← Chapters

ပြောင်းလဲသွားခြင်း

Vol. 21 Ch. 282

ပြောင်းလဲသွားခြင်း

Vol. 21 Ch. 282

ဟန်လိသည် ချင်းယန်၏ စကားများကို ကြားရပြီးနောက်မှာ တုန်လှုပ်အံ့အားသင့်ဟန် ဖြစ်ပေါ်သွားလည်း စိတ်ထဲကတော့ သဘောမကျပေ။

အခန်းထဲရှိ လူငယ်သခင်လေးများသည် မိန်းမပျိုလေးပျောင် လာမည့်အကြောင်း ကြားသည့်အခါ သူတို့၏ မျက်လုံးထဲ၌ မျှော်လင့်ခြင်းတို့ ဖြစ်ပေါ်ကာ ပျော်ရွှင်သော ဟန်အမူအရာတို့ဖြင့် တီးတိုးစကားများ ပြောဆိုကုန်သည်။ သည့်အတွက် ဟန်လိမှာ အံ့အားသင့်သွားသည်။ သို့သော် ခဏအကြာ၌ ပန်းတစ်ပွင့်နှယ် နူးညံ့လှပသော မိန်းမပျိုပျောင် ရောက်လာသည့်အခါ ထိုသခင်လေးများ ခုလိုဖြစ်သွားသည့်အကြောင်းကို သူ သဘောပေါက်သွားတော့သည်။

သည်အချိန်မှာပင် အဖြူရောင်ဝတ်စုံဖြင့် မိန်းမပျိုတစ်ယောက်နှင့် အစေခံကောင်မလေးတစ်ယောက်တို့သည် ဒီဧည့်ခန်းထဲ ရောက်လာခဲ့ကြပြီ။

ထိုမိန်းမပျိုသည် လှပရှည်လျားသော မျက်ခုံးတန်းတန်းကို ပိုင်ဆိုင်ထားပြီး ညင်သာသိမ်မွေ့ဟန် ပေါက်နေသော်လည်း သူမသည် နတ်သမီးလေးတစ်ပါးနှယ် စွဲဆောင်မှုကို ပေးစွမ်းနေသည်။ သူမမှာ အလွန်ချစ်ခင်နှစ်လိုဖွယ် ကောင်းလှသည်။ သူမထံ အကြည့်ရောက်နေသော ယောက်ျားသားအများစုသည် သူမကို ပြေးပွေ့ဖက်ချင်စိတ် ပေါက်နေကြ၏။

မရင့်ကျက်သေး၊ အတွေ့အကြုံမကြွယ်သေးသော လူငယ်သခင်လေးများဆို သူမကို မျက်လုံးပြူးကာ မျက်တောင်မခတ်တမ်းကို ကြည့်နေကြသည်။

သို့သော် ထိုမိန်းမပျိုကို မြင်ရသည့်အခါ၌ ဟန်လိ၏ မျက်လုံးထဲတွင်မူ တုန်လှုပ်အံ့အားသင့်ဟန် ဖြတ်ပြေးသွားသည်။ သူ့မျက်နှာပေါ်ရှိ နုံအအပုံစံမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ကံကောင်းသည်မှာ ဟန်လိက သူ့စိတ်ကိုယ်သူ အချိန်မီ ပြန်ထိန်းနိုင်ကာ သူ၏ မူလဟန်ပန်အတိုင်း ပြန်ရှိစေသည်။

ထိုသို့ ဟန်လိ၏ ဟန်အမူအရာ ပြောင်းလဲသွားမှုက တစက္ကန့်မျှပင် မရှိသည့်အပြင် အခန်းထဲရှိ လူအားလုံးကလည်း မိန်းမပျိုထံ အကြည့်ရောက်နေသဖြင့် သူ့လျှို့ဝှက်ချက်မှာ မပေါ်သွားခဲ့ပေ။

ခုချိန်၌ ဟန်လိ၏ စိတ်ထဲတွင် ဂနာမငြိမ် ဖြစ်ကာ မုန်တိုင်းထန်နေပြီ။

‘မိန်းမပျိုပျောင်’၏ ရုပ်သွင်ဟန်ပန်က အရင်နှင့် ကြီးစွာ ခြားနားသွားသော်လည်း သူမ၏မျက်လုံးထဲရှိ ဉာဏ်ရည်ကြွယ်ဝမှု၊ နူးညံ့သောမျက်နှာကိုမူ တချက်ကြည့်ရုံနှင့် ဟန်လိသည် သူမ မည်သူမှန်း သိနိုင်သည်။ သူမသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက မော့အိမ်တော်၌ သူ မြင်ခဲ့ဖူးသော ကျက်သရေရှိသောမိန်းမပျို၊ ဆေးပညာရပ်ကို ဝါသနာထုံသော မိန်းမပျိုလေး မော့ဖန်းဝူပင် ဖြစ်နေချေ၏။

မော့ဖန်းဝူက အခန်းထဲ ဝင်လာသည့်အခါတွင် လူတိုင်းက သူမကို ကြည့်နေသဖြင့် သူမ၏မျက်နှာက မသိမသာ နီမြန်းသွားပြီး ခေါင်းငုံ့ကာ ရှေ့ဆက်လျှောက်လာသည်။ ခေါင်းငုံ့ထားသဖြင့် ချင်းယန်ဘေးနားတွင် ထိုင်နေသော ဟန်လိကို သူမ မမြင်သေးပေ။

ချင်းယန်က သူ၏ သားတော်၊မြေးတော်များ၏ ထိန်းထိန်းသိမ်းသိမ်း မရှိပုံကို မြင်သည့်အခါ အတော်လေး စိတ်အနှောက်အယှက် ဖြစ်သွားသည်။

အဟမ်း…အဟမ်း…။

သူက မျက်နှာကြောတင်းတင်းဖြင့် အကြိမ်အနည်းငယ်လောက် ချောင်းဟန့်သည့်အခါကျမှ သခင်လေးများကား မော့ဖန်းဝူ၏ အလှကနေ ရုန်းထွက်သွားနိုင်ကာ သူတို့၏ သိက္ခာသမတ်ရှိသော ဟန်ပန်အတိုင်း ပြန်ဖြစ်သွားကြသည်။ သူတို့သည် သူတို့၏ မျိုးနွယ်စုသခင်ကြီး ဒေါသထွက်မှာကိုတော့ ကြောက်၏။

“တူမလေး…အဒေါ့်နား လာထိုင်ချေ…” တတိယဇနီးက မော့ဖန်းဝူကို သူမအနား လာထိုင်ရန် ခပ်သွက်သွက် လှမ်းခေါ်သည်။

“ကျေးဇူးတင်ပါတယ်…တတိယဒေါ်လေး…”

မော့ဖန်းဝူကား ညင်သာစွာ ကျေးဇူးစကားပြောပြီး တတိယဇနီးဘေးသို့ ကျော့ကျော့လေး လျှောက်သွားပြီး ထိုင်သည်။

“တူမလေး…နင့်အခန်းထဲမှာပဲ တချိန်လုံး နေမနေနဲ့လေ။ အဲ့လိုနေတာ ကျန်းမာရေးအတွက် မကောင်းဘူး။ ဟိုနားဒီနား လမ်းလေးဘာလေး လျှောက်မှပေါ့…”

ချင်းယန်သည် မော့ဖန်းဝူက အလွန်သနားစရာပုံစံ ပေါ်နေတာကို မြင်သည်။ သူ့လေသံက ကရုဏာသက်သံ ပါနေ၏။

“ကျေးဇူးပါ…ဦးလေး။ တူမလေး…နားလည်ပါပြီ…”

မော့ဖန်းဝူက ခေါင်းမော့ကာ ယဉ်ယဉ်ကျေးကျေး ပြန်ဖြေသည်။

“ဟူး…”

ချင်းယန်က ခပ်တိုးတိုး သက်ပြင်းချမိသည်။

သည်မွေးစားသမီးမှာ အမြဲတမ်း အခုလို နာခံသော်လည်း သူမ အခန်းထဲ ပြန်ရောက်သွားသည်နှင့် အရင်လိုသာ ဆက်နေဆဲ ဖြစ်သည်။ သို့အတွက် ချင်းယန်မှာ အကူအညီမဲ့ရသည်။ ထို့နောက်တွင် သူသည် တခြားကိစ္စတစ်ခုကို တွေးမိကာ ဟန်လိနှင့် မော့ဖန်းဝူကို မိတ်ဆက်ပေးသည်။

“တူမလေး…ငါ နင့်ကို ဒီကို ခေါ်လိုက်တာ သူနဲ့ မိတ်ဆက်ပေးမလို့။ သူ့နာမည်က ဟန်လိ၊ ငါ့ရဲ့ ချစ်လှစွာသောတူတော်မောင်ပဲ။ သူဟာ ငါတို့ မိသားစုအပေါ် အများကြီး ကောင်းပေးခဲ့တဲ့ စီနီယာတစ်ယောက်ရဲ့ မျိုးဆက်ပဲ။ နင် သူ့ကို ကြည့်ပါ။ အနာဂတ်မှာ သူဟာ နင့်ရဲ့ အစ်ကိုကြီးတွေထဲက တစ်ယောက် ဖြစ်လာမှာ သေချာသလောက်ပဲ…”

ဟန်လိသည် မော့ဖန်းဝူ၏ အပြုအမူဟန်ပန်များအပေါ် အပြည့်အဝအာရုံစိုက်ကြည့်နေသည်။ ထိုအမျိုးသမီးက ဟန်လိ ဟူသော နာမည်ကို ကြားသည့်အခါ သူမ၏ခန္ဓာကိုယ်က မသိမသာ တုန်သွားပြီး သူမ၏စိတ်ထဲ နှလုံးခုန် မြန်သွားချေသည်။

အချိန်အတန်ကြာပြီးနောက်မှာ မော့ဖန်းဝူက ဖြည်းဖြည်းချင်း ခေါင်းမော့ကာ သူမ၏ လှပသော မျက်နှာလေးကို ဖော်ကျူးပြသသည်။ ထိုအခိုက်တွင် သူမ၏ လှပလုံးဝန်းသော နှုတ်ခမ်းတစုံကနေ အသံခပ်တိုးတိုး ထွက်ပေါ်လာသည်။

“တွေ့ရတာ ဝမ်းသာပါတယ်…အစ်ကိုဟန်…”

မော့ဖန်းဝူက ဟန်လိကို အမှန်တကယ် မမှတ်မိသကဲ့သို့ ထင်ရလေ၏။

သူမထံမှ တလေးတစားအသံဖြင့် တုန့်ပြန်လာတာ ကြားသည့်အခါ ဟန်လိသည် သူမ၏ ချစ်ခင်နှစ်လိုဖွယ်ဟန်ပန်တွင် မင်ငေးသွားသည့်နှယ် ဖြစ်သွားသည်။ နောက်ကျမှ သူက ‘တွေ့ရတာ ဝမ်းသာပါတယ် ညီမလေး’ ဟု ခက်ခက်ခဲခဲနှင့် စကားပြန်ဆိုနိုင်တော့သည်။

ထိုဖြစ်အင်ကြောင့် ဘေးကနေ စောင့်ကြည့်နေသော လူငယ်သခင်လေးများသည် ပြုံးယောင်ယောင် ဖြစ်ကုန်ကာ ရယ်မောကြတော့သည်။

ချင်းယန်၏ အေးတိအေးစက်အကြည့်က သူတို့အပေါ် ဖြတ်သန်းသွားမှ ချက်ခြင်း ငြိမ်ကျသွားသည်။ ထို့နောက်တွင် ဟန်လိသည် ခေါင်းကုတ်ကာ ဘာလုပ်ရမှန်းမသိသည့်ပုံ ပေါက်နေသည်။

သည့်နောက် ကိစ္စများကမူ ထွေထွေထူးထူး မရှိတော့ပေ။

ချင်းယန်က ဟန်လိသည် ချင်းအိမ်တော်တွင် အချိန်တစ်ခုကြာ နေမည့်အကြောင်း၊ ထိုအချိန်အတွင်း သူသည် အိမ်တော်သခင်လေး အဆင့်အတန်းရှိကြောင်း၊ တခြားသူများက သူ့ကို နည်းနည်းလေးမျှ နှောက်ယှက်ခွင့်မရှိကြောင်း၊ မဟုတ်ပါက ကြီးလေသော ပြစ်ဒဏ်ပေးခံရမည် ဟူ၍ တခြားသူများကို အေးတိအေးစက်လေသံဖြင့် ပြောသည်။

ထိုစကားများ ပြောသည့်အခါ ချင်းအိမ်တော်ရှိ လူများက ဟန်လိကို တမျိုးစကြည့်သည်။ ခုခါတွင် ဟန်လိနှင့် ချင်းယန်၏ ပတ်သတ်မှုအမှန်ကို ခန့်မှန်းသံသယဝင်ကုန်တာ တတိယဇနီးတစ်ယောက်တည်းသာ မဟုတ်လေတော့ပေ။

ည၌ ဟန်လိသည် သူ့အခန်းထဲရှိ အိပ်ယာထက်တွင် လှဲလျက် အိမ်ခေါင်းမိုးကို ကြည့်နေသည်။ သူသည် တစ်ခုခုနှင့် ပတ်သတ်ပြီး ပူပန်နေသလိုလိုပင်။

ဒေါက်…ဒေါက်…။

အခန်းပြင်မှ တံခါးခေါက်သံ နှစ်ခါ ကြားရသည်။ အိပ်မပျော်သေးသော ဟန်လိ၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားကာ ထူးခြားသောအပြုံးတစ်ခု သူ့မျက်နှာထက်မှာ ပေါ်လာသည်။

ထို့နောက်တွင် ဟန်လိသည် တည်တည်ငြိမ်ငြိမ် ထရပ်ကာ တံခါးသွားဖွင့်သည်။

အခန်းအပြင်ဘက်တွင် ဝတ်ရုံရှည်နှင့် အမျိုးသမီးတစ်ယောက် ရပ်နေ၏။

ထိုအမျိုးသမီးက ဟန်လိ တံခါးဖွင်တာ မြင်သည့်အခါ သူမ၏ ခေါင်းခြုံကို အောက်သို့ ဆွဲချကာ ချစ်ခင်နှစ်လိုဖွယ်မျက်နှာလေးကို ဖော်ပြသည်။ သူမမှာ သည်နေ့လယ်တုန်းက ဟန်လိကို မမှတ်မိဟန်၊ မသိဟန် ဆောင်ခဲ့သော မော့ဖန်းဝူတည်း။

ဟန်လိသည် သူမကို မြင်သည့်အခါ သူ့ခန္ဓာကိုယ်ကို ဘေးသို့ ရို့ပေးသည်။ မော့ဖန်းဝူက ချီတုံချတုံဖြစ်မနေဘဲ အခန်းထဲ လှမ်းဝင်သည်။

ဟန်လိက တံခါးဝတွင်ရပ်ကာ သူ့စိတ်ဝိညာဉ်အာရုံကို စေလွှတ်သည်။ သူသည် အနီးအနားဝန်းကျင်၌ မည်သူမျှ ရှိမနေတာကို တွေ့သည်။ ကြည့်ရတာ မော့ဖန်းဝူသည် သည်ကို လာသည့်အချိန်၌ သေချာဂရုစိုက်ခဲ့ပုံ ရသည်။

သူက တံခါးကို ပြန်ပိတ်၏။ တဖက်သို့ လှည့်ကြည့်သည်။ ဝတ်ရုံရှည်ကြီးအောက်မှာ စွဲမက်ဖွယ်ကောက်ကြောင်းနှင့် နူးညံ့သော ခန္ဓာကိုယ်ပိုင်ရှင် မော့ဖန်းဝူမှာ ငြိမ်ငြိမ်သက်သက် ရပ်နေသည်။ ထို့နောက်တွင် သူမက အားနာမနေ၊ ဘေးရှိ ဟန်လိ့ အိပ်ယာပေါ်မှာ ဝင်ထိုင်ပြီး ဟန်လိကို မမှိတ်မသုန် ကြည့်နေလေ၏။

ဟန်လိက သက်ပြင်းချမိ၏။

သူမ၏ ပုံပန်းသွင်ပြင်ကလွဲ၍ ဟန်လိအဖို့ ခုကဲ့သို့ အေးစက်စက်ဟန်ပေါက်နေသော အမျိုးသမီးနှင့် အတိတ်တချိန်က ဆေးပညာရပ်ကို မြတ်နိုးကာ သိမ်မွေ့လှသော ဟန်ပန်နှင့် မိန်းမပျိုတို့ကြား ဆက်စပ်မှုကို ရှာတွေ့ရန် အမှန်ပင် ခက်လှသည်။ လွန်ခဲ့သောာနှစ်များက သူမတွေ့ကြုံခဲ့ရသော အတွေ့အကြုံများက သူမကို အခုကဲ့သို့ တခြားသောသူတစ်ယောက်အဖြစ် ပြောင်းလဲသွားစေခဲ့တာ ဖြစ်၏။

“ကျမက ရှင့်ကို စီနီယာအစ်ကိုဟန်လို့ ခေါ်သင့်လား၊ ဒါမှမဟုတ် အစ်ကိုလေးဟန်လို့ပဲ ခေါ်ရမလား…”

သူမက ထိုသို့မေး၏။ သူမ၏မျက်လုံးထဲတွင် မကျေနပ်ဟန် မသိမသာ ဖြတ်ပြေးသွားသည်။

“ဟန်လိလို့ပဲ ခေါ်ပါ၊ မိန်းမပျို ဖန်းဝူ…” ဟန်လိသည် အေးဆေး ပြန်ဖြေ၏။

ဟန်လိ၏ စကားကို ကြားသည့်အခါ မော့ဖန်းဝူ၏ မျက်နှာပေါ်တွင် စိတ်ပျက်ဟန် ပေါ်သွားသည်။ သို့သော် တအောင့်အကြာ၌ သူမက စိတ်အေးသက်သာဟန်ဖြင့် ပြန်ပြောသည်။

“အင်မောတယ်ကျင့်ကြံသူဟန်က ချင်းအိမ်တော်ကို ဘာကြောင့် ရောက်နေတာလဲတော့ ကျမမသိဘူး။ အဲ့လျှို့ဝှက်ချက်တွေကိုလည်း ကျမ စိတ်မဝင်စားဘူး။ ကျမ ဒီကိုလာခဲ့တာဟာ သခင်လေးဟန်အနေနဲ့ ကျမအဖေဟာ ရှင့်ရဲ့ ဆရာဖြစ်ခဲ့ဖူးတာကို ထောက်ပြီး လေးစားသမှု ပေးတဲ့အနေနဲ့ လူတစ်ယောက်ကို သတ်ပေးနိုင်မလားလို့ လာတောင်းဆိုကြည့်တာပါ…”

သူမက ထိုသို့ ပြောသည့်အချိန်၌ အေးစက်မာကြောသောဟန်ကို ထိန်းထားသည်။ သူမသည် ဟန်လိကို စိတ်ပူပန်စွာ ကြည့်နေလေ၏။ သူမ၏ တောင်းဆိုမှုကို ဟန်လိငြင်းမှာ စိုးရိမ်နေသည်။

ဟန်လိ၏အမူအရာကမူ မပြောင်းလဲသွားပေ။ သိုသော် သူက ချက်ခြင်လည်း မငြင်းဆန်ချေ။ ထိုအစား သူသည် ရနံ့သင်းသင်းလဘ္ဘက်ရည်အိုးကို ကောက်ယူကာ မော့ဖန်းဝူအတွက် တခွက်ထည့်ပေးသည်။ ထို့နောက်တွင်မူ သူသည် ထိုအမျိုးသမီးကို တုန်လှုပ်သွားစေမည့် စကားတချို့ ပြောသည်။

“ကျုပ်ကို သက်တန့်ဂိုဏ်းခေါင်းဆောင်ကို သတ်ပေးစေချင်တာမလား…”

ဟန်လိသည် မော့ဖန်းဝူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ကာ ဖြေးဖြေးမှန်မှန်နှင့် ပြောသည်။ သူက တုန်လှုပ်သွားသော အလှလေးကို သည်အတိုင်း ကြည့်နေ၏။ မော့ဖန်းဝူ၏ တုန်လှုပ်အံ့အားသင့်မှုမှာ အလျင်အမြန် ပြန်ပျောက်ကွယ်သွားသည်။

သူမက ဟန်လိကို တမျိုးအကြည့်ဖြင့် ကြည့်သည်။ အချိန်အတန်ကြာပြီးနောက်မှာ သူမသည် ခါးသီးစွာ ပြောသည်။

“ကြည့်ရတာ အစ်ကိုဟန်က မော့အိမ်တော်ကိစ္စကို သိထားပြီး ဖြစ်ပုံရတယ်။ ရှင်တို့လို အင်မောတယ်ကျင့်ကြံသူတွေကို ဘာမှ ဖုံးကွယ်ထားလို့ မရဘူးပဲ…”

မော့ဖန်းဝူသည် ထိုစကားများကို နူးညံ့စွာ ပြောပြသော်လည်း ဟန်လိသည် သူမ၏ စကားထဲမှ မကျေမနပ်အရိပ်အယောင်ကို ကြားရသည်။ ထို့အပြင် ယင်းမကျေမနပ်မှုက မထင်မှတ်စွာဖြင့် သူ့အပေါ် တိုက်ရိုက်ဖြစ်နေတာပင်။

ခဏ စဉ်းစားပြီးနောက်မှာ ဟန်လိသည် သူမ ဘာကြောင့် ခုလိုဖြစ်မှန်း သဘောပေါက်သွားသည်။

သည့်နောက်မှာ သူက ပေါ့ပေါ့ပါးပါး ရယ်မောကာ ရှင်းပြ၏။ “ကြည့်ရတာ မိန်းကလေးဖန်းဝူက ကျုပ်ကို အထင်လွဲနေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ဟာ မော့အိမ်တော်နဲ့ ပတ်သတ်မှု ရှိခဲ့တဲ့သူ တစ်ယောက်ပါ။ မော့အိမ်တော်သာ ဒုက္ခရောက်မှန်း ကျုပ် ကြိုသိခဲ့ရင် အနည်းဆုံးတော့ ဆရာကတော်တွေကို လွတ်မြောက်အောင်နဲ့ သူတို့ရဲ့ လက်ကျန်ဘဝကို အေးအေးချမ်းချမ်းနေရအောင် ကျုပ် လုပ်ပေးမှာပါ။ တခြားကိစ္စတွေကိုကတော့ ပြောဖို့ခက်တယ်…”

သူသည် မော့ဖန်းဝူက သူ့အပေါ် ရန်ငြှိုးဆုပ်ကိုင်ထားနေမည်ကို မစိုးရိမ်ပေ။ သို့သော် သူက သူ့အပေါ်သို့ တစ်ဘက်သက် အထင်အမြင်အလွဲခံရတာကို အဖြစ်ခံမည် မဟုတ်ချေ။

မော့ဖန်းဝူက ထိုစကားများကို ကြားသည့်အခါ ‘အို’ဟု တခွန်းသာ ပြောနိုင်တော့၏။ ဟန်လိသည် သည်အမျိုးသမီးက သူ၏ အခုရှင်းပြချက်ကို အမှန်တကယ် ယုံလား၊မယုံလားကိုတော့ သိမနေပါ။

ခဏချီတုံချတုံဖြစ်နေပြီးနောက်မှာ သူက အမှန်တရားကို ပြောပြလေ၏။

“အမှန်တော့…မော့အိမ်တော်ရဲ့ ဒုက္ခရောက်ခဲ့တဲ့အကြောင်း ကျုပ်ကို ပြောပြခဲ့တဲ့သူကတော့ မိန်းကလေးချိုက်ဟွမ်ပဲ။ သူမဟာ ဆရာကတော်(လေး)နဲ့အတူ အခု အတူရှိနေကြတယ်…”

“အန်…ရှင်ပြောတာက ချိုက်ဟွန်နဲ့ အမေ(လေး)တို့ အသက်ရှင်နေတုန်း ဟုတ်လား…”

မော့ဖန်းဝူက သည်စကားကို ကြားရပြီးနောက် စိတ်လှုပ်တရှားဖြစ်ကာ ယုံကြည်ရန် ခက်နေ၏။ သူမ၏ ဖြူဖွေးသော ပါးနှစ်ဖက်မှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာသည်။

“ဟုတ်တယ်။ သူတို့ဟာ ခုလက်ရှိ လျှို့ဝှက်နေရာတစ်ခုမှာ နေနေကြတယ်…”

ဟန်လိသည် အေးဆေး ပြောပြသည်။

အမှန်တွင်မူ သူ ယန်လင်းရဲတိုက်ကနေ လွတ်မြောက်လာပြီးနောက် ယန်ဂိုဏ်းထွက်သွားပြီးနောက်မှာ ယန်လင်းရဲတိုက်၏ သေမျိုးများနှင့် ပတ်သတ်သည့် အခြေအနေများကို နည်းနည်းပါးပါး စုံစမ်းကြည့်ခဲ့သေးသည်။ ရဲတိုက်မှာ ပျက်စီးသွားပြီ ဖြစ်၍ ထိုနေရာရှိ သေမျိုးများသည် ဒီအခွင့်အရေးကို အသုံးချကာ ရဲတိုက်ကနေ ထွက်ခွာသွားခဲ့ကြသည်။ သို့အတွက်ကြောင့် ထိုအမေနှင့်သမီးတို့၏ သဲလွန်စမှာ လုံးဝ ပျောက်သွားခဲ့လေပြီ။

(TL: မော့အိမ်တော်၏ ရေလွှမ်းနဂါးအဖွဲ့အစည်းတွင် အဓိက ပြိုင်ဘက်အဖွဲ့နှစ်ခု ရှိခဲ့သည်။ ၎င်းတို့မှာ ဟာချီမွန်တောင်ကြားနှင့် သက်တန့်ဂိုဏ်းတို့ ဖြစ်၏။ ဟန်လိသည် ဟာချီမွန်တောင်ကြား၏ ခေါင်းဆောင်ကို သမားတော်မော့ထံမှ အဆိပ်အတွက် ဖြေဆေးရရန် မော့အိမ်တော်အတွက် သတ်ပေးခဲ့ဖူးသည်။ )

All Chapters