သာသာယာယာ ရင်ဆိုင်ခြင်း
Vol. 21 Ch. 288
ပုံမှန်ဆို အမြဲတမ်း တည်ငြိမ်လေ့ ရှိသော အကြီးအကဲဟွာသည်ပင် အခုကဲ့သို့ အလျင်စလိုဟန် ဖြစ်နေတာကို မြင်သည့်အခါ နောက်ဆုံး၌ ချင်းယန်လည်း ဆုံးဖြတ်ချက် ချရတော့သည်။ သူသည် ဟန်လိ၏လေသံမှာ ၎င်းအင်မောတယ်အရှင်အပေါ် အထင်သေးနေတာကို ကြားသိရသော်လည်း တဖက်သူမှာ တပည့်များ လက်ခံချင်နေသော ကျင့်ကြံသူတစ်ယောက် ဖြစ်နေတုန်းပင်။
ထိုအင်မောတယ်၏ ကျင့်ကြံမှုအဆင့်က မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ သူ့မှာ ပူပန်နေရန် အချိန်မရှိပါ။
အစတုန်းကတော့ သူက သူ၏ဂျူနီယာများကို ဟန်လိထံ တပည့်ခံခိုင်းဖို့ တွေးခဲ့သေးသည်။ သို့သော် ဟန်လိနှင့် အချိန်တစ်ခု ပတ်သတ်ပြီးနောက်မှာ ဟန်လိထံ၌ တပည့်လက်ခံမည့် စိတ်ကူး တစိုးတစိမျှ မရှိတာကို သဘောပေါက်သွား၍ သည်ကိစ္စကို လုံးဝ မပြောနိုင်တော့ပေ။
သူ့အဖေက သူ့ကို ပြောခဲ့ဖူးပေ၏။ ချင်းမျိုးနွယ်၏ ပထမဆုံးမျိုးဆက်က ချမ်းသာကြွယ်ဝလာချိန်တွင် အင်မောတယ်အရှင် လီဟွာယွမ်က ချင်းမျိုးနွယ်ထံ ရောက်လာခဲ့ပြီး အင်မောတယ်ကံမ္မပိုင်ဆိုင်သည့် ကလေးငယ်များ ရှိလေမလားဟု လာကြည့်ခဲ့ဖူးသည်။ ကံမကောင်းတာကတော့ မည်သူထံမျှ ထိုသို့သော ကံကြမ္မာ ရှိမနေခဲ့၊ လီဟွာယွမ်သည် စိတ်ပျက်လက်ပျက်ဖြင့် ပြန်သွားရုံသာ တတ်နိုင်ခဲ့သည် ဟူ၍ပင်။
သို့သော် ခုချိန်တွင်မူ ကျင့်ကြံဖို့အတွက် အခွင့်အလမ်းတစ်ခုက သူ့မျက်စိရှေ့မှာ ပေါ်လာခဲ့ပြီ။ ချင်းယန်အဖို့ တစ်ခေါက်လောက်တော့ ကြိုးစားကြည့်မှာ သဘာဝပင်။
ထိုအတွေးဖြင့် ချင်းယန်က ဆုံးဖြတ်ချက်ချပြီး သူ၏ ဂျူနီယာများကို လှမ်းခေါ်သည်။ ဟန်လိက သည်မြင်ကါင်းကို အေးစက်စက်ဖြင့် ကြည့်ရုံသာ ကြည့်နေပြီး ဘာမျှ မပြောပေ။
ချင်းယန်ကို အတိုချုပ် ရှင်းပြပြီးပြီ ဖြစ်၍ သူက သူတို့၏ အရေးကိစ္စများကို ထပ်ဝင်ပါမည် မဟုတ်လေပေ။
ဟန်လိသည် ချင်းမျိုးနွယ်၏ သခင်လေး၊ သခင်မလေးများထံ၌ စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်ထားလား၊ မလားကို အရေးမစိုက်ချေ။ သာမန်လောက၌ သေမျိုးများကြားတွင် အပုံတစ်သောင်းတွင် တစ်ပုံသာ စိတ်ဝိညာဉ်ရင်းမြစ်များ ပိုင်ဆိုင်နိုင်ချေရှိသည်။ ထိုအရေအတွက်က သနားဖို့ ကောင်းလောက်အောင်ကို နည်းပါးလွန်းလှ၏။
ဟန်လိသည် ထိုသို့တွေးကာ အင်မောတယ်အရှင်ဝူ ဆိုသူထံ အသည်းအသန် သွားနေသော ချင်းမျိုးနွယ်မှ ဂျူနီယာများကို လှမ်းကြည့်စဉ် သူတို့ထဲမှ နှစ်ယောက်က သူ့ထံ နောက်ပြန်လှမ်းကြည့်ကာ နှာခေါင်းရှုံ့တာကို ရုတ်တရက် မြင်ရသည်။ သူတို့က မော်ကြွား ကျေနပ်နေကြဟန်၊ ဟန်လိကို လှောင်ပြောင်နေသည့်နှယ်။
ဤသည်ကို မြင်သည့်အခါ ဟန်လိသည် ခဏတော့ ကြောင်သွားသေး၏။ ပြီးမှ သူသည် စိတ်ထဲကနေ ရယ်မိလေတော့သည်။ ချင်းယန်က ဟန်လိကို မခေါ်ဘဲ သူတို့ကိုသာ အင်မောတယ်အရှင်ဝူကို သွားတွေ့ခိုင်းသည့်အခါ သူတို့က သူတို့၏ အရှင်ဘိုးဘိုးချင်းမှာ သူတို့အပေါ်၌သာ အချစ်ခင်အနှစ်သက်ဆုံးဟု ယုံကြည်သွားကြလေ၏။ သို့ဖြစ်၍ ထိုဂျူနီယာလေးမျာသည် အတော်လေး ကျေနပ်သွားကြသည်။
ဟန်လိက စိတ်ထဲကနေ ခေါင်းသာရမ်းမိ၏။ သူက ယင်းလူငယ်လေးများကို အာရုံစိုက်မနေတော့၊ ထိုအစား ခန်းမဘေးပတ်လည်သို့သာ ကြည့်ရှုသည်။
ယင်းအခိုက်တွင် လူ ခြောက်ယောက်၊ ခုနစ်ယောက်လောက်က မလှုပ်မရှားဘဲ ဆက်ထိုင်နေကြသည်။ သူတို့ထဲမှ အများစုမှာ အစောပိုင်းတည်းက မရွေးချယ်ခံရသူများ ဖြစ်၏။ ဟန်လိကို အာရုံစိုက်မိစေသည်မှာ ခန်းမထောင့်တစ်နေရာတွင် ထိုင်နေသော အဘိုးအိုတစ်ယောက်နှင့် လူငယ်တစ်ယောက်တို့ ဖြစ်၏။
ထိုအဘိုးအိုသည် အသက်ခြောက်ဆယ်ဝန်းကျင်၊ တခေါင်းလုံး ဖြူနေလေပြီ။ သူသည် ရေနွေကြမ်းကို အရသာခံ၍ တည်တည်ငြိမ်ငြိမ် သောက်နေ၏။ သူ့ရှေ့ရှိ အင်မောတယ်ကံမ္မ ဟူသည့် ကိစ္စအပေါ် စိတ်ထဲ ရှိမနေသည့်အလား။ လူငယ်ကမူ သေးသေးသွယ်သွယ်နှင့် နူးညံ့သော အသားအရေကို ပိုင်ဆိုင်ထား၏။ သူက အင်မောတယ်ဝူ ရှိနေသော နေရာကို အထင်သေးဟန်ဖြင့် မကြာမကြာ လှမ်းလှမ်းကြည့်တတ်သည်။
ထိုနှစ်ယောက်သည် ထိုင်ခုံပေါ်၌ အေးအေးဆေး ထိုင်နေကြသော်လည်း ဟန်လိက သူတို့ကို မြင်သည့်အခါ မသိမသာ မပြုံးမိဘဲ မနေနိုင် ဖြစ်ရလေ၏။
ထိုမြေးအဘိုးနှစ်ယောက်လုံးမှာ မထင်မှတ်စွာဖြင့် ကျင့်ကြံသူများ ဖြစ်နေလေသည်။ ထို့အပြင် သူတို့၏ ကျင့်ကြံမှုအဆင့်ကလည်း သိပ်မဆိုးလှ။ မိုးပြာရောင်ဝတ်စုံဖြင့် အဘိုးအိုဆို ချီစုဆောင်ခြင်းအဆင့်ကိုးတွင် ရှိနေပြီး လူငယ်ကလည်း အဆင့်ငါး၌ ရှိနေ၏။
သို့သော် ဟန်လိကို အနည်းအပါး တုန်လှုပ်သွားစေသည်မှာ သူတို့က သူ မသိသော ကျင့်ကြံခြင်းပညာရပ်တစ်ခုကို အသုံးပြုထားခြင်းပင်။ သူတို့သည် သူတို့၏ စိတ်ဝိညာဉ်ချီကို လုံးဝနီးပါး သိမ်းဆည်းထားနိုင်ကြ၏။ ဟန်လိ၏ ကျင့်ကြံမှုအဆင့်က သူတို့ထက် အများကြီး မြင့်နေသောကြောင့်သာ မဟုတ်ပါက သူသည် ထိုနှစ်ယောက်မှာ ကျင့်ကြံသူများဟု လွယ်လွယ်နှင့် မြင်နိုင်လိမ့်မည် မဟုတ်ပါ။
အင်မောတယ်အရှင်ဝူသည် ထိုနှစ်ယောက်၏ ထူးခြားမှုကို သတိပြုနိုင်သည့် စွမ်းရည် ရှိမနေမှာ သဘာဝသာ။
ကျင့်ကြံမှုအဆင့်တူတူချင်း၌ စိတ်ဝိညာဉ်ချီကို ဖုံးကွယ်ထားနိုင်စွမ်းရှိသော ထိုကျင့်ကြံခြင်းပညာရပ်ကို ဟန်လိ ချက်ခြင်း စိတ်ဝင်စားမိသွားသည်။
သူသာ ထိုပညာရပ်ကို တတ်မြောက်သွားခဲ့ပါက အဆင့်တူ ကျင့်ကြံသူများကြား တိုက်ပွဲများ၌ ယင်းက အဆုံးအဖြတ်ပေးသော အခွင့်အရေးများကို ပေးနိုင်လိမ့်မည် မဟုတ်လား။ ထိုအတွေးဖြင့် ဟန်လိက ထိုနှစ်ယောက်ကို သေချာလှမ်းကြည့်နေ၏။
ထိုအခါ ဟန်လိသည် ထူးခြားမှုတစ်ခုကို ထပ်တွေ့သည်။ ရုပ်ချောချောနှင့် ထိုလူငယ်မှာ အမှန်တော့ ယောက်ျားလေးကဲ့သို့ အယောင်ဆောင်ထားသော မိန်းကလေးတစ်ယောက်သာ ဖြစ်နေမှန်း သူ မြင်လိုက်ရသည်။
ဟန်လိ နည်းနည်းတော့ အံဩသွား၏။ ထိုလူငယ်က သူမကို စိုက်ကြည့်နေသော ဟန်လိကို အမှတ်မထင် လှမ်းတွေ့သည်။ ထိုအခါ သူမသည် ရှက်သွေးဖြန်းသွားကာ ရန်လိုဟန်ဖြင့် ပြန်လှမ်းကြည့်သည်။
ထိုမိန်းမပျို၏ တမူထူးသွားသော အပြုအမူကြောင့် သူမဘေးမှ အဘိုးအိုက အာရုံစိုက်မိသွားသည်။ သူက မျက်မှောင်ကြုတ်၍ ခေါင်းလှည့်ကာ ဟန်လိထံ မတုန်မလှုပ်ဟန်ဖြင့် လှမ်းကြည့်သည်။ ဟန်လိက ထိုအဘိုးအိုကို လှမ်းပြုံးပြသည်။ ယင်းမိုးပြာရောင်ဝတ်စုံဖြင့် အဘိုးအိုသည် များစွာ အံ့အားတသင့် ဖြစ်သွား၏။
သူသည် သူ့မြေးမဖြစ်သူ၏ ယောက်ျားလေးဟန်ဆောင်ထားတာကို မြင်နိုင်စွမ်း ရှိသူမှာ မျိုးနွယ်တစ်ခုခု၏ ဂုဏ်ယူဖွယ်သခင်လေးတစ်ယောက် ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့တာ ဖြစ်သည်။ သို့သော် သူ့မြေးမ ဖြစ်သူကို လှမ်းကြည့်နေသူမှာ မထင်မရှားလူငယ်တစ်ယောက် ဖြစ်နေ၏။ ယင်းကောင်က သူ့မြေးမကို အဆင်အခြင်မဲ့၊အကြောက်အလန့်မဲ့စွာ ကြည့်နေသည်။
မိုးပြာရောင်ဝတ်စုံဖြင့် အဘိုးအိုသည် သူ့စိတ်ထဲ ဒေါသ ထွက်သွားသည်။ သူက ခဏ ရေရွတ်နေပြီးနောက် မျက်လုံးမှိတ်သည်။
ထိုအပြုအမူက ဟန်လိကို ခဏတော့ အံ့အားတသင့် ဖြစ်သွားစေသည်။ သို့သော် သူက ချက်ခြင်း ခန့်မှန်းမိသည်။ “သူ့မျက်လုံးမှိတ်လိုက်တာလား…။ သူ ဖြစ်ချင်တာက…”
သူ ထိုသို့တွေးနေရုံ ရှိသေး အဘိုးအို၏ နောက်ထပ် အပြုအမူများက ဟန်လိ၏ ခန့်မှန်းချက်များကို လုံးဝ သေချာသွားစေသည်။
ဟန်လိက ထိုအဘိုးအိုသည် မျက်လုံးဖွင့်ကာ သူ့ထံ ခရမ်းရောင်တောက်တောက်အကြည့်ဖြင့် လှမ်းကြည့်တာကို မြင်သည်။ သူသည် ဟန်လိအပေါ် စိတ်ညှို့ပညာရပ်တစ်ခုကို အမှန်တကယ် အသုံးပြုလိုက်တာ ဖြစ်၏။ ယင်းအဘိုးအိုက ဟန်လိကို သင်ခန်းစာလေးတစ်ခုလောက်တော့ ပေးချင်နေမိသည်။
ဤသည်ကို မြင်သည့်အခါ ဟန်လိသည် ရယ်ချင်သွားလေ၏။
ချီစုဆောင်းခြင်းအဆင့်ကိုးသာ ရှိနေသော ထိုအဘိုးအိုသည် သူကဲ့သို့ အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်တွင် ရှိနေသူအပေါ် စိတ်ညှို့ပညာရပ်တစ်ခု အမှန်တကယ် အသုံးပြုချင်နေတာလား။ သည်အဘိုးအိုက သေလမ်းရှာနေတာလား။
ဟန်လိသည် သူ့မှော်စွမ်းအား အနည်းအပါးနှင့် တုန့်ပြန်လိုက်သည်နှင့် ရန်သူ၏ မှော်ပညာကို သူ့အရိုးနှင့်သူ ပြန်ထိုးမိအောင် လုပ်နိုင်ပေသည်။
သို့သော် ဟန်လိသည် တဖက်သူ၏ ချီထိန်းသိမ်းခြင်းပညာရပ်ကို ရယူဖို့ စိတ်ဝင်စားနေသဖြင့် သူ့ကို အကြီးအကျယ် မလန့်သွားစေချင်ပေ။
ထို့ကြောင့် သူက ခပ်ရေးရေးသာ ပြုံးနေပြီး ထိုအဘိုးအိုကို သာမန်အတိုင်းသာ ပြန်ကြည့်သည်။ ထိုအခါ အဘိုးအို၏ အေးစက်စကအပြုံးမှာ တဖြည်းဖြည်း တုန်လှုပ်မှုအသွင် ပြောင်းလာသည်။ သူသည် မယုံကြည်နိုင်ဟန် တအံ့တဩ ဖြစ်နေချေပြီ။
အဘိုးအိုက စိတ်ထဲကနေ ‘မကောင်းတော့ဘူး’ဟု အော်မိ၏။ သို့သော် သူက သူ့မျက်လုံးအကြည့်ကို ဖယ်ရှားရန် တွေးမိသည့်အခါ နောက်ကျသွားခဲ့လေပြီ။
ဟန်လိသည် အဘိုးအိုနှင့် အကြည့်ချင်း ဆုံသည့်အခိုက်၌ သူ့မျက်လုံးထဲမှာ အဝါရောင်အလင်း မသိမသာ ဖြာထွက်သွားသည်။ သူ့အကြည့်က အဘိုးအိုကို သံလိုက်ကဲ့သို့ ဆွဲငင်ပစ်သည်။ ထိုအခါ အနှီအဘိုးအိုသည် သူ့အကြည့်ကို ဖယ်ရှားနိုင်စွမ်း မဲ့သွားလေသည်။
အဘိုးအိုမှာ အလန့်တကြား ဖြစ်လာ၏။ သူ နောင်တလည်း ရမိနေပြီ။
မှော်စွမ်းအား နည်းနည်းလေးမျှ မပိုင်ဆိုင်ထားသော ထိုလူငယ်မှာ ကျင့်ကြံသူတစ်ယောက် အမှန်တကယ် ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ထားပေ။ သည့်အပြင် ယင်းလူငယ်၏ ကျင့်ကြံမှုမှာ သူ့ထက် အဆများစွာ သာလွန်နေသေး၏။
ခဏအကြာတွင် သူသည် ဟန်လိ၏ ထိန်းချုပ်မှုအောက် လုံးလုံး ကျရောက်သွားလေသည်။
အဘိုးအို၏ ကြောက်ရွှံ့မှုက ပိုဆိုးဝါးလာ၏။ သူ့နဖူးထက်တွင် ချွေးများ သီးနေပြီ၊ သူ့မျက်နှာက ပြာနှမ်းနှမ်း ဖြစ်လာခဲ့ပြီ။ သို့သော် သူ့အကြည့်ကမူ ဟန်လိထံသို့သာ ရောက်နေဆဲ၊ စိုက်ကြည့်နေဆဲ။
သူ့ဘေးမှ ယောက်ျားလို ဝတ်ထားသော မိန်းမပျိုသည် တဖြည်းဖြည်းဖြင့် သူမ၏ အဘိုးဖြစ်သူက မလှုပ်မယှက် ဖြစ်လာတာကို မြင်သည်။ သူမက ပူပန်တကြီးဖြင့် အဘိုးအို၏ ဝတ်ရုံစကို ဆွဲလှုပ်သည်။
အံ့ဩဖို့ကောင်းလေသည်။ ထိုသို့သော အင်္ကျီစကို အသာလှမ်းဆွဲခြင်းဖြင့် အဘိုးအိုသည် ဟန်လိ၏ အကြည့်ကနေ လွယ်လင့်တကူ လွတ်မြောက်သွားချေသည်။
ခုချိန်၌ ယင်းအဘိုးအိုမှာ သံသရာစက်ဝန်းထဲမှ ပြန်လွန်မြောက်လာသကဲ့သို့ ခံစားမိနေသည်။ သူသည် တအောင့်ကြာသည့်အထိ တွေတွေဝေဝေ ဖြစ်နေသေးသည်။ ထို့နောက်မှာ သူက သတိပြန်လည်လာပုံ ရပြီး သူ့အသိစိတ်သည် သူ့ခန္ဓာကိုယ်ထံ ပြန်ရောက်လာသည်။ သို့ပေမည့် သူ့ဝတ်ရုံကမူ ချွေးများ ရွှဲနစ်နေလေပြီ။
ဤအခိုက်၌ သူက အလန့်တကြားဟန်အမူအရာဖြင့် မြေးဖြစ်သူကို စကားတိုးတိုး ပြောသည်။ သူ ဟန်လိရှိနေသော နေရာထံ ထပ်မံ မကြည့်ဝံ့တော့ပေ။
မိုးပြာရောင်ဝတ်စုံနှင့်အဘိုးအိုသည် သူ့မြေးမက တဖက်သူ၏ အကြည့်အောက်ကနေ သူ့ကို အလွယ်တကူ ချိုးဖျက်နိုင်အောင် လုပ်ပေးနိုင်စွမ်း မရှိတာ ကောင်းကောင်းသိသည်။ တဖက်သူက သူ့ကို လွှတ်ပေးခဲ့၍သာ သူ လွတ်မြောက်လာခဲ့မှန်း သိသည်။
အဘယ်ကြောင့် တဖက်သူက ထိုသို့ ပြုလုပ်ခဲ့မှန်း မသိရသော်လည်း သူတို့ မြေးအဘိုးသည် ဒီနေရာကနေ ဝေးဝေးသို့ သွားတာကသာ အကောင်းဆုံး ဖြစ်လေတော့မည်။ သူနှင့် အကြည့်ချင်းဆုံခဲ့သော လူငယ်၏ ကျင့်ကြံမှုမှာ အမှန်တကယ် ကြောက်ဖွယ်ရာ ကောင်းလှ၏။
“ဒီလူရဲ့ ကျင့်ကြံမှုအဆင့်ဟာ အဲ့အဆင့်ထိ ရောက်နေတာများလား…”
ထိုသို့ ခန့်မှန်းမိသည်နှင့် အဘိုးအို၏ မျက်နှာမှာ အစိမ်းရောင်ပြောင်းသွားသည်။ သူ ခန့်မှန်းသည့်အတိုင်းသာ ဖြစ်ခဲ့လျှင် တဖက်သူမှာ သူ လုံးဝ လုံးဝ ရန်စမိ၍ မရသော စွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်နေပေလိမ့်မည်။
ယင်းအတွေးနှင့်အတူ ခုလေးမှ အသိစိတ်ပြန်ဝင်လာသော ထိုအဘိုးအိုသည် ကယောက်ကယက် ထဖြစ်ပြန်လေ၏။
ဘေးမှ သူ့မြေးမကမူ အဘိုးအိုဖြစ်သူ၏ မျက်နှာမှာ နီလိုက်၊စိမ်းလိုက် ပြောင်းလဲနေတာကို မင်သက်ကြောင်ရီစွာ ကြည့်နေမိ၏။ သူမ မြင်ရသည့်အဖြစ်အပေါ် အလွန်တရာ အံ့ဩတုန်လှုပ်နေမိသည်။
သူမစိတ်ထဲ၌ အဘိုးဖြစ်သူမှာ ထိုက်ကျိတောင်တန်းကြီးကဲ့သို့ အမြဲတည်ငြိမ်နိုင်သူသာ။ အလွန်သာမန်ဟန်ပေါက်နေသော အနှီလူငယ်မှာ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှသူ ဖြစ်နေတာများလား။
ထိုသို့တွေး၍ သူမသည် ဟန်လိထံ လှမ်းကြည့်ရန် ခေါင်းလှည့်သည်။ သို့သော် သူမ၏ ခေါင်း တဖက်သို့ မလှည့်နိုင်ခင်မှာပင် အဘိုးအိုက သူ့မြေးမ၏ စိတ်ဆန္ဒကို ဖြတ်မြင်နေသည့်နှယ် သူမကို လေးလေးနက်နက် ပြောသည်။
“ဒီသခင်လေးကို သွားမစော်ကားနဲ့။ အဘိုးအထင်သာ မမှားရင် သူဟာ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက် ဖြစ်ဖို့များတယ်။ ဘာလိုပဲဖြစ်ဖြစ် နင် သူ့ကို သွားရန်စမိလို့ မဖြစ်ဘူး…”
“အန်…အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက်လား။ မဖြစ်နိုင်တာ။ သူက လူငယ်လေး တစ်ယောက်ပဲလေ…”
မိန်းမပျို၏ ဟန်အမူအရာမှာ ဖြူရောသွားချေသည်။ သူမက အထက်ပါ စကားကို အသံကျယ်ကျယ်မပြောဝံ့ပါ။