မကောင်းဆိုးဝါးနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်း (၁၂)မျိုး
Vol. 66 Ch. 924
ဝမ်ဝေ့က ထိုနှစ်ဦးသား အပေးအယူ မလုပ်ခင်အထိ တိုက်ပွဲကို ကြည့်နေလိုက်သည်။ သူ့အမူအရာက များများစားစား ပြောင်းလဲခြင်း မရှိသောကြောင့် ထိုရလဒ်သည် သူ ဆန္ဒရှိသည့်အတိုင်း ဟုတ်လား၊ မဟုတ်လား မသိရပေ။
“ရှေးဟောင်းမျိုးနွယ်ရဲ့ ရည်ရွယ်ချက်က သူတို့ရဲ့ လုပ်နိုင်စွမ်းအတွက် ကြီးကျယ်လွန်းတယ်။ ငါ ပို့လိုက်တဲ့ သတင်းစကားကို နားလည်ရင် ကောင်းမယ်။ မဟုတ်ရင် သူတို့ကို သုတ်သင်ပစ်လို့ တန်ပြန်သက်ရောက်မှုက ဘယ်လောက်ပဲ ပြင်းထန်ထန် သူတို့ကို သုတ်သင်ပစ်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
ထိုသူများ၏ ရည်မှန်းချက်များက သူ့ခေတ်ကာလအပေါ် မတည်ငြိမ်မှုတစ်ခု ဖြစ်၏။ အကယ်၍ သူတို့သာ ဝင်ရောက်စွက်ဖက်ခဲ့ပါ ကောင်းကင်ဧကရာဇ်ခေတ်ကာလသည် တိုတောင်းသွားမည်ဖြစ်၏။ ထိုအရာက သူ လက်မခံနိုင်သည့်အရာ ဖြစ်၏။
“ဟမ်” ဝမ်ဝေ့က မြောက်ပိုင်းကုန်းမြေကို ကြည့်ကာ ရေရွတ်လိုက်သည်။
“အောင်းရှန်ရဲ့ ကံကြမ္မာက ပြောင်းလဲသွားတာလား” သူ့မျက်ဝန်းအထက် ကံကြမ္မာစွမ်းအား ဖြတ်ပြေးသွားကာ မိုးမြေ၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တချို့ကို ထုတ်ဖော်လိုက်သည်။
“သူက ထာဝရဧကရာဇ်အဖြစ် ကူးပြောင်းဖို့ ကြယ်တာရာဝိဇ္ဇာကို အသုံးပြုချင်တာလား။ သူက ကြယ်၆လုံး ယွမ်ထီဆိုတော့ ပြဿနာ မရှိလောက်ဘူး။ ဒါပေမဲ့ ကြယ်၃လုံး ဝိဇ္ဇာက အဲ့လိုစွမ်းရည် မရှိဘူး။ ဒါပေမဲ့ အောင်းရှန်ရဲ့ သွေးမျိုးဆက်က ဟွင်သွမ်းဆိုတော့ ကြယ်တာရာဝိဇ္ဇာကို ကြယ်၄လုံးအထိ မြှင့်တင်ပေးနိုင်လောက်တယ်”
ဝမ်ဝေ့က အောင်းရှန်၏ အဆင့်တက်လှမ်းမှုနှင့် ပတ်သက်ပြီး များများစားစား ဂရုမစိုက်ပေ။ သူက ရှုရှစ်လိုမျိုး မျှခြေညီစက်ယန္တရား၏ ပြဿနာကို ကူညီပေးနိုင်လိမ့်မည်။
“ဟို့ဖုန်းဟွမ်ကရော ဒီလိုအတွေးမျိုး ရှိနေလား”
သူက ရှေးဟောင်းမျိုးနွယ်ကို လှမ်းကြည့်လိုက်၏။ သူ့အကြည့်က အကွာအဝေးများစွာကို ထိုးဖောက်သွားကာ မျိုးနွယ်၏ ကမ္ဘာငယ်ကို မြင်လိုက်ရသည်။
“အခုထိ မဆုံးဖြတ်ရသေးဘူးလား။ ကြည့်ရတာ သူမက ငါ ထွက်သွားမဲ့အချိန်ကို စောင့်ပြီးတော့ ကောင်းကင်ဧကရာဇ် ဖြစ်ချင်နေတဲ့ပုံပဲ”
ဝမ်ဝေ့က သူမသာ ခုံရုံးကို ထိန်းချုပ်သွားခဲ့လျှင် နောက်ကွယ်မှ အရှုပ်အထွေးများကို စဉ်းစားကြည့်လိုက်၏။
နောက်မျိုးဆက်က ငါ့အဖေအလှည့်ဖြစ်မယ်။ ဒါပေမဲ့ အကောင်းဆုံးက သူ့အတွက် နောက်ထပ်တိုက်ပွဲ မဆင်နွှဲခင် မျိုးဆက်အနည်းငယ် စောင့်ဆိုင်းတာ ကောင်းလိမ့်မယ်။ ဂိုဏ်းအနေနဲ့ ထာဝရဧကရာဇ် ၃ယောက် ဆက်တိုက်ရှိလို့ ဘာမှမကောင်းဘူး…
မျိုးဆက်နှစ်ခုက ကောင်းကင်ဧကရာဇ်ခေတ်ကာလကို နက်ရှိုင်းသည့် အုတ်မြစ်ချမှတ်ဖို့ လုံလောက်ပြီ ဖြစ်၏။ ထို့အပြင် လီကျွင်းနှင့် ယန်းလီလင်းတို့က အစောင့်အကြပ်အဖြစ် ထမ်းဆောင်မည်ဖြစ်သောကြောင့် မျိုးဆက်အနည်းငယ်အထိ ပြဿနာရှိမည် မဟုတ်ပေ။
ထိုအရာများကို အဖြေထုတ်ပေးပြီးသည့်နောက်တွင် ဝမ်ဝေ့က ဟို့ဖုန်းဟွမ်သည် ဤမျိုးဆက်အတွင်း ထာဝရဧကရာဇ် ဖြစ်လာခြင်း၊ မဖြစ်လာခြင်းကို ဂရုမစိုက်တော့သလို ကောင်းကင်ဧကရာဇ် ဖြစ်လာဖို့ စောင့်ဆိုင်းနေမည်ကိုလည်း ဂရုမစိုက်ပေ။
“တကယ့်ပြဿနာက အသင်္ချေအင်ပါယာကမ္ဘာရဲ့ မျှခြေညီစက်ယန္တရားပဲ။ မျိုးဆက်တစ်ခုထဲ ထာဝရဧကရာဇ် ငါးယောက်တောင် ရှိနေပြီ။ မျှခြေညီဖို့ လိုအပ်လာပြီ။ မဟုတ်ရင် တခြားကမ္ဘာ့အသိုက်အဝန်းတွေက ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး”
သူ့အကြည့်က ကံကြမ္မာမြစ်ကြောင်းကို ထိုးဖောက်ကာ အမှန်တရားကို ရှာဖွေလိုက်သည်။
ငါ သိပြီ။ မိစ္ဆာနတ်ဘုရားကမ္ဘာလိုမျိုး စနစ်က အလုပ်ဖြစ်လောက်တယ်…
ဝမ်ဝေ့က အမှန်တရားကို ရှာဖွေပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်၏။
ဒိုင်မေးရှင်းအနိမ့်ရဲ့ အခြေအနေတွေက ရှုပ်ထွေးလာတော့မယ်။ ငါ မြန်မြန်သွက်သွက်လက်လက် လုပ်ဖို့လိုတယ်
ထိုခေတ်ကာလ၏ ဖွံ့ဖြိုးတိုးတက်နှုန်းက ပြီးပြည့်စုံစွာ အဆင်ပြေနေသော်လည်း သူက ရုတ်တရက် ပေါ်ထွက်လာမည့် အပြောင်းအလဲများကို မဖြစ်စေလိုပေ။ ထို့ကြောင့် သူက သေချာသည့် ကိစ္စများကို အရှိန်မြှင့်တင်ဖို့ ဆုံးဖြတ်လိုက်၏။
အဲဒါဆိုတော့ ငါ့အင်အားကို အရင်ဆုံး တိုးမြှင့်ရမယ်…
ဝမ်ဝေ့က အချိန်ဖြုန်းမနေဘဲ ကျင့်ကြံရေးအခန်းအတွင်း ဝင်ရောက်ကာ သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားခဲ့သည်။ ဝမ်ဝေ့က ထိုလူငါးယောက်နှင့် လဲလှယ်ထားသည့် ပစ္စည်းများကို ထုတ်ကာ ခွန်အားသွေးကြောများကို ဆက်လက် ဖန်တီးလိုက်သည်။
သူ့ခန္ဓာကိုယ်က ရွှေရောင်အလင်းများ တောက်ပလာပြီး ကရုဏာ၊ ချစ်ခြင်းမေတ္တာနှင့် နားလည်မှုရှိသည့် တော်ဝင်အငွေ့အသက်တစ်ခု ထုတ်လွှတ်လာခဲ့သည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်လာသည့် ရွတ်ဖတ်သံများကိုပင် ကြားနေရ၏။
ထို့နောက် အခန်းအတွင်း အမြင်ရုပ်လွှာများ ထွက်ပေါ်လာခဲ့သည်။ ဟွင်သွမ်းစွမ်းအားရှိထားသည့် မြင့်မြတ်သည့် နဂါးအပြီးတွင် အထွတ်အထိပ်သားရဲ ၅ကောင်လည်း လိုက်ပါလာသည်။ မြင်ကွင်းတစ်ခုချင်းစီအပြီးတွင် ဝမ်ဝေ့၏ ခန္ဓာကိုယ်က ပိုမိုအားကောင်းလာခဲ့၏။
အမည်မသိအချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် အရာအားလုံးက ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။ ဝမ်ဝေ့က ဘောင်းဘီသာ ဝတ်ပြီး အခန်းအတွင်းသာ ရပ်နေလေသည်။ သူက လက်သီးကျစ်ကျစ်ဆုပ်ကာ ခံစားလိုက်သည်။
“မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား ၅၉ ခွန်အား။ ထိပ်သီး ဒုတိယတန်းစားအဆင့်ပဲ”
သူက ခွန်အား အစစ်အမှန်နယ်ပယ်ကို ကျင့်ကြံဖို့အတွက် မည်မျှခက်ခဲကြောင်း တွေးကာ သက်ပြင်းချလိုက်သည်။ သူ ခွန်အားသွေးကြောကို ဖွဲ့စည်းဖို့ လိုအပ်သည့် အရင်းအမြစ်များက ထိပ်တန်းဖြစ်သော်လည်း တိုးတက်မှုက နည်းပါးလွန်းလှသည်။ ဝမ်ဝေ့က မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား ၄၀မှ ၇၀ကြား ခွန်အားသည် ခန္ဓာကိုယ်လေ့ကျင့်သူများအတွက် ထူးကဲသည့် အချိန်တစ်ခုဖြစ်ကာ ထိုအဆင့်များကို ပျိုးထောင်ဖို့ ကျင့်ကြံခြင်းက ပုံမှန်ထက် ပိုမိုခက်ခဲကြောင်း သိထားလေသည်။ ကြည့်ရသည်မှာ ခန္ဓာကိုယ်လေ့ကျင့်သူများသည် ထိုအဆင့်တွင် အတားအဆီးတချို့ရှိလာဟန်ပေါ်၏။
လူတချို့က တိုးတက်မှုမရှိဘဲ ယွမ်ခေတ်ကာလ ကုန်ဆုံးခဲ့ရသည်။ သန့်စင်သည့် ခန္ဓာကိုယ်လေ့ကျင့်သူအများစုက ထိုအဆင့်များကြားတွင် ၉ယွမ်ခေတ်ကာလ ကုန်ဆုံးရ၏။ ကံကောင်းစွာဖြင့် သူက ထိုအခက်အခဲကို သူ့ပါရမီနှင့် ထိပ်တန်းရှားပါးအရင်းအမြစ်များဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်။
သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ဆက်လက်ကျင့်ကြံလိုက်သည်။ သူက သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းနှစ်ခုကို ထုတ်ယူလိုက်၏။ ထိုအရာက တိထျန်း၏ အားပျော့နေသော မကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်နှင့် ရှုရှစ်၏ ကမ္ဘာဦးဟွင်သွမ်းစွမ်းအားတို့ ဖြစ်သည်။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ သွေးမျိုးဆက်မှ ဟာကွက်များကို ကာမိစေရန် ပေါင်းစည်းလိုက်၏။
ထိုကမ္ဘာဦးဟွင်သွမ်း စွမ်းအားကို သွေးမျိုးဆက်အတွင်း ပေါင်းစည်းပြီးသည့်နောက်တွင် သွေးထဲ အသွင်ပြောင်းမှုတချို့ကို ချက်ချင်းသတိထားမိလိုက်သည်။ သူက အပြောင်းအလဲကို သေချာစောင့်ကြည့်နေပြီး မကောင်းဆိုးဝါးနတ်ဘုရား၏ လျှို့ဝှက်ချက်ကို သုံးသပ်နေခဲ့သည်။
“မလုံလောက်သေးဘူး”
သူက နှစ်များစွာ လေ့လာစောင့်ကြည့်ပြီးသည့်နောက်တွင် ရေရွတ်လိုက်၏။ သူ့ချီပန်းပွင့် စွမ်းရည်က သူ နှစ်များစွာ ထိန်းသိမ်းထားသည့် ဟွင်သွမ်းချီ မည်မျှရှိကြောင်း မြင်နိုင်ခွင့်ပြုထားသည်။ ပန်းပွင့်ချီ၊ ပင်ကိုချီအများစုက ဟွင်သွမ်းချီအဖြစ် ပြောင်းလဲသွားသည့်အတွက် ဝမ်ဝေ့က ကျေနပ်သွားလေ၏။
အခု ငါက အောင်းရှန်ရဲ့ သန့်စင် ဟွင်သွမ်းစွမ်းအားနဲ့ ရှုရှစ်ရဲ့ ကမ္ဘာဦးစွမ်းအားကို အသုံးပြုပြီးတော့ ကမ္ဘာဦးဟွင်သွမ်းချီကို ဖွဲ့စည်းနိုင်ပြီ…
ဝမ်ဝေ့က သူ့ဟွင်သွမ်းချီကို ကမ္ဘာဦးဟွင်သွမ်းချီအဖြစ် စတင်ဖွဲ့စည်းလိုက်သည်။ သူ့ပထမကြိုးစားမှုက အသုံးမဝင်ခဲ့သော်လည်း အားစိုက်ထုတ်မှုများစွာနှင့် ကြိုးပမ်းမှုအပြီးတွင် အောင်မြင်ခဲ့သည်။ သူက အသစ်ဖန်တီးထားသည့် ကမ္ဘာဦးဟွင်သွမ်းချီကို မကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်အတွင်း ထည့်သွင်းပေးခဲ့ပြီး ပြီးပြည့်စုံစေခဲ့၏။
“အောင်မြင်သွားပြီ” ဝမ်ဝေ့က ပြုံးကာ ရေရွတ်လိုက်သည်။ သူက အချိန်မဖြုန်းတီးချင်သောကြောင့် မရပ်မနားဘဲ ဆက်လက်လုပ်ဆောင်လိုက်သည်။ သူက မကောင်းဆိုးဝါးနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်း (၁၂)မျိုးကို ပြန်လည်ပြုပြင်ဖို့ သူ စုဆောင်းထားသည့် သတင်းအချက်အလက်များကို အသုံးပြုလိုက်သည်။
ယခင်က သူသည် ဆယ်ဆင့်မြောက် ဆင့်ကဲပြောင်းလဲမှုသည် မည်သို့ဖြစ်မည်ဟု ပုံကြမ်းမျှသာ ရှိခဲ့၏။ ယခုအခါ သူက ပထမကိုးဆင့်လုံးကို အဆင့်မြှင့်တင်ပြီးသွားပြီ ဖြစ်ပြီး ၁၀ ဆင့်မြောက်ပြောင်းလဲမှုကို ပြီးစီးသွားပြီ ဖြစ်၏။ သူက ၁၁ ဆင့်မြောက်ကိုပင် အတွေးအခေါ်တချို့ ရှိလာမိသည်။ သို့သော် ယခုတွင် ထိုနည်းစနစ်က တာအိုအုပ်စိုးသူ ချင်းဝူ၏ နည်းစနစ်နှင့် ဘာမှမတူပေ။
ဝမ်ဝေ့က မျက်လုံးမှိတ်ကာ သူ့သွေးမျိုးဆက် သို့မဟုတ် မျိုးရိုးဗီဇ သတင်းအချက်အလက်များကို စမ်းသပ်ကြည့်လိုက်သည်။ လူသားများက သွေးမျိုးဆက်ကို မှီခိုသည့် သက်ရှိများ မဟုတ်ပေ။ တချို့သော ကျင့်ကြံသူများက သူတို့၏ စည်းမျဉ်း သို့မဟုတ် တာအိုနားလည်နိုင်စွမ်းကို သွေးမျိုးဆက်အတွင်း ပေါင်းစည်းကြပြီး သူတို့၏ မျိုးဆက်များအား သူတို့၏ ကျင့်ကြံရေးပါရမီနှင့် အံ့ဖွယ်စွမ်းရည်များကို အမွေဆက်ခံခွင့်ပြုထားသည်။ သို့သော်လည်း အားကောင်းသည့် လူသားအများစုက သွေးမျိုးဆက် ကန့်သတ်ချက်ကြောင့် ထိုသို့ မလုပ်ဆောင်ကြပေ။
နောက်ထပ် အကြောင်းအရင်းတစ်ခုက လူသားများသည် ဉာဏ်ရည်အပေါ် မူတည်၍ ထူးကဲသည့် သွေးမျိုးဆက်များ ရှိကြ၏။ ဝမ်မျိုးနွယ် သို့မဟုတ် တိမျိုးနွယ်လိုမျိုး မျိုးနွယ်တစ်ခုအတွက် မျိုးဆက်တိုင်းဆီတွင် ပါရမီထူးကဲသည့်သူများက သူတို့၏ မျိုးနွယ်အတွင်း မွေးဖွားလာကြလိမ့်မည်။ သူတို့၏ ပါရမီရှင်များက ဝိညာဉ်ချီရင်းနှီးမှုဖြင့် မွေးဖွားလာကြပြီး နားလည်နိုင်စွမ်း မြင့်မားခြင်းနှင့် ကံကောင်းမှုနှင့် ကြမ္မာတို့ကို ပိုင်ဆိုင်ထားတတ်ကြသည်။
ဝိညာဉ်ချီ ရင်းနှီးခြင်းက သူတို့၏ မျိုးဆက်များသည် ကျင့်ကြံရေးအတွက် ပါရမီထူးကဲခြင်းအတွက် ဖြစ်ကာ မြင့်မားသည့် နားလည်နိုင်စွမ်းကမူ ကျင့်ကြံဖို့ရာအတွက် သူတို့၏ ဝိညာဉ်များသည် ကျင့်ကြံမှုအတွက် ပိုမိုလွယ်ကူသွားစေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သူတို့က စည်းမျဉ်းများကို နားလည်ရာတွင် ပြဿနာရှိမည် မဟုတ်ပေ။ နောက်ဆုံးတွင် ကံကောင်းမှုနှင့် ကြမ္မာတို့က အကျိုးအမြတ်မြောက်များစွာရှိပြီး မိုးမြေမှ ကောင်းကင်ရုပ်ခန္ဓာ ဆက်ခံဖို့ ရွေးချယ်ခံရနိုင်ချေပင် ရှိသည်။
ဝမ်ဝေ့က သူ့သွေးမျိုးဆက်ကို စစ်ဆေးကြည့်လိုက်သည့်အခါ ချီယွမ်အထိ သူ့ဘိုးဘေးအားလုံး၏ ဘဝများကို မြင်တွေ့ခဲ့ရသည်။ သူက ထိုအခွင့်အရေးကို အသုံးချကာ ဤသွေးမျိုးဆက်တွင် မည်သူကမှ အမှတ်အသားချန်မထားခဲ့ကြောင်း သေချာအောင် စစ်ဆေးကြည့်လိုက်၏။ သူက ချီယွမ်နှင့် တခြားသူများကို ယုံကြည်သော်လည်း အရမ်းကြီး မသေချာပေ။
ကံကောင်းစွာဖြင့် ဘာမှရှိမနေပေ။ တခြားသူများက ဝမ်မျိုးနွယ်ဝင်များကို ခန္ဓာကိုယ်ပူးကပ်ခြင်းနှင့် သွေးမျိုးဆက်ကို အသုံးပြု၍ မျိုးနွယ်၏ ကံကောင်းမှုနှင့် ကြမ္မာများကို ခိုးယူခြင်းမှ တားဆီးဖို့ အတားအဆီးတချို့သာ ချထားရုံမှလွဲ၍ အရာအားလုံးက ပုံမှန်သာ ဖြစ်၏။
ဝမ်ဝေ့က သက်ပြင်းချပြီးသည့်နောက်တွင် နောက်တဆင့်ကို လုပ်ဆောင်လိုက်သည်။ သွေးမျိုးဆက် မျိုးစေ့ကို ဖွဲ့စည်းခြင်း ဖြစ်၏။ သို့သော်လည်း ချင်းဝူ၏ သွေးမျိုးဆက်မျိုးစေ့က မကောင်းဆိုးဝါးနတ်ဘုရား မျိုးဆက်၏ ရှေ့ပြေးပုံစံတစ်ခု ဖြစ်သည်။ အတိအကျပြောရလျှင် ထိုအရာက ဆင့်ကဲပြောင်းလဲကာ ကြီးထွားနိုင်စွမ်းရှိသည့် ထူးကဲသော သွေးမျိုးဆက်တစ်ခု ဖြစ်၏။
ဝမ်ဝေ့ ဖွဲ့စည်းသည်က သူ့လူသားသွေးမျိုးဆက်၏ ထူးကဲသော အရိပ်အမြွက်များ ပါဝင်နေသည့် မျိုးစေ့တစ်ခုအဖြစ် ဖွဲ့စည်းခြင်းဖြစ်သည်။ ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ဆေးလုံးတစ်လုံးကို ဆင့်ခေါ်လိုက်၏။
ထိုဆေးလုံးက လျူမိန်ရှု၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို သန့်စင်ခြင်းမှ ဖန်တီးထားခြင်း ဖြစ်သည်။ သူမက အသင်္ချေသားရဲ ရုပ်ခန္ဓာကို ဖန်တီးထားသည့်အတွက် ပင်ကိုသွေးမျိုးဆက် အမြောက်အများကိုစုပ်ယူပြီး သူ့လူသား သွေးမျိုးဆက်အဖြစ် ဆင့်ကဲပြောင်းလဲဖို့ရာ ပြီးပြည့်စုံသည့် ဓာတ်ကူးတစ်ခု ဖြစ်ပေသည်။ ထိုအရာကို သောက်သုံးပြီးသည့်နောက်တွင် သူက သွေးမျိုးဆက်သည် အနည်းငယ် ပြောင်းလဲသွားကြောင်း ခံစားမိလိုက်သည်။
ဝမ်ဝေ့က ရှင်းလင်းရေးအတွင်း လူများကို ကယ်တင်ပေးခြင်းမှ ကောင်းကင်တာအိုနှင့် လဲလှယ်ထားသည့် ရွှေရောင်သွေးကန်ဆီ သွားလိုက်သည်။
ထိုရေကန်တွင် ပင်ကိုနတ်ဆိုး နတ်ဘုရားသွေးမျိုးဆက်များစွာ ပါဝင်နေပြီး ဤကျင့်စဉ်ကို ကျင့်ကြံဖို့ရာအတွက် ပြီးပြည့်စုံဆုံး အရင်းအမြစ်တစ်ခု ဖြစ်၏။
လျူမိန်ရှု၏ ခန္ဓာကိုယ်မှ ထူးကဲသော စည်းမျဉ်း၏ အကူအညီဖြင့် ဝမ်ဝေ့၏ သွေးမျိုးဆက် မျိုးစေ့သည် သွေး၏ စွမ်းအားနှင့် ခွန်အား အားလုံးကို စုပ်ယူခဲ့သည်။ အမည်မသိအချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် သူက ပထမ ဆင့်ကဲပြောင်းလဲခြင်းကို အောင်မြင်သွားခဲ့၏။
ဝမ်ဝေ့က သူ့လူသားသွေးမျိုးဆက်သည် မြင့်မားသည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားကြောင်း ခံစားမိလိုက်သည်။ သို့သော်လည်း ထိုအရာက မလုံလောက်သေးသည့်အတွက် တတိယဆင့်ကဲပြောင်းလဲခြင်းအထိ ရောက်အောင် လုပ်ဆောင်ခဲ့သည်။
ငါ တွက်ဆထားသလောက် ဆင့်ကဲပြောင်းလဲမှုသုံးခုတိုင်းက အဆင့်တစ်ခုပဲ။ ပထမသုံးခုက ထူးကဲသွေးမျိုးဆက်၊ အလယ်သုံးခုက ပင်ကိုသွေးမျိုးဆက်နဲ့ နောက်ဆုံးသုံးခုက ဟွင်သွမ်းသွေးမျိုးဆက်ပဲ…
ဝမ်ဝေ့က သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။ သူ့သွေးမှ ထူးကဲစွမ်းအားသည် အရေပြား၊ ကြွက်သား၊ အရွတ်၊ အကြော၊ အရိုး၊ အတွင်းအင်္ဂါ၊ ချီသွေးကြော၊ သွေးနှင့် ဝိညာဉ်အထိ အားဖြည့်ပေးနေသည်ကို ခံစားမိလိုက်၏။ သို့သော် လက်ရှိသူအတွက် အားနည်းလွန်းလှသည်။
မည်သို့ပင်ဆိုစေကာမူ သူက မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား ၆၀ ခွန်အားအထိ ရောက်ရှိသွားခဲ့ကာ သူ့ခန္ဓာကိုယ်ခွန်အားသက်သက်ဖြင့် ပထမတန်းစားဧကရာဇ် တစ်ယောက်၏ တိုက်ခိုက်စွမ်းရည်ကို ရရှိသွားခဲ့သည်။
၄ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းကို အောင်မြင်ပြီး ငါ့သွေးမျိုးဆက်ကို ပင်ကိုနတ်ဆိုး နတ်ဘုရားအဆင့် တိုးတက်နိုင်ဖို့အတွက်ဆိုရင် အရင်းအမြစ်အနေနဲ့ တာအိုတစ်ခုကို ရွေးချယ်ဖို့ လိုအပ်လာပြီ။ ငါ ကံကြမ္မာတာအိုကိုပဲ ရွေးချယ်ရမလား ဒါမှမဟုတ် တခြားတစ်ခုကို ရွေးချယ်ရမလား…
သူက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ခေါင်းခါလိုက်သည်။
မူလအစီအစဉ်အတိုင်းပဲ ဆက်လုပ်ကြတာပေါ့။ ငါ့ခန္ဓာကိုယ်ရဲ့ ဂုဏ်သတ္တိတစ်ခုဖြစ်တဲ့ ဗလာနတ္ထိကိုပဲ သုံးမယ်…
သူ့တွက်ဆထားမှုအရ သူ အောင်မြင်သည်နှင့် သူသည် ဗလာနတ္ထိ၏ ဒုတိယအဆင့်ဖြစ်သည့် ဗလာအနေအထားသို့ တရားဝင်ဝင်ရောက်သွားလိမ့်မည်။
ဝမ်ဝေ့က အချိန်မဖြုန်းဘဲ သူ့ခန္ဓာကိုယ်မှ ဗလာနတ္ထိစွမ်းအား အနည်းငယ်ကို စုစည်းလိုက်သည်။ ထိုစွမ်းအားက သူ့အတွက် ကိုယ်ထည်မဲ့အခြေအနေ ဝင်ရောက်ဖို့ လုံလောက်သော်လည်း ထိုစွမ်းအား၏ ပမာဏက ဟွင်သွမ်းစကြဝဠာတစ်ခုလုံးအတွင်း အမြင့်မားဆုံး ဖြစ်နေနိုင်သည်။
သူက သူ့သွေးမျိုးဆက် မျိုးစေ့ဖြင့် ပေါင်းစပ်ကာ ၄ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းကို ဆက်လက်လုပ်ဆောင်ဖို့ အခြေခံအနေဖြင့် အသုံးပြုလိုက်သည်။ ထိုဖြစ်စဉ်က ဝမ်ဝေ့ ထင်ထားသလိုမျိုး မလွယ်ကူခဲ့ပေ။ သူက လုပ်ဆောင်နေစဉ်အတွင်း ခုခံမှုတချို့ကို ခံစားမိခဲ့၏။
သူက အလျင်အမြန် တွက်ချက်ပြီးသည့်နောက်တွင် အကြောင်းအရင်းကို နားလည်သွားခဲ့သည်။ ထိုအရာက သူသည် ပင်ကို၊ ဟွင်သွမ်း သို့မဟုတ် မကောင်းဆိုးဝါး သွေးမျိုးဆက်ကို ဖွဲ့စည်းနေပါက အဆင်ပြေလိမ့်မည်။ သို့သော်လည်း သူက သူ့လူသားသွေးမျိုးဆက်ကို ထိုအဆင့်ထိ ရောက်အောင် ဆင့်ကဲပြောင်းလဲခဲ့ခြင်း ဖြစ်၏။
မိုးမြေ၏ စည်းမျဉ်းအရ လူသားများသည် အားနည်းစွာ မွေးဖွားလာသည့်အတွက် သူ့အပြုအမူသည် မိုးမြေကို ဆန့်ကျင်ခြင်းနှင့် ညီမျှနေသည်။ ကံကောင်းစွာဖြင့် သူက ထိုစည်းမျဉ်းကို သိပ်ဂရုစိုက်စရာမလိုသည့် အတိုင်းအတာမဲ့ ဧကရာဇ်တစ်ပါး ဖြစ်နေခဲ့သည်။
အကယ်၍ ဝမ်ဝေ့သာ သေမျိုးတစ်ယောက် ဆိုပါက ဤသို့သော ကျင့်စဉ်မျိုးသည် သူ့အား ဆိုးဆိုးရွားရွား ကောင်းကင်စမ်းသပ်ချက်နှင့် နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးကိုပင် ခံစားရစေလိမ့်မည်။
သို့သော်လည်း လက်ရှိသူ့ အတွက်မူ အနည်းငယ် စိတ်ရှုပ်ရုံ အတားအဆီးမျှသာ ဖြစ်၏။