← Chapters

အင်မောတယ်အရှင်

Vol. 21 Ch. 287

အင်မောတယ်အရှင်

Vol. 21 Ch. 287

အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက် ဖြစ်သူ၊ ဟန်လိအဖို့ သေမျိုးများ၏ ဆေးကို အရေးမစိုက်မှာ သဘာဝပင်။ သို့ပေမည့် ခုချိန်တွင် သူသည် တဖက်သူက စိတ်စေတနာကောင်းထားကာ ပေးလာ၍ အင်တင်တင် ဖြစ်ဟန်၊ အားနားဟန်ဖြင့် ၎င်းကို လက်ခံယူသည်။

“ဟားဟား…တူတော်မောင်ဟန်…ဒါက အစ်ကိုဟွာရဲ့ လျှို့ဝှက်ဆေးညွှန်းနဲ့ ဖော်စပ်ထားတဲ့ နှလုံးကာကွယ်ခြင်းဆေးလုံးပဲ။ ဒါကို တခြားသူတွေဆီ လွယ်လွယ်ပေးတာ မဟုတ်ဘူး…”

ချင်းယန်သည် သည်ဆေးပုလင်းကို ဟန်လိအနေဖြင့် တန်ဖိုးထားမည် မဟုတ်မှန်း သိသည်။ သို့သော် သူက သူ့မိတ်ဆွေအတွက် ကြည့်ကောင်းသော စကားတို့ကို ပြောရသေးသည်။

အဘိုးအိုက ချင်းယန်ကို အကြိမ်အနည်းငယ် ထူးခြားသလို လှမ်းကြည့်သည်။ ချင်းယန်၏ စကားများထဲမှ အဓိပ္ပာယ်ကို ဟန်လိကော၊ သူကော မသိဘဲ ဘယ်နေပါ့မည်နည်း။

သူသည် အဖိုးတန်ဆေးပုလင်းကို သည်လူငယ့်ကို ပေးခြင်းမှာ ချင်းယန်ထံမှ မျက်နှာသာရရန်အတွက် ဖြစ်သည်။ မဟုတ်ပါက သူသည် ခုမှ သူနှင့်တွေ့ဖူးသော သူစိမ်းကောင်လေးတစ်ယောက်ကို အခုလို အဖိုးတန်ဆေးလုံး ဘယ်ပေးပါ့မည်နည်း။

ထိုအဘိုးအိုက တစ်ခုခု မေးရကောင်းမလား၊ မမေးရကောင်းလား ချိတုံချတုံ ဖြစ်နေစဉ် စူးရှကျယ်လောင်သော အသံတစ်သံသည် ခန်းမထဲ ဝင်ရောက်လာသည်။

“မင်းသားရှင်း ရောက်လာပါပြီ…”

မင်းမှုထမ်းအစေခံတစ်ယောက်၏ အသံကြောင့် ခန်းမထဲရှိ စကားဝိုင်းများသည် ချက်ခြင်း ငြိမ်သက်သွားကြပြီး လူအားလုံး၏ အကြည့်က သည်ခန်းမ၏ တံခါးတစ်ခုထံ တလေးတစား ရောက်ရှိသည်။

အရင်ဆုံး အစေခံအမျိုးသမီးလေးယောက် ထိုတံခါးကနေ လှမ်းထွက်လာပြီး ရှေ့ဆုံးရှိ ထိုင်ခုံဘေး တဖက်တချပ်စီမှာ ရပ်ကြသည်။ ထို့နောက်တွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့သည် အေးဆေးသက်သာစွာ လှမ်းဝင်လာသည်။

ထိုသူမှာ အသက်လေးဆယ်ဝန်းကျင် ရှိမည် ဖြစ်ပြီး မုတ်ဆိတ် မတိုမရှည်နှင့် ဖြစ်၏။ သူ့မျက်နှာက လေးထောင့်စပ်စပ်ကျကာ ကျားရဲကဲ့သို့ မျက်လုံးအကြည့်ကို ပိုင်ဆိုင်ထားသည်။ သူ့အသွင်ဟန်ပန်မှာ အာဏာနှင့်စွမ်းအားကို ဖော်ကျူးသည်။ အမျိုးသမီးကမူ အသက်နှစ်ဆယ်ကျော်လောက် ရှိမည် ဖြစ်ပြီး နန်းဝတ်စုံဖြင့် မိန်းမလှတစ်ယောက်သာ။ သူမ၏ ရှည်လျား‌သော ဝတ်ရုံစက ကြမ်းပြင်ထိနေသည်။

သူတို့ အထဲသို့ ဝင်လာတာ မြင်သည်နှင့် အားလုံးမှာ ထိုင်နေရာကနေ ထပြီး လေးစားသမှု ပြသည်။

“မင်းသားနဲ့ မင်းသားကတော်တို့ကို နှုတ်ဆက်ပါတယ်…”

ထိုမိန်းမပျိုသည် မင်းသားရှင်း၏ ဇနီး မဟုတ်သော်ငြား သူ အနှစ်သက်ဆုံး ကိုယ်လုပ်တော် ဖြစ်ချေ၏။ ထို့ကြောင့် လူအများက သူမကို မင်းသားကတော်ဟု ခေါ်ကြတာပင်။

“လူတိုင်းက ဒီမင်းသားရဲ့ မိတ်ကောင်းဆွေကောင်းတွေပဲ။ ဒါ့ကြောင့် တအား ယဉ်ကျေးနေဖို့ မလိုပါဘူး။ ကဲ လူတိုင်းပဲ ထိုင်ကြပါ…”

မင်းသားရှင်း၏ ပြောပုံဆိုပုံက သူ့ခပ်တင်းတင်း မျက်နှာနှင့် ကွဲပြားနေဟန် တူသည်။ သူ့စကားသံမှာ အေးအေးဆေးဆေးနှင့် သိမ့်သိမ့်မွေ့မွေ့ ရှိနေသည်။ ထိုအခါ လူတိုင်းက သူ့အပေါ် အထင်အမြင်ကောင်း ရှိသွားကြသည်။ သူ့ဘေးမှ ကိုယ်လုပ်တော်မိန်းမလှကမူ ဘာမှ ဝင်မပြောမှာ သဘာဝပင်။ သူမက စွဲဆောင်မှုရှိစွာ ပြုံး၍ နေရာတွင်သာ ရပ်နေသည်။

တခြားသူများက သည်စကားများကို ကြားသည့်အခါ သူတို့အားလုံးသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်ကာ ပြုံး၍ ပြန်ထိုင်ကြသည်။

“ဒီမင်းသားက တည့်ပဲ ပြောတတ်တဲ့ အကျင့်ရှိတယ်။ ကျုပ်မှာ ပြောစရာ ရှိလို့ လူတိုင်းကို ဒီကို ဖိတ်ကြားလိုက်တာ…”

မင်းသားရှင်းသည် ပြုံး၍ ထိုသို့ ပြောပြီးနောက် ထိုင်သည်။

သူ့စကားကြောင့် လူအများမှာ သိချင်စိတ်တို့ ဖြစ်ပေါ်ကုန်သည်။

“မင်းသား ပြောစရာရှိရင် ကျေးဇူးပြုပြီး ပြောသာပြောပါ…”

“ဟုတ်ပါတယ်။ ကျုပ်တို့က မင်းသားကို သိတာ ကြာပါပြီ။ လူတိုင်းက မင်းသားမှာ ကြင်နာတတ်တဲ့စိတ်ရှိတာ သိကြပြီးသားပါ…”

မင်းသားကို ပုံမှန်အတိုင်း ပြန်ပြောသည့်သူများ ရှိကြသလို တချို့သူများကလည်း ဖားယားကာ ပြန်ဖြေကြသည်။

“ဒီကနေ့…လူတိုင်းကို ကျုပ် ဖိတ်ကြားခဲ့တဲ့ အကြောင်းရင်းကတော့ ကျုပ်ရဲ့ ချစ်လှတဲ့ ချင်းအာဟာ ရောဂါဝေဒနာကနေ လုံးလုံး သက်သာ ပျောက်ကင်းသွားလို့ပဲ။ ဒါ့အပြင် ကျုပ်မှာ လူတိုင်းကို ပေးချင်တဲ့ ကံကောင်းမှု တစ်ခု ရှိတယ်။ ဒါကို ရ၊မရကတော့ လုံလောက်တဲ့ ကံမ္မရှိမှ ဖြစ်လိမ့်ယ်။ တစ်ဦးချင်းစီရင် ကံကောင်းမှုအပေါ် မူတည်ပါလိမ့်မယ်…”

မင်းသားရှင်း၏ စကားများသည် လူတိုင်း မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် မကြည့်မိဘဲ မနေနိုင် ဖြစ်ရသည်။

“ဟားဟား…ချင်းအာ…ကြည့်ပါအုံး။ ဒီမင်းသား မျှော်လင့်ထားသလိုပဲ လူတိုင်း အံ့အားတသင့် ဖြစ်ကုန်ကြတယ် မဟုတ်လား…” မင်းသားရှင်းက ပေါ့ပေါ့ပါးပါး ရယ်မောကာ သူ့ဘေးရှိ မိန်းမလှကို ထိုသို့ ပြောသည်။

သူ့စကားကို ကြားသည့်အခါ ချင်းအာ ဟု အခေါ်ခံရသည့် မိန်းမလှသည် ညင်သာစွာ ရယ်မောပြီးနောက် ချစ်ခင်မြတ်နိုးဖွယ်လေသံနှင့် ပြန်တု့န်ပြန်သည်။

“မင်းသားရဲ့ ပြောစကားကြောင့် လူတိုင်းက အံ့အားတသင့် ဖြစ်ကုန်မှာပဲလေ။ လူတိုင်းက အဲ့လိုတုန့်ပြန်တာဟာ သဘာဝပါပဲ…”

မင်းသားရှင်းက ရယ်မောကာ သူ့မုတ်ဆိတ်ကို ပွတ်သပ်သည်။ ထို့နောက်မှာ သူက စရှင်းပြ၏။

“လူတိုင်း စဉ်းစားမရ ဖြစ်မနေကြတော့နဲ့။ အဖြစ်ကတော့ ဒီလိုပါ။ ချင်းအာရဲ့ ထူးခြားတဲ့ နာမကျန်းမှုကို ရောက်လာတာ မကြာသေးတဲ့ ကျွမ်းကျင်သူတစ်ယောက်က ကုသပေးခဲ့တာ။ ဒီကျွမ်းကျင်သူဟာ လေကိုဆင့်ခေါ်၊ မီးကို မှုတ်ထုတ်၊ ရေခဲတွေ ထွေးထုတ်နိုင်ပြီး စစ်မှန်တဲ့ အင်မောတယ်တစ်ယောက်ပဲ။ ဒါ့အပြင် ချင်းအာရဲ့ နာမကျန်းမှုကို ကုသပေးပြီးတဲ့နောက်မှာ အဲ့ဒီ သက်ရှိထင်ရှား အင်မောတယ်ဟာ ဒီမင်းသားရဲ့ သားငယ်မှာ စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်ထားပြီး အင်မောတယ်ပညာရပ်တွေကို နားလည်နိုင်တဲ့အကြောင်း ချက်ခြင်း ခွဲခြားသိမြင်နိုင်စွမ်း ရှိခဲ့တယ်။ ဒါ့ကြောင့် သူဟာ ဒီမင်းသားရဲ့ သားတော်ကို သူ့တပည့်တွေထဲက တစ်ယောက်အဖြစ် လက်ခံပေးခဲ့တယ်။ ခုချိန်ကစပြီး ကျုပ်ရဲ့သားဟာ အင်မောတယ်လမ်းကြောင်းကို စလျှောက်လှမ်းတော့မှာ ဖြစ်တယ်…”

သူ့စကား ထိုနေရာ ရောက်သည့်အခါ မင်းသားရှင်း၏ မျက်နှာထက်တွင် ကျေနပ်အားရသည့်ဟန် မဖြစ်ပေါ်ဘဲ မနေနိုင် ဖြစ်လေ၏။

လူအုပ်ထဲမှ တစ်ယောက်က ချက်ခြင်း ထအော်မိသည်။

“အင်မောတယ်ကျင့်ကြံသူ၊ သူက ဒဏ္ဍာရီထဲက အင်မောတယ် ကျင့်ကြံသူ တစ်ယောက် များလား…”

ထိုစကားကြောင့် ခန်းမထဲရှိ လူတိုင်းနီးပါးသည် အုတ်အော်သောင်းနင်း ဖြစ်ကုန်သည်။

သာမန်လောကရှိ သေမျိုးများသည် ကျင့်ကြံသူများကို အလွန်အင်မတန် ထူးခြားဆန်းကြယ်သူများဟု မှတ်ယူကြသော်လည်း သည်နေရာတွင် ထိုင်နေသော သေမျိုးများကမူ သာမန်လူများ မဟုတ်ကြပေ။ သို့ဖြစ်၍ သူတို့သည် အင်မောတယ်ကျင့်ကြံသူများနှင့် ပတ်သတ်ပြီး အနည်းနှင့်အများဆိုသလို သိရှိကြသည်။ သူတို့၏ ဘိုးဘေးများထဲမှ အချို့ဆို ကျင့်ကြံသူတချို့တလေနှင့်ပင် ပတ်သတ်ခဲ့ဖူးသည်။

ယနေ့ခေတ်အချိန်ထိ အင်ပါယာနန်းတော်တွင်း၌ စောင့်ရှောက်ပေးနေသော ကျင့်ကြံသူများ ရှိသည်ဟူသော ကောလဟလစကားများသည် အပြင်လောကတွင် ပြန့်နှံ့နေလျက် ရှိပေသည်။

အခု သည်ခန်းမထဲ လာရောက်ကြသော သူများသည် မင်းသားရှင်း၏ အိမ်တော်၌ သက်ရှိထင်ရှား အင်မောတယ်တစ်ယောက် ရှိနေကြောင်း အမှန်တကယ် ကြားသိရသည့်အခါ ခန်းမထဲရှိ လူအများစုသည် စိတ်လှုပ်တရှား ဖြစ်ဟန်များ ဖြစ်ပေါ်ကုန်ကြသည်။

ထိုစကားကို ကြားသည့်အခါ ချင်းယန်၏ စိတ်ထဲ၌လည်း တုန်လှုပ်သွားသည်ပင်။ သူက ဟန်လိကို ခေါင်းလှည့်ကာ တချက်လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်မိသည်။ သို့သော် ဟန်လိ၏ဟန်ပန်ကမူ ဘာမျှ ထူးထွေမနေ၊ သူ့မျက်နှာမှာ ပုံမှန်အတိုင်းသာ။

ထိုသည်ကို မြင်သည့်အခါ ချင်းယန်က နောက်ထပ် မေးခွန်းများ မမေးဝံ့တော့၊ သူက တဖက်သို့ ပြန်လှည့်ပြီး မင်းသားရှင်း နောက်ထပ်ပြောလာမည့် စကားများကိုသာ နားထောင်နေတော့သည်။

သူ့စကားကြောင့် လူတိုင်း မင်သက်အံ့ဩသွားတာ မြင်သည့်အခါ မင်းသားရှင်းက ရယ်မောပြီး စကားထပ်ဆက်သည်။

“ဒီမင်းသား အဲ့အင်မောတယ်ကို မေးမြန်းကြည့်ခဲ့ပါသေးတယ်။ သူက အင်မောတယ်ကျင့်ကြံသူတစ်ယောက် ဖြစ်မှန်း ဝန်ခံခဲ့တယ်။ ဒါ့အပြင် ဒီမင်းသားရဲ့ အသည်းအသန် တောင်းဆိုမှုကြောင့် သူဟာ ဒီမှာ လအနည်းငယ်လောက်နေပြီး မင်းသားကို ကျန်းမာရေးကောင်းအောင် နေထိုင်ဖို့ နည်းလမ်းတွေကို သင်ပေးအုံးမယ်။ မင်းသားဟာ ဒီကို ရောက်လာခဲ့တဲ့ အကြောင်းရင်းဟာ အင်မောတယ်တစ်ယောက် ဖြစ်လာဖို့ ကံမ္မပါတဲ့ တပည့်တချို့ကို လက်ခံဖို့ ဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရတယ်။ ဒါကိုသိတော့ ကျုပ်က ခင်ဗျားတို့အားလုံးကို မတွေးမိဘဲ ဘယ်နေမလဲ။ ဒါ့အပြင် ခင်ဗျားတို့ရဲ့ မျိုးဆက်သစ်တွေကိုပါ ခေါ်လာခိုင်းခဲ့တာဟာ အင်မောတယ်သခင်က အမျိုးသား၊ အမျိုးသမီးတပည့်တွေကို လက်ခံချင်လို့ပဲ။ ခဏကြာရင် ကျုပ်က အင်မောတယ်သခင်ဝူကို ထွက်လာပေးဖို့ ဖိတ်ခေါ်ပါ့မယ်။ ပြီးရင် လူတိုင်းနဲ့ သူ့ကို မိတ်ဆက်ပေးပါ့မယ်။ ခင်ဗျားတို့ရဲ့ သခင်လေး၊ သခင်မလေးတွေ ကံကောင်း၊မကောင်းကတော့ ကံမ္မပေါ်ပဲ မူတည်ပါလိမ့်မယ်…”

မင်းသားရှင်း၏ စကားများကြောင့် လူတိုင်းသည် အံ့အားတသင့် ဖြစ်ကုန်သလို ကျေးဇူးတင်စိတ်လည်း ဖြစ်ကုန်သည်။

အင်မောတယ်ကျင့်ကြံသူတစ်ယောက်။ ဤသည်မှာ မြေကမ္ဘာပေါ်တွင် လျှောက်လှမ်းနေသော အစစ်အမှန်အင်မောတယ်တစ်ယောက်။ လူတစ်ယောက်သည် ကျင့်ကြံခြင်း၌ အောင်မြင်နိုင်သ၍ အသက်ရာချီ နေနိုင်မည်၊ မှော်ပညာရပ်များကို မည်သို့မည်ပုံ အသုံးပြုရမည်ကိုပါ သိလာနိုင်သည်။ ထိုကဲ့သို့သော သူများ၏ တပည့်တစ်ယောက် ဖြစ်လာရခြင်းမှာ နောက်ခံမည်မျှ ကြီးမားသွားလိုက်မည်နည်း။

ဟန်လိက မင်းသားရှင်း၏ စကားများကို ကြားသည့်အခါ သူ့စိတ်ထဲ၌ ထူးခြားသော ခံစားချက်တစ်ခု မြင့်တက်လာ၏။

သူသည် စစချင်တုန်းကတော့ မင်းသားရှင်း ပြောပြနေသော သက်ရှိထင်ရှားအင်မောတယ်မှာ မိစ္ဆာတာအိုဂိုဏ်းမှ သူလျှိုများလားဟု တွေးမိသေးသည်။

သို့သော် ထိုအင်မောတယ်က တပည့်များ လက်ခံချင်သည်ဟု ကြားရသည့်အခါ ထိုအချက်က မမှန်နိုင်လောက်တော့ပေ။ တခြားနိုင်ငံများမှ ကျင့်ကြံသူများက သူတို့ကိုယ်သူတို့ ထိုကဲ့သို့သော နည်းလမ်းဖြင့် အာရုံစိုက်ခံကာ ဒုက္ခဘယ်ရှာပါ့မည်နည်း။ သူတို့ကိုယ်သူတို့ ပစ်မှတ်တစ်ခု ဘယ်အဖြစ်ခံပါ့မည်နည်း။ သည်ကျင့်ကြံသူက ထိုသို့ မဟုတ်ပါက…။

ဟန်လိက ထိုသို့ တွေးမိနေရုံ ရှိသေး လူအုပ်ထဲ၌ စိတ်လှုပ်တရှား ဖြစ်ခြင်းနှင့်အတူ ခန်းမထဲတွင် သက်ရှိထင်ရှားအင်မောတယ်တစ်ယောက်သည် မောက်မာသော အသွင်ဟန်ပန်ဖြင့် နောက်ဆုံးမှာ ပေါ်လာခဲ့တော့သည်။

သူသည် မီးခိုးရောင်တာအိုဝတ်ရုံကို ဝတ်ထားပြီး သူ့ဆံပင်နှင့်မုတ်ဆိတ်တို့မှာ စွတ်စွတ်ဖြူသည်။ သူ့မျက်နှာသည် နီရဲလျက် ရှိ၏။ ထိုကဲ့သို့သော ပုံရိပ်က သည်နေရာရှိ လူအများစုကို ထိုသူမှာ အင်မောတယ်တစ်ယောက် ဖြစ်လိမ့်မည်ဟု ဘာမှော်ပညာရပ်ကိုမျှ အသုံးမပြုရသေးခင်မှာပင် ယုံကြည်သွားစေသည်။

သို့သော် ဟန်လိက အင်မောတယ်သခင် ဟူသော သူကို မြင်သည့်အခါ ခဏတာ ဆွံ့အမိသွားသည်။

ထိုသူမှာ ချီစုဆောင်းခြင်းအဆင့်ငါး၊ သို့မဟုတ် အဆင့်ခြောက်လောက်သာ ရှိမည့် ကျင့်ကြံသူတစ်ယောက်ပင်။ ဟန်လိ လက်တချက် တောက်ထုတ်လိုက်လျှင်ပင် သေသွားနိုင်လိမ့်မည်။

သို့သော် ထိုအဆင့် ကျင့်ကြံသူမှာ သူ့ပတ်လည်ရှိ အဆင့်အတန်းမြင့် သေမျိုးများကိုမူ မြှောက်ပင့်ပြောဆိုလာစေဖို့ လုံလောက်ပါသည်။ သူတို့သည် ထိုအင်မောတယ်အိုကြီးက သူတို့ကို မျက်နှာသာပေးကာ သူတို့၏ သားများထဲမှ တစ်ယောက်၊ သို့မဟုတ် သမီးများထဲမှ တစ်ယောက်ကို တပည့်အဖြစ် လက်ခံရန် မျှော်လင့်နေသည်။

ချင်းယန်က ထိုမြင်ကွင်းကို မြင်သည့်အခါ ဂနာမငြိမ် ဖြစ်လာချေ၏။ သူ၏နောက်မှ အဘိုးအိုသည်ပင် စိုးရိမ်ပူပန်ဟန် ပြလာသည်။ သူတို့နှစ်ယောက်လုံးသည် လှုပ်ရှားတာ နောက်ကျသွားမည်ကို စိုးရိမ်နေသည့်နှယ်။ ကံမ္မအားလုံးကို တခြားသူများက ယူဆောင်သွားမှာကို စိုးထိတ်နေသည့်အလား။

ချင်းယန်က ချီတုံချတုံ ဖြစ်နေစဉ် သူ့ဘေးမှ ဟန်လိ၏အသံကို ရုတ်တရက် ကြားရသည်။

“စိတ်အေးအေးထားပါ။ ဒီလူဟာ မိစ္ဆာတာအိုဂိုဏ်းက မဟုတ်ဘူး။ မင်းရဲ့ မျိုးဆက်တစ်ယောက်ယောက်ကို သူ့ရဲ့ တပည့်ဖြစ်စေချင်တာ၊ မဖြစ်စေချင်တာကတော့ မင်း ကိစ္စပဲ။ ကျုပ် ဒီမှာ ရောက်နေတာဟာ ချင်းမျိုးနွယ်စု လုံခြုံဘေးကင်းရေးအတွက်ပဲ။ ဒါပေမဲ့ အဲ့ အင်မောတယ်အရှင် ဆိုတဲ့ သူရဲ့ ကျင့်ကြံမှုအဆင့်ကတော့…ဟား…ဟား…”

အေးတိအေးစက် ရယ်မောလျက် ဟန်လိ၏အသံသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။

ချင်းယန် တုန်လှုပ်သွားသည်။ သူက သူ့ဘေးပတ်လည်သို့ အလျင်အမြန် ကြည့်သည်။ သို့သော် မည်သူကမျှ သူ့ကို စကားလှမ်းပြောတာကို မမြင်ရပေ။ အဘိုးအိုဟွာကလည်း သူ့ကို အင်မောတယ်သခင်ထံ မျိုးဆက်သစ်များကို ဘာကြောင့် မစေလွှတ်သလဲဟုသာ မေးနေလေ၏။

တချိန်တည်းမှာ အဘိုးအိုဟွာသည် သူ မကုသပေးနိုင်သော ထူးခြားသော ရောဂါမှ ထိုသူကြောင့် ပျောက်ကွယ်သွားခဲ့တာမှန်း သဘောပေါက်သည်။ ထိုသူကား ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည် မဟုတ်လား။

ထိုသို့ ပြောပြီးနောက် အဘိုးအိုဟွာက ချင်းယန်ကို ထပ်မေးမနေတော့ပေ။ သူက ထိုဆံဖြူအင်မောတယ်ထံ ချဉ်းကပ်သွားလေ၏။ သူ့မြေးနှင့်မြေးမတို့ကမူ သူ့နောက်မှ နီးနီးကပ်ကပ် လိုက်လာသည်။

All Chapters