လစ်လျူရှုထားခြင်းနှင့် ကောလဟာလများ
Vol. 21 Ch. 285
သည်စကားများကို ကြားရပြီးနောက်မှာ ဟန်လိသည် အားလုံးနီးပါး နားလည်သွားတော့သည်။
သည်ကျင့်ကြံသူအုပ်စုက ပြီးခဲ့သော နှစ်ပိုင်းများအတွင်း ယွဲ့ဒေသတွင် ပျောက်ကွယ်သွားခဲ့သော ကျင့်ကြံသူများနှင့် ပတ်သတ်သည့်အကြောင်း ဖြစ်နေသည်။ မထင်မှတ်စရာပင်။ သူတို့သည် ထိုဖြစ်ရပ်၏ နောက်ကွယ်တွင်ရှိသော ကြိုးကိုင်သူများ၏ ဖမ်းစီးချိန်းခြောက်တာ ခံခဲ့ရပုံပေါ်သည်။ သူတို့၏ လေသံအရ တခြားသူများကိုပါ ဒုက္ခပေးရတော့မည့်ဟန် ရှိနေသည်။
ဟန်လိစိတ်ထဲ ထိုအတွေးများ လျင်မြန်စွာ ဖြတ်ပြေးသွား၏။ သို့သော် တအောင့်အကြာမှာ သူက သည်ကိစ္စကို ဝင်မပတ်သတ်ရန် ဆုံးဖြတ်၏။
တကယ်တော့ ဒီချီစုဆောင်းခြင်းကျင့်ကြံသူအုပ်စု ပြောနေသော သူများမှာ ကျင့်ကြံသူအများအပြား ပျောက်ကွယ်သွားရခြင်း၏ နောက်ကွယ်မှ ရှိနေသော အကြောင်းရင်း ဖြစ်နေ၏။ ထိုသူတို့ မည်မျှ ဉာဏ်များသူများ ဖြစ်နေမည်မှာ သိသာသည်။ သူတို့မှာ သာမန်သူများ လုံးဝ မဖြစ်နိုင်မှာ အမှန်ပင်။
ထို့အပြင် သူတို့က အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများကိုပါ ထိန်းချုပ်နိုင်နေမှတော့ သူတို့နောက်ကွယ်၌ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများပါ ရှိနေနိုင်သည်။
သူကိုယ်တိုင်ကမူ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူ တစ်ယောက်မျှသာ။ အခုကဲ့သို့ ပြဿနာများစွာ ရှိနေသော အချိန်ကာလအတွင်း သူ့ကိုယ်သူ ဒုက္ခ မဖိတ်ခေါ်စေမိတာက သာ၍ ကောင်းလိမ့်မည်။ ထိုသို့ဆုံးဖြတ်ပြီး၍ ဟန်လိက သူ့စိတ်ဝိညာဉ်အာရုံကို ချက်ခြင်း ပြန်ရုတ်ကာ သည်ကျင့်ကြံသူအုပ်စုအား အာရုံထပ်မစိုက်တော့ပေ။
ထိုအုပ်စုကား ကံခေကာ သနားဖို့ ကောင်းသော်လည်း ဟန်လိမှာ အကြောင်းရင်းမရှိဘဲ ကြင်နာမှု ပြတတ်သူတစ်ယောက် မဟုတ်လေပေ။ သူသည် သူနှင့် ဘာမျှ မသတ်ဆိုင်ဘဲ အန္တရာယ်ကြီးကြီးကို ရင်ဆိုင်ရဲခြင်းလည်းမရှိ၊ ရင်ဆိုင်လိုခြင်းလည်း မရှိပါ။ သည်ကျင့်ကြံသူအုပ်စု ကံပိုကောင်းပါစေဟု သူ မျှော်လင့်ပေးရုံသာ တတ်နိုင်တော့သည်။
ထို့အပြင် ခုလက်ရှိ၌ ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှာ ယင်းကျင့်ကြံသူအုပ်စုထဲမှ မျက်နှာမည်းအဘိုးအို ကောက်ချက်ချသကဲ့သို့ပင်။ သူတို့၏ အင်အားစုအားလုံးကို မိစ္ဆာတာအိုဂိုဏ်းများနှင့် ရင်ဆိုင်ရာတွင် အာရုံစိုက်ထားရ၏။ သူတို့၌ လူပိုမရှိနေတာ သဘာဝပင်။ ဟန်လိသည် ဒီကိစ္စကို ဂိုဏ်းခုနစ်ဂိုဏ်းထံ သတင်းပေးခဲ့လျှင်ပင် ဂရုမစိုက်ဖို့ များသည်။ ဟန်လိသည် ဥပက္ခာပြု၍ ထိုသို့ တွေးရုံသာ တတ်နိုင်တော့သည်။
ဟန်လိသည် ထိုကျင့်ကြံသူအုပ်စု၏ တီးတိုးစကားများကို အာရုံစိုက်ရန် မလိုတော့သည့်အခါ အစားအသောက်ပေါ်တွင်သာ ပို၍ အာရုံစိုက်တော့သည်။ သူက ချင်းပိုင်ရှင်းပြနေသော ကိစ္စများကိုသာ သိချင်စိတ် ဖြစ်ပေါ်နေသလို ဟန်ဆောင်နေသည်။
ချင်းပိုင်ကလည်း ဟန်လိကို အသေးစိတ် ရှင်းပြပေးနေသည်။ သူ ထိုသို့ ပြုလုပ်နေစဉ် စားပွဲပေါ်ရှိ အစားအသောက်အများစုကမူ ဟန်လိ၏ အစာအိမ်ထဲ ရောက်နေခဲ့ပေပြီ။ သို့အတွက် ချင်းပိုင်မှာ လျှာလိပ်မတတ် ဖြစ်သွားသည်။ သူက သည်သခင်လေးမှာ အစားကြူးလှသူဟု စိတ်ထဲကနေပင် တွေးမိသွားသည်။
အခုချိန်၌ အနီးအနားတွင် ထိုင်နေသော ကျင့်ကြံသူများသည် အောက်ထပ်သို့ ဆင်းသွားကြလေပြီ။ သူတို့က စိတ်ပျက်လက်ပျက်နှင့် မတက်မကြွ ထွက်သွားကြတာကို ဟန်လိ မြင်သည်။ အခုလောက် အချိန်တိုလေးအတွင်း ကောင်းမွန်သော ဖြေရှင်းချက်တစ်ခုကို သူတို့အနေဖြင့် မတွေးနိုင်ခဲ့ပုံ ရသည်။
ထိုမြင်ကွင်းကို ကြည့်နေပြီး ဟန်လိသည် ချင်းပိုင်ကို အစားအသောက် အဝအပြဲ စားပြီးနောက်မှာ ဘေရှင်းခိုင်းသည်။
ချင်းပိုင်က အားပါးတရ ပြုံးပြ၏။ သူက ချင်းအိမ်တော်၏ တံဆိပ်ပြားငယ်ကို ထုတ်ယူကာ ပထမထပ်သို့ မော်မော်ကြွားကြွား ဆင်းသွားတော့သည်။
တအောင့်အကြာ သူ အပေါ် ပြန်တက်လာပြီး ဟန်လိကို တင်ပြသည်။
“သခင်လေး ကျနော် ဒီငွေတံဆိပ်ပြားကို သူတို့ကို ပြလိုက်တယ်။ ပြီးတော့ လကုန်ရင် ငွေလာတောင်းဖို့ ဆိုင်ရှင်ကို ပြောထားခဲ့တယ်။ ဒါ့ကြောင့် ကျနော်တို့က ငွေစကြေးစ ခန္ဓာကိုယ်ပေါ်မှာ ယူလာစရာကို မလိုတာ။ လတိုင်း ချင်းအိမ်တော်ရဲ့ သခင်လေးတွေ သုံးဖို့ အိမ်တော်က ငွေစရာချီ ပေးတယ်လေ။ သခင်လေးရဲ့ နာမည်နဲ့ ဘေလာတောင်းဖို့ ကျနော် ပြောခဲ့ပြီးသား…”
ဟန်လိသည် ထိုစကားကို ကြားသည့်အခါ နည်းနည်းတော့ အံ့အားသင့်သွားသည်။ သူသည် ချင်းအိမ်တော်၏ ကြွယ်ဝမှုကို ထပ်မံ ခံစားမိပြန်သည်။
သို့သော် သူ့မျက်နှာတွင်မူ မည်သည့်ဟန်အမူအရာမှ ပေါ်လွင်မနေ၊ သူက အရေးမစိုက်ဟန်ဖြင့် ခေါင်းတဆတ်ဆတ် ညိတ်ပြသည်။ ထို့နောက်တွင် သူနှင့် ချင်းပိုင်တို့သည် အောက်ထပ်ကို ဆင်းလာကြသည်။
နေ့လယ်နေ့ခင်း၌ ဟန်လိသည် ခြေကျင်ဆက်မလျှောက်သင့်တော့ဟု ထင်၏။ အစောပိုင်းတုန်းက တမနက်လုံး ခြေကျင်လျှောက်ခဲ့ရသည့်အတွက် ချင်းပိုင်၏ နာကျင်မှုအကြောင်း သူ သိခဲ့ရပြီး ဖြစ်၏။ ချင်းပိုင်ကလည်း ရထားလုံးတစ်ခု ခေါ်ဖို့ သူ့ကို အကြုံပြုခဲ့သည်။ ထို့နောက်တွင်တော့ သူတို့သည် ယွဲ့ကျင်းမြို့တော်ရှိ အထင်ကရ နေရာများထံ ဆက်၍ ခရီးနှင်သည်။
သူတို့သည် နေရာအနှံ့အပြားသို့ မလည်ပတ်ခဲ့သော်လည်း ဟန်လိကမူ သည်မြို့၏ လမ်းများနှင့် တည်နေရာအခင်းအကျင်းကို အကြမ်းဖျဉ်း သိနိုင်ခဲ့သည်။ ဟန်လိ မြို့ထဲ လျှောက်ပတ်ကြည့်နေစဉ် ချင်းအိမ်တော်မှာ သေကိန်းမဆိုင်နိုင်ဖို့ များပေ၏။ ည ရောက်လာခဲ့ပြီ။ ဟန်လိလည်း ချင်းအိမ်တော်ထံ စိတ်ကျေနပ်မှုအပြည့်ဖြင့် ပြန်လာခဲ့သည်။
ထိုအခါ၌ ခြံစောင့်ချင်းကွေးသည် ခြံဝန်းတံခါးဝထံ ခပ်သွက်သွက် လှမ်းလာကာ အလျင်အမြန် တံခါးဖွင့်ပေးသည်။ ဟန်လိတို့ ရထားလှည်းကို တစက်လေးမျှ ရပ်မစောင့်ရစေပေ။
သူက မနေ့တုန်းက ကိစ္စအတွက် သည်သခင်လေးဟန် အခဲမကြေဖြစ်မှာကို ကြောက်နေတာ ဖြစ်၏။ ဟန်လိထံမှ အမြင်ကောင်းရရန် သူ ကြိုးစားဖို့ လိုသည်။
သို့သော် ဟန်လိသည် မနေ့တုန်းက ထိုသို့သော ကိစ္စလောက်လေးကို အလုပ်ရှုပ်ခံကာ အဘယ်သို့ အမှတ်သညာ ထားနေပါ့မည်နည်း။ ခြံစောင့် ချင်းကွေ သူ့အပေါ် မလေးမစား လုပ်ခဲ့ဖူးတာကို သူ မေ့သွားခဲ့လေပြီ။
အခုအချိန်တွင် သူ့စိတ်ထဲ၌ ချင်းအိမ်တော်ကို မည်သို့မည်ပုံ ကာကွယ်ပေးရမည်နည်းဟူသော အတွေးများသာ ပြည့်နေသည်။ အနည်းဆုံးတော့ သူသည် ချင်းယန်၏အသက်ကို ကာကွယ်ပေးနိုင်ရမည်။ မဟုတ်ပါက သူသည် လီဟွာယွမ်ကို ရှင်းပြနေရလိမ့်မည်။ ထိုသို့ တွေးကာ ဟန်လိက ဆုံးဖြတ်ချက်တစ်ခု ချပြီး ချင်းအိမ်တော်ထဲ ဝင်လာခဲ့လေ၏။
ညအခါတွင် တခြားသူများကို ရှောင်ရင်း ဟန်လိက သူ့ဦးလေးချင်း(ဝါ) ချင်းယန်ကို သွားရှာသည်။
လျှို့ဝှက်အခန်းထဲ၌ အသေးစိတ် ဆွေးနွေးပြီးနောက်မှာ ဟန်လိသည် တက်တက်ကြွကြွဖြင့် ပြန်လာခဲ့လေသည်။
နောက်နေ့၌ ဘယ်ကမှန်းမသိရသော၊ တရင်းတနှီး မသိရသော လူငယ်တစ်ယောက်သည် ချင်းယန်၏ တူဆိုသည့် လူငယ်တစ်ယောက်မှာ သူ့ဘေးနားတွင် ရှိလာခဲ့လေပြီ။ ထို့အပြင် သည်လူငယ်မှာ တောဆန်ကာ ယွဲ့ကျင်းမြို့တော်၏ ဒေသခံတစ်ယောက် မဟုတ်ဖို့ များသည်။
ချင်းယန်ကမူ သည်လူငယ်ကို သူ့မျိုးနွယ်စုမှ စီနီယာတစ်ယောက်၏ မျိုးဆက်ဟု မိတ်ဆက်ပေးခဲ့သည်။ သူ့မိတ်ဆွေရင်းများကိုပါ ဟန်လိကို ထောက်ပံ့ပေးကြဖို့ ပြောထား၏။
ချင်းယန်၏ ထိုမိတ်ဆွေများမှာ မင်းမှူထမ်းအရာရှိများသာမဟုတ် အလွန်ကြွယ်ဝကာ ဩဇာရှိသော ကုန်သည်ကြီးများ ဖြစ်သည်။
သူတို့သည် လူငယ်တစ်ယောက်က ချင်းယန်နှင့် နီးနီးကပ်ကပ် ရှိနေတာကို မြင်သည့်အခါ စဉ်းစားမရ ဖြစ်ခဲ့သော်လည်း ဟန်လိနှင့် ပတ်သတ်ပြီး စုံစမ်းမှုတချို့ ပြုလုပ်ပြီးနောက် ထိုမြေခွေးအိုများသည် ဟန်လိအပေါ် အကြီးအကဲများကဲ့သို့ ကြင်နာပြ၊ ကောင်းမွန်စွာ ဆက်ဆံပြကြတော့သည်။
ဟန်လိသည်လည်း ယွဲ့ကျင်းမြို့တော်၏ ထိပ်ပိုင်းပုဂ္ဂိုလ်များနှင့် တဖြည်းဖြည်း ထိတွေ့ ပတ်သတ်မှု ပိုရှိလာခဲ့သည်။
မျက်စိတမှိတ်အတွင်း နှစ်လတာ ကုန်လွန်လာခဲ့ပြီ။
ဟန်လိသည် ချင်းအိမ်တော်၏ လူငယ်သခင်လေးတစ်ယောက် အမှန်တကယ် ဖြစ်လာပုံ ပေါ်သည်။ သူ့အပြုအမူများက ချင်းအိမ်တော်၏ မျိုးဆက်များနှင့် တူလာရုံသာမက စီးပွားကိစ္စဖြစ်ဖြစ်၊ လူမှုရေးပွဲများတွင် ဖြစ်ဖြစ်၊ သူ့အိမ်တော်တွင် ဧည့်သည်တစ်ယောက် လာလည်ပတ်တာပဲဖြစ်ဖြစ် အိမ်တော်သခင်ချင်းသည် ဟန်လိကို သူ့ဘေးတွင် အမြဲခေါ်ထားတတ်ပေသည်။ သူက ဟန်လိကို များစွာ အားစိုက်ထုတ်၍ ပြုစုပျိုးထောင်ပေးနေသည့်နှယ်။
ထိုသို့ဖြင့် ဟန်လိသည် အိမ်တော်သခင်ချင်း၏ တရားမဝင်သားဟူသော ကောလဟာလ သတင်းစကားများမှာလည်း ချင်းအိမ်တော်အပြင်ဘက်တွင် အလျင်အမြန် ပျံ့နှံ့လာသည်။
သို့သော် ချင်းယန်ကမူ သည်စကားများကို လုံးလုံးလစ်လျူထား၏။ သူတို့ ထင်ချင်သလို ထင်ပလေ့စေဟု လွှတ်ထားသည်။ ထိုအခါ လူတိုင်းက သည်ကောလဟာလမှာ အမှန်ဖြစ်ဖို့များသည်ဟု ပို၍ ယုံကြည်လာသည်။
သို့ဖြစ်၍ ချင်းမျိုးနွယ်၏ လူငယ်မျိုးဆက်ကတော့ သည်းမခံနိုင် ဖြစ်လာကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ချင်းအိမ်တော်မှ လူများသည် ဟန်လိမှာ ချင်းအိမ်တော်၏ သခင်လေးတစ်ယောက်၊ အိမ်တော်သခင်၏ ချစ်မြတ်နိုးခြင်းခံရသူတစ်ယောက်ဟု မပြောဘဲ နားလည်လာကြ၊ သိလာကြ၏။ ချင်းမျိုးနွယ်၏ သခင်လေးများ၊ သခင်မလေးများသည် ဟန်လိအပေါ် များစွာ မကျေမနပ် ဖြစ်ကြသော်လည်း သူတို့၏ အိမ်တော်သခင်အဘိုး၏ ပြင်းထန်သောဖိအားအောက်မှာ ဟန်လိကို ပေါ်ပေါ်တင်တင် ဆန့်ကျင်တိုက်ခိုက်ဝံ့ခြင်း လုံးဝ မရှိလေပေ။ သူတို့သည် နှာခေါင်းရှုံ့၍ သည်းခံ၍သာ နေရလေသည်။
သို့သော် နောက်ကွယ်တွင်မူ ဟန်လိကို တောသားငတုံး၊ ခွေးကောင် စသဖြင့် တစ်ကြိမ်ထက်မက ဆဲရေးခဲ့ကြပြီး ဖြစ်၏။
သို့ပေမည့် ညအခါ၌ ဟန်လိက သူ့အခန်းထဲတွင် ချီသန့်စင်ကျင့်ကြံနေချိန်တွင် ချင်းအိမ်တော်တစ်ခုလုံးကို သူ့စိတ်ဝိညာဉ်အာရုံဖြင့် ခြုံလွှမ်းထားတာကိုမူ သူတို့ မသိကြပေ။ သူက စိတ်ဝိညာဉ်အာရုံကို အချိန်အကြာကြီး ခြုံလွှမ်းထားနိုင်စွမ်း မရှိသော်လည်း လျှို့ဝှက်အချက်အချို့ကို သိရတွေ့ရဖို့ကတော့ လုံလောက်တာထက် ပိုပါသည်။
ဟန်လိသည် ထိုသူများ၏ နောက်ကွယ်မှ ပြောနေသော သူ့မကောင်းသတင်းများကို ကောင်းကောင်း ကြား၏။
သူသည် အတွေ့အကြုံမရှိ၊ ခုမှ လူလောကထဲ စဝင်လာခါစ ကလေးများကိုမူ သင်ခန်းစာ ပေးမည် မဟုတ်သော်လည်း သူ့ကို မျက်နှာပျက်စေရန် လျှို့ဝှက်ကြံစဉ်နေသော သူတို့၏ စီနီယာများနှင့် ပတ်သတ်၍မူ ဟန်လိမှာ ပြောစရာ စကားမဲ့ရလေသည်။
သူက သည်သေမျိုးများနှင့် ပတ်သတ်ပြီး အာရုံစိုက်နေမည်တော့ မဟုတ်ပါ။ သို့သော် မိစ္ဆာတာအိုဂိုဏ်းက ရုတ်တရက်ကြီး တိုက်ခိုက်လာခဲ့လျှင် ထိုသူများကို အနည်းဆုံးတော့ ကာကွယ်ပေးရမည်သာ။
တနေ့တွင် ချင်းယန်ကို အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည့် မင်းသားတစ်ယောက်က ညစာစားပွဲ တက်ရောက်ရန် မထင်မှတ်စွာ ဖိတ်ကြားခဲ့သည်။ ထိုမင်းသား သဘောကျသည့် ကိုယ်လုပ်တော်တစ်ယောက်က အကြီးအကျယ် နာဖျားရာကနေ ပြန်ကောင်းလာသည့်အတွက်ကြောင့် အကြီးအကျယ်ညစာစားပွဲ ကျင်းပဖို့ သူ စီစဉ်တာ ဖြစ်သည်။
ချင်းမျိုးနွယ်စုမှာ ယွဲ့ကျင်းတွင် အချမ်းသာဆုံး မဟုတ်သော်လည်း သူတို့၏ အာဏာနှင့် လွှမ်းမိုးနိုင်စွမ်းကမူ ထိပ်ဆုံးသုံးနေရာတွင် ရှိနေသည်။ သို့အတွက်ကြောင့် ထိုသို့ ဖိတ်ကြားခံရမှာ သဘာဝပင်။ ထို့အပြင် သည်ဖိတ်ကြားမှုမှာ ချင်းယန်တစ်ယောက်တည်းကို မဟုတ်လေပေ။ မင်းသားသည် လူငယ်သခင်လေးများနှင့် အရည်အချင်းရှိသော အမျိုးသမီးများကိုပါ တပါးတည်း ဖိတ်ကြားတာဟု ဖိတ်စာတွင် ဖော်ပြထားသည်။ မင်းသားက လူငယ်သခင်လေး၊ သခင်မလေးများကိုပါ ညစာစားပွဲကို လာစေချင်ပုံ ရသည်။
ရွေးချယ်စရာမရှိလေရာ ချင်းယန်သည် သူ၏ ဂျူနီယာများနှင့် အတူတူ သွားရလိမ့်မည်သာ။
သည်သတင်းကို ကြားရသော ဂျူနီယာလေးများသည် ချက်ခြင်းလက်ငင်း ပျော်ပျော်မြူးမြူး ဖြစ်ကုန်သည်။ သို့သော် ချင်းယန်က ချင်းမျိုးနွယ်စုသည် သေရေးရှင်ရေးကြား ရောက်နေကြောင်း ကြားသိခဲ့ရပြီးတည်းက သူသည် ဂျူနီယာများကို သည်အချိန်အတွင်း အပြင်သို့ လမ်းသလားခွင့် မပြုခဲ့တော့ပေ။
ဟန်လိ ပြောသကဲ့သို့ မိစ္ဆာတာအိုဂိုဏ်းမှ ကျင့်ကြံသူများကသာ သူတို့ကို စောင့်ကြည့်နေခဲ့လျှင် သူတို့သည် ကျိန်းသေပေါက် ဘေးဒုက္ခတစ်ခုနှင့် ရင်ဆိုင်ရပေလိမ့်မည်။
သို့ဖြစ်၍ နှစ်လအတွင်း အိမ်တော်သခင်ချင်းသည် အကြောင်းအမျိုးမျိုးပြကာ သူ့ဂျူနီယာလေးများကို အပြင်ထွက် လမ်းသလားခွင့် ပိတ်ထားခဲ့သည်။ ထိုအခါ ချင်းမျိုးနွယ်မှ သခင်လေး၊ သခင်မလေးများသည် မပျင်းရိဘဲ ဘယ်နေပါ့တော့မည်နည်း။
သူတို့ကို ပို၍ ဒေါသထွက်စေသည်မှာ သူတို့နှင့် အသက်ချင်း မတိမ်းမယိမ်းသာ ရှိသော ဟန်လိကမူ အပြင်သို့ စောစောတည်းကထွက်၊ နောက်ကျမှ ပြန်လာခွင့် ရခြင်းပင်။ ယင်းသို့ တရားမျှတမှု မရှိသည့်အတွက်ကြောင့် သည်လူငယ်လေးများသည် ငိုယို၍ အော်ဟစ်ရုံသာ တတ်နိုင်ခဲ့သည်။ အခု သူတို့အဖို့ အပြင်ထွက်နိုင်မည့် အခွင့်အရေး ရလာခဲ့ပြီ။ ထို့ကြောင့် ချင်းမျိုးနွယ်မှာ ဂျူနီယာလေးများမှာ တအား တက်ကြွနေကြတာ သဘာဝပင်။
“မင်းသားရှင်း…” သူတို့ကို ဖိတ်ခေါ်ခဲ့သူမှာ ယွဲ့ဘုရင်၏ ညီငယ်များထဲမှ တစ်ယောက် ဖြစ်သော မင်းသားရှင်း မဟုတ်လား။
ချင်းယန်အပြောအရ ထိုမင်းသားရှင်းသည် တော်ဝင်မျိုးနွယ် ဖြစ်သော်လည်း မိတ်ဆွေအပေါင်းအသင်း များသူ တစ်ယောက် ဖြစ်လေ၏။
အဆင့်မြင့် မင်းမှုထမ်းများ၊ တော်ဝင်သူများ၊ ချမ်းသာကြွယ်ဝသော ကုန်သည်ကြီးများသာမက သိုင်းလောကရှိ လူထူးဆန်းများနှင့်ပင် သူနှင့် ရင်းနှီးမှု ရှိကြသည်။
ထိုသို့ဖြင့် မင်းသားရှင်းသည် ယွဲ့ကျင်းရှိ လူအများကြား၌ အမည်ဂုဏ်သတင်းကောင်းကောင်း ရှိလေသည်။
ဟန်လိက မင်းသားရှင်းနှင့် ပတ်သတ်ပြီး ထိုအခြင်းအရာများကို ကြားသည့်အခါ သူ့အပေါ် ယေဘုယျထင်မြင်ချက် တစ်ခုတော့ ရှိသွားသည်။ အသေးစိတ်ကမူ အရင်ဆုံး သူကိုယ်တိုင် မျက်လုံးဖြင့် ကြည့်ရန် လိုလိမ့်မည်။
တကယ်တော့ မင်းသားရှင်း၏ အပြင်ပိုင်း အမည်ဂုဏ်သတင်းက ကောင်းမွန်သော်လည်း ထိုကဲ့သို့သော ကြီးမြတ်သော စရိုက်လက္ခဏာ ရှိသူများသည် သူတို့၏ စိတ်နေစရိုက်ကို ဖုံးကွယ်ထားတတ်သူများ ဖြစ်လေ့ဖြစ်ထ ရှိသည် မဟုတ်လား။