အင်မောတယ်၏ ပညာရပ်
Vol. 21 Ch. 289
မိန်းမပျို၏ စွဲဆောင်မှုရှိသော မျက်နှာထက်၌ သံသယရှိဟန် ဖြစ်ပေါ်နေသေးသော်လည်း သူမ၏အဘိုးဖြစ်သူမှာ အကျိုးအကြောင်းမရှိဘဲ ထိုသို့ ပြောမည့်သူ မဟုတ်မှန်း၊ အခုကဲ့သို့ အလွန်တုန်လှုပ်နေမည် မဟုတ်မှန်းကိုတော့ သိသည်။ သူမသည် ဟန်လိရှိနေသောနေရာကို လှမ်းမကြည့်မိအောင် ခက်ခက်ခဲခဲ ထိန်းနေရလေ၏။
ဟန်လိကမူ ယင်းအဘိုးအိုကို အန္တရာယ်မဖြစ်စေဘဲ သင်ခန်းစာခပ်ပါးပါး ပေးခဲ့သည့်အပေါ် ကျေနပ်နေ၏။ သူ့နှုတ်ခမ်းက မသိမသာ လှုပ်သွားပြီး သူက အသံပို့လွှတ်သည်။
ထို့နောက်တွင် မိုးပြာရောင်ဝတ်စုံဖြင့်အဘိုးအိုသည် ဟန်လိ၏ အသံကို ချက်ခြင်း ကြား၏။
“ မင်းသားရှင်းရဲ့ အိမ်တော်ကနေ ထွက်လာရင် အလျင်စလို ထွက်မသွားနဲ့။ အိမ်တော် အနောက်တံခါးဝမှာ ကျုပ်ကို စောင့်နေ။ ကျုပ် မင်းကို မေးစရာ နည်းနည်း ရှိတယ်…”
ဟန်လိ၏အသံ၌ မေးခွန်းပြန်လှန်မထုတ်နိုင်သော အမိန့်ပေးမှုလေသံ အပြည့်ပင်။ အဘိုးအိုသည် မင်သက်သွားပြီး စိတ်ထဲကနေ ကြိတ်၍ ကျိန်ဆဲမိတော့သည်။
“ဒီကျွမ်းကျင်သူက ငါတို့ မြေးအဘိုးကို ထွက်သွားခွင့် မပြုချင်တာလား။ သူ့မှာ ငါတို့နှစ်ယောက်အပေါ် ဘယ်လို အကြံအစည်များ ရှိနေတာလဲ။ ရှိပါစေလေ။ သူက ကြမ်းတမ်းရက်စက်တဲ့သူ မဟုတ်တာ ငါ့အတွက် ကံကောင်းတာပဲ…။ ဘာအန္တရာယ်မှ မရှိလောက်ပါဘူး။ ဒါ့အပြင် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက်နဲ့ ဆက်ဆံရေးတစ်ခု ထူထောင်နိုင်ခဲ့ရင် ဒါဟာ ရခဲလှတဲ့ အခွင့်အရေးကောင်းတစ်ခု ဖြစ်လာမှာ…”
ထိုအဘိုးအိုက သူ့ကိုယ်သူ နှိမ့်သိမ့်သည့် သဘောဖြင့် ယင်းသို့ တွေးသည်။ သို့ပေမည့် သူ့စိတ်ကမူ ရှုပ်ထွေးနေစဉ် စိတ်တွင်း၌ ကယောက်ကယက် ခံစားနေရဆဲပင်။
ဟန်လိက ဤသည်ကို မြင်သည့်အခါ သူက မသိမသာ ပြုံးသည်။ သူသည် အဖြူရောင်ဝတ်စုံဖြင့် တာအိုသခင်ဝူဆိုသူထံ အာရုံပြန်စိုက်သည်။
ခုချိန်၌ အင်မောတယ်အရှင်ဝူသည် လူအများစုကို စစ်ဆေးကြည့်ပြီး ဖြစ်ကာ အခုထိ အင်မောတယ်ကံမ္မရှိသူ တစ်စုံတစ်ယောက်ကို ရှာမတွေ့သေးပေ။ အင်မောတယ်ကံမ္မ ကင်းမဲ့သော လူငယ်သခင်လေး၊သခင်မလေးများသည် စိတ်ပျက်လက်ပျက်ဖြင့် သူတို့ထိုင်ခုံပေါ်၌သာ ပြန်ထိုင်ရလေ၏။ သူတို့၏ စီနီယာများကမူ မကြည်မသာဟန် လုံးလုံး ရှိမနေပေ။
“အင်မောတယ်ကံမ္မဆိုတာ ဘာလဲ။ အဲ့လူက စိတ်ဝိညာဉ်ရင်းမြစ်ရှိတဲ့သူတွေကို သေချာရှာနေတာပဲ။ သူက လုံးလုံး မောက်မာနေတဲ့သူတော့ မဟုတ်ဘူး။ တပည့်လက်ခံဖို့ သေချာကို ရှာဖွေနေတာ။ မဟုတ်ရင် သူက လူအနည်းငယ်ကိုပဲ ကြုံသလို လက်ညှိုးထိုးလိုက်မှာပေါ့…”
ဟန်လိသည် ထိုတာအိုသခင်က စိတ်ဝိညာဉ်ရင်းမြစ်အတွက် လူငယ်တိုင်းကို အလွန်ဂရုစိုက်ကာ သေချာရှာဖွေနေတာ တွေ့မြင်သည်။
သို့ပေမည့် သည်နေရာတွင် တပည့်ရှာဖွေနေခြင်းမှာ အမှန်တကယ် အချည်းနှီး ဖြစ်မည်ဟု သူ ခံစားမိသည်။ လူငါးဆယ်ခြောက်ဆယ်လောက်ထဲမှာ စိတ်ဝိညာဉ်ရင်းမြစ်နှင့် တစုံတစ်ယောက်ကို ရှာတွေ့နိုင်ဖို့ အခွင့်အရေးသည် နည်းပါးလွန်းလှသည်။
ဟန်လိ ထိုသို့ တွေးမိနေရုံ ရှိသေး ဆံဖြူတာအိုသခင်က ကျယ်လောင်စွာ လှမ်းအော်သည်။
“ဒီကလေးဟာ အင်မောတယ်ကံမ္မ ပိုင်ဆိုင်ထားတယ်။ ကျုပ် သူ့ကို တပည့်အဖြစ် လက်ခံနိုင်တယ်…”
ထိုစကားကို ကြားသည့်အခါ ဟန်လိက သေချာလှမ်းကြည့်မိသည်။ သူသည် အင်မောတယ်ကံမ္မပိုင်ဆိုင်သည် ဟူသော လူငယ်ထံသို့ လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်ရ၏။ သူသည် အင်မောတယ်အရှင်ဝူ၏ ရှေ့တွင် ရိုးရိုးတုံးတုံးနှင့် ခပ်ဝဝ လူငယ်တစ်ယောက် ရပ်နေတောကို မြင်သည်။ ထိုလူငယ်လေးသည် ဘာလုပ်လို့ လုပ်ရမှန်း မသိ ဖြစ်နေဟန်ပင်။
သည်လူဝလေးဘေးမှာ ဝဝဖိုင့်ဖိုင့်သက်လတ်ပိုင်းလူကြီးတစ်ယောက် ရပ်နေသည်။ သူက မရေမရာဟန်ဖြင့် သေချာထပ်မေးလာ၏။
“အင်မောတယ်အရှင်ခင်ဗျ…ကျုပ်မျိုးနွယ်ရဲ့ ကောင်လေးကျင်းဟာ တကယ်ပဲ အင်မောတယ်ကံမ္မ ပိုင်ဆိုင်ထားတာလား။ အရှင်များ မှားပြီး ပြောမိတာလား…”
ထိုလူကြီးသည် အသားပုံကြီးတစ်ခု သူ၏ ခေါင်းပေါ် ပြုတ်ကျလာသကဲ့သို့ ခံစားမိပြီး မယုံကြည်ဝံ့ဘဲ ရှိနေလေ၏။ နှစ်ပေါင်းများစွာကြာသည့်အထိ သူ၏ သည်သားမှာ ထူးချွန်ထက်မြက်သည့် အရိပ်အယောင် တစွန်းတစမျှ မပြသနိုင်ခဲ့ပေ။ သို့သော် အခုချိန်တွင် စားဖို့သာ သိသော ထိုလူဝလေးမှာ မထင်မှတ်စွာဖြင့် အင်မောတယ်အရှင်၏ မျက်စိကျတာကို ခံရပြီ။ လူငယ်လေး၏ အဖေဖြစ်သော သူသည် အိပ်မက်မက်နေတာလားဟု ထင်နေမိသည်။
“ဟားဟား…မိတ်ဆွေ…စိတ်အေးအေးထားပါ။ ကျုပ်က ဒီကောင်လေးကို အကြိမ်ကြိမ် စစ်ဆေးကြည့်ပြီးပြီ။ ခင်ဗျားရဲ့ သားမှာ အင်မောတယ်ရင်းမြစ် ပိုင်ဆိုင်ထားတဲ့အတွက် သူဟာ မင်းသားနဲ့အတူ အင်မောတယ်ပညာရပ်တွေကို လေ့လာနိုင်တယ်…”
အင်မောတယ်အရှင်ဝူက သူ့လက်ဖြင့် မုတ်ဆိတ်ကို ပွတ်ကာ ပြုံး၍ ထိုသို့ ပြောသည်။
“ကျေးဇူးအများကြီး တင်ပါတယ်…အင်မောတယ်အရှင်။ ကျနော်ဟာ မချမ်းသာ၊မမြင့်မြတ်ပေမယ့် ကျနော်တို့မှာ ကျယ်ပြောလှတဲ့ မြေတွေကိုတော့ ပိုင်ဆိုင်ထားပါသေးတယ်။ အရှင်ရဲ့ ကျနော့်သားကို တပည့်အဖြစ် လက်ခံတဲ့အတွက် မနက်ဖြန်ကျရင် ကျနော်က အခမ်းအနားပွဲကြီးတစ်ခုကို ကျိန်းသေပေါက် ပြင်ဆင်လိုက်ပါ့မယ်။ မြန်မြန်…မြန်မြန် ဒီအင်မောတယ်အရှင်ကို ဂါဝရပြုစမ်း…”
ထိုသက်လတ်ပိုင်းလူကြီးသည် သည်ကိစ္စ သေချာသွားမှန်း သိသည့်အခါ သူက အပျော်လွန်၍ ထကုန်မထက် ဖြစ်သွားသည်။
အရွေးမခံရသော လူငယ်သခင်လေး၊သခင်မလေးများက အနှီမြင်ကွင်းကို ကြည့်ကာ ပါးစပ်ဟောင်းလောင်း ဖြစ်ကုန်ပြီ။ အင်မောတယ်ဝူ၏ မျက်စိကျခံရသော ဖက်တီးတုန်းသည် အမြဲတမ်း အသုံးမကျသူဟု သတ်မှတ်ခံထားရသူ ဖြစ်ခဲ့သည် မဟုတ်လား။
သူကဲ့သို့ အသုံးမကျသောသူတွင် အင်မောတယ်ရင်းမြစ် အမှန်တကယ် ပိုင်ဆိုင်ထားနေသည်။ ယုံကြည်ဖို့ ခက်ခဲလွန်းလှပါသည်။
လူငယ်လေးများကသာ ထိုသို့ တွေးထင်ကြသည် မဟုတ်၊ သူတို့၏ အကြီးအကဲများသည်ပင် တစ်ယောက်နှင့်တစ်ယောက် အကြောင်သား ကြည့်မိကုန်ပြီး အကျိုးအကြောင်း မသင့်လှဟု ခံစားမိကုန်သည်။
သူတို့၏ သားတော်မောင်များအစား သည်အသုံးမကျသော ဖက်တီးလေးတုန်းကျင်းက အရွေးခံခဲ့ရပြီ မဟုတ်လား။ အခြားတစ်ဖက်တွင်မူ ဟန်လိ၏ အမူအရာမှာ နည်းနည်းလေးမျှ ပြောင်းလဲမသွားပေ။
စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်ထားသူများသည် အမြဲတမ်း ရုပ်ချော၊ တော်ထက်၊ လှပနေသူ မဟုတ်လေပေ။ ထို့အပြင် သေမျိုးများ၏ ဗဟုသုတ၊ စွမ်းရည်တို့နှင့် လားလားမျှ မပတ်သတ်ပါ။ တစုံတစ်ယောက်က စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်၊ မပိုင်ဆိုင်ကို သတ်မှတ်နိုင်သော ပုံသေကားချပ်တရားဟူ၍ မရှိလေပေ။
မည်သို့ပင်ဖြစ်စေ သည်လောက်လူနည်းနည်းလေးအတွင်း စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်ထားသော တစ်ယောက်ကို ရှာတွေ့နိုင်ခြင်းက ဟန်လိကို နည်းနည်းတော့ အံ့ဩမိစေသည်။ သည်တာအိုသခင်၏ ကံက သိပ်မဆိုးလှပုံ ပေါ်သည်။
ခန်းမအတွင်းရှိ တခြားသူများကမူ အမှန်တရားကို နားလည်ချင်မှ နားလည်မည်။ ဟန်လိနှင့် တခြားကျင့်ကြံသူများကမူ ကောင်းကောင်း သိကြ၏။
ခန်းမထဲရှိ တခြားသူများအားလုံးသည် တစ်ယောက်နှင့်တစ်ယောက် တီးတီးတိုးတိုး ဖြစ်ကုန်ကြလေပြီ။ သူတို့ထဲမှ အချို့သည် အင်မောတယ်ဝူ၏ အကဲဖြတ်မှုအပေါ် သံသယ စဝင်လာကြသည်။
မင်းသားရှင်းက ဤသည်ကို မြင်သည့်အခါ မပျော်မရွှင် ဖြစ်သွား၏။
သို့ရာတွင် ခန်းမထဲတွင် ရှိနေသူအားလုံးမှာ သူနှင့် နှစ်ပေါင်းများစွာ မိတ်ဆွေဖြစ်ခဲ့ကြသူများ ဖြစ်နေ၏။ ထို့ကြောင့် သူက မာမာထန်ထန်တော့ ပြောမထွက်ပါ။ သူက တာအိုသခင်ထံသို့သာ လှမ်းပြောလေ၏။
“အင်မောတယ်အရှင်ဝူ…ဒီမှာရှိတဲ့သူတိုင်းဟာ သေမျိုးတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ အင်မောတယ်ပညာရပ်တွေနဲ့ မှော်အစွမ်းတွေကို အခုထိ မျက်မြင်ကိုယ်တွေ့ မတွေ့မြင်ဖူးကြဘူး။ အင်မောတယ်အရှင်အနေနဲ့ စွမ်းအား ပြသပေးပြီး လူတိုင်းကို အမြင်ကျယ်ခွင့် ပေးနိုင်မလားဗျ…”
မင်းသားရှင်း၏ စကားကို ကြားသည့်အခါ လူတိုင်းက ချက်ခြင်း ပြန်တိတ်သွားကာ အင်မောတယ်အရှင် ဘာပြောလာမလေဟု စောင့်နေကြတော့သည်။
ဆံဖြူအဘိုးအိုက ခဏတီးတိုးရေရွတ်ပြီးနောက်မှာ သဘောတူ၏။ ထို့နောက်တွင် သူက လူတိုင်း သူ့နောက်သို့ လိုက်ခံရန် ခေါ်သည်။ ခန်းမရှေ့ နေရာလွတ်တစ်ခုထံ သူ လှမ်းသွားသည်။
ဟန်လိသည်လည်း အများနည်းတူ သူ့နောက်သို့ လိုက်လာ၏။
အံ့အားသင့်ဖို့ ကောင်းသည်မှာ ဟိုမြေးအဘိုးကမူ မလှုပ်ရှားကြ။ သူတို့က ဟန်လိ သူတို့နှင့် ချိန်းဆိုထားမှုအပေါ် အတော်ပူပန်နေပုံ ရသည်။
ဧည့်သည်ခန်းမဆောင် အပြင်ဘက်တွင် တာအိုသခင်ဝူက လူအုပ်ကြီးကြားမှာ ရပ်လျက် မှော်ပညာရပ်ကို စတင်လေပြီ။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေကာ အသံတိုးတိုးဖြင့် မန္တာန်ရွတ်သည်။ သူ၏အသွင်ဟန်ပန်က ပို၍ ဆန်းကြယ်လာချေသည်။
သူ့ပတ်လည်ရှိ ပွဲကြည့်သူများကမူ အသက်အောင့်ကာ ထိုတာအိုသခင် ဘာလုပ်လေမည်လဲဟု မလွတ်တမ်း စောင့်ကြည့်နေသည်။ ထိုမန္တာန်ရွတ်သံကို ကြားသည့်အခါ ဟန်လိကမူ မျက်လုံးကစား၏။
ထိုအခိုက်တွင် တာအိုသခင်သည် သူ့လက်နှစ်ဖက်ကို ပူးကပ်၏။ သူ၏လက်ကို ပြန်ခွာသည့်အခါ သူ့လက်ကြားထဲတွင် မီးလုံးများ ပေါ်လာသည်။ အနီးအနားရှိ အပူချိန်က ရုတ်တရက် မြင့်တက်လာပြီး လေထဲတွင် မီးတောက်များ ပြည့်လျှံသွားသည်။
ဤသည်မှာ မီးစိတ်ဝိညာဉ်ရင်းမြစ်နှင့် ကျင့်ကြံသူအားလုံး သိရှိကြသော မီးလုံးပညာရပ်ကလွဲ၍ အခြား မဟုတ်လေပါ။
သို့သော် နောက်ထပ် ဖြစ်ပေါ်လာသော မြင်ကွင်းကမူ သေမျိုးများကိုသာမက ဟန်လိကိုပါ အကြီးအကျယ် တုန်လှုပ်သွားစေသည်။ အကြောင်းကား ရှိ၏။ တာအိုသခင်ဝူက သူ့လက်ဟန်ကို ပြောင်းလဲသည့်အခါ မီးလုံးများသည် တဖြည်းဖြည်းခြင်း ပေါင်းစပ်၍ လူအုပ်ကြီးရှေ့မှာပင် အသွင်ပြောင်းလဲလာသည်။ စစချင်းမှာ မီးတောက်များက တောင်ပံထွက်လာသည်။ ယင်းနောက် ခြေသည်းလက်သည်းများ၊ အမြီးများ ဆက်၍ ထွက်လာပြီး လူတိုင်းရှေ့တွင်ပင် မီးငှက်အဖြစ်သို့ ပြောင်းလဲသွားသောကြောင့်ပင်။
“ဒါက မီးငှက်ပညာရပ်များလား…”
ဤသည်ကို မြင်သည့်အခါ ဟန်လိသည် အာရုံစူးနစ်သွားကာ သူ့မျက်လုံးကိုပင် သူ မယုံကြည်နိုင် ဖြစ်ရလေ၏။
မီးငှက်ပညာရပ်ကား အလယ်အလတ်အဆင့် မှော်ပညာရပ်တစ်ခု ဖြစ်၏။ ဟန်လိကိုယ်တိုင် ၎င်းကို မဖမ်းဆုပ်နိုင်ခဲ့ပေ။ သို့သော် ချီစုဆောင်းခြင်း ကျင့်ကြံသူတစ်ယောက်က ၎င်းကို အသုံးပြုနိုင်စွမ်း ရှိနေသည်။ ယုံကြည်ဖို့ ခက်ခဲလွန်းလှ၏။ သို့သော် ဟန်လိသည် ခဏတာသာ တုန်လှုပ်သွားမိခဲ့တာ ဖြစ်၏။
ထိုတာအိုသခင်ဝူက သူ၏ မှော်ပညာရပ်ကို ထုတ်ဖော်ပြီး သိပ်မကြာခင်မှာ ဟန်လိသည် သည်မီးငှက်နှင့် မီးငှက်ပညာရပ်ကြား ကြီးမားလှသော ခြားနားချက်ကို တွေ့သွားသည်။
မီးလုံးများကနေ ဖန်တီးထားသော ယင်းမီးငှက်သည် မီးငှက်ပညာရပ်ဖြင့် ဖန်တီးသော မီးငှက်၏ ပုံပန်းအသွင် ရှိသော်ငြားလည်း အရွယ်အစား ကွာဟချက်ကမူ ကြီးမားလွန်းသည်။
မီးငှက်ပညာရပ်မှ မီးငှက်က ၎င်း၏ တောင်ပံကို ဖြန့်သည့်အခါ သုံးမီတာကျော် ရှိရမည်။ ထိုအစား တာအိုသခင် ဖန်တီးသော မီးငှက်ကမူ လက်သီးစုပ်ခန့်သာ ရှိနေသည်။
ဟန်လိကို ပိုသေချာသွားစေသည့်အရာမှာ သည်အတုအယောင်မီးငှက်ပညာရပ်၏ မှော်စွမ်းအား တုန်ခါလှိုင်းပမာဏကြောင့်ပင်။ အစစ်အမှန်မီးငှက်ပညာရပ်၏ အဖျက်အစီးစွမ်းအားသည် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများပင် လက်ခံဝံ့သော အရာ မဟုတ်လေပေ။ သို့သော် သည်သေးငယ်သော စာကလေးမီးငှက်ထံမှ ဖြာထွက်နေသည့် စွမ်းအားလှိုင်းများကမူ မီးလုံး၏ စွမ်းအားနှင့်သာ တူညီနေသည်။ ပိုသာမနေပေ။ ယင်းမှာ ပုံစံအသွင် ပြောင်းလဲထားရုံ သပ်သပ်မျှသာ ဖြစ်ဟန်တူသည်။
ဤသည်ကိုတွေ့မြင်ပြီးမှ ဟန်လိသည် စိတ်အားပြန်တက်ကြွလာကာ အတော်လေး ရယ်ချင်စရာ ကောင်းတာကို မြင်သည်။ သူသည် ထိုသို့သော လှည့်စားမှု အသေးအမွှားမျိုးဖြင့် လုံးဝ မလှည့်စားခံခဲ့ဖူးပေ။ အစောပိုင်းတုန်းက သူ၏ တုန်လှုပ်သွားခဲ့မှုမှာ အရှက်ရဖို့ ကောင်း၏။ သို့ပေမည့် ထိုသူ၏ မီးတောက်ကို ဆင့်ကဲ တိုးတက်စေသော ပညာရပ်ကမူ အမှန်တကယ် အထင်ကြီးဖို့ ကောင်း၏။ ဟန်လိသည် ထိုချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူလေးနှင့် မီးတောက်ထိန်းချုပ်ရာတွင် သူ့ကိုယ်သူ ယှဉ်နိုင်၊ မယှဉ်နိုင်ကို မသိပါ။
သည်တာအိုသခင်ကို ဟန်လိက စိတ်ဝင်စားမိလာ၏။
ထိုသူ၏ နောက်ထပ်ပြကွက်က ဟန်လိ၏ အတွေးများကို သက်သေပြပြီး ဖြစ်လေတော့သည်။
မီးငှက်လေးက ၎င်း၏ တောင်ပုံကို ဖြန့်ကာ မြည်သံ ပေးပြီးနောက် ၎င်းသည် အောက်သို့ ချက်ခြင်း ပြုတ်ကျသွားပြီး ခွေးတစ်ကောင်အဖြစ်သို့ ပြောင်းကာ တာအိုသခင်ဝူ၏ ဘေးပတ်ပတ်လည်တွင် လျှောက်ပြေးသည်။ တအောင့်အကြာ အနှီခွေးလေးက မီးမြွေအဖြစ်သို့ ပြောင်းသည်။ ထို့နောက်တွင် လူသေးသေးလေးအဖြစ်သို့ ပြောင်းပြန်သည်။
ထိုသို့သော အံ့အားသင့်ဖွယ်ကောင်းလှသော ဆက်တိုက်ပြကွက်များသည် သေမျိုးများကိုတော့ ပါးစပ်အဟောင်းသား ဖြစ်ကျန်စေခဲ့သည်။ သူတို့သည် အရင်က မှော်ပညာရပ်များကို လုံးဝ မမြင်တွေ့ဖူးခဲ့ကြသူများ မဟုတ်လား။
ထို့နောက်တွင် တာအိုသခင်က သူ့လက်ချောင်းဖြင့် ရုတ်တရက် တောက်ထုတ်သည်။ ထိုအခါမီးတောက်များသည် နောက်ဆုံး၌ မြင်းလေးတစ်ကောင် ဖြစ်သွားသည်။ ထိုမြင်းက ဘေးသို့ ခုန်ပေါက်ထွက်သွားသည်။ မျက်စိတမှိတ်အတွင်း မြင်းသည် မီးတောက်များအဖြစ် ပြန့်ကျဲကာ ပြာဖြစ်သွားတော့သည်။ ဤသို့ဤနှယ်ဖြင့် သည်တာအိုသခင်၏ ပြကွက်လည်း အဆုံးသပ်သွားခဲ့လေပြီ။
ပွဲကြည့်ပရိသတ်များက ငေးမောနေရာကနေ သတိဝင်လာပြီး ‘အင်မောတယ်တာအိုသခင်’ ဟု သံပြိုင်အော်ဟစ်ကြလေသည်။
သူတို့၌ ရှိနေခဲ့သော သံသယများလည်း လွင့်ပါးပျောက်ကွယ်သွားကြတော့သည်။ သူတို့သည် နည်းနည်းလေးမျှ မယုံမကြည် မဖြစ်ကြတော့ပေ။