← Chapters

စိတ်ဝင်စားဖူးခဲ့သော

Vol. 21 Ch. 283

စိတ်ဝင်စားဖူးခဲ့သော

Vol. 21 Ch. 283

ဟန်လိသည် မော့ဖန်းဝူကို မော့ချိုက်ဟွန်နှင့်သူမအမတို့ ဘယ်ဆီရောက်သွားမှန်း မသိတော့ ဟူသည့်အကြောင်းကိုတော့ မပြောသင့်ဟု ခံစားမိသည်။ မော့ဖန်းဝူအနေဖြင့် သူမ၏ မိသားစုနှစ်ယောက် အသက်ရှင်လျက် ရှိနေသေးတာကို သိရလျှင်ပင် လုံလောက်နေပြီ။ သူတို့ချင်း သည်ကမ္ဘာမှာ ပြန်တွေ့၊မတွေ့ကတော့ သူတို့အပေါ်တွင်သာ မူတည်သည်။

ဟန်လိသည် မော့ချိုက်ဟွန်တို့နှင့် မည်သို့မည်ပုံတွေ့ခဲ့၊ဆုံခဲ့သည့်အကြောင်း ပြန်ပြောပြသည့်အခါ ဖန်းဝူသည် ပျော်လွန်းသဖြင့် မျက်ရည်ကျမတတ် ဖြစ်သွားသည်။

မော့ဖန်းဝူသည် ဟန်လိကို ကျင့်ကြံသူတစ်ယောက်မှန်း သိ၏။ ထို့ကြောင့် သူကဲ့သို့သော ကျင့်ကြံသူတစ်ယောက်က သူမကဲ့သို့ အားနွဲ့သောမိန်းကလေးတစ်ယောက်ကို လှည့်ဖြားနေရန် မလိုပေ။ တဖက်သူက သူမအပေါ် ကောင်းကောင်းမွန်မွန် ပြောပြနေသည့် အကြောင်းရင်းမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူနှင့် တွေ့ဆုံခဲ့ဖူးသော ရေစက်ကြောင့်သာ ဖြစ်ဖို့များလေသည်။

ထို့ကြောင့် မော့ဖန်းဝူသည် ပျော်ပျော်ရွှင်ရွှင်ဖြင့် သူမလက်နှစ်ဖက်ကို ပူးကာ ရင်ဘက်နေရာထိ မြှောက်၍ ခဏငြိမ်သက်စွာ ဆုတောင်းပေးနေသည်။ ထို့နောက်တွင် သူမ၏ ပုံမှန်အခြေအနေသို့ ပြန်ရောက်သည်။ သို့သော် ဟန်လိအပေါ်တွင်မူ သူမသည် အစောပိုင်းတုန်းကကဲ့သို့ မအေးစက်တော့တာ ထင်ရှားပါသည်။

သူမသည် ယန်လင်းရဲတိုက်၌ ဟန်လိ၏ အကူအညီပေးခဲ့မှုကြောင့်သာ မဟုတ်ပါက အမျိုးသမီးယန်နှင့် သူမ၏သမီးတို့မှာ ဒုက္ခသုက္ခရောက်နေဆဲ ဖြစ်မှာကို ကောင်းကောင်း သဘောပေါက်သည်။

“ချိုက်ဟွန်နဲ့ အမေ(လေး)တို့အကြောင်း ပြောပြပေးတဲ့အတွက် သခင်လေးဟန်ကို ကျေးဇူးတင်ပါတယ်…”

မော့ချိုက်ဟွန်က တည်ငြိမ်သွားပြီးနောက်မှာ ကျေးဇူးစကား အခါခါ ဆိုသည်။

ဟန်လိ၏ အဖြေကို စောင့်မနေဘဲ သူမကသာ ဆက်ပြောသည်။

“ညီမလေးနဲ့ အမေတို့ အဆင်ပြေနေတယ် ဆိုပေမယ့် အမကြီးနဲ့ တခြားအမေတွေက ဘယ်စီရောက်သွားမှန်း မသိကြတော့ဘူး။ သူတို့ ဆုံးပါးသွားဖို့ များတယ်။ ဖန်းဝူဟာ သူတို့အတွက် လက်စားပြန်ချေ ပေးချင်တယ်။ ဒါပေမဲ့ ဖန်းဝူမှာ အင်အားမရှိဘူး။ ဒါ့ကြောင့် သခင်လေးဟန်က ကျမကို ကူညီပေးနိုင်မလား…”

မော့ဖန်းဝူ၏ စကားများတွင် အားနည်းချိနဲ့ဟန်တို့ ပေါ်လွင်နေသည်။

ဟန်လိမှာ နှာခေါင်းပွတ်၍ ခေါင်းကိုက်မိရသည်။

သူသည် မော့ချိုက်ဟွန်တို့အကြောင်း သိသွားခဲ့လျှင် ဖန်းဝူသည် လာစားပြန်ချေချင်စိတ် သိပ်မရှိလောက်တော့ဟု ထင်ထားခဲ့သည်။ သို့သော် သူ မမြင်ရတာ နှစ်ပေါင်းများစွာ ရှိပြီ ဖြစ်သော မော့ဖန်းဝူသည် သည်ကိစ္စအပေါ် စွဲလမ်းနေတုန်းသာ။ လက်စားချေချင်စိတ် ပြင်းပြနေဆဲပင်။

အမှန်တိုင်း ပြောရပါက ချီစုဆောင်းခြင်း ကျင့်ကြံသူတစ်ယောက်ကို သတ်ရခြင်းသည် မည်သည့်အကြောင်းပြချက်မှ မရှိဘဲ သေမျိုးခေါင်းဆောင်တစ်ယောက်ကို သတ်ရခြင်းထက် များစွာ ပိုလွယ်ကူပေသည်။

ဟန်လိသည် အဝါရောင်မေပယ်တောင်ကြားသို့ ဝင်ရောက်လာခဲ့ပြီးနောက်မှာ ထိုသို့ဖြစ်ရသည့်အကြောင်းရင်းကို သိခဲ့တာပင်။ ယွဲ့ဒေသ၏ အင်အားစုများစွာကို ဂိုဏ်းကြီးဂိုဏ်းငယ်များနှင့် မဟာဂိုဏ်းကြီးခုနစ်ဂိုဏ်း ဟူ၍ ခွဲခြားထားသည်။

သို့ဖြစ်၍ သေမျိုးလောကရှိ သိုင်းလောကတွင် ဒေသတစ်ခုအတွင်း အချိန်တစ်ခုကြာ လွှမ်းမိုးနိုင်စွမ်းရှိသော အင်အားစုတစ်ခုကို ကျင့်ကြံသူများက နောက်ကွယ်ကနေ အာရုံတချို့တဝက် ထားတတ်ကြသည်။ တချို့အင်အားစုများသည် ကျင့်ကြံသူများ၏ အထောက်အပံ့ကိုပါ ရထားသည်။

လန်စီရင်စု၏ မော့အိမ်တော်နှင့် ဟာချီမွန်တောင်ကြားတို့သည် ဖွံ့ဖြိုးတိုးတက်ဆဲ အင်အားစုများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့သည် ကျင့်ကြံသူများနှင့် မချိတ်ဆက်မိကြသေး။ ဟန်လိ ဟာချီမွန်တောင်ကြား၏ ချူးယောင်ဖေးထျန်ကို သတ်ခဲ့ချိန်က စုံစမ်းခံရခြင်းမရှိဘဲ သူ မည်သို့မည်ပုံ လွယ်လင့်တကူ လွတ်ခဲ့သနည်း။ ယင်းဟာချီမွန်တောင်ကြား၏ နောက်ကွယ်၌ ကျင့်ကြံခြင်းဂိုဏ်းများ ရှိမနေ၍သာ သူ ဘာပြဿနာမှ မတတ်ခဲ့တာ ဖြစ်သည်။ သို့ပေမည့် သက်တန့်ဂိုဏ်းကတော့ မတူပေ။

ထိုဂိုဏ်းကို တည်ထောင်ခဲ့တာ နှစ်တစ်ရာကျော် ရှိခဲ့ပြီး ရှေးဟောင်းဂိုဏ်းတစ်ဂိုဏ်းဟု သတ်မှတ်နိုင်သည်။ ထိုဂိုဏ်း၏ နောက်ကွယ်၌ မဟာဂိုဏ်းကြီးခုနစ်ဂိုဏ်းတွင် ပါဝင်သော ဝိညာဉ်သားရဲတောင် ရှိ၏။ ယင်းအတွက်ကြောင့် ၎င်းတို့နှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့ချိန်၌ မော့အိမ်တော်သည် ဆိုးဆိုးဝါးဝါး ခံခဲ့ရတာ ဖြစ်သည်။

အဝါရောင်မေပယ်တောင်ကြား၏ တပည့်တစ်ယောက်အနေဖြင့် တခြားဂိုဏ်းတစ်ခုခုမှ ထောက်ပံ့ပေးထားသော သေမျိုးခေါင်းဆောင်တစ်ယောက်ကို အကြောင်းပြချက်မရှိဘဲ သတ်၍ မရနိုင်ပေ။ မဟုတ်ပါက သူ့အတွက်သူ ရှင်းပြနိုင်စွမ်း ရှိတော့မည် မဟုတ်ပါ။

သို့သော် ခုလက်ရှိတွင် ယွဲ့ဒေသကို မိစ္ဆာတာအိုဂိုဏ်းများက ကျူးကျော်နေချိန် မဟုတ်လား။ သေမျိုးလောကလည်း ထိခိုက်မှု ခံစားနေရသည်။ ဤသို့သော မတည်မငြိမ်ကာလအတွင်း ဟန်လိလှုပ်ရှားမည် ဆိုလျှင်တော့ အခွင့်အရေးကောင်းပင်။ နည်းနည်းပါးပါး ဂရုစိုက်သည်နှင့် သူ့အတွက် ဘာပြဿနာမှ ရှိလာနိုင်မည် မဟုတ်ပေ။

ဟန်လိက ထိုသို့တွေးနေလျက် ရှိပြီး မည်သည့်စိတ်ခံစားချက်ကိုမျှ မပြသပေ။ ထိုအစား သူက ထရပ်ကာ အခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန် လျှောက်သည်။

နောက်ထပ် သေချာစဉ်းစားကြည့်ပြီးမှ သူက စွဲဆောင်မှု ရှိသော မော့ဖန်းဝူ၏ မျက်နှာလေးကို လှမ်းကြည့်ကာ တည်ငြိမ်စွာ ပြောသည်။

“မိန်းကလေးဖန်းဝူ၊ ပုံမှန်ဆို ကျုပ်အတွက် ပြဿနာကြီးကြီး တက်နိုင်တဲ့ ဒီလိုတောင်းဆိုမှုမျိုးကို လက်ခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ ခုလက်ရှိ ကျင့်ကြံခြင်းလောကရဲ့ အခြေအနေဟာ ပုံမှန်မဟုတ်ဘူး။ ရှုပ်ယှက်ခက်နေတယ်။ ဒါ့ကြောင့် အခွင့်အရေးတစ်ခု ရောက်လာနိုင်တယ်။ ဒီတော့ ဒီလိုလုပ်ကြရအောင်။ အနာဂတ်မှာ အခွင့်အရေးတစ်ခုသာ ရခဲ့ရင် ကျုပ်ဟာ သက်တန့်ဂိုဏ်းခေါင်းဆောင်ကို ရှင်းပေးမယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူးဆိုရင်တောင် မိန်းကလေးဖန်းဝူရဲ့ လက်စားချေမယ့်အတွေးတွေကို ဖယ်ရှားပစ်ဖို့ ကျုပ် မျှော်လင့်ပါတယ်…”

မော့ဖန်းဝူသည် ဟန်လိ၏ စကားများကို ကြားသည့်အခါ သူမက ပျော်လွန်းသဖြင့် မျက်ရည်ကျမတတ် ဖြစ်ရသည်။ သူမ၏ ငိုနေလျက်ဖြင့်ပင် တောက်ပလှပသော အလှကြောင့် ဟန်လိမှာ တင်္ဒဂလောက် စိတ်လွတ်သွားရသည်။ မော့ဖန်းဝူကို သူ ပထမဆုံး မြင်ဖူးသည့် အချိန်၊ ထိုစဉ်က သူမသည် မော့အိမ်တော်၏ ချိုသာနူးညံ့သော ဒုတိယသခင်မလေးကြောင့် အတော်လေး စိတ်လှုပ်တရှား ဖြစ်ခဲ့ရဖူးသည်။ ယနေ့တွင် ထိုမှတ်ဉာဏ်က အခု သူ့ကို နွေးထွေးပြီး သာယာဖွယ်ခံစားမှုမျိုးကို ပေးစွမ်းနေတုန်းပင်။ ယင်းအတိတ်က အဖြစ်ကို သူ နှစ်လိုစွာ ပြန်သတိရမိသည်။

ဤသည်မှာ သူ့အတွက် ချစ်ကြည်နူးဖွယ်ရာ ခံစားချက်များကို ပထမဆုံးအကြိမ် ခံစားမိတာပင်။ အခု မော့ဖန်းဝူကို အခါအခွင့်သင့်ပါက သူမဖြစ်စေချင်သည့်အတိုင်း လက်စားချေပေးမည်ဟု မပြောပလောက်သော ကတိလေးတစ်ခု ပေးခဲ့ခြင်းမှာလည်း အတိတ်တုန်းက ထိုခံစားချက်ကြောင့်ကလွဲ၍ တခြားမဟုတ်လေပေ။

ထိုသို့တွေးမိသော်ငြားလည်း ဟန်လိ၏ ဟန်အမူအရာကမူ တစက်လေးမျှ ပြောင်းလဲမသွားပေ။ သူသည် သူ့စိတ်ခံစားချက်ကို စိတ်ထဲ၌ နက်ရှိုင်းစွာ နစ်မြုပ်ပစ်ရန် စီစဉ်ထားပြီး ဘာမျှ ထပ်ပြောတော့မည် မဟုတ်လေပေ။

ဟန်လိ သဘောတူသည်ကို မြင်သည့်အခါ မော့ဖန်းဝူသည် သူ့ကို အပျော်လွန်နေသောအကြည့်ဖြင့် ကြည့်လာ၏။ သူမ၏မျက်နှာထက်တွင် မျှော်လင့်ချက်တို့၊ ကျေးဇူးတင်စိတ်တို့ ပြည့်နေလျက်။ သူမက ဘာမှ ရှည်ရှည်ဝေးဝေးများမဆို၊ ဟန်လိထံ လျှောက်လာသည်။ ရုတ်တရက်ကြီး သူမ၏ နူးညံ့သင်းကြူသော နှုတ်ခမ်းတစ်စုံကို ဟန်လိ၏ မျက်နှာထံ ခပ်ဖွဖွလေး ထိကပ်ပစ်သည်။

ထို့နောက်မှာ ရှက်သွေးဖြာသွားသောဟန်ပန်လေးဖြင့် သူမက‌ ပြောသည်။

“သခင်လေးဟန် ကတိပေးထားမှတော့ ရှင် အဲ့လူကို မသတ်နိုင်ခဲ့ရင်တောင် ဖန်းဝူက လုံလောက်အောင် ကျေးဇူးတင်ကြောင်း ဘယ်လို ပြောရမှန်းတောင် မသိတော့ပါဘူး…”

ထိုသို့ပြောပြီးနောက်မှာ မိန်းမပျိုဖန်းဝူသည် သူမ၏ ဝတ်ရုံရှည်ကြီးမှ ခေါင်းစွပ်ကို ပြန်စွပ်ပြီး ဟန်လိ၏ အခန်းထဲကနေ ခပ်သုတ်သုတ် ပြေးထွက်သွားတော့သည်။

ဟန်လိသည် သူ့မျက်နှာထက်ရှိ အနမ်းခံခဲ့ရသော နေရာကို အကြောင်သား လက်ဖြင့် ထိကိုင်ကာ အခန်းထဲ၌ ကျန်ခဲ့ပေသည်။ တအောင့်အကြာတွင် သူက သူ့မေးစေ့ကို လက်တစ်ဖက်ဖြင့် ကိုင်လျက် အချိန်ကြာသည့်အထိ အတွေးယဉ်ထဲ နစ်မြောသွားတော့သည်။

……

နောက်နေ့ မနက်ခင်း၌ ဟန်လိသည် ချီကျင့်ကြံနေရာကနေ ထလာပြီး မနေ့ညတုန်းက ဖြစ်ခဲသည့် ကိစ္စကို အတွေးရောက်သွားသည်။ သူသည် စိတ်ထဲကနေ သက်ပြင်းမချမိဘဲ မနေနိုင် ဖြစ်ရသည်။ မော့ဖန်းဝူသာ စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်ထားခဲ့လျှင် သူသည် သူမကို အဝါရောင်မေပယ်တောင်ကြားသို့ ကျိန်းသေပေါက် ခေါ်ကာ မဟာတာအိုကို ကျင့်ကြံခိုင်းပြီး သူ၏ တာအိုလက်တွဲဖော် ဖြစ်စေ မိပေလိမ့်မည်။

ထိုအတွေးဖြင့် ဟန်လိသည် မျက်နှာသစ်ကာ အခန်းထဲကနေ လှမ်းထွက်လာ၏။

သူက ချင်းအိမ်တော်နှင့် ပို၍ တရင်းတနှီး ရှိလာစေရန် ကြံထားသည်။ သို့မှသာ သူ၏ တခြားကိစ္စများကို စဉ်းစားနိုင်လိမ့်မည်။

သို့သော် သူ လမ်းလျှောက်ထွက်လာသည်နှင့် ခြံဝန်းထဲတွင် သူ့ကို လှမ်းပြုံးပြနေသော ချင်းပိုင်ကို မြင်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဟန်လိ မေးနေတာကို စောင့်မနေဘဲ သူက ရှေ့သို့ ခပ်သွက်သွက်လှမ်းလာကာ ရှင်းပြတော့သည်။

“သခင်ကြီးချင်းက သခင်လေးရဲ့ ကိုယ်ရေးကိုယ်တာ အစေခံအနေနဲ့ လုပ်ပေးဖို့ ကျုပ်ကို အမိန့်ပေးထားပါတယ်။ နောက်ကျရင် သခင်လေးဟန် ဘာပဲလိုလို ကျနော့်ကို အားမနာတမ်းသာ ပြောပါ…”

ချင်းပိုင်က ဟန်လိကို ထိုသို့ ပြောနေစဉ် သူ့အမူအရာမှာ လေးစားနေဟန်၊ စိတ်လှုပ်ရှားနေဟန် ပေါ်လွင်နေသည်။

ချင်းပိုင်၏ အတွေးက ရိုးရှင်းသည်။ သည်သခင်လေးဟန်က ဇနပုဒ်နေရာကနေ လာသော်လည်း လူအများက သူ့ကို တောက်ပလွန်းသူဟု မမြင်သော်လည်း သခင်ကြီး၏ သဘောကျတာကို ခံရသူ ဖြစ်သည်။ သို့အတွက် သူသာ ဒီသခင်လေးထံ တာဝန်ကျေကျေ အမှုတော်ထမ်းပေးပါက သခင်ကြီး၏ မျက်နှာသာ ပေးမှုကို ရကောင်းရနိုင်သည်။

ချင်းပိုင်သည် ဆရာကတော်၏ အစေခံမလေးထံမှ သည်သခင်လေးဟန် ဆိုသူမှာ သခင်ကြီး၏ တရားမဝင်သား ဖြစ်ဖို့များသည်ဟု ပြောတာကို ကြားခဲ့ပြီး ဖြစ်သည်။ သခ်ကြီးသာ အသက်ရှင်နေသေးပါက သည်သခင်လေးဟန်ကို မည်သူက မမျှမတ ဆက်ဆံဝံ့ပါ့မည်နည်း။

ဟန်လိကမူ ချင်းပိုင်၏ အတွေးများကို သိမနေ၊ ချင်းပိုင်သည် အိမ်တော်သခင်ချင်းယန်၏ ဆန္ဒကြောင့်သာ သူ့ထံ လာခစားသည်ဟုသာ တွေးသည်။ သူသည် ယွဲ့ကျင်းမြို့တော်နှင့် ချင်းအိမ်တော်တို့အကြောင်း ကောင်းကောင်းမသိသေးပေ။ ထို့ကြောင့် သည်လူ့ကို ဒီအကြောင်းများ မေးမြန်းကြည့်ရမည်။

ဟန်လိက ထိုသို့ တွေးကာ ပြုံး၏။ ထို့နောက်တွင် သူက ချင်းပိုင်ကို ပွင့်ပွင့်လင်းလင်း ပြော၏။

“ဒီအိမ်တော်ရဲ့ အဆောက်အဦတော်တော်များများကို ကျုပ် ခုထိ မမြင်ရသေးဘူး။ ဒါ့ကြောင့် ကျုပ် လှည့်ပတ်ကြည့်ချင်တယ်။ ခင်ဗျား ကျုပ်နဲ့ အဖော်လိုက်ပေးနိုင်မလား…”

“ဟုတ်ကဲ့ပါ…သခင်လေး…”

ချင်းပိုင်က စိတ်ပါလက်ပါ ပြန်ဖြေသည်။ ထိုသို့ဖြင့် ဟန်လိသည် ချင်းပိုင်ကို လမ်းပြခိုင်းပြီး ချင်းအိမ်တော် တဝိုက်သို့ လှည့်ပတ်ကြည့်လေ၏။

အမျိုးသမီးများ နေထိုင်သော နေရာများကိုမူ ဟန်လိအနေဖြင့် နီးနီးကပ်ကပ် သွားကြည့်ဖို့ မသင့်တော်လှပေ။ မည်သို့ပင်ဖြစ်စေ သူတို့ကို အဝေးမှ လှမ်းမြင်သူများသည်လည်း ဘာအတင်းအဖျင်းမှ မပြောဝံ့ပေ။ တကယ်တော့ ချင်းယန် ပြောခဲ့သော စကားများက ချင်းအိမ်တော်တစ်ခုလုံးအပေါ် သက်ရောက်မှု ရှိခဲ့ပေသည်။

“ဒါက ဒုတိယအိမ်တော်သခင်ကြီး ဖူးကွေးရဲ့ ခြံဝန်းပဲ။ ဒုတိယသခင်ကြီးအပြင် သူ့ရဲ့ အငယ်ဆုံးသားနှစ်ယောက်လည်း အဲ့မှာ နေထိုင်ကြတယ်။ အဲ့အနီးဝန်းကျင်မှာကတော့…”

ချင်းပိုင်သည် ဟန်လိကို သေချာ ရှင်းပြပေးသည်။

သို့သော် ချင်းပိုင်က သခင်မလေးပျောင်(မော့ဖန်းဝူ)၏ နေအိမ်ဟူသော စကားကို ကြားသည့်အခါတွင်မူ ဟန်လိစိတ်ထဲ မငြိမ်မသက် ဖြစ်သွားမိသည်။ သူက ခဏရပ်ကာ သည်နေအိမ်ကို အချိန်ကြာကြာ ရပ်ကြည့်နေသည်။ ထို့နောက်ကျမှ သူက တဖက်သို့ ခေါင်းလှည့်သည်။

သိပ်မကြာခင်မှာပင် ဟန်လိသည် ချင်းအိမ်တော်တစ်ခုလုံးကို လျှောက်ကြည့်တာ ပြီးသွားခဲ့ပြီ။ သို့သော် ဟန်လိသည် ခုထိ အားမရသေးပေ။

သူက ချင်းပိုင်ကို ယွဲ့ကျင်းမြို့ရှိ လူစည်ကားသော နေရာများကိုပါ လိုက်ပြပေးရန် ပြောကာ သူတို့သည် ချင်းအိမ်တော်ထံမှ ထွက်လာသည်။ သူတို့သည် ဟိုဟိုဒီဒီ လျှောက်သွားနေရင်း ချင်းပိုင်က သူ့ကို အဆက်မပြတ် ရှင်းပြပေးနေသည်။

...

ယွဲ့ကျင်းရှိ အထင်ကရ နေရာတချို့ကို လျှောက်ကြည့်ရင်းဖြင့်ပင် နံနက်ခင်းတစ်ခုလုံး ကုန်လွန်သွားခဲ့သည်။

ချင်းပိုင်၏ အစတုန်းက တက်ကြွခဲ့သော ဟန်အမူအရာမှာ ပျောက်ကွယ်သွားနှင့်တာ ကြာလောက်ပြီ။ ထိုအချိန်တွင် သူသည် ဟန်လိနောက်မှာ ခါးသက်သက်မျက်နှာဖြင့် ခွေခွေယိုင်ယိုင် ဖြစ်နေလေပြီ။

နည်းနည်းလေးမျှ မနားဘဲ နာရီများစွာ လမ်းလျှောက်ရလိမ့်မည်ဟု မည်သူက ထင်ပါ့မည်နည်း။ သည်သခင်လေးက သူ့ကို အဆက်မပြတ် အတင်းအမိန့်ပေးကာ အဆုံးမရှိသည့်နှယ် ရှင်းပြခိုင်းနေတော့မည်လား။ သည်လိုအခြေအနေတွင် လူတိုင်း စိတ်ထဲ၌ မကျေမနပ် ခံစားမိကြမည်သာ။

ချင်းပိုင်သည် သူ သခင်ရွေးတာ မှားလေပြီလားဟုပင် သံသယရှိလာတော့သည်။

All Chapters