ချင်းအိမ်တော်နှင့် မိန်းမပျိုလေးပျောင်
Vol. 21 Ch. 281
နှစ်နာရီလောက် ကြာပြီးနောက်မှာ ဟန်လိသည် ချင်းယန်နှင့်အတူ လျှို့ဝှက်အခန်းထဲကနေ ပြန်ထွက်လာသည်။ အပြင်သို့ ရောက်သည်နှင့် သူ့ပုံစံက နုံနုံအအ အသွင် ပြန်ဖြစ်သွားသည်။
ဧည့်ခန်းထဲ ရောက်လာသည့်အခါ ခေါင်းဆောင်ချင်းယန်သည် သူ့တတိယဇနီးကို လှမ်းကြည့်ကာ အိမ်တော်အနောက်ဘက်မှာ သန့်ရှင်းသပ်ရပ်သောအခန်းတစ်ခုကို စီစဉ်ခိုင်းသည်။ ထိုနေရာတွင် သူ၏ တူတော်မောင်ဟန်က အချိန်ကြာကြာ နေထိုင်မည့်အကြောင်း ပြောပြသည်။
အပေါ်ယံပြသော အကြောင်းပြချက်က ရိုးရှင်းသည်။ ဟန်လိ၏ အကြီးအကဲက ချင်းယန်အပေါ် ကျေးဇူးရှိခဲ့ဖူး၍ ထိုကြင်နာမှုကို ပြန်ပေးဆပ်ရမည့် ဟူ၍ပင်။
တတိယဇနီးက သည်မြင်ကွင်းကို တွေ့သည့်အခါ မေရိုးပြုတ်ကျမတတ် အံ့ဩတကြီး ဖြစ်ရသည်။ သို့သော် သူမသည် ဆန့်ကျင့်သည့် မည်သည့်စကားကိုမျှ မပြောနိုင်ချေ။
သူမက ချင်းယန်သည် ဆုံးဖြတ်ပြီးဖြစ်ကာ စိတ်ပြောင်းတော့မည် မဟုတ်တာကို သိသည်။ ထို့အပြင် သူမက သည်ဂုဏ်ပြုရမည့် တူတော်မော်က သူ့အရှင်ခင်ပွန်းနှင့် မည်သို့သော ပတ်သတ်မှု ရှိသလဲကို သိချင်စိတ် ဖြစ်မိနေသည်။
သို့ပေမည့် ချင်းယန်က ဘာမှ ထွေးထွေးထူထူ ထပ်မပြောမှတော့ သူမသည်လည်း မလျော်မကန်သော အပြုအမူများ၊မေးခွန်းများ မေးတော့မည် မဟုတ်ပေ။
သို့သော် သူမက ခင်ပွန်းဖြစ်သူမှာ ထိုတူတော်မောင်အပေါ် အလွန် အလေးထားသည့်အကြောင်းကို ခန့်မှန်းကြည့်၏။ ထိုတူတော်မောင်မှာ ချင်းယန်ငယ်စဉ်က ပွေရှုပ်ခဲ့စဉ်က ရခဲ့ဖူးသော သူ့သားများ ဖြစ်နေမလား။
တတိယဇနီးက ထိုသို့တွေးမိလေလေ သူမ၏ အတွေးမှာ မှန်နိုင်သည်ဟု ပိုခံစားမိလေပင်။ သူမက နည်းနည်းတော့ မပျော်မရွှင် ဖြစ်သွားသည်။ သို့သော် သူမက ဘာမှ မဖြစ်လေသည့်အလား ဟန်ဆောင်နေကာ ဟန်လိအပေါ် ရင်းနှီးမှု ပိုပြသသည်။
ထိုသို့ဖြင့် သခင်ကြီးချင်း၏ ထပ်ခါထပ်ခါ မှာကြားမှုများအောက်မှာ ဟန်လိသည် သူ နေထိုင်ရမည့် နေအိမ်ထံ ချင်းပိုင်နောက်ကနေ လိုက်လာခဲ့တော့သည်။
သည်တစ်ကြိမ်၌ ချင်းပိုင်၏ အမူအရာမှာ အစောတုန်းကကဲ့သို့ မျက်နှာကြော တင်းတင်း မဟုတ်တော့ပေ။ ထိုအစား သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေပြီ။ သူက ဟန်လိကိုလည်း သခင်လေးဟန်ဟု ပြောင်းခေါ်သည်။
ဟန်လိသည် သည်သေမျိုးအစေခံနှင့် ပတ်သတ်ပြီး သက်ပြင်းချမိသည်။ ထိုသူ၏ အမူဟန်ပန်အပြောင်းအလဲ မြန်လှစွာ သရုပ်ဆောင်နိုင်စွမ်းကား အံ့မခန်းပင်။ ထိုအစေခံသည် မောက်မာသည့် ဟန်ပန်ကနေ ရိုးကျိုးသောဟန်သို့ ချက်ခြင်းလက်ငင်း ပြောင်းပစ်နိုင်ခဲ့တာ မဟုတ်လား။
ဟန်လိက ထိုသူ၏ မျက်နှာသည် အရေထူလွန်းသလား၊ သို့မဟုတ် သူသည် ယခုခဲ့သို့ အခြေအနေများနှင့် အသားကျနေခဲ့တာ ကြာခဲ့ပြီလားကိုမူ မသိပါ။
ချင်းပိုင်က အိမ်တော်အနောက်ဘက်ထဲ သွား၍ရသော လမ်းကျဉ်းလေးကနေ ဟန်လိကို ခေါ်လာခဲ့သည်။ သူတို့သည် အေးချမ်းဆိတ်ငြိမ်သော ခြံဝန်းတစ်ခုထဲရှိ သုံးထပ်အိမ်တစ်ခုသို့ ရောက်လာသည်။
ပတ်ဝန်းကျင်က အေးအေးချမ်းချမ်း ရှိလှသဖြင့် ဟန်လိသည် စိတ်ထဲကနေ ခေါင်းညိတ်မိသည်။ ဤသို့သော နေရာရပ်ဝန်းက သူ့အကြိုက်ပင်။
“သခင်လေးဟန်…ဒါက ခင်ဗျားရဲ့ နေအိမ်ပါ။ ချင်းအိမ်တော်မှာ အကောင်းဆုံး ခြံဝန်းပဲ။ တစုံတစ်ယောက်ဟာ သခင်ကြီးရဲ့ တန်ဖိုးထားရတဲ့ ဧည့်သည်တွေထဲက မဟုတ်ရင် ဒီမှာ နေခွင့် မရှိဘူး…”
ချင်းပိုင်က ခြံဝန်းထဲ ဟန်လိကို ခေါ်လာပေးပြီးနောက်မှာ ကပ်ဖားယပ်ဖား စကားများပြောလာသည်။
ဟန်လိက ခေါင်းကုတ်ကာ ပြုံးဖြီးဖြီးသာ လုပ်နေသည်။ သူက မည်သို့ပြောရမှန်း မသိသည့်နှယ် တဟားဟား ရယ်နေသည်။
ထိုအခါ ချင်းပိုင်က တခြားခေါင်းစဉ်ကို ပြောင်းသည်။
“သခင်လေးဟန်…အခုထိ ညစာ မစားရသေးဘူးမလား။ ဒီအစေခံ မီးဖိုချောင် သွားပြီး စားသောက်စရာအချို့ ယူလာခဲ့ပါမယ်။ ကျေးဇူးပြုပြီး ခဏစောင့်နေပေးပါ…”
ထိုသို့ပြော၍ ချင်းပိုင်သည် ခြံဝန်းထဲကနေ တရိုတသေ ပြန်ထွက်သွားသည်။
ဟန်လိသည် ထိုသူ တဖြည်းဖြည်း ဝေးသွားတာကို မြင်သည့်အခါ ခပ်ရေးရေး ပြုံးမိသည်။ သူက နေအိမ်ထဲ ဝင်လာသည်။
အိမ်ထဲ၌ စီမံနေရာချထားမှုမှာ ပတ်ဝန်းကျင်နှင့် လိုက်ဖက်လှပါသည်။ ပရိဘောဂများကို သေသေသပ်သပ် ထားရှိသည်။
သူသည် ဒီအိမ်၏ နေရာနှင့် အထားအသို ပြင်ဆင်ထားမှုတို့ကို ချီးကျူးမိသည်။ မည်သူကများ သည်နေရာကို စီမံခဲ့သနည်းဟု သူ မတွေးမိဘဲ မနေနိုင် ဖြစ်ရသည်။
ချင်းပိုင်က မြန်၏။ သိပ်မကြာခင်မှာ အမျိုးသမီးအစေခံတစ်ယောက်သည် အစားအသောက်များ ထည့်ထားသော ဝါးဗန်းတစ်ခုကို ယူလာပေးသည်။
မွှေးသင်းနေသော အစားအသောက အနံ့များက နှစ်များစွာ အစားအသောက် မစားဖြစ်တာ ကြာပြီဖြစ်သော ဟန်လိကို နည်းနည်းတော့ စားချင်စိတ် ဖြစ်မိသွားစေသည်။ သူက အားမနာတမ်း ကြိတ်တော့သည်။
စားသောက်ပြီး၍ ချင်းပိုင်က ဝါးဗန်းထဲ ပြောင်သလင်းခါသွားတာကို မြင်သည့်အခါ နည်းနည်းတော့ ရယ်ချင်မိသွားသည်။ သို့သော် သူ့ဟန်ပန်ကမူ လေးစားသမှုဖြင့်သာ။ သူက ဟန်လိကို ခန်းမထဲ လာဖို့ ဖိတ်ခေါ်သည်။ သခင်ကြီးချင်းသည် ဟန်လိကို ချင်းအိမ်တော်၏ အဖွဲ့ဝင်အဖြစ် မိတ်ဆက်ပေးချင်နေသည်။
ဟန်လိသည် ဒုတိယကြိမ်မြောက် ဧည့်ခန်းမထဲ ရောက်လာသည့်အခါတွင်မူ ချင်းယန်နှင့် သူ့တတိယဇနီးတို့သိာ မဟုတ်လေတော့။ ထိုင်နေ၊ရပ်နေလျက် ရှိကြသော အမျိုးသား၊အမျိုးသမီး အယောက်သုံးဆယ်ဝန်းကျင်လောက်ပါ အခန်းထဲ၌ ရှိနေသည်။
ချင်းယန်သည် ဟန်လိကို သူ့ဘေးနား တရင်းတနှီး လာထိုင်ခိုင်းသည်။ ထိုအခါ ခန်းမအတွင်းရှိ မိသားဝင်ဟောင်းမျာသည် အံ့ဩကုန်သည်။ သိုသော် တခြားသူများကတော့ ဘာမျှ မတုန့်ပြန်ပေ။ ချင်းမိသားစု၏ လူငယ်သခင်လေးများနှင့် သခင်မလေးများကတော့ သူတို့၏ တည်ငြိမ်မှုကို မထိန်းထာနိုင်တော့ပေ။ မျက်နှာသာ ပေးခံရသော သခင်လေးတစ်ယောက်က မကျေမနပ်နှင့် ထမေးတော့သည်။
“အဘိုး…ဒီအစ်ကိုက ဘယ်သူများလဲ။ ကျုပ်တို့ ညီအစ်ကိုမောင်နှစ်မတွေ သူ့ကို အရင်က လုံးဝ မမြင်ဖူးဘူး။ သူ့ကြောင့် ကျနော်တို့ကို ဒီကို ခေါ်လိုက်တာလား…”
ချင်းယန်သည် သူ့မြေး၏ အသံထဲ၌ မပျော်မရွှင်ဖြစ်နေတာကို သိသည်။ သို့သော် သူက မျက်နှာသာ လုံးလုံး မပေးလေပေ။ အေးစက်စက် လှမ်းကြည်ကာ မြေးဖြစ်သူကို လှမ်းဟောက်သည်။
“ပြန်ထိုင်စမ်း။ ဒီနေရာမှာ မင်းက ပြောရေးဆိုခွင့် ရှိလို့လား။ အဲ့လူ၊အဲ့လူနဲ့။ သူက ငါ့ရဲ့ ဂုဏ်ယူရတဲ့ တူတော်မောင်။ သူ့အကြီးအကဲတွေဟာ ငါတို့ ချင်းမျိုးနွယ်စုကို သေရေးရှင်ရေး ဖြစ်တဲ့အခါတွေတိုင်း ကူညီစောင့်မပေးခဲ့တာ။ မင်းအနေနဲ့ သူ့ကို မလေးမစား လုပ်ခွင့် မရှိဘူး…”
ချင်းယန်၏ စကားကြောင့် တတိယဇနီးကလွဲ၍ အခန်းထဲရှိ လူတိုင်းသည် အုတ်အော်သောင်းနင်း ဖြစ်ကုန်သည်။
ဟန်လိအပေါ် ရန်လိုသောအကြည့်၊ စူးစမ်းသောအကြည့်များ စုပြုံရောက်လာသည်။ ဟန်လိကမူ ဂနာမငြိမ်ဟန်ဖြင့် ထိုင်နေလျက်သာ။
ချင်းမိသားစုမှ သခင်လေးသည် တိတ်တဆိတ် နောက်ပြန်ဆုတ်သွားသည်။ သူ့မျက်နှာထက်တွင်မူ ထိတ်လန့်ဟန်၊ ရှက်ရွှံဟန်တို့ တလှည့်စီ ပြောင်းနေသည်။
သူသည် သူ့ကို ချစ်မြတ်နိုးသော ချင်းယန်ထံ အခုကဲ့သို့ ခပ်ကြမ်းကြမ်း ပြောလာလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ သည့်အတွက် သူ့ညီအစ်ကိုမောင်နှစ်မများရှေ့မှာ သူ မျက်နှာ ပျက်ရလေပြီ။
သည်ကိစ္စကြောင့် ဟန်လိအပေါ် သူ အကောင်းမမြင်တော့မှာ သဘာဝပင်။
သည်နုံအအပုံနှင့် တောသားက သူ့အဘိုး၏စိတ်ထဲမှာ နေရာမြင့်မြင့် ယူထားပုံ ရသည်။ သည့်အတွက်ကြောင့် ချင်းယန်၏ မျက်နှာသာပေးမှုကို သူ မဆုံးရှုံးချင်ပေ။
ထိုသခင်လေးကို ဥပမာထားကာ ကျန်သည့်သူများသည်လည်း ရန်လိုသော အပြုအမူများ လုပ်မလာကြတော့ပေ။ ထိုအစား သူတို့က ဟန်လိနှင့် အကြည့်ချင်းဆုံပြီးနောက် သဘောကောင်ဟန်အမူအရာများ ဖော်ပြကြသည်။
ချင်းယန်သည် ဟန်လိကို ပြုံးပြပြီး အခန်းထဲရှိ လူအားလုံးကို လက်ညှိုးထိုးကာ မိတ်ဆက်ပေးသည်။
“ဒါက ကျုပ်ရဲ့ အကြီးဆုံးသား ချင်းကျီ။ သူဟာ ယွဲ့ကျင်းမှာ ရှိတဲ့ စီးပွားရေး ကိစ္စအားလုံးအတွက် ငါ့ကို ကူညီစီမံပေးတယ်။ ဒါကတော့ ကျုပ်ရဲ့ ဒုတိယမြောက်သား…”
ဟန်လိသည် ဟန်ဆောင်ကာ ခေါင်းတဆတ်ဆတ် ညိတ်နေသော်လည်း သူသည် ချင်းယန်မိတ်ဆက်ပေးသော ချင်းမိသားစုဝင်တိုင်းကို မှတ်သားထားသည်။ တကယ်တော့ ထိုသူများသည် သူ ကာကွယ်ပေးရမည့်သူများ ဖြစ်နေတာ မဟုတ်လား။
သို့ပေမည့် သည်သခင်ကြီးချင်းသည် အမှန်တကယ် ယောက်ျားပီသသူပင်။ သူ့မှာ သားငါးယောက်၊ သမီးသုံးယောက် ရှိသည်။ မြေးများနှင့် မြေးမများလည်း ရှိနေပြီ။
အကြီးဆုံးသားနှင့် ဒုတိယသားတို့မှာ အသက်သုံးဆယ်ဝန်းကျင်လောက် ရှိမည်။ အစောလေးတုန်းက မေးခွန်းထုတ်ခဲ့သူမှာ အကြီးဆုံးသား၏ ဒုတိယမြောက်သား ဖြစ်သည်။
သို့ပေမည့် ရယ်စရာတစ်ခု ကောင်းသည်မှာ ချင်းယန်၏ အငယ်ဆုံးသားဖြစ်သော ငါးယောက်မြောက်သားမှာ အသက်ငါးနှစ်၊ခြောက်နှစ်လောက်သာ ရှိသေးသည်။ ထိုကောင်လေးက ကလေးပီပီ လက်မစုပ်နေလျက် ရှိသည်။
ဟန်လိသည် အသက်ဆယ့်ခြောက်၊ဆယ့်ခုနစ် လူငယ်လေးများက သည်ကလေးလေးကို ‘ဦးလေးငါး’ဟု ခေါ်ရမည့်အဖြစ်ကို တွေးမိကာ သူ့စိတ်ထဲ အတော်လေး ရယ်ချင်မိသွားသည်။
ချင်းယန်၏ ဇနီးများတွင်မူ သူ တွေ့ဖူးသော တတိယဇနီးအပြင် အသက်လေးဆယ်လောက်ရှိမည့် ဒုတိယဇနီးလည်း ရှိနေသည်။ ငယ်ရွယ်သော ကိုယ်လုပ်တော် ခုနစ်ယောက်၊ရှစ်ယောက်လောက်လည်း ရှိနေသေးသည်။
ချင်းယန်၏ ပထမဇနီးမှာ သည်အခန်းထဲမှာ ရှိမနေပေ။ သူမသည် ဘုရားဝတ်ပြုနေကာ ဥပုသ်စောင့်နေသည်။ သူမသည် မည်သူ့ကိုမျှ တွေ့ဖို့ ထွက်လာအုံးမည် မဟုတ်ပေ။
ထိုသူများအပြင် အသက်လေးဆယ်ဝန်းကျင်လောက် ရှိမည့် အမျိုးသားနှစ်ယောက်လည်း ရှိနေသေးသည်။ သူတို့သည် ချင်းယန်၏ ဒုတိယနှင့်တတိယညီငယ်များ ဖြစ်ကြသည်။
သူတို့သည် ချင်းမိသားစု၏ စီးပွားရေးများကို ကာကွယ်ပေးဖို့ တာဝန်ရှိသူများထဲ၌ ပါသည်။ သူတို့ကို ချင်းမိသားစု၏ အရေးကြီးမိသားစုဝင်များအဖြစ် ယူဆ၍ ရသည်။ တကယ်တော့ သူတို့၌လည်း သားသမီးတချို့ ရှိသည်ပင်။ သို့သော် ဟန်လိက ထိုသူများ၏ အမည်များကိုသာ မှတ်ထားပြီး ထပ်မံ အာရုံစိုက်ရမှာကို အလွန်ပျင်းရိနေလေ၏။
တကယ်တော့ လူတစ်ယောက်အနေဖြင့် သူ ပိုင်ဆိုင်ထားသော စွမ်းအင်မှာ အကန့်အသတ် ရှိသည်။ သူသည် အခန်းထဲ၌ ချင်းယန် မိတ်ဆက်ပေးသော လူများကို ကာကွယ်ပေးဖို့သာ အာရုံစိုက်နိုင်မည်။
“မိန်းမပျိုပျောင်ကော ဘယ်ရောက်နေတာလဲ…”
ချင်းဘန်သည် အခန်းထဲရှိ လူအားလုံးကို မိတ်ဆက်ပေးပြီးနောက်မှာ သူက လူတစ်ယောက် လိုနေသေးတာကို ရုတ်တရက် တွေ့သွားသည်။ သူသည် သူ့ဘေးတွင် ထိုင်နေသော တတိယဇနီးကို လှမ်းမေးသည်။
“အရှင်…ညီမလေးပျောင်က မုဆိုးမ ဖြစ်သွားတဲ့အတွက် ခံစားနေရပါတယ်။ သူ့ကို အပြင်သူတွေနဲ့ တွေ့ခိုင်းဖို့ မသင့်တော်ပါဘူး။ ဒါ့ကြောင့် သူမ မလာတာပါ။ ကျမ သူ့ကို သွားခေါ်ပေးရမလား…”
“အင်း…” ချင်းယန်သည် ခဏ စဉ်းစားသည်။ ပြီးမှ ဆက်ပြောသည်။ အဲ့ကိစ္စကို စိတ်မပူပါနဲ့။ တူလေးဟန်က အပြင်လူတစ်ယောက် မဟုတ်ဘူး။ သူ့ကို သွားခေါ်ပြီး တူလေးဟန်နဲ့ တွေ့ပေးတာ အကောင်းဆုံးပဲ…”
“ကောင်းပါပြီ…အရှင်…”
“ကလေးမလျန်…သခင်မလေးပျောင်ကို မြန်မြန်သွားခေါ်ချေ။ သူ့ကို အရှင်က လာခိုင်းတာလို့ ပြောလိုက်…”
တတိယဇနီးသည် သူမနောက်မှ အစေခံကလေးမတစ်ယောက်ကို အမိန့်ပေးသည်။
“ကောင်းပါပြီ…သခင်မ..” သူမသည် အခန်းတံခါးဝထံ အပြေးသွားတော့သည်။
ထိုအချိန်၌ ချင်းယန်သည် ဟန်လိဘက်သို့ လှည့်ကာ လေသံတိုးတိုးဖြင့် ပြောသည်။
“ဒီကို ရောက်မလာတဲ့ နောက်တစ်ယောက် ရှိသေးတယ်။ သူမကို ကျုပ်ရဲ့ ပထမဇနီးဟာ လွန်ခဲ့တဲ့ ခုနစ်နှစ်၊ရှစ်နှစ်လောက်တုန်းက ကယ်ခဲ့တာ…”
“အဲ့မိန်းကလေးက အတော်လေး သနားဖို့တော့ ကောင်းတယ်။ သူမဟာ ခေါင်းထိပြီး မှတ်ဉာဏ်ဆုံးရှုံးသွားရုံတင် မကဘူး၊ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့။ ကျုပ် ဇနီးရဲ့ စိတ်သဘောက အတော်လေး ကောင်းလှတယ်။ အဲ့ကောင်မလေးမှာ သွားစရာ နေစရာ မရှိတဲ့အတွက် ကျုပ်ဇနီးက သူမရဲ့ အစ်ကိုတွေထဲ တစ်ယောက်ကို မွေးစားခိုင်းခဲ့ပြီး သူမကို ထောက်ပံ့ပေးခဲ့တာပဲ…”
“ဒါပေမဲ့လည်း အဲ့မိန်းကလေးရဲ့ ကံဆိုးချက်ကတော့ လက်လန်တယ်။ သူမဟာ မွေးစားအဖေ စီစဉ်ပေးတဲ့သူနဲ့ လက်ထပ်ခဲ့ပေမယ့်လည်း လက်ထပ်ပြီး သုံးရက်အကြာမှာပဲ သူ့ယောက်ျားဟာ အမူးလွန်ပြီး မြစ်ထဲ ပြုတ်ကျ သေသွားခဲ့တယ်လေ။ ဒါ့ကြောင့် ဒီမိန်းကလေးဟာ နောက်ထပ် ပြန်လက်ထပ်လည်း မလွန်ပါဘူး။ ဒါပေမဲ့ သူမက သုံးရက်ပဲ ပေါင်းခဲ့ရတဲ့ ခင်ပွန်းဖြစ်သူအတွက်နဲ့ပဲ မုဆိုးမတစ်ယောက်အဖြစ် နေဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါက ဒီအိမ်တော်မှာ လူပြောများတဲ့ အကြောင်းအရာ ဖြစ်ခဲ့တယ်။ ကျုပ်ဇနီးရဲ့ မိသားစုကတော့ အဲ့ကလေးမအပေါ် မျက်နှာသာပေးပါတယ်လေ…”
“ပြီးတော့ သူမရဲ့ မွေးစားအဖေဟာလည်း ဖျားပြီးတော့ ဆုံးပါးသွားခဲ့တယ်။ ဒါ့ကြောင့် ကျုပ်ရဲ့ ဇနီးဟာ ဒီကောင်မလေးကို သူမနဲ့အတူ နေဖို့ ခေါ်လာခဲ့တော့တာ။ ကျုပ်ရဲ့ ဇနီးက သူမရဲ့ စိုးရိမ်ဗျာပါဒတွေကို ဖယ်ရှားပေးခဲ့တယ်လေ…”
ချင်းယန်သည် ထိုသို့ ပြောနေရင်း သက်ပြင်းအခါခါ ချနေသည်။