တီးတိုးဆွေးနွေးကြခြင်း
Vol. 21 Ch. 284
ချင်းပိုင်သည် ချင်းအိမ်တော်၏ အစေခံတစ်ယောက် ဖြစ်သော်ငြားလည်း ပုံမှန်ဆို သူ အပြင်သွားတိုင်း ရထားလုံး ခေါ်လေ့ရှိသည်။ သူ့အနေဖြင့် ယနေ့ကဲ့သို့ ခြေကျင် ခရီးအရှည်ကြီး မသွားဖူးခဲ့ပေ။ ဟန်လိနောက်သို့ ကောက်ကောက်ပါအောင် လိုက်လျှောက်နေရခြင်းက သူ့အတွက် မနည်းမနော ညှင်းပမ်းခံရတာသာ ဖြစ်သည်။
ချင်းပိုင်သည် သူ့ခြေဖနောင့်များ မသိမသာ ပွန်းပဲ့နေပြီဟုပင် ခံစားမိနေရပြီ။ သူ့အာခေါင်ဆို စကားပြောရလွန်းသဖြင့် ကွဲအက်ရှလွန်းနေတာ ပြောနေရန်ပင် မလိုတော့ပေ။
သို့သော် သူ၏ သခင်သစ်ဖြစ်သူ၊ဟန်လိမှာ ကြွေထည်ဆိုင်ငယ်လေးတစ်ခုကို စိတ်ဝင်တစား ရှိပြီး အဘက်ဘက်သို့ လျှောက်ကြည့်နေချင်သည့်အခါ သူ့အဖို့ အံတင်းတင်းကြိတ်ကာ နောက်ကနေ အင်တင်တင်ဖြင့် လိုက်လာရုံသာ တတ်နိုင်ပါသည်။
တကယ်တော့ သူသည် သူ့သခင်ကို သူ ပင်ပန်းနေပါပြီဟု ပြော၍ မရနိုင်ပါ။ သူကဲ့သို့ အစေခံတစ်ယောက်က ထိုသို့ အထွန့် ဘယ်တတ်ဝံ့ပါ့မည်နည်း။
“ကျုပ် နည်းနည်း ဗိုက်ဟာလာပြီ။ ကျုပ်တို့ နေ့လယ်စာ စားလို့ရနိုင်မယ့် နေရာတစ်ခုခုများ မင်း သိလား…”
ဟန်လိသည် ထိုစကားကို ကြားသည့်အခါ ဟန်လိဘေးနား အမြန် ရောက်လာပြီး အခါခါ ခေါင်းညိတ်ပြလေတော့သည်။ ထို့နောက်တွင် သူသည် အလွန်ယဉ်ကျေးဟန်ဖြင့် အကြံပြုကာ မနီးမဝေးရှိ စားသောက်ဆိုင်ငယ်တစ်ခုထံ ချက်ခြင်း ဦးဆောင်ခေါ်သည်။ ထိုစားသောက်ဆိုင်၏ ကိုယ်ပိုင်ဟင်းအမယ်များကိုလည်း ချီးမွန်းခန်းဖွင့်လျက်ပေါ့။
ဟန်လိသည် ချင်းပိုင်ပြောပုံဆိုပုံက ရယ်စရာကောင်းလှသည်ဟု ထင်သည်။ သို့သော် သူ့ဟန်ပန်ကမူ သူသာ ဆုံးဖြတ်မည့်ဟန် ပေါ်လွင်နေဆဲသာ။ ချင်းပိုင်သည် နှစ်ထပ်စားသောက်ဆိုင်ထဲ ရှေ့ကနေ ဝင်လာသည်။
ပထမထပ်တွင် ပုံမှန်အရပ်သူအရပ်သားများသည် ရိုးရိုးရှင်းရှင်း ဟင်းအမယ်များကိုသာ စားသောက်နိုင်သည်။ ဒုတိယထပ်တွင်မူ ဆိုင်၏ အထင်ကရ ဟင်းအမယ်များကို မှာယူနိုင်သည်။ ချင်းပိုင်သည် ဟန်လိကို ဒုတိယထပ်သို့သာ ခေါ်သွားမှာ သဘာဝပင်။
ဒုတိယထပ်တွင် ဧည့်သည်များများစားစား ရှိမနေပေ။ သုံးစု၊လေးစုလောက်သာ ရှိ၏။ စားပွဲများထဲမှတစ်ခုတွင် ဂရုပြုမိဖွယ် လူငါးယောက် ထိုင်နေကြသည်။ အမျိုးသားသုံးယောက်နှင့်အမျိုးသမီးနှစ်ယောက်တို့ ဖြစ်၏။
ဟန်လိသည် ထိုအထပ်သို့ ရောက်လာသည်နှင့် ယင်းအုပ်စုထံ အကြည့်ရောက်ကာ သူ အံ့အားတသင့် ဖြစ်သွားသည်။ အကြောင်းမှာ ထိုငါးယောက်သည် ချီစုဆောင်းခြင်းကျင့်ကြံသူများ ဖြစ်နေသောကြောင့်ပင်။ သူတို့၏ အဆင့်များမှာ အဆင့်တစ်ဆယ်၊ သို့မဟုတ် ထိုထက် ပိုမြင့်နိုင်သည်။
“သူတို့က မိစ္ဆာတာအိုဂိုဏ်းခြောက်ဂိုဏ်းကများ ဖြစ်နေမလား…”
အရင်ဆုံး ဟန်လိသည် ထိုကဲ့သို့ တွေးမိသည်။
သူသည် သူ့ခန္ဓာကိုယ်ရှိ စိတ်ဝိညာဉ်ချီကို ချိန်ညှိကာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်လာပြီးနောက် သူ တတ်မြောက်ခဲ့သော ချီရုတ်သိမ်းခြင်း ပညာရပ်ကို အသုံးပြု၍ သူ့စိတ်ဝိညာဉ်ချီအားလုံးက သူ့ခန္ဓာကိုယ်ထဲ သိမ်းဆည်းသည်။ ထိုအခါ အဆင့်နိမ့်ကျင့်ကြံသူများသည် ဟန်လိနှင့် သေမျိုးတစ်ယောက်ကြား ကွဲပြားမှုကို ပြောနိုင်စွမ်း ရှိကြတော့မှာ မဟုတ်ပေ။
“သခင်လေး…ကျေးဇူးပြုပြီး…ဟိုမှာ ထိုင်ပေးပါ…”
ချင်းပိုင်သည် ပြတင်းပေါက်နားရှိ စားပွဲတစ်ခုဆီ ဟန်လိကို ခေါ်သွားပေးသည်။ ထို့နောက်တွင် သူ့အင်္ကျီလက်အိုးဖြင့် ထိုင်ခုံကို သုတ်ပေးပြီး ဟန်လိကို ထိုင်နိုင်ပြီဖြစ်ကြောင်း ပြုံး၍ ပြောသည်။ ဟန်လိသည် ချင်းပိုင်ကိုပါ သူနှင့်အတူ လိုက်ထိုင်ခိုင်းသည်။
သည်အခါတွင်မူ ချင်းပိုင်သည် ယဉ်ကျေးမနေတော့ပေ။ သူသည် အကြိမ်အနည်းငယ်လောက် ငြင်းဆန်ပြီးနောက်မှာတော့ တရိုတသေဖြင့် ထိုင်ခုံပေါ်မှာ ထိုင်ချတော့သည်။ သူ့ခြေထောက်များမှာ အမှန်တကယ်ကို နာကျင်နေလေပြီ။ သို့သော် သူ့အဖို့ အစေခံဟူသော သူ့အဆင့်အတန်းကို မချိုးဖျက်နိုင်ပေ။ ကံကောင်းစွာဖြင့် မြို့တော်ကို ခုမှ ရောက်လာသော သည်သခင်လေးသည် လုပ်ရိုးလုပ်စဉ်များကို စိတ်မဝင်စားပုံ ပေါ်နေခြင်းသာ။
သူတို့နှစ်ယောက် ထိုင်သည်နှင့် စားပွဲထိုးလေးတစ်ယောက်သည် သူတို့ရှေ့ ခပ်သွက်သွက် ရောက်လာပြီး ရိုရိုကျိုးကျိုးဖြင့် မေးသည်။
“ဧည့်သည်တော်များ ဘာများ သုံးဆောင်မလဲ ခင်ဗျ၊ ဒီစားသောက်ဆိုင်မှာ အတော်လေး ကျော်ကြားတဲ့ ကိုယ်ပိုင်ဟင်းအလျာတွေ အများကြီး ရှိပါတယ်ဗျ…”
“မင်းတို့ဆိုင်ရဲ့ အကောင်းဆုံး ဟင်းလျာတွေ ချချေ။ ပြီးတော့ ဟင်းပွဲတွေကို အကောင်းဆုံး ပါဝင်ပစ္စည်းတွေနဲ့ ချက်ပါ။ ကျုပ်ရဲ့ သခင်လေးဟာ ချင်းအိမ်တော်က သခင်လေးပဲ…”
ချင်းပိုင်သည် စားသောက်ဖွယ်ရာများကို မည်သို့မှာရမှန်း မသိဖြစ်နေတာကို သိသည်။ ထို့ကြောင့် သူကပဲ ဟန်လိကိုယ်စား မှာပေးသည်။ သူက ချင်းအိမ်တော်ဟု အမည်ကိုပါ ထည့်ပြောသည့်အခါ စားပွဲထိုလေး၏ ဟန်အမူအရာက ပို၍ ယဉ်ကျေးသွားလေ၏။ ချင်းအိမ်တော်၏ အမည်က အတော်လေး အသုံးတည့်လှပါသည်။ စားပွဲထိုးက ချက်ခြင်း ခေါင်းညိတ်ကာ ရိုရိုကျိုးကျိုးဟန်ဖြင့် ဖော်လံဖား စကားအနည်းငယ် ပြောသည်။ ထို့နောက်တွင် သူသည် ဟန်လိတို့မှာသော စားသောက်ဖွယ်ရာများကို သွားယူပေးဖို့ ခပ်သွက်သွက် ထွက်သွားလေသည်။
သို့သော် ဟန်လိကမူ သည်စားပွဲထိုးအပေါ် အာရုံကျမနေ၊ သူက သူနှင့် မလှမ်းမကမ်း စားပွဲတွင် ထိုင်နေသော ကျင့်ကြံသူများပေါ်သို့သာ အာရုံစိုက်ထားသည်။
သို့သော် ဟန်လိကို စဉ်းစားမရ ဖြစ်စေသည်မှာ အပြာရောင်ဝတ်စုံဖြင့် အသက်သုံးဆယ်ဝန်းကျင်လောက်ရှိမည့် အမျိုးသားတစ်ယောက်ကို သူ သိနေသလို ထင်နေခြင်းပင်။ ထိုသူ့ကို အရင်က သူ မြင်ဖူးခဲ့သလိုလို ဖြစ်နေသည်။
ဟန်လိ စဉ်းစားကြည့်သေးသည်။ သို့သော် သူ့စိတ်ထဲ ဘာမှ ပေါ်မလာခဲ့ပေ။ ထိုသူမှာ သူ မြင်ဖူးသောသူ မဟုတ်နိုင်လောက်ပေ။ ဟန်လိ မြင်ဖူးသည်ဟု ထင်နေသော ထိုသူအပါအဝင် သူတို့အားလုံးသည် အရက်သောက်နေကြသည်။ သူတို့မျက်နှာပေါ်တွင်မူ စိုးရိမ်ပူပန်မှုတို့ အထင်းသား။
ထိုအုပ်စုထဲမှ မိန်းမလှနှစ်ယောက်သည် သူတို့၏အရက်ခွက်များကိုသာ စိုက်ကြည့်နေလျက် လက်ထဲရှိ တူများကမူ လှုပ်ပင်မလှုပ်၊ ကြည့်ရတာ သူတို့၌ စားချင်သောက်ချင်စိတ် ရှိမနေပုံ ပေါ်သည်။
သူတို့သည် ယွဲ့ဒေသသို့ ထိုးဖောက်ဝင်ရောက်လာသော မိစ္ဆာတာအိုကျင့်ကြံသူများနှင့် တူမနေတာတော့ အမှန်ပင်။ အပြာရောင်ဝတ်စုံနှင့်သူသည် ငယ်ရွယ်လှသော မိန်းမပျိုတစ်ယောက်ကလွဲ၍ ကျန်သည့်သူများထဲတွင် အငယ်ဆုံး ဖြစ်နိုင်လောက်သည်။
“သခင်လေး…စားသောက်ဖွယ်ရာတွေ ရောက်ပါပြီ။ ကျေးဇူးပြုပြီး အရင်ဆုံး စားသုံးပါအုံး…”
ထိုအခိုက်တွင် ဟန်လိသည် သူ့ဘေးမှ ချင်းပိုင်၏ လေးစားသမှု အပြည့်ဖြင့် စကားများကို ကြားရသည်။
“ဟားဟား…ကျုပ်တို့ အတူတူ စားကြတာပေါ့…” ဟန်လိသည် မသိမသာ ပြုံး၍ ထိုသို့ ပြောသည်။
ဟန်လိသည် စတင် စားသောက်သည်။ သူ့ပုံစံက အစားအသောက်တွင်သာ အာရုံစိုက်နေသည့်နှယ်။ သို့ပေမည့် အမှန်တွင်မူ သူ့ စိတ်ဝိညာဉ်အာရုံကို လျှို့ဝှက်၍ ထုတ်လွှတ်ထားပြီး အနီးအနားရှိ ကျင့်ကြံသူများကို သေချာ အာရုံစိုက်ထားသည်။
ချင်းပိုင်သည် ဟန်လိ စစားသည်ကို မြင်သည်နှင့် သူလည်း တူစကိုင်တော့သည်။ ထိုအခိုက်တွင် ယင်းကျင့်ကြံသူအုပ်စုထဲမှ အကြီးဆုံးတစ်ယောက်ဖြစ်သော အဘိုးအိုသည် သောက်နေတာကို ရပ်ပြီး ရုတ်တရက် သူတို့ပတ်လည်၌ အသံအတားအဆီးတစ်ခုကို ထုတ်လွှတ်သည်။
ထို့နောက်တွင် သူက ပြောသည်။
“အားလုံးပဲ…စားကြပါ။ ကျုပ်တို့ အသက်တွေက တခြားသူတွေ လက်ထဲ ကျရောက်သွားမှတော့ မြူတောင်တန်းက ကျုပ်တို့အတွက် အခုချိန်မှာ လျှောက်စရာ လမ်းတစ်ခုပဲ ရှိတော့တယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ကျုပ်တို့ရဲ့ စိတ်ဝိညာဉ်တွေဟာ တစစီ မဖြစ်သွားသေးတဲ့အတွက် တခြားကျင့်ကြံသူတွေထက်တော့ အများကြီး ပိုကောင်းပါတယ်လေ…”
အသံအတားအဆီးက မျက်နှာမည်းမည်းနှင့် ထိုအဘိုးအို၏ အသံကို တိုးသွားစေသော်လည်း ဟန်လိကမူ သူ့စကားများကို ကောင်းကောင်း ကြားရသည်။ ချီသန့်စင်ခြင်းကျင့်ကြံသူများ အသုံးပြုသော အသံအတားအဆီးသည် ဟန်လိ၏ စိတ်ဝိညာဉ်အာရုံကိုမူ မဆန့်ကျင်နိုင်ပေ။
သို့သော် ထိုအဘိုးအို၏ စကားများကြောင့် ဟန်လိသည် တစ်ခုခု မူမမှန်တာကို သိလိုက်သည်။ သူ ကြားရသော စကားများထဲ၌ ကွယ်ဝှက်နေသော တစုံတစ်ရာ ရှိနေနိုင်သည်။
ထိုအဘိုးအို၏ စကားကြောင့်လားမသိရသော်လည်း အမျိုးသမီးနှစ်ယောက်ကမူ အစားအသောက်တချို့ကို ငြိမ်သက်စွာ စစားသည်။
သို့သော် သူတို့မှာ စားချင်စိတ် ပျောက်နေတုန်းပင်။ သူတို့က ဘာကိုမှ အရသာ မခံနိုင်သည့်အလား။
“အစ်ကိုကြီး…အခုကစပြီး ကျနော်တို့က သူတို့ရဲ့ ကြိုးကိုင်တာကို တကယ်ကြီး ခံရတော့မှာလား။ အမှန် မဟုတ်လောက်ဘူးမလား။ ကျုပ်တို့က ဒီအကြောင်းကို ဂိုဏ်းကြီးခုနစ်ဂိုဏ်းဆီ လျှို့ဝှက်ပြီး ပြောပြနိုင်တယ်လေ။ သူတို့က အဲ့လူတွေကို ရင်ဆိုင်မှာ သေချာလောက်ပါတယ်…”
အပြာရောင်ဝတ်စုံနှင့်သူသည် နှစ်ခွက်လောက် မော့ချပြီးနောက်မှာ သူက ထိုသို့ ပြောလာသည်။
ထိုအဘိုးအိုက သက်ပြင်းချကာ ပြော၏။ “ညီလေး…ဒီကိစ္စက အဲ့လောက် မရိုးရှင်းဘူး…”
သူသည် မသိမသာ ခေါင်းယမ်း၏။ သူ့ပုံစံတွင် အကူအညီမဲ့ဟန် ပေါ်နေသည်။
ထိုအဘိုးအို၏ စကားများကို ကြားရသည့်နောက်မှာ အငယ်ဆုံးဖြစ်သည့် အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက မေးလာပြန်သည်။ “အစ်ကိုကြီး…ကျမတို့ ဘာလို့ အဲ့လို လုပ်လို့ မရနိုင်တာလဲ။ ဂိုဏ်းကြီးခုနစ်ဂိုဏ်းကသူတွေဟာ အဲ့လူဆိုးတွေကို မသတ်ချင်တာလား။ ယွဲ့ဒေသမှာ တာအိုကို ထိန်းသိမ်းဖို့အတွက် အနည်းဆုံး သူတို့ရဲ့ လက်ချက်ကြောင့် သေရတဲ့သူ ရာချီလောက် ရှိခဲ့ပြီလေ…”
သူမက ထိုသို့ ပြောသည့်အခါ၌ သူမ၏မျက်နှာထက်တွင် အလိုမကျဟန် အထင်းသား ပေါ်နေသည်။
ဟန်လိက သည်စကားများကို ကြားသည့်အခါ အံ့အားတသင့် ဖြစ်မိသည်။ သူသည် အလွန်ကြီးမားသော ဖြစ်ရပ်တစ်ခုကို ဝိုးတဝါး ဖမ်းဆုပ်မိပြီဟု ခံစားမိရသည်။
သို့သော် သူက အစားအသောက်များ ထပ်စားနေခြင်းဖြင့်သာ ဟန်မပျက်ဘဲ ဆက်ရှိနေသည်။ ချင်းပိုင်ကလည်း ဟန်လိ၏ စားနိုင်သောက်နိုင်ပုံကို ချီးကျူးခန်း ဖွင့်နေတော့သည်။
ဟန်လိက မသိသာမ အရှက်ရသွားဟန်ဖြင့် ပြုံးသည်။ သူက ခုလောက်ထိ မြန်မြန်စားသောက်နေသည့် သူ့အပြုအမူက သိပ်မသင့်တော်လှဟု သဘောပေါက်သည့်အလား။
ထိုအခိုက်တွင် မျက်နှာမည်းနည်းနှင့် အဘိုးအိုသည် သက်ပြင်းချကာ အပြာရောင်ဝတ်စုံလူနှင့် အဖြူရောင်ဝတ်စုံအမျိုးသမီးငယ်တို့ကို စရှင်းပြသည်။
“အမှန်တော့ ဂိုဏ်းကြီးခုနစ်ဂိုဏ်းရှိက အကူအညီတောင်းတာဟာလည်း အသုံးမဝင်ပါဘူး…”
“အရင်ဆုံး…ကျုပ်တို့လို လေလွင့်ကျင့်ကြံသူတွေဟာ ဂိုဏ်းခုနစ်ဂိုဏ်းရဲ့ ခုလက်ရှိ အခြေအနေတွေကို ကောင်းကောင်းနားလည်ဖို့ လိုတယ်။ အခု သူတို့ရဲ့ အဓိကအင်အားစုတွေဟာ မိစ္ဆာတာအိုဂိုဏ်းက ကျင့်ကြံသူတွေကို တားဆီးဖို့ အာရုံစိုက်ထားရတယ်။ ဒါ့ကြောင့် သူတို့အနေနဲ့ ကျုပ်တို့လို လေလွင့်ကျင့်ကြံသူတွေကို ကူညီပေးဖို့ လူအင်အား ဘယ်လွှတ်ပေးနိုင်ပါ့မလဲ။ သူတို့က အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတွေကိုတောင် ရင်ဆိုင်နိုင်တယ်။ ဂိုဏ်းကြီးခုနစ်ဂိုဏ်းက သာမန်ကျင့်ကြံသူတွေကိုပဲ လွှတ်ပေးခဲ့ရင် သူတို့လည်း လှုပ်ရှားအရေးယူနိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ မဟုတ်ရင် မိစ္ဆာတာအိုဂိုဏ်းက ကျုပ်တို့ကို ခုလို လွယ်လွယ်နဲ့ ဘယ်ဖမ်းစီးလို့ ရမလဲ…”
“ဒုတိယအနေနဲ့ ဂိုဏ်းခုနစ်ဂိုဏ်းဟာ တာအိုကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ ပတ်သတ်ပြီး အမှန်တကယ် ပူပန်ပြီး ကျုပ်တို့ကို ရန်ပြုတဲ့သူတွေကို ရှင်းပေးဖို့ လူတွေ စေလွှတ်ခဲ့ရင်တောင်မှ သူတို့ကိုယ်တိုင်ဟာလည်း မျက်နှာဖုံးတွေနဲ့ ဆိုတာကို မမေ့ပါနဲ့။ ကျုပ်တို့အနေနဲ့ ဟိုလူတွေကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ သူတို့က ကျုပ်တို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထူးခြားတဲ့ အတားအဆီးတွေ ချထားခဲ့တဲ့အကြောင်းကိုတော့ ထည့်ပြောနေဖို့တောင် မလိုတော့ဘူး။ ကျုပ်တို့သာ သူတို့ရဲ့ အမိန့်တွေကို မလိုက်နာရင် ချက်ခြင်း အသက်ခံရဖို့ များတယ်။ ပြီးတော့ ဂိုဏ်းခုနစ်ဂိုဏ်းက သူတွေဟာ ကျုပ်တို့ မိထားတဲ့ အတားအဆီးတွေကို ဖယ်ရှားပေးနိုင်ဖို့ကကော သေချာလို့လား။ အဲ့လူတွေက ကျုပ်တို့ကို လွယ်လွယ် လွှတ်ပေးခဲ့ပုံကို ကြည့်ရင် သူတို့ရဲ့ အစီအရင်အတားအဆီးတွေအပေါ် ယုံကြည်မှု ရှိလို့ပဲလေ။ ဒါ့ကြောင့် ဒီအတားအဆီးတွေကို လွယ်လွယ်နဲ့တော့ ဖယ်ရှားပစ်လို့ ရနိုင်မှာ မဟုတ်လောက်ဘူး…”
မျက်နှာမည်းမည်းနှင့် အဘိုးအိုက ထိုသို့ ပြောနေစဉ် သူက မျက်မှောင် ပိုကြုံ့လာသည်။ သူသည် မျှော်လင့်ချက်မဲ့စွာ ပြောနေသည့်အလား။
“ဒီတော့ ညီမတို့က အဲ့အယုတ်တမာကောင်တွေနဲ့ တဘက်တည်း အမှန်တကယ် ရပ်ပြီး တခြားကျင့်ကြံသူတွေကို ထောင်ဖမ်းဖို့အတွက် သူတို့ကို ကူညီပေးရတော့မှာလား…”
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးငယ်၏ အသားအရေမှာ တအား ဖြူလျောနေလေပြီ။ သူမသည် ထိုသို့ မလုပ်ချင်တာ သိသာသည်။
“ညီမငါး…၊ ဒါက အစ်ကိုကြီး ပြောခဲ့သလိုပဲ။ ခုချိန်မှာ ကျုပ်တို့အတွက် လျှောက်စရာ တစ်လမ်းပဲ ရှိတော့တယ်။ ကံကောင်းရင်တော့ ကျုပ်တို့ အတင်းအကြပ် အလုပ်မခံရခင် အချိန်တစ်ခုတော့ ရချင်ရမှာပါ။ အဲ့အချိန်အတွင်း မြူတောင်တန်းက ကျုပ်တို့ မိတ်ဆွေတွေဟာ သူတို့ကို ဆန့်ကျင်ထွက်ပြေးနိုင်မယ့် နည်းလမ်းတစ်ခုကို ရှာရမယ်…”
အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနှင့် အသက်လေးဆယ်ဝန်းကျင်ရှိမည့် သက်လတ်ပိုင်းလူကြီးက သူမ၏ ညီမဖြစ်သူကို နှစ်သိမ့်စကား ဝင်ပြောသည်။
သို့သော် ကျန်သည့်သူများက သူ့စကားများမှာ သူတို့ကိုယ်သူတို့ လှည့်စားနေခြင်း၊ လိမ်ညာနေခြင်းဖြစ်မှန်း သိကြသည်။ သူတို့သည် လွန်ခဲ့သော ရက်များတည်းက အခု ကြုံနေရသော ပြဿနာကို ယုတ္တိကျကျ ဘာကိုမျှ စဉ်းစားနိုင်စွမ်း မရှိ ဖြစ်နေခဲ့သည်။ နောက်လအနည်းငယ် ကြာလျှင်တော့ နည်းလမ်းတစ်ခုကို သူတို့ ရှာတွေ့ချင် တွေ့နိုင်လောက်မည်။
ထိုသို့ဖြင့် သည်ကျင့်ကြံသူအုပ်စုမှာ ငြိမ်သက်သွားကြသည်။ သူတို့၏စိတ်နှလုံးများထဲတွင်မူ စိုးရိမ်ပူပန်မှုများ အပြည့်ဖြင့်ပေါ့။