေါင်းစည်းလိုက်သည်လား မသိရသော်လည်း အနီရင့်ရင့်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ပင်လယ်ပြင်က သွေးနီရောင်နဂါးအဖြစ် ပြောင်းလဲကာ အသက်ကြီးကြီး ဓားသမားဆီ ပြန်လည်ဝင်ရောက်သွားသည်။
မောက်မာလိုက်တဲ့ ကောင်မလေးပဲ။ ငါ့စွမ်းအားကို ငါ့ဆီ ပြန်သုံးတာ တစ်ခါဆိုရင် လုံလောက်ပြီ မဟုတ်ဘူးလား…
ကျန့်ရှားက ဓားကို ဝှေ့ယမ်းလိုက်သည့်အခါ အနီရောင်နဂါးက မှင်အဖြစ် ပြောင်းလဲသွားပြီး သတ်ဖြတ်ရေးစာလုံး သုံးခု ထွက်ပေါ်လာသည်။ သူ့အရှိန်အဝါက ပြောင်းလဲသွားပြီး အင်မော်တယ်များကိုပင် သတ်ဖြတ်သည့် အထွတ်အထိပ် သက်ရှိတစ်ယောက် ဖြစ်သွားဟန်ပေါ်၏။ တခြားနည်းဖြင့်ပြောရလျှင် ကျန့်ရှား၏ လက်တို့က ထာဝရအရှင်များစွာနှင့် ထာဝရဦးသျှောင်တစ်ယောက်၏ သွေးဖြင့် ဆေးကြောခဲ့ဖူးသူ ဖြစ်၏။
အင်မော်တယ်သတ်ဖြတ်ရေး ဓားမိုး
ကောင်းကင်အထက် အနက်ရောင်ဓား ထရီလီယံထွက်ပေါ်လာကာ ဖျက်ဆီးခြင်းအလင်းဖြင့် တောက်ပနေသည်။ ကျန့်ရှား၏ ဓားတစ်ချက်အဝှေ့တွင် သူတို့က ဟို့ဖုန်းဟွမ်ဆီ ဆင်းသက်လာကြ၏။
သူမ၏ အမူအရာက အလေးအနက်ဖြစ်လာကာ တစ်ဖက်လူက ဤမျှ စွမ်းအားပြင်းတိုက်ကွက် ထုတ်လွှတ်နိုင်စွမ်း ရှိလိမ့်မည်ဟု ထင်မထားခဲမိပေ။
ကျစ် အဲဒီအားနည်းတဲ့ မိစ္ဆာကျင့်ကြံသူတွေနဲ့ ရင်ဆိုင်တုန်းက အောင်းရှန်က ဘာလို့ အဲ့လို သူ့စွမ်းအားကို ထုတ်ပြခဲ့ရတာလဲ။ ငါက ဒီလိုအားကောင်းတဲ့ ထာဝရဦးသျှောင်နဲ့ ဘာလို့ရင်ဆိုင်နေရတာလဲ…
သူမ၏ မျိုးနွယ်က ထာဝရဦးသျှောင်များ၏ စွမ်းအားနှင့် ပတ်သက်ပြီး မှတ်တမ်းများ ရှိခဲ့သည်။ သူမက ထိုလူများ ဤမျှအားကောင်းကြောင်း တစ်ခါမှ မဖတ်ခဲ့ဖူးပေ။ တစ်ဖက်လူက ပုံမှန်ထာဝရဦးသျှောင် မဟုတ်ကြောင်း ပြသနေ၏။
ဇာမဏီသဏ္ဌာန်ပြခြင်း
ဟို့ဖုန်းဟွမ်က အနီရောင်ဇာမဏီအဖြစ် ပြောင်းလဲကာ သူမအပေါ် ဓားများကို သက်ဆင်းခွင့်ပြုလိုက်သည်။ ထို့နောက် မိုးမြေကြားတွင် ငှက်အော်သံတစ်ခု ပေါ်ထွက်လာပြီး သူမ၏ ဇာမဏီက နာကျင်စွာ ညည်းညူလိုက်ရသည်။
ဓားက သူမ၏ ခန္ဓာကိုယ်ကို ထိတွေ့လာတိုင်း သူမက ရုပ်ပိုင်းဆိုင်ရာ တိုက်ကွက်များဖြင့် မထိတွေ့နိုင်သည့် သက်ရှိအလား ထိုးဖောက်သွားသည်။ သို့သော်လည်း ဓားပေါ်ရှိ သတ်ဖြတ်ရေးစွမ်းအားက သူမကို ထိခိုက်စေ၏။ သို့သော် သူမ၏ လက်ရှိပုံစံက ထိခိုက်မှုကို အနည်းဆုံး လျှော့ချပေးနိုင်သည်။ ထို့အပြင် သူမက ပြန်လည်ကုစားဖို့ ပြိုင်ဘက်ကင်း အသက်ဓာတ်စွမ်းအား ရှိထားလေသည်။
ဓားမိုး အဆုံးသတ်သွားသည်နှင့် ဟို့ဖုန်းဟွမ်က မျက်နှာဖြူဖျော့လျက် ပေါ်ထွက်လာသည်။
ဖန်ဆင်းခြင်း - ဖျက်ဆီးခြင်း ဘောလုံး
သူမက ယင်ယန်ကောင်းကင်စည်းမျဉ်းကို အသုံးပြုကာ ဖျက်ဆီးခြင်းနှင့် ဖန်ဆင်းခြင်းတာအိုတို့ကို လှုံ့ဆော်ပြီး အပြာရောင်နှင့် အနီရောင်ဘောလုံးကို ဖန်တီးခဲ့သည်။ သူတို့က လှည့်ပတ်နေပြီးသည့်နောက်တွင် အလည်ဗဟိုချက်တွင် ယင်ယန်သင်္ကေတဖြင့် အနီတစ်ဝက်၊ အပြာတစ်ဝက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုဘောလုံးက ဓားသမားဆီ ပြေးဝင်သွားလေ၏။
ထိုသူက အချိန်အတော်ကြာ မခံစားရသည့် နှလုံးခုန်မြန်လာမှုကို ခံစားမိလိုက်သည်။ ကျန့်ရှားက အန္တရာယ်ကို ခံစားမိသောကြောင့် အင်မော်တယ်ကြာ ကိုယ်ဖော့ ပညာရပ်ကို အသက်သွင်းကာ ရှောင်ရှားလိုက်သည်။
သို့သော် ဟို့ဖုန်းဟွမ်က ထိုလှုပ်ရှားမှုကို တွက်ဆထားပြီးသား ဖြစ်၏။ ကျန့်ရှားက ရှောင်ရှားလိုက်သည်နှင့် သူမက တာအိုဆန္ဒကို အသက်သွင်းကာ သူမ၏ အရှိန်ကို မြှင့်တင်ပြီး သူ့ရှေ့မှောက် ချက်ချင်းပေါ်ထွက်လာခဲ့သည်။
ဒုတိယမြောက် ဖန်ဆင်းခြင်း - ဖျက်ဆီးခြင်းဘောလုံးက သူမ လက်ထဲ ပေါ်ထွက်လာပြီး တစ်ဖက်လူကို အတွေးတစ်ခုထဲဖြင့် ဖျက်ဆီးဖို့ရာအတွက် အဆင်သင့်ဖြစ်နေလေ၏။ ကံဆိုးစွာဖြင့် ထိုအတွေးက ဘယ်သောအခါမှ ရောက်ရှိမလာခဲ့ပေ။ ဟို့ဖုန်းဟွမ်က တစ်နေရာမှ ကြောက်မက်ဖွယ်ဖိအားကို ခံစားမိလိုက်ပြီး သူမ၏ စိတ်နှင့် စိတ်ဝိညာဉ်တို့ကို ထုံထိုင်းလာစေသည်။
သူမ ဝန်းကျင်ရှိ အရာအားလုံးက နှေးကွေးသွားပြီး သူမက တွေးခေါ်ဖို့နှင့် အသက်ရှူဖို့ပင် ခက်ခဲလာကာ မှတ်ဉာဏ်များက ဝေဝါးသွားပြီး သူမ၏ အာရုံစူးစိုက်မှုက မတည်ရှိတော့ပေ။ သူမ၏ လက်ထဲမှ တိုက်ခိုက်မှုကလည်း အားနည်းကာ ပျောက်ကွယ်သွားလုနီးပါး ဖြစ်လာသည်။
ထို့နောက် ကျန့်ရှား၏ အဖြူရောင်ဓားမှ အနီရောင်အငွေ့အသက်တစ်ခု ထွက်ပေါ်လာကာ သူမကို တည်ရှိမှုမှ သုတ်သင်ပစ်ဖို့ ရည်ရွယ်ချက်ဖြင့် ဝှေ့ယမ်းလိုက်သည်။
နောက်ဆုံးအခိုက်အတန့်လေးတွင် ဟို့ဖုန်းဟွမ်၏ သွေးမျိုးဆက်က အလိုလိုအသက်ဝင်လာပြီး ကြေးခွံတစ်ခုချင်းစီတွင် သေးငယ်သည့် ယင်ယန်သင်္ကေတများ ရှိထားသော နဂါးချပ်ဝတ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ဝုန်း
ဟို့ဖုန်းဟွမ်၏ ခန္ဓာကိုယ်က အဝေးတစ်နေရာသို့ လွင့်စင်သွားသော်လည်း ယခင်တိုက်ကွက်က သူမ၏ ပုခုံးမှ ခါးအထိ ထောင့်ဖြတ် ပိုင်းဖြတ်သွားခဲ့သည်။ ထိုနှစ်နေရာမှ မီးတောက်များ ထွက်ပေါ်နေပြီး ထိုအစိတ်အပိုင်းနှစ်ခုကို ဆက်ပေးနေသည်။
နောက်ဆုံးတွင် ဟို့ဖုန်းဟွမ်က အလေးအနက်ဖြစ်မလာခင် စိတ်ရှုပ်ထွေးမှုမှ ပြန်လည်အသိဝင်လာခဲ့၏။
ဒါက ဝိညာဉ်တိုက်စားမှုလား…
ထာဝရဦးသျှောင်များက အဆင့်(၁၁)ကျင့်ကြံသူများ ဖြစ်သည့်အတွက် သူတို့၏ အင်မော်တယ်ဝိညာဉ်များသည် ထာဝရဧကရာဇ်များထက် ပိုမိုအဆင့်မြင့်မား၏။ ထို့ကြောင့် ထိုအရာသည် အဆင့်(၁၀) ကျင့်ကြံသူများကို ဖိအားပေးနိုင်သည်မှာ ပုံမှန်သာ ဖြစ်၏။
သို့သော်လည်း ဟို့ဖုန်းဟွမ်က ဤသို့သော နည်းဗျူဟာသည် ဒိုင်မေးရှင်းအမြင့်တွင်သာ အကျုံးဝင်ကြောင်း သိထားလေ၏။ အကြောင်းအရင်းမှာ ထာဝရဦးသျှောင်များက သူတို့၏ ဝိညာဉ်စွမ်းအားအများစုကို ဒိုင်မေးရှင်းအနိမ့်တွင် အသုံးမပြုနိုင်ကြပေ။
ဒီကောင်စုတ်က…
သူမက သူ့ကို မျက်လုံးနီများဖြင့် စိုက်ကြည့်ကာ တွေးလိုက်သည်။ သူမက သေလုနီးပါးအခြေအနေသို့ ရောက်ရှိသွားသည့်အတွက် ထိုအတွေးက သူမကို ထိတ်လန့်သွားစေသည်။ မဟာဧကရာဇ်များနှင့် မတူညီဘဲ သူမက အသက်ပြန်ရှင်လာဖို့အတွက် တာအိုအမှတ်အသားအပေါ် မှီခို၍ မရပေ။
“ကောင်မလေး။ ဒါက အစပဲရှိသေးတယ်။ မင်းရဲ့ ဘေးပတ်လည်ကို ကြည့်လိုက်စမ်းပါဦး”
ဟို့ဖုန်းဟွမ်က အမူအရာပျက်ယွင်းလျက် ဘေးပတ်လည်ကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။ သူမက အရှေ့၊ အနောက်၊ တောင်၊ မြောက်ဆီ ပြန့်ကျဲနေသည့် မမြင်နိုင်ဖွယ် အစီအရင်လေးခုကို မြင်လိုက်ရ၏။
ထို့နောက် ချက်ချင်းဆိုသလို သူမ၏ ခန္ဓာကိုယ်ပေါ်မှ ဖိအားကို ခံစားမိလိုက်သည်။ ထိုရုတ်ချည်းအပြောင်းအလဲက အရင်းအမြစ်ချီ နေရာလွတ်ဆီ သွားခဲ့သည်ကို ပြန်လည်အမှတ်ရသွားစေ၏။ သူမ၏ ကောင်းကင်စည်းမျဉ်းက အသက်သွင်းဖို့ ခက်ခဲလာပြီး လုပ်ဆောင်ဖို့ရာအတွက် အင်မတန် ခက်ခဲနေသလို ခံစားလိုက်ရသည်။
“စွမ်းအား လွှမ်းမိုးမှုကို အတုခိုးထားတဲ့ အစီအရင်ပဲ” သူမက အံကြိတ်ကာ ပြောလိုက်သည်။ စွမ်းအားသန့်စင်မှုနှင့် သိပ်သည်းမှုတို့ကသာ လုံလောက်သရွေ့ မဟာတာအိုအရင်းအမြစ်ကိုပင် သက်ရောက်မှု ရှိနိုင်သည်။
“မှန်တယ်” ကျန့်ရှားက အပြုံးဖြင့် ပြောလိုက်သည်။
“စွမ်းအားလွှမ်းမိုးမှုက ထာဝရဦးသျှောင်တွေက မင်းတို့လိုမျိုး အဆင့်နိမ့်တွေအပေါ်မှာ လွှမ်းမိုးနိုင်တဲ့ နည်းလမ်းတစ်ခုပဲ။ တကယ်တော့ ဒီလိုမျိုး ကောင်းကင်ဘုံအဆင့်ကို သက်ရောက်မှုရှိစေတဲ့ စွမ်းအင်လွှမ်းမိုးမှုမျိုးကို ဖန်တီးပြီးတော့ အဆင့်(၁၁) ဖြစ်လာတာက သမာသမတ်ကျတဲ့ နည်းလမ်းတစ်ခုပဲ။ နှမြောဖို့ကောင်းတာက ဒိုင်မေးရှင်းအနိမ့်မှာ ဒီလိုနည်းလမ်းသုံးဖို့ ကန့်သတ်ခံထားရတယ်”
ကျန့်ရှားက အောင်မြင်မှုက လက်တစ်ကမ်းသာ လိုတော့ကြောင်း သိလိုက်၍ စိတ်အေးလက်အေး ဖြစ်နေသည်။ ယွမ်ထီများက မဟာဧကရာဇ်များလို မြင့်မားသည့် စွမ်းအားခုခံနှုန်း မရှိသည့်အတွက် ထိုအစီအရင်က သူမအပေါ် သက်ရောက်မှုပြင်းထန်လိမ့်မည်။
“ဒါက ကျွန်မကို တားဖို့ လုံလောက်တယ်များ ထင်နေလား”
“ဘယ်ဟုတ်ပါ့မလဲ” ကျန့်ရှားက ပြန်ဖြေလိုက်သည်။ ဟို့ဖုန်းဟွမ်၏ တိုက်ခိုက်ရေးကို မြင်တွေ့ပြီးသည့်နောက်တွင် သူက သူ့သဘောထားကို ပြောင်းခဲ့ပြီး ကျန့်ဝူရွှမ်းက သတိကြီးကြီးထားဖို့ ပြောခဲ့သည်ကို နားထောင်လိုက်သည်။ ထို့ကြောင့် သူက ဤနည်းလမ်းသည် အထွတ်အထိပ်သားရဲ ၅ကောင် သွေးမျိုးဆက်ရှိသည့် ယွမ်ထီတစ်ယောက်ကို သတ်ဖို့ မလုံလောက်ကြောင်း သိထား၏။
“မိန်းကလေး မင်းရဲ့ မျိုးနွယ်ကိုရော တစ်ချက်လောက် စစ်ဆေးကြည့်ပါဦးလား”
ဟို့ဖုန်းဟွမ်၏ မျက်ဝန်းအထက် ဒေါသအရိပ်အယောင် ဖြတ်ပြေးသွားကာ အံ့ဖွယ်အသိစိတ်ဖြင့် ရှေးဟောင်းမျိုးနွယ်၏ ကမ္ဘာငယ်လေးကို စစ်ဆေးကြည့်လိုက်သည်။ သူမက ကျန့်ရှားနှင့် အငွေ့အသက်တူညီသည့် လူတစ်ယောက်နှင့် အင်မော်တယ်အဆင့် ပုဂ္ဂိုလ်များစွာကို မြင်လိုက်ရ၍ မျက်မှောင်ကြုတ်လိုက်သည်။
“ရှင်က ပင်လယ်မျိုးနွယ်နဲ့ မဟာမိတ်ဖွဲ့ခဲ့တာလား”
“ရှေးဟောင်းမျိုးနွယ်နဲ့ မတူဘဲ ငါတို့က ဘယ်အချိန် အလျှော့အတင်း လုပ်ရမယ်ဆိုတာကို သိတယ်” ကျန့်ရှားက ပုံမှန်အတိုင်း ပြောလိုက်သည်။
“ရှင်တို့က ဒီလူတွေနဲ့ ကျွန်မတို့ ရှေးဟောင်းမျိုးနွယ်ကို ဖျက်ဆီးပစ်မယ်လို့ တွေးနေရင် အိပ်မက်မက်နေတာပဲ ဖြစ်လိမ့်မယ်” ဟို့ဖုန်းဟွမ်က အံကြိတ်ကာ ပြောလိုက်၏။
“ဘယ်ဟုတ်ပါ့မလဲ။ မင်းတို့လူတွေက ကံကောင်းမှုနဲ့ ကံကြမ္မာတွေကြောင့် ကာကွယ်ပေးခံထားရတယ်။ ဒါပေမဲ့ ငါတို့က မင်းတို့ကို တံခါးပိတ်ပြီးတော့ မျိုးဆက်များစွာ ပြန်လည်အားဖြည့်စေဖို့ အလုံအလောက် သတ်ပစ်ခဲ့လို့ရတယ်”
ဟို့ဖုန်းဟွမ် ဝန်းကျင်ရှိ လေဟာနယ်က တုန်ခါလာပြီး သူမ၏ စိတ်ထဲ ဒေါသတရား လွှမ်းမိုးလာသည်။ သူမက တစ်ခါက မိုးမြေ၏ အုပ်ချုပ်သူ ဖြစ်ခဲ့ဖူးသည့် ရှေးဟောင်းမျိုးနွယ်သည် ဤအခြေအနေသို့ ကျရောက်သွားလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
ဘယ်လိုတောင် ကျဆင်းသွားတာလဲ…
“ရှင်က ဘာလိုချင်တာလဲ” ဟို့ဖုန်းဟွမ်က မေးလိုက်သည်။ ကျန့်ရှားက ပြုံးပြီးသည့်နောက်တွင် စာလိပ်တစ်လိပ် ပေးလိုက်၏။
သူမက ထိုအရာကို ဖတ်ပြီးသည့်နောက်တွင် အားများစွာ စိုက်ထုတ်ထားရသည့် တည်ငြိမ်မှုတို့ ပျောက်ဆုံးလုနီးပါး ဖြစ်သွားခဲ့၏။ ထိုသူများက အရှေ့ပိုင်းကုန်းမြေရှိ နတ်ဘုရားရာထူး တစ်ဝက်ကို လိုချင်နေသည်။ အများစုက ကမ္ဘာ့အရင်းအမြစ် ကောင်းချီးနှင့် ကုသိုလ်အတွက် အလားအလာရှိသည့်နေရာများ ဖြစ်၏။
“တစ်ဝက်ပေးဖို့ မဖြစ်နိုင်ဘူး”
“အချိန်က အသက်ပဲ။ မိန်းကလေး ငါတို့မှာ မင်းနဲ့ ညှိနှိုင်းဖို့ အချိန်မရှိဘူး” ကျန့်ရှားက ပြောလိုက်သည်။
“ဒီလိုဆုံးဖြတ်ချက်ကို ဘယ်လိုလုပ် လွယ်လွယ်ကူကူ လုပ်လို့ရမှာလဲ” သူမက ညှိနှိုင်းဖို့ ကြိုးစားလိုက်၏။ မဟုတ်ပါက သူမသည် ဤအခြေအနေတွင် အရေးနိမ့်သွားနိုင်သည်။
“အချိန်ဆွဲနေလို့ အကျိုး မရှိဘူး။ မင်းတို့မျိုးနွယ်ရဲ့ ချီကံကောင်းမှုနဂါးက ပထမတန်းစား ဆန့်ကျင်ကျင့်ကြံသူကို ထာဝရဧကရာဇ်၏ တိုက်ခိုက်စွမ်းရည်ကို အချိန်တို ပေးအပ်နိုင်တယ်ဆိုတာကို သိထားပြီးသား။ အဲဒီအတွက်လည်း ကြိုတင်ပြင်ဆင်ထားပြီးသား။ နောက်ထပ် ဆယ်မိနစ်နေလို့မှ မင်း ဆုံးဖြတ်ချက် မချရသေးဘူးဆိုရင် ငါတို့တွေ စတင် သတ်ဖြတ်တော့မှာ” ကျန့်ရှားက ပျင်းရိစွာဖြင့် ပြောလိုက်သည်။
“ရှင်”
“မြန်မြန်လုပ်။ မင်းက နှစ်မိနစ် အချိန်ဖြုန်းပြီးသွားပြီ”
ဟို့ဖုန်းဟွမ်က သူမ၏ ယင်စည်းမျဉ်းကို အသက်သွင်းကာ စိတ်ကို ငြိမ်အောင် ထိန်းလိုက်သည်။
“ရှင်တို့က တစ်ဝက်ယူလို့ ရတယ်။ ဒါပေမဲ့ အရေးမပါတဲ့ရာထူးပဲ ဖြစ်ရမယ်။ မဟုတ်ရင် ရှင်တို့က အရေးပါတဲ့ ရာထူးတချို့နဲ့ လေးပုံတစ်ပုံ ယူလို့ရတယ်။ ထပ်ပြီးညှိနှိုင်းစရာ မရှိဘူး”
“မိန်းကလေး မင်း ကြည့်ရတာ…”
“အဲဒီနှစ်ခုထဲက တစ်ခုကိုရွေး … မဟုတ်ရင် ရှေးဟောင်းမျိုးနွယ်က ရှင်တို့နဲ့ ဧကရာဇ်စစ်ပွဲ စဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး။ မစိုးရိမ်ပါနဲ့ … ရှင်တို့ဓားရေးစံအိမ်ကို သေသေချာချာ ဂရုစိုက်ပေးမှာပါ”
ကျန့်ရှားက ရှုံ့မဲ့သွားသည်။ ရှေးဟောင်းမျိုးနွယ်က မည်မျှပင် အားနည်းစေကာမူ ရှေးဟောင်းအမွေအနှစ်များနှင့် ကြမ္မာနှင့် ကံကောင်းမှု အမြောက်အများရှိသည့် မျိုးနွယ်များမှ ဖြစ်သည့်အချက်ကြောင့် အားကောင်းနေဆဲ ဖြစ်သည်။ အကယ်၍ သူတို့သာ ရူးရူးမိုက်မိုက်လုပ်ဆောင်ပါက ဓားရေးစံအိမ်သည် အကျပ်တွေ့သွားနိုင်သည်။
“ဆုံးဖြတ်ချက်ချလိုက်တော့မယ်မလား” ကျန့်ရှားက ပြောလိုက်သည်။
“ကောင်းပြီလေ။ ငါတို့က ဒုတိယတစ်ခုကို ရွေးမယ်။ ဒါပေမဲ့ အရေးကြီးတဲ့ ရာထူးတစ်ဝက် လိုချင်တယ်”
“ဆယ်ရာခိုင်နှုန်းထက် ပိုပြီး မရဘူး” ဟို့ဖုန်းဟွမ်က ပြောလိုက်သည်။
“ကောင်းပြီလေ။ အဲဒါဆို လက်မှတ်ထိုး”
ဟို့ဖုန်းဟွမ်က စာချုပ်ကို ကြည့်လိုက်သည့်အခါ ရိုးရှင်းနေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် ထိုသူများက ဉာဏ်ကောင်းလှပြီး ထိုစာချုပ်ကို ဤမျိုးဆက်အတွက်သာ သတ်မှတ်ထားလေ၏။ အားလုံးက ခုံရုံး၏ အခြေအနေသည် မျိုးဆက်တစ်ခုပြီး တစ်ခုအပြီးတွင် ပြောင်းလဲသွားနိုင်ကြောင်း သိထားကြသည်။
သူမက ပြဿနာ မရှိကြောင်း အတည်ပြုပြီးသည့်နောက်တွင် ရှေးဟောင်းမျိုးနွယ်ကိုသာ လက်မှတ်ရေးထိုးလိုက်၏။
“ဒါက မပြီးသေးဘူး” ဟို့ဖုန်းဟွမ်က ပျောက်ကွယ်မသွားခင် ကြေညာခဲ့သည်။
ကျန့်ရှားက တည်တည်ငြိမ်ငြိမ်ပြုံးကာ လက်ဝှေ့လိုက်ပြီး အစီအရင်များကို ဖယ်ရှားကာ အိမ်သို့ ပြန်လာခဲ့သည်။ ယခု သူက တခြားသော အရှေ့ပိုင်းအင်အားစုများနှင့် ထိုနတ်ဘုရားရာထူးများကို မည်သို့ခွဲဝေရမည်ကို ညှိနှိုင်းရတော့မည် ဖြစ်သည်။
…………………
မြောက်ပိုင်းကုန်းမြေ
အောင်းရှန်က တိုက်ပွဲကို လက်သီးဆုပ်လျက် ကြည့်နေသည်။
“ဧကရာဇ်လမ်းစဉ်ကပဲ တစ်ခုတည်းသော အစစ်အမှန်လမ်းစဉ်ပဲ”
နောက်ဆုံးသော အစည်းအဝေးအပြီးတွင် သူက ဆွေးနွေးပွဲအတွင်း ကောင်းကင်စည်းမျဉ်းထက်စာလျှင် မဟာတာအိုအရင်းအမြစ်၏ သာလွန်မှုကို ခံစားမိခဲ့၍ မျက်နှာပူသလို ခံစားခဲ့ရသည်။ ယခု သူက ဟို့ဖုန်းဟွမ်၏ တိုက်ပွဲကို ကြည့်ပြီးသည့်နောက်တွင် သူသာ သူမနေရာရှိနေပါက ပိုမိုအခြေအနေ ဆိုးရွားသွားနိုင်ကြောင်း သိလိုက်ရ၍ သူ့စိတ်ထဲ အရှက်ကွဲမှုတို့က ကြီးထွားလာခဲ့သည်။
“ငါ ထာဝရဧကရာဇ် မြန်မြန်ဖြစ်ဖို့ လိုတယ်” သူက ရေရွတ်လိုက်သည်။
“ပြန်လည်ဝင်စားခြင်း မရှိပဲနဲ့ တစ်ခုတည်းသော ဖြစ်နိုင်တဲ့ နည်းလမ်းက ကုသိုလ်ပဲ”
သူက ဖုန်းဟွမ်၏ တာအိုသက်သေပြသည့် နည်းလမ်းကို တွေးလိုက်မိ၏။
“တန်ကြေး ကြီးကြီးမားမား မပေးဘဲ သူ့လက်ကနေ သတင်းအချက်အလက်ကို ရယူနိုင်ပါ့မလား။ ပြီးတော့ ဒီသတင်းအချက်အလက်ကို နောက်ထပ် သိတဲ့သူက ဝမ်ဝေ့ပဲ ရှိတယ်”
အောင်းရှန်က အနည်းငယ် ညည်းတွားလိုက်၏။ သူက ကောင်းကင်လမ်းစဉ်မှ မဟာတာအိုလမ်းစဉ်သို့ ကူးပြောင်းဖို့ရာအတွက် ကုသိုလ်ကို အသုံးပြုဖို့ တခြားနည်းလမ်းများ မလိုအပ်ကြောင်း သိထားသည်။ သူ့တွင် ကုသိုလ် ရှိနေသရွေ့ အစစ်အမှန်ကောင်းကင်တာအိုကို တိုက်ရိုက်တောင်းဆိုနိုင်၏။
သို့သော်လည်း မှန်ကန်သည့် နည်းလမ်းကမူ လိုအပ်သည့် ကုသိုလ်ပမာဏကို သိသိသာသာ လျော့ကျသွားစေလိမ့်မည်။ သူ့အနေဖြင့် တိုက်ရိုက်နည်းလမ်းကို အသုံးပြုပြီး ကုသိုလ်စုဆောင်းဖို့ရာအတွက် မဖြစ်နိုင်ပေ။ သူက ဖုန်းဟွမ် အသုံးပြုသည့်နည်းလမ်းကို လိုအပ်နေ၏။
အောင်းရှန်၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားပြီးသည့်နောက်တွင် အကြည့်များ တောက်ပလာ၏။ သူက လက်ကို ဝှေ့ယမ်းလိုက်ပြီးသည့်နောက်တွင် သေလုနီးပါး အခြေအနေရှိနေသည့် ရှောင်စုန့်ရှီက သူ့ရှေ့ ပေါ်ထွက်လာခဲ့သည်။
“ငါသာ မှတ်မိတာ မှန်မယ်ဆိုရင် သူ့ပိုင်ရှယ်မျိုးနွယ်က ကြယ်တာရာဝိဇ္ဇာ ရှိတယ်မလား”
အောင်းရှန်က ရှောင်စုန့်ရှီကို အလျင်အမြန် ကုသပေးရင်း စိတ်လှုပ်ရှားလာမိသည်။