← Chapters

စိတ်ဝိညာဉ်သစ်သီး

Vol. 65 Ch. 903

စိတ်ဝိညာဉ်သစ်သီး

Vol. 65 Ch. 903

"ဟားဟား၊ ညနတ်ဆိုးသူတော်စင်အရှင်၊ မြန်မြန်နောက်ဆုတ်လိုက်။ ဒါမှမဟုတ် မင်းက ငါနဲ့ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်ကို ရင်ဆိုင်တိုက်ခိုက်ချင်တာလား"

အတွင်းမြို့က ကြီးပေမယ့် အခြားအဖွဲ့တွေနဲ့ရင်ဆိုင်တွေ့ရှိရမယ့်အခွင့်အရေးက အတော်လေးမြင့်မားတယ်။ အိမ်ရာအပြင်ဘက်မှာ ကြယ်တစ်ထောင်ဓားမော့သူတော်စင်အရှင်က ညနတ်ဆိုးအဖွဲ့ကို ပြုံးကာ ကြည့်လိုက်တယ်။ သူ့ဘေးမှာ‌တော့ ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်က ရှိနေတယ်။

"ဓားသူတော်စင်အရှင်" ညနတ်ဆိုးသူတော်စင်အရှင်က ဆုံးဖြတ်ချက်ကို မချနိုင်တာကြောင့် သူက လီဖူချန်းကို အလိုအလျောက် ကြည့်လိုက်မိတယ်။

အဆုံးစွန်းအဆင့်ဓားနဲ့ဆိုရင် လီဖူချန်းက သူတို့အထဲမှာ အသန်မာဆုံးပဲလေ။

"နောက်ဆုတ်ကြတာပေါ့"

လီဖူချန်းက ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်ကို အနိုင်ယူနိုင်ဖို့ ယုံကြည်ချက်မရှိဘူး၊ ကြယ်တစ်ထောင်ဓားမော့သူတော်စင်အရှင်ရှိနေတာကိုတောင် ဖော်ပြစရာမလိုတော့ပါဘူး။ အရေးကြီးဆုံးကတော့ သူတို့ရဲ့အသက်တွေကို စိတ်ဝိညာဉ်ပန်းတစ်ခုမှမရှိတဲ့အိမ်ရာတစ်ခုအတွက်နဲ့ မစွန့်စားလိုပါဘူး။

ညနတ်ဆိုးသူ‌တော်စင်အရှင်က ခေါင်းညိတ်လိုက်တယ်၊ သူလဲပဲ ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်နဲ့ကြယ်တစ်ထောင်ဓားမော့သူတော်စင်အရှင်တို့ကို မတိုက်ခိုက်ချင်ဘူးလေ။

ညနတ်ဆိုးအဖွဲ့ကို နောက်ဆုတ်ဖို့ ဖိအားပေးပြီးနောက် ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်နဲ့ကြယ်တစ်ထောင်ဓားမော့သူတော်စင်အရှင်တို့က အိမ်ရာထဲ ဝင်ရောက်ခဲ့တယ်။

ဝုန်း ဝုန်း ဝုန်း......

အိမ်ရာထဲမှာ ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်က စိတ်ဝိညာဉ်နဲ့ တိုက်ပွဲဝင်နေပြီး ရှုံးနိမ့်မယ့်အရိပ်အယောင်တော့ လုံးဝရှိမနေပါဘူး။

ကြယ်တစ်ထောင်ဓားမော့သူတော်စင်အရှင်ကတော့ ဓားမော့အလင်းတွေ အဆက်မပြတ် ဖော်ထုတ်ကာ စိတ်ဝိညာဉ်ကို ခုတ်ပိုင်းနေတယ်။

သူတို့နှစ်ယောက်အတွဲက အရေအတွက်အားဖြင့် အားသာချက်မရှိပေမယ့် အကျိုးသက်‌ရောက်မှုအရ ‌သွေးရာအဖွဲ့ထက်ပိုမြင့်တယ်။ တကယ်တော့ သွေးအရိပ်နတ်ဆိုးရှင်ဘုရင်ကသာ စိတ်ဝိညာဉ်ကို အချိန်ဆွဲနိုင်ရုံမျှသာပဲရှိတာလေ။ ဒါ့အပြင် သွေးအရိပ်နတ်ဆိုးရှင်ဘုရင်က စိတ်ဝိညာဉ်ကို ထိန်းထားနေစဉ်မှာ သူတို့တိုက်ခိုက်မှုတွေက သွေးအရိပ်နတ်ဆိုးရှင်ဘုရင်အပေါ်ထိမှန်မှာကိုလည်း အခြားသူတွေက စိုးရိမ်နေရတယ်။ စိတ်ဝိညာဉ်နဲ့ ထိပ်တိုက်တွေ့နေတဲ့ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်ကတော့ မတူပါဘူး၊ ကြယ်တစ်ထောင်ဓားမော့သူတော်စင်အရှင်ရဲ့ဓားမော့အလင်းက သူ့အပေါ် ကျလာရင်တောင် သူက ပြဿနာမရှိပါဘူး။

လဝက်‌မပြည့်သေးတဲ့အချိန်မှာ ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်နဲ့ကြယ်တစ်ထောင်ဓားမော့သူတော်စင်အရှင်တို့က စိတ်ဝိညာဉ်ကို သတ်ဖြတ်ကာ နေရာလပ်လက်စွပ်ကို ရရှိခဲ့တယ်။

သဘောတူညီချက်အရ ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်က ၆၀ရာခိုင်နှုန်းယူပြီး ကြယ်တစ်ထောင်ဓားမော့သူတော်စင်အရှင်က ၄၀ရာခိုင်နှုန်းယူရပါလိမ့်မယ်။

…

"ကျေနပ်စရာပဲ၊ တကယ်စိတ်ကျေနပ်စရာပဲ။ ညနတ်ဆိုးသူတော်စင်အရှင်၊ ရှေးကျောက်တုံးမြို့ကနေ ငါတို့ရရှိလာတဲ့အကျိုးအမြတ်တွေ ဘယ်လောက်တောင် ရှိနေပြီလဲ" ခုလေးတင်တိုက်ပွဲပြီးဆုံးခဲ့တဲ့အိမ်ရာတစ်ခုအထဲမှာ လက်လေးဖက်နဲ့အမွေးထူထူရှိတဲ့ကောင်းကင်ပြိုဆင်းသူတော်စင်အရှင်က မေးလိုက်တယ်။

လဝက်တောင်မပြည့်သေးတဲ့အချိန်မှာ ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်နဲ့ကြယ်တစ်ထောင်ဓားမော့သူတော်စင်အရှင်တို့က အိမ်ရာတစ်ခုကိုပဲ ရိတ်သိမ်းနိုင်ခဲ့ပေမယ့် ညနတ်ဆိုးအဖွဲ့က အိမ်ရာနှစ်ခုကို ရိတ်သိမ်းနိုင်ခဲ့တယ်။ အဲဒါက အိမ်ရာနှစ်ခုအကြားသွားလာဖို့လိုအပ်တဲ့အချိန်လည်းအပါအဝင်ပါပဲ။

ညနတ်ဆိုးသူတော်စင်အရှင်က ပြုံးကာ ဖြေလိုက်တယ်"ငါတို့က အိမ်ရာ၁၁ခုကို ရိတ်သိမ်းနိုင်ခဲ့ပြီး ကြွယ်ဝမှုကို တွက်ချက်ကြည့်ရင် အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၄မီလီယံရှိတယ်"

"၄မီလီယံလား.....ဒါက ပြီးခဲ့တဲ့တစ်နှစ်လုံးရဲ့အကျိုးအမြတ်ထက် အများကြီးပိုတယ်"

"ဒါတွေအားလုံးအတွက် ဓားသူတော်စင်အရှင်ကို ကျေးဇူးတင်ရမှာပဲလေ"

"သဘောတူထားတဲ့ဝေခွဲမှုအရ ငါက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀၀၀၀၀ရသင့်တယ်"

"သဘောတူထားတဲ့ဝေခွဲမှုအရ ငါက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၂၀၀၀၀၀ရသင့်တယ်"

ညနတ်ဆိုးအဖွဲ့ဝင်အားလုံးက ပျော်ရွှင်နေကြတော့တယ်။

ရှေးကျောက်တုံးမြို့ကို မဝင်ခင်ကတည်းက သူတို့က ခွဲဝေမှုကို ကြိုတင်ဆွေးနွေးခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ လီဖူချန်းက ကြီးကြီးမားမားဆောင်ရွက်နိုင်လာတာကြောင့် သူတို့က ခွဲဝေမှုကို ပြန်လည်ညှိနှိုင်းခဲ့တယ်။

ခွဲဝေခြင်းအချိုးကတော့ အထက်တန်းသူတော်စင်ခုနှစ်ယောက်က ဝေစုတစ်ပိုင်းစီရမယ်။ အထွတ်အထိပ်သူတော်စင်အရှင်ဆယ့်နှစ်ယောက်ထဲကခြောက်ယောက်က ဝေစုနှစ်ပိုင်းစီရမယ်။ အမှောင်ချိုးငှက်၊ ကျောက်ပုဆိန်သူတော်စင်အရှင်၊ ကူးလီရှာနဲ့စီးဆင်းသံတို့က ဝေစုသုံးပိုင်းစီရမယ်။ ညနတ်ဆိုးသူတော်စင်အရှင်က ဝေစုလေးပိုင်းရပြီး လီဖူချန်းက ဝေစုငါးပိုင်းရလိမ့်မယ်။

ဝေစုစုစုပေါင်း၄၀ပိုင်းရှိတယ်။

အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၄မီလီယံကို ၄၀ပိုင်းခွဲမယ်ဆိုရင် တစ်ပိုင်းစီက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀၀၀၀၀ရှိလိမ့်မယ်။ နှစ်ပိုင်းက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၂၀၀၀၀၀ရှိကာ ငါးပိုင်းက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၅၀၀၀၀၀ရှိလိမ့်မယ်။

.......

မျက်စိတစ်မှိတ်အတွင်း နှစ်ဝက်က ကုန်ဆုံးသွားခဲ့တယ်။

ညနတ်ဆိုးအဖွဲ့က အတော်လေးကံကောင်းတယ်။ ငါးလမြောက်မှာ သူတို့က ဒုတိယမြောက်စိတ်ဝိညာဉ်ပန်းကို တွေ့ခဲ့ပြီး အဠမမြောက်လမှာ သူတို့က တတိယ‌မြောက်စိတ်ဝိညာဉ်ပန်းကို တွေ့ခဲ့တယ်။

စိတ်ဝိညာဉ်ပန်းသုံးခုက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသုံးမီလီယံလောက် ထိုက်တန်တယ်။ ဒါကို ကြီးမားတဲ့အကျိုးအမြတ်တစ်ခုလို့ သတ်မှတ်လို့ရနိုင်တယ်။

မသိလိုက်မသိဘာသာနဲ့ အဖွဲ့က အတွင်းမြို့ရဲ့အတွင်းဘက်အကျဆုံးအပိုင်းကို ရောက်ရှိလာခဲ့တယ်။ လီဖူချန်းက စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်တဲ့အခါ သူက မြို့အရှင်အိမ်‌တော်ရဲ့တည်ရှိမှုကို အာရုံခံနိုင်တယ်။

ဒါပေမယ့် မြို့အရှင်အိမ်တော်က ‌ကြောက်စရာကောင်းတဲ့အန္တရာယ်တွေနဲ့ ပြည့်နေတယ်။ သူက မြို့အရှင်အိမ်တော်ကို မဝင်သင့်ဘူးလို့ လီဖူချန်းရဲ့မသိစိတ်က ပြောနေတယ်၊ သို့မဟုတ်ရင် သေစေနိုင်တဲ့အန္တရာယ်တစ်ခုဖြစ်လာပါလိမ့်မယ်။

မြို့အရှင်အိမ်တော်အပြင် အတွင်းမြို့မှာ အန္တရာယ်များလွန်းတဲ့နေရာအချို့ရှိတယ်။ လီဖူချန်းက ထိုနေရာတွေကို ရှောင်ရှားကာ အဖွဲ့ကို ဦးဆောင်သွားခဲ့တယ်။

"ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်၊ ကြယ်တစ်ထောင်ဓားမော့သူတော်စင်အရှင်နဲ့ အခြားသူတွေပဲ....."

မြို့ဥယျာဉ်တစ်ခုကို ဖြတ်ကျော်တဲ့အချိန်မှာ ညနတ်ဆိုးအဖွဲ့က ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်၊ ကြယ်တစ်ထောင်ဓားမော့သူတော်စင်အရှင်၊ နတ်ဆိုးနှလုံးသားအဖွဲ့နဲ့အခြားရှာဖွေရေးအဖွဲ့တွေကို မြင်လိုက်ရတယ်။

"ကြည့်စမ်း၊ စိတ်ဝိညာဉ်သစ်ပင်နဲ့တူတယ်" မျက်လုံးခြောက်လုံးသားရဲအာဏာရှင်က မြို့ဥယျာဉ်ရဲ့အလယ်ဗဟိုကို ညွှန်ပြကာ တုန်လှုပ်တဲ့လေသံနဲ့ပြောလိုက်တယ်။

အားလုံးကလည်း မြို့ဥယျာဉ်ရဲ့အလယ်ကို လိပ်ပြာအသိစိတ်အာရုံနဲ့ ချက်ချင်းစစ်ဆေးကြည့်လိုက်တယ်။ အနက်ရောင်ဖြာထွက်အလင်းတွေထုတ်လွှတ်နေတဲ့အနက်ရောင်သစ်ပင်တစ်ပင်ရှိတယ်။ အနက်ရောင်သစ်ပင်က စိတ်ဝိညာဉ်ပန်းပင်နဲ့ဆင်တူကာ ဟင်းလင်းပြင်ထဲမှာ အမြစ်တွယ်နေတယ်၊ မျက်နှာပြင်ပေါ်မှာလည်း ခရမ်းရောင်အင်းကွက်တွေ ရှိတယ်။ အကိုင်းတွေထဲကတစ်ခုမှာ တူညီတဲ့ခရမ်းရောင်အင်းကွက်တွေရှိတဲ့သစ်သီးတစ်လုံးက တွဲလောင်းကျနေတယ်။ အဲဒါလည်း အနက်ရောင်ဖြာထွက်အလင်းတွေ တောက်ပနေတယ်။

စိတ်ဝိညာဉ်သစ်ပင်က စိတ်ဝိညာဉ်ပန်းထက် အဆတစ်ရာပိုတန်ဖိုးရှိကာ စိတ်ဝိညာဉ်သစ်သီးကို ထုတ်လုပ်နိုင်တယ်။ စိတ်ဝိညာဉ်ပန်းက စကြာဝဠာထဲမှာပြန့်ကျဲနေတဲ့စိတ်ဝိညာဉ်ကို စုစည်းပေးနိုင်သလို စိတ်ဝိညာဉ်သစ်သီးက စိတ်ဝိညာဉ်ကိုစုစည်းပေးရုံမက စိတ်ဝိညာဉ်ကို ပိုသန်မာပြီးပိုပြီးပြည့်စုံအောင် လုပ်ပေးနိုင်တယ်။

စိတ်ဝိညာဉ်သစ်သီးတစ်လုံးက စိတ်ဝိညာဉ်ပန်းဆယ်ခုနဲ့ တန်ဖိုးညီမျှတယ်။ လေလံတင်ရင် စိတ်ဝိညာဉ်သစ်သီးတစ်လုံးကို အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀မီလီယံနဲ့ အလွယ်တကူရောင်းချနိုင်တယ်။ ကောင်းကင်ဘုံအရှင်တစ်ယောက်ကတောင် စိတ်ဝိညာဉ်သစ်သီးကို လိုချင်ပါလိမ့်မယ်။

ကောင်းကင်ဘုံအရှင်တွေ ရှေးကျောက်တုံးမြို့ကို မဝင်ရောက်နိုင်တာကတော့ စိတ်မကောင်းစရာတစ်ခုပါပဲလေ။

စကြာဝဠာအတွင်းမှာ ကောင်းကင်ဘုံအရှင်တွေကို လက်မခံတဲ့အပျက်အစီးနယ်မြေတွေ အများကြီးရှိတယ်။

ဒီအပျက်အဆီးနယ်မြေတွေက ကောင်းကင်ဘုံအရှင်တွေကို ဘယ်လိုခွဲခြားတာလဲ။

ကောင်းကင်ဘုံအရှင်တွေရဲ့အဆုံးစွန်းအဆင့်ချီတည်ရှိမှုက လုံးဝခြားနားတဲ့အဆင့်မှာရှိတယ်။ သူတော်စင်အရှင်တွေနဲ့နှိုင်းယှဉ်ရင် သိသာတဲ့ကွဲပြားချက်တစ်ခုရှိတယ်။

အဆုံးစွန်းအဆင့်သိုင်းပညာတွေတစ်ခုမှ နားမလည်ဘူး၊ သူတို့ရဲ့ကျင့်ကြံခြင်းနည်းလမ်းက ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေမှာပဲရှိတဲ့ကောင်းကင်အရှင်တွေလည်းရှိတယ်၊ ဒါပေမယ့် အဲဒါက အလွန်ရှားတယ်။ ဒါ့အပြင် ဒီလိုကောင်းကင်ဘုံအရှင်တွေမှာ အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံတွေ ရှိပြီး သူတို့ရဲ့ကျင့်ကြံခြင်းနည်းလမ်းနဲ့ အလွန်လိုက်ဖက်ညီတယ်။

"‌ဒါပေမယ့် စိတ်ဝိညာဉ်သစ်သီးကို ရဖို့က ဒီလောက်မလွယ်ဘူး" လီဖူချန်းရဲ့အမူအရာက လေးနက်သွားတယ်။

စိတ်ဝိညာဉ်သစ်ပင်ရဲ့အနီးနားမှာ လီဖူချန်းက ပုံရိပ်တစ်ခုကို မြင်ခဲ့တယ်။

အဲဒါက ကြောက်မက်ဖွယ်ကောင်းတဲ့ပုံရိပ်တစ်ခုဖြစ်ပြီး အဝေးကနေတောင် လီဖူချန်းက ဖိအားအရိပ်အယောင်ကို ခံစားမိနေတယ်။

သူ ထင်တာ မမှားရင် ပုံရိပ်က အချိန်သဲမြို့ရဲ့နံပါတ်၁သူတော်စင်အရှင်တောက်ပအလင်းမျိုးစုံနတ်ဘုရားသူတော်စင်အရှင်ပဲ ဖြစ်ရမယ်။

တောက်ပအလင်းမျိုးစုံနတ်ဘုရားသူတော်စင်အရှင်က နတ်ဘုရားမျိူးနွယ်သူတော်စင်ဖြစ်ပြီး အတိုင်းမသိခွန်အားရှိတယ်။

သူ့ခွန်အားက အားနည်းတဲ့ကောင်းကင်ဘုံအရှင်တွေနဲ့တောင် နှိုင်းယှဉ်နိုင်တယ်လို့တော့ ပြောကြတယ်။

"ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်နဲ့အခြားသူတွေက လှုပ်ရှားမယ့်ပုံပဲ။ အရင်စောင့်ကြည့်နေရအောင်" ကူးလီရှာက အဆိုပြုလိုက်တယ်။

စိတ်ဝိညာဉ်သစ်သီးတစ်လုံးက ဘယ်သူတော်စင်အရှင်ကိုမဆို ရူးနှမ်းစေဖို့လုံလောက်တယ်။ တကယ်တော့ အဲဒါက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀မီလီယံထိုက်တန်တာလေ။

အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀မီလီယံက ထူးကဲထိပ်တန်းအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတွေ၊ ထူးကဲထိပ်တန်းအဆင့်အထွတ်အထိပ်ချပ်ဝတ်တစ်ခုဒါမှမဟုတ်လက်နက်တစ်ခုကို ဝယ်ယူနိုင်တယ်။ အဆုံးစွန်းအဆင့်ရတနာတွေကလွဲပြီး အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀မီလီယံက အရာအားလုံးကို ပြုလုပ်နိုင်တယ်။ အဲဒါက ဘယ်သူတော်စင်အရှင်ကိုမဆို ခွန်အားအဆများစွာတိုးစေနိုင်တယ်။

(လာပြန်ပါပြီ- ထူးကဲထိပ်တန်းအဆင့်အထွတ်အထိပ်၊ သာလွန်ထိပ်တန်းအဆင့်အထွတ်အထိပ်၊ ဒီနှစ်ခုကိုတော့ မူရင်းစာ‌ရေးဆရာက တစ်ချက်တစ်ချက်ကောက်ကောက်ထည့်တတ်တယ်၊ ထိပ်တန်းအဆင့်အထွတ်အထိပ်ကိုမှ ထပ်ခွဲထားတဲ့အဆင့်တွေလို့ မှတ်ပေးကြပါ- မြန်မာဘာသာပြန်သူ)

ဒီအရာအားလုံးက ဒုတိယပါ.....စိတ်ဝိညာဉ်သစ်သီးတစ်လုံးရောင်းပေးခြင်းက ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့အကူအညီကို ရနိုင်တယ်လေ။

အချိန်သဲမြို့မှာ စိတ်ဝိညာဉ်သစ်သီးတစ်လုံးကို ဝယ်ချင်တဲ့ကောင်းကင်ဘုံအရှင်တစ်ယောက်ရှိတာကို လူတိုင်းက သိတယ်။

သူတို့က စိတ်ဝိညာဉ်သစ်သီးကို ရရှိပြီး အဲဒါကို ထိုကောင်းကင်ဘုံအရှင်ထံ ရောင်းနိုင်မယ်ဆိုရင် ကောင်းကင်ဘုံအရှင်က ဒီအကူအညီကို သေချာပေါက်မှတ်မိပါလိမ့်မယ်။

ဝုန်း.......

ကြောက်စရာကောင်းတဲ့ချီလှိုင်းတစ်ခုက မြို့ဥယျာဉ်ထဲမှာ ပေါက်ကွဲထွက်လာတယ်။ ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်၊ ကြယ်တစ်ထောင်ဓားမော့သူတော်စင်အရှင်၊ နတ်ဆိုးနှလုံးသားသူတော်စင်အရှင်တို့ရဲ့ဦးဆောင်မှုနဲ့အတူ အထွတ်အထိပ်သူတော်စင်အရှင်ဒါဇင်ကျော်က တောက်ပအလင်းမျိုးစုံနတ်ဘုရားသူတော်စင်အရှင်ကို ဆန့်ကျင်တိုက်ခိုက်လာကြတယ်။

All Chapters