မင်းသား၏အိမ်တော်
Vol. 21 Ch. 286
မင်းသားရှား၏ နေအိမ်သည် အင်ပါယာမြို့တွင် အမှန်တကယ် ရှိမနေ၊ ထိုအစား မြို့တောင်ပိုင်းတွင်သာ တည်ရှိ၏။ ဟန်လိနှင့် တခြားသူများသည် ရထားလုံး နှစ်နာရီလောက် စီးလာပြီးနောက်မှာ လမ်းမတစ်ခုထံ ရောက်လာ၏။
မြို့တောင်ပိုင်းရှိ နေအိမ်အဆောက်အဦ တည်ဆောက်ပုံများနှင့် ချင်းအိမ်တော်တို့မှာ သိသာစွာ ကွဲပြားသည်။ သည်နေရာရှိ အဆောက်အဦအများစုမှာ စံနှင့်ပေနှင့် တည်ဆောက်ထားတာ ဖြစ်သည်။
သူတို့၏ နေအိမ်အရွယ်နှင့် အသွင်သဏ္ဌာန်အရ ရာထူးရာခံမည်မျှ မြင့်မမြင့်ကို သိနိုင်သည်။
မင်းမှုထမ်းအရာရှိအားလုံး၏ နေအိမ်များသည် မြို့တောင်ပိုင်း၌သာ တည်ရှိ၏။ သည်နေရာတွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းအတိုင်း နေအိမ်တစ်ခု၌ နေရသည်။ မည်သူကမျှ ဆန္ဒရှိသလို နေထိုင်၍ မရပေ။ မဟုတ်ပါက ဥပဒေချိုးဖျက်သည်ဟု ဆိုကာ အပြစ်ဒဏ်ကျခံရလိမ့်မည်။
ဘုရင့်မျိုးနွယ်ဖြစ်သော မင်းသားရှင်းမှာ တော်ဝင်အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားသည်ဖြစ်၍ သူ့နေအိမ်သည် မြို့တောင်ပိုင်း၌ အကောင်းဆုံးထဲမှ တစ်ခုတွင် ပါဝင်သည်။
အိမ်တော်ဧရိယာသည် ချင်းအိမ်တော်ထက် တဝက်ကျော်လောက် ပိုကြီးမားသည်။ သို့သော် နေအိမ်အဆောက်အဦများကမူ ညီညာစွာ သတ်သတ်မှတ်မှတ် ရှိနေသည်။
မင်းသားရှင်း၏ နေအိမ်ဝန်းရှေ့ ရထားလုံး ရပ်သည့်အချိန်တွင် ဟန်လိသည် ထိုအိမ်တော်ကို တချက်ကြည့်သည်။ သူသည် သေမျိုးလောက၏ ဂုဏ်ဓနကို ခံစားမိသည်။
နေအိမ်ဂိတ်တံခါးမှာ ဆယ့်ငါးမီတာမျှ မြင့်မားပြီး ဆယ်မီတာကျော် ကျယ်ပြောသည်။ ကြေးဝါ တံခါးကြီး ဖြစ်ကာ ခန်းနားထည်ဝါမှု အပြည့်ပင်။
ထို့အပြင် ဂိတ်တံခါး၏ တဖက်တချက်စီတွင် ဆယ်မီတာမျှ ရှိသော ကျောက်စင်ကြီးနှစ်ခုနှင့် ၎င်းတို့ပေါ်တွင် မိုးပြာခြင်္သေ့ရုပ်တု တစ်ခု စီရှိလေ၏။
ဂိတ်တံခါး၏ အဝင်ဝတွင် သေသပ်ကျနသော ချပ်ဝတ်များဖြင့် လူဆယ့်ခြောက်ယောက် စောင့်နေ၏။ သူတို့သည် သည်ညစာစားပွဲ၌ မတော်တဆမှုတစ်ခုခု ဖြစ်လာမှာကို တားဆီးရန် မြို့တော်စစ်တပ်ကနေ ငှားထားသော အစောင့်အကြပ်များ ဖြစ်လေ၏။
မင်းသားရှင်းနေအိမ်၏ အကြီးအကဲချုပ်မှာ ပုပုသေးသေးအဘိုးအိုတစ်ယောက် ဖြစ်၏။ မင်းသားရှင်းကိုယ်စား သူက ရောက်ရှိလာသော ဧည့်သည်တိုင်းကို ပြုံး၍ ကြိုဆိုနှုတ်ဆက်နေသည်။ သူသည် ဧည့်သည်တစ်ယောက်တလေကိုမျှ လစ်လျူမရှုဝံ့ပေ။
ထိုအချိန်၌ နေအိမ်ဂိတ်တံခါးရှေ့တွင် အရွယ်အမျိုးမျိုးရှိသည့် ရထားလုံးဆယ်ခုကျော်သည် အိမ်တော်ရှေ့ ကွက်လပ်တွင် ရပ်ကြသည်။
မိုးပြာကျောက်စင်မြင့်များရှေ့တည့်တည့်၌ ခုထိ အိမ်တော်ထဲ မဝင်ရသေးသော ဧည့်သည်ငါးယောက်ခြောက်ယောက်သည် အပြန်အလှန် နှုတ်ဆက်နေကြသည်။ သူတို့၏ ဝတ်ရုံများက ခန်းနား၏။ ကိုယ်နေဟန်ထားက ကျော့ရှင်းသေသပ်သည်။ သူတို့၏ အဆင့်အတန်းက မနိမ့်ကျပုံပင်။
ဤမြင်ကွင်းကို ကြည့်၍ ချင်းယန်သည် သူ့ဝတ်ရုံကို ဆန့်ကာ ရထားလုံးထဲကနေ သတိထား၍ ဆင်းလာသည်။
အနီးအနား၌ မည်သည့်ကျင့်ကြံသူမျှ မရှိကြောင်း သေချာစေပြီးမှ ဟန်လိလည်း စိတ်အေးလက်အေးဖြင့် ရထားလုံးထဲကနေ ဆင်းလာသည်။
ချင်းအိမ်တော်၏ သခင်လေးများ၊ သခင်မလေးများကမူ ရောက်သည်နှင့် ရထားလုံးများထဲမှ ဆင်းကြလေသည်။ သူတို့က အိမ်တော်ရှေ့တွင် ရပ်ကာ ရွှင်လန်းတက်ကြွစွာ စကားများ ပြောဆိုသည်။
ဟန်လိက ခုထိ အိမ်တော်တံခါးဝသို့ တက်သည့် လှေကားထစ်များတွင် ရှိနေဆဲ ဖြစ်သော ဧည့်သည်များကို တချက် လှမ်းကြည့်သည်။ ချင်းမျိုးနွယ်၏ ဂျူနီယာလေးများအပြင် တခြား ဧည့်သည့်အများစုမှာလည်း သူတို့၏ ကလေးများနှင့် တခြားလူငယ်လေးများကိုပါ ခေါ်ဆောင်လာကြတာကို သူ တွေ့ရသည်။
“မင်းသားရှင်းက ဒီပွဲကို လူငယ်တွေအားလုံး စုဝေးစေဖို့အတွက် အယောင်ပြ လုပ်ခဲ့တာများလား…”
သူ ထိုသို့တွေးမိသည်။ သို့သော် ဟန်လိသည် ထင်ရှားသော သက်သေသာဓကများ ဘာမျှ မရှိဟု ခံစားမိ၏။ သူက ချင်းယန်ကို တချက် လှမ်းကြည့်သည်။
သူ မျက်မှောင်ကြုတ်သွားတာ မြင်သည့်အခါ ချင်းယန်လည်း နည်းနည်းတော့ အံ့အားတသင့် ဖြစ်သွားလေ၏။
“အဘိုး…ကျနော်တို့ အရင်သွားကြမလား။ မင်းသားလေးက ကျနော်တို့ကို စောင့်နေတယ်…”
ချင်းမျိုးနွယ်စုမှ လူငယ်သခင်လေးတစ်ယောက်က အရှင်ဘိုးဘိုးက ခုထိ သူ့လှည်းကနေ အဝေးကို လှမ်းမလာသေးတာကို မြင်သည့်အခါ သူက သတ္တိမွေးကာ သည်စကားများကို လှမ်းပြောသည်။ သူက ချင်းယန် သူ့ကို အပြစ်တင်မှာတော့ စိုးရိမ်နေဟန် ပေါ်သည်။
“ကောင်းပြီ…ငါ သိပြီ။ လူတိုင်းပဲ အထဲဝင်ကြတော့…”
ချင်းယန်က ခေါင်းညိတ်ကာ သဘောတူ၏။ ထိုအခါ လူငယ်သခင်လေးများသည် မျက်နှာသာ ပေးခံရသည့်အတွက် ကျေနပ်ပျော်ရွှင်သွားကြသည်။
မင်းသားရှင်း၏ အိမ်တော်အကြီးအကဲက ချင်းယန်တို့အုပ်စု လှမ်းလာသည်ကို မြင်သည့်အခါ သူက တခြားဧည့်သည်များကို စကားစမြည် ပြောပြီး ချက်ခြင်းပင် သူတို့ကို လှမ်းပြုံးပြသည်။ သူက ချက်ခြင်း ချင်းအိမ်တော်အုပ်စုထံ လှမ်းလာပြီး လှိုက်လှိုက်လှဲလှဲ ပြောသည်။
“ဆရာချင်း….နောက်ဆုံးတော့ ခင်ဗျားလည်း ရောက်လာပြီပေါ့။ အရှင်မင်းသားက ခင်ဗျားတောင် လာမလည်တာ အတော်ကြာပြီလို့ ပြောနေခဲ့တာ။ ကျေးဇူးပြုပြီး အထဲဝင်ပေးပါဗျ။ မင်းသားက ဆရာချင်းကို တွေ့ရရင် ကျိန်းသေပေါက် ပျော်မှာပါ…”
“ဟားဟား…ဟုတ်ပါပြီ…ဟုတ်ပါပြီ…”
မင်းသားနေအိမ်၏ ထိုအကြီးအကဲသည် သာမန်မဟုတ်လေပေ။ စကားအနည်းငယ်ဖြင့်ပင် သူက လာရောက်သော ဧည့်သည်များကို ပြုံးစေ၊ ကျေနပ်သွားစေအောင် လုပ်နိုင်စွမ်း ရှိနေသည်။
ချင်းယန်သည်လည်း ထိုအကြီးအကဲနှင့် စကားစမြည် ပြောနေရင်း မပြုံးမိဘဲ မနေနိုင် ဖြစ်ရသသည်။
သို့ပေမည့် မင်းသားအိမ်တော်ထံ ဧည့်သည်များက ဆက်ရောက်လာနေကြဆဲ ဖြစ်၍ သူက ချင်းယန်နှင့် အချိန်ကြာကြာ စကားပြောနေ၍မရ၊ အိမ်တော်ထဲ သူတို့ကို ခေါ်လာပေးသည်။ ထို့နောက်တွင် နှိမ့်ချသော စကားတချို့ ပြောပြီးနောက် သူက နေအိမ်ဂိတ်တံခါးထံ အလျင်အမြန် ပြန်သွားတော့သည်။
ဟန်လိသည် ချင်းယန်၏ဘေးတွင် ရှိနေသော်လည်း သူက ငြိမ်သက်နေသည်။ သို့သော် ဟန်လိသည် ထိုအကြီးအကဲဆိုသူ၏ နောက်ကျောကို လှမ်းကြည့်သည့်အခိုက် သူ့မျက်လုံးထဲတွင် သံသယရှိဟန် လှစ်ခနဲ ဖြတ်ပြေးသွားသည်။
မည်သည့်အတွက်ကြောင့်မှန်းတော့ သူ မသိပေ။ သို့ပေမည့် ဟန်လိသည် ထိုသူ၏ ခန္ဓာကိုယ်မှ မည်သည့်စိတ်ဝိညာဉ်စွမ်းအားလှိုင်းကိုမှ မခံစားမိသော်လည်း ထိုသူ သူ့အနား ရောက်လာချိန်တွင် ရုတ်တရက် သူ့သွေးက အေးစက်သွားသကဲ့သို့ ခံစားမိသည်။ ကြောက်မက်ဖွယ်နတ်ဆိုးသားရဲ တစ်ကောင်က သူ့ထံ ချဉ်းကပ်လာသကဲ့သို့ပင်။ သည့်အတွက် ဟန်လိမှာ မသက်မသာ ခံစားမိသွားသည်။
အဘယ်ကြောင့် ထိုသို့ ခံစားရမှန်း သူ မသိသော်လည်း ဟန်လိက သူ့အာရုံခံစားမှုကို သူ အမြဲ ယုံသည်။ သူသည် သူ သတိထားရမည့်သူများ၏ အမည်စာရင်းထဲ ထိုအကြီးအကဲကို ချက်ခြင်း ထည့်သွင်းသည်။
“တူတော်မောင်ဟန်…သွားကြစို့…။ ကျုပ်က မင်းကို ကျုပ်ရဲ့ မိတ်ဆွေဟောင်းတချို့နဲ့ မိတ်ဆက်ပေးပါ့မယ်…”
ချင်းယန်က အကြီးအကဲ ထွက်သွားတာ မြင်သည့်အခါ ဟန်လိကို ပြုံး၍ ထိုသို့ ပြောသည်။
ထိုအခါ ချင်းယန်ဘေးတွင် ရပ်နေသော ချင်းမျိုးနွယ်ဝင်များသည် မကြည်မသာ ဖြစ်သွားကြသည်။ သူတို့သည် သူတို့၏ အရှင်က ဘက်လိုက်လွန်းသည်ဟု ခံစားမိကုန်သည်။
သို့သော် ဟန်လိကမူ ပြုံးရုံသာ ပြုံး၏။ ချင်းယန်က သူ့ဘေးမှာ သူ့ကို တချိန်လုံး ရှိနေစရန် ဆင်ခြင်တစ်ခုပေးရန်အတွက် ထိုသို့ ပြောမှန်း ဟန်လိအနေဖြင့် မသိဘဲ ဘယ်နေပါ့မည်နည်း။
ထို့နောက်တွင်မူ ချင်းယန်က ဦးဆောင်၍ သူတို့သည် မင်းသားရှင်းနေအိမ်၏ ဧည့်ခန်းမကြီးထဲ ဝင်လာကြသည်။ သည်ခန်းမတွင် လူတစ်ရာကျော်လောက် ရှိချေမည်။
အခုထိတော့ မင်းသားရှင်းက သည်ခန်းမ၌ မပေါ်လာသေးပေ။ သူသည် သူ့ဧည့်သည်အားလုံး လူစုံရောက်မှ ထွက်လာမည့်ပုံ ရသည်။
ချင်းယန်သည် ဧည့်ခန်းမကြီးဝင်ပေါက်သို့ ရောက်လာရုံ ရှိသေး သူနှင့် ရင်းနှီးတာ ကြာပြီဖြစ်သော မိတ်ဆွေတချို့၏ လှိုက်လှိုက်လှဲလှဲ လှမ်းနှုတ်ဆက်တာကို ကြားရသည်။
ချင်းယန်ကလည်း ထိုသူတို့ကို တလေးတစား ပြန်နှုတ်ဆက်သည်။ သို့သော် သူက အခန်းထဲ ဝေ့ဝိုက်ကြည့်ရှုပြီး သူ့ကို လာနှုတ်ဆက်သူများကို တောင်းပန်စကားတချို့ ပြောကာ ဖျားနာနေဟန်ပေါက်သော အဘိုးအိုတစ်ယောက်ထံ လှမ်းလျှောက်သွားသည်။ ထိုအဘိုးအိုနှင့်အတူ လူငယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်တို့ ရှိနေလေ၏။
ထိုလူငယ်မှာ ရိုးသားသောမျက်နှာကျပုံ ရှိ၏။ ထူထဲသော မျက်ခုံး၊ မျက်လုံးမျက်ဆန် ကြီးကြီး ပိုင်ဆိုင်ထားသည်။ အမျိုးသမီးငယ်၏ အသွင်ကမူ ထူးကဲလှသည်တော့မဟုတ်၊ သို့သော် သူမ၏ လုံးဝန်းကြီးမားသော မျက်လုံးတို့မှာ စွဲညှို့နိုင်လွန်းသည်။ သူမက ချင်းယန်ဘေးမှ ဂျူနီယာများကို သိမ့်မွေ့မှုကင်းမဲ့ဟန်ဖြင့် လှမ်းကြည့်သည်။ ဟန်လိသည်လည်း သူမ ဝေ့ဝိုက်ကြည့်ရှုခံရသူများထဲမှ တစ်ယောက်အပါအဝင်ပင်။
“အစ်ကိုကြီးဟွာ၊ ခင်ဗျားလို ဆေးနတ်ဘုရားက ဒီမှာ လူလုံးလာပြနေလိမ့်မယ်လို့ ကျုပ်ဖြင့် မထင်ထားဘူး။ ခင်ဗျားအနေအထားနဲ့ဆို ဖိတ်ကြားမှုကို အကြောင်းတစ်ခုခု ပြပြီး ငြင်းနိုင်တာပဲ မဟုတ်လား…”
ချင်းယန်သည် ထိုအဘိုးအိုအရှေ့ လျှောက်လာပြီး အားနာမနေဘဲ သူ့ဘေးမှာ ဝင်ထိုင်ကာ စစနောက်နောက် ပြောသည်။
“ဟား…အစတုန်းကတော့ ကျုပ် မလာတော့ဘူးလို့ တွေးထားတာပဲ။ ဒါပေမဲ့ မင်းသားရဲ့ ကိုယ်လုပ်တော် ခံစားနေရတဲ့ ဝေဒနာဟာ တကယ်ပဲ ကုသနိုင်သွားတယ်လေ။ ဒါက ကျုပ်ကို အတော်လေး သိချင်စိတ် ဖြစ်မိစေတယ်။ ဘယ်လို သမားတော်များကများ အဲ့လောက်ထိ မယုံကြည်နိုင်ဖွယ် စွမ်းပကား ရှိနေလဲ ကျုပ် တွေ့ချင်တာ…”
အစ်ကိုကြီးဟွာ ဟု ချင်းယန် လှမ်းခေါ်သော အဘိုးအိုသည် ပြုံး၍ ခပ်ဖြေးဖြေး တုန့်ပြန်သည်။
“အို…အဲ့လိုကို၊ မင်းသားရှင်းဟာ အစ်ကိုကြီးကိုလည်း သူ့ ကိုယ်လုပ်တော် နာဖျားမှုအတွက် ကုပေးဖို့ ဖိတ်ခေါ်ခဲ့ဖူးတယ်ဆိုတာ ကောလဟာလ မဟုတ်ဘူးပဲ။ စီနီယာဟွာရဲ့ ဆေးအစွမ်းနဲ့တောင် အဲ့ရောဂါကို ကုသပေးဖို့ မလုံလောက်တာများလား…”
ဟန်လိသည် ချင်းယန်က အကြီးအကျယ် အံ့အားတသင့် ဖြစ်သွားတာ မြင်သည့်အခါ ထိုအဘိုးအိုသည် ယွဲ့ကျင်းမြို့၌ ဆေးပညာရပ်မှာ အလွန်ကျော်ကြားသူ တစ်ယောက် ဖြစ်နိုင်မှန်း သိလိုက်သည်။
“ဟားဟား…လောကမှာ မရေမတွက်နိုင်တဲ့ ရောဂါဝေဒနာတွေ ရှိတယ်လေ ကျုပ်ရဲ့ ခုလက်ရှိ အမည်ကျော်ကြားမှုဟာ ကံကောင်းထောက်မလို့ပါ။ ကျုပ်ရဲ့ ဆေးပညာရပ်နဲ့တောင် ကုသဖို့ ခက်ခဲထူးဆန်းတဲ့ ရောဂါပေါင်းဟာ သောင်းခြောက်ထောင်ပဲလေ…”
ထိုအဘိုးအိုသည် စိတ်ထဲ မထားဟန်ဖြင့် ပြုံး၍ ပြောသည်။ လောကအပေါ် သူ့အမြင်မှာ အတော်လေး ကျယ်ပြောလှပုံပေါ်သည်။
“ဒါပေမဲ့လည်း…ကျုပ်တော့ ခုထိ အဲ့တာကို မယုံနိုင်သေးဘူး။ ယွဲ့ကျင်းမြို့တော်မှာ နောက်ထပ် ဆေးပညာအပေါ် ပါရဂူကျတဲ့သူ ရှိနေသေးတာလား…”
ချင်းယန်သည် ခေါင်းရမ်းသည်။ သူသည် အဘိုးအို၏ ဆေးပညာရပ်အပေါ် များစွာ ယုံကြည်မှု ရှိနေပုံ ပေါ်၏။
သို့ပေမည့် အဘိုးအိုဟွာကမူ ထိုစကားကို ကြားသည့်အခါ မသိမသာ ပြုံးကာ ဘာမျှ ထပ်မပြောနေတော့ပေ။ ထို့နောက်တွင် သူက သူ့ဘေးရှိ လူငယ်နှင့်မိန်းမပျိုတို့ထံ လက်ညှိုးထိုးကာ ပြောသည်။
“ဒီနှစ်ယောက်ဟာ ဟွာနန်းနဲ့ ဟွာဖန်းတို့ပဲ။ ခင်ဗျားတော့ သူတို့ကို အရင်က မြင်ဖူးတယ်မလား။ ကဲလာပြီးတော့ အဘိုးချင်းကို နှုတ်ဆက်ကြချေ…”
အဘိုးအိုဟွာကို ထိုနှစ်ယောက်က အလွန်လေးစားပုံ ရသည်။ သူတို့နှစ်ယောက်သည် နှေးဖင့်မနေဘဲ ချင်းယန်ကို တရိုတသေ ဂါဝရပြုသည်။
“ဟားဟား…ခင်ဗျားရဲ့ မြေးနဲ့မြေးမတို့ဟာ ခုလောက်ထိ အရွယ်ရောက်နေပြီလို့ ကျုပ် မထင်ထားမိခဲ့ဘူး။ ကျုပ်တော့ သူတို့ကိုပေးဖို့ ခုလက်ထဲမှာ ပစ္စည်းကောင်းဆိုလို့ ဘာမှ ပါမလာခဲ့ဘူး။ ဒီကျောက်စိမ်းဆွဲသီးနှစ်ခုကိုပဲ တွေ့ရဆုံရတဲ့ လက်ဆောင်အဖြစ် သတ်မှတ်ရင်ကော…”
ချင်းယန်သည် ထိုသို့ ပြောပြီးနောက်မှာ သူ့ခန္ဓာကိုယ်ပေါ်ကနေ အပြစ်အနာဆာကင်းမဲ့လှသော ကျောက်စိမ်းဆွဲသီးတစ်စုံကို ထုတ်ယူသည်။ တချက်ကြည့်ရုံဖြင့် ၎င်းတို့မှာ အဖိုးတန်မှန်း ပြောနိုင်သည်။
အဘိုးအိုဟွာ၏ မြေးဖြစ်သူ မျက်လုံးထဲ၌ ထူးခြားသည့် ကျေနပ်သွားဟန် လှစ်ခနဲ ပေါ်သွားသော်လည်း အလျင်အမြန် ပြန်ပျောက်သွားသည်။ သို့ပေမည့် သူ့မြေးမဖြစ်သူကမူ အလွန်ပျော်ရွှင်သွားပြီး သူမ၏ တောက်လောင်သောအကြည့်ဖြင့် ကျောက်စိမ်းဆွဲသီးကို လှမ်းကြည့်သည်။
“ကဲ ဘာမှ တွေဝေမနေနဲ့။ မင်းတို့ လိုချင်ရင် ယူလိုက်ကြပါ။ ညီအစ်ကိုချင်းဟာ ကျုပ်နဲ့ သူစိမ်းသူရံတွေမှ မဟုတ်တာ…”
အဘိုးအိုဟွာသည် ပြုံး၍ ထိုသို့ လှမ်းပြောသည်။
ထိုစကားကို ကြားမှ လူငယ်နှင့် မိန်းမပျိုတို့သည် ချင်းယန် ပေးသော ကျောက်စိမ်းဆွဲသီးတို့ကို ယူနိုင်တော့သည်။ သူတို့၏ အမူအရာများသည် အတော်လေး ပျော်ရွှင်သွားကြ၏။
“ဒီကောင်လေးကလွဲလို့ ကျန်တဲ့ ဂျူနီယာတွေကို ငါ တစ်ကြိမ်မက မြင်ဖူးခဲ့တယ်။ ဆိုတော့ ဒီတစ်ယောက်က မကြာသေးခင်ကမှ ယွဲ့ကျင်းမြို့တော်ကို ရောက်လာတဲ့သူလား…”
ထို့နောက်မှာ အဘိုးအို၏အကြည့်သည် ဟန်လိထံ ရောက်သွားပြီး သူ့ကို စူးစမ်းသည်။
“အမှန်ပါပဲ။ ဒီတစ်ယောက်က ဟန်လိပါ။ သူက ကျုပ်စီနီယာရဲ့ မျိုးဆက်တစ်ယောက်ပါ…”
“တူတော်မောင်ဟန်၊ ဒါကတော့ မင်းရဲ့ ဦးလေးဟွာပဲ။ ယွဲ့ကျင်းရဲ့ နတ်သမားတော်နှစ်ယောက်ထဲက တစ်ယောက်ပေါ့…”
ထိုအခိုက်တွင် ချင်းယန်သည် ဟန်လိကို သည်အဘိုးအိုနှင့် မိတ်ဆက်ပေးသည်။
“ဦးလေးဟွာကို နှုတ်ဆက်ပါတယ်…” ဟန်လိသည် ထိုအဘိုးအိုကို ပြန်နှုတ်ဆက်သည်။
“အံ့မယ်…မဆိုးဘူး…မဆိုးဘူး…” အဘိုးအိုဟွာသည် ဟန်လိ၏ ထူးချွန်တာနှင့် ပတ်သတ်ပြီး အမှန်တကယ်တော့ ဘာမျှ မမြင်ပါ။ သို့သော် သူက ထိုသို့ ချီးကျူးစကားများကို ပြောလိုက်တုန်းပင်။
သို့သော် ခဏတွေးပြီးနောက်မှာ သူက သည်လူငယ်နှင့် ပတ်သတ်သည့် ကောလဟလတို့ကို အမှတ်ရသွား၏။ သူက ခဏ တွေဝေနေပြီးနောက် သူ့ အိုမင်းတွန့်ရွနေသော လက်ဖြင့် အဖြူရောင်ပုလင်းလေးတစ်ခုကို ထုတ်ကာ ဟန်လိကို လှမ်းပေးသည်။
“ဒါက ကျုပ် သန့်စင်ဖော်စပ်ထားတဲ့ နှလုံးကာကွယ်ခြင်း ဆေးလုံးပါ။ ဒါက ရောဂါအားလုံးကို ပျောက်ကင်းစေနိုင်တယ်လို့ ကျုပ် မပြောဝံ့ပေမယ့်လည်း တော်ရုံတန်ရုံ မနာမကျမ်းဖြစ်တာနဲ့ ဒဏ်ရာရတွေအတွက်တော့ ပြဿနာ မရှိပါဘူး။ တူလေးဟန်အတွက် ကျုပ်က ဒီဆေးပုလင်းကို ပေးလိုက်မယ်…”
ထိုအဘိုးအိုထံမှ သည်စကားများ ထွက်ပေါ်လာသည့်အခါ ဟန်လိသည် သူ၏နောက်မှ ချင်းမျိုးနွယ်ဝင်များ၏ မနာလိုအားကျမှုတို့ကို ခံစားမိသည်။ ဟွာနန်းနှင့်ဟွာဖန်တို့သည်ပင် အံ့အားတသင့် တုန်လှုပ်သွားကြသည်။ နှလုံးကာကွယ်ခြင်း ဆေးလုံးမှာ နာမည်ကျော်တာ သိသာလှသည်။