မင်းသားငယ်
Vol. 21 Ch. 290
မင်းသားရှင်းသည် လူအုပ်ကို ပြုံး၍ ကြည့်နေသည်။ သူ့စိတ်ထဲတွင် ကျေနပ်မှုအပြည့်ပေါ့။
ကျင့်ကြံသူများနှင့် ပတ်သတ်ပြီး ဆိုရပါမူ သူတို့သည် အရင်တုန်းက လွှမ်းမိုးနိုင်သော မျိုးနွယ်များ၊ တော်ဝင်မိသားစုများ၌ ပေါ်လာလေ့ ရှိခဲ့ဖူးသည်။ သို့ပေမည့် မည်သည့်အတွက်ကြောင့်မှန်း မသိရဘဲ သူတို့သည် နောက်ပိုင်း၌ သေမျိုးလောက၌ ပတ်သတ်ထိတွေ့မှု အများကြီး နည်းလာခဲ့သည်။ ထိုသို့ဖြင့် အင်မောတယ်အရှင်ဝူကဲ့သို့ သူများသည် ဒဏ္ဌာရီလာ ဖြစ်လာသည်။ တော်ဝင်မိသားစုဝင်ဖြစ်သော မင်းသားရှင်းသည်ပင် အင်မောတယ်တစ်ယောက်ကို သူ၏ မျက်မြင် အခုမှ ပထမဆုံး မြင်ဖူးတာ ဖြစ်သည်။
ထိုတာအိုသခင် ဖော်ထုတ်ပြသခဲ့သော မှော်ပညာရပ်များသည် မင်းသားရှင်းကို အကြီးအကျယ် မျက်နှာရစေမှာ သဘာဝပင်။
တကယ်တော့ မင်းသားရှင်းသည် မဟာအင်မောတယ်စုဝေးပွဲ မကျင်းပခင်ကသာ ကျင့်ကြံသူများသည် သေမျိုးလောက၌ ပေါ်လာခဲ့တာကို မသိနေပေ။
အခြေခံတည်ဆောက်ခြင်းအဆင့်ကို လက်လျော့ထားသည့် အဆင့်နိမ့်လေလွင့်ကျင့်ကြံသူများကော၊ ကျင့်ကြံခြင်းဂိုဏ်းများမှ သူများကောသည် သေမျိုးလောက၌ ချမ်းသာကြွယ်ဝစွာ နေချင်ကြတော့သည်။ သို့သော်လည်း မဟာအင်မောတယ်စုဝေးပွဲကြောင့် ကျင့်ကြံသူများသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်နိုင်ဖို့ သူတို့၏ မျှော်လင့်ချက်များအတွက် တိုက်ခိုက်လာနိုင်သည်။ ထိုစုဝေးပွဲကြောင့် သူတို့သည် သေမျိုးလောက၌ ဘာကြောင့်များ ပေါ်လာဖို့ ရွေးချယ်ပါအုံးမည်နည်း။ တောတောင်များထဲတွင်သာ အပြင်းအထန် တံခါးပိတ် ကျင့်ကြံကြမှာ သဘာဝပင်။
ထိုသို့စိတ်ဓာတ်မရှိဘဲ သေမျိုးလောကတွင် လူရာလာဝင်ချင်ကြသော ယုဇီတောင်းကဲ့သို့ ကျင့်ကြံသူများကမူ ခြွင်းချက်ပင်။ ထိုသို့သော ကျင့်ကြံသူအရေအတွက်မှာလည်း နည်းလှပါသည်။ သူတို့သည် တော်ဝင်မိသားစုများထံ ဂုဏ်ထူးခံဧည့်သည်များ ဖြစ်လာကြသော်လည်း သူတို့၏ တည်ရှိမှုအကြောင်းကို အပြင်မှ ကျင့်ကြံသူများကို ပေးသိခွင့် မပြုဝံ့ကြပေ။
တကယ်တော့ သေမျိုးမျိုးနွယ်ကြီးတစ်ခုခု၏ ဧည့်သည်တော် ဖြစ်လာခြင်း ကိစ္စမှာ ကျင့်ကြံခြင်းလောကအတွက် အလွန်အမင်း အရှက်ရစရာ ကောင်းလှချေသည်။
သေမျိုးများကြား လူတွင်ကျယ် လာလုပ်သော အဆင့်နိမ့်ကျင့်ကြံသူများသည် သူတို့ကိုယ်သူတို့ အလွန်ဖုံးကွယ်ထားကြပေသည်။ အကြောင်းမှာ သူတို့၏ ကျင့်ကြံသူရောင်းရင်းများက သူတို့အပေါ် အထင်သေးအမြင်သေး ကြည့်မှာကို ကာကွယ်နိုင်ဖို့အတွက် ဖြစ်လေ၏။
သည်ဧည့်သည်လူအုပ်မှာ အရင်တုန်းက တခြားကျင့်ကြံသူများကို အမှန်တကယ် မမြင်ဖူးခဲ့ကြပေ။ သို့ဖြစ်၍ သူတို့အဖို့ ဒီတာအိုသခင်ဝူကို သူ၏ အလှပြကွက် မှော်ပညာရပ်များကြောင့် ကောင်းကင်ဘုံသားတစ်ယောက်ဟုပင် ထင်မြင်ကြမှာ သဘာဝပင်။
လူတိုင်း၏အကြည့်အောက်တွင် ဆံဖြူအဘိုးအို(ဝါ) တာအိုသခင်ဝူက မော်ကြွားသောဟန်နှင့် ရှိနေလေသည်။
ခုချိန်တွင် အစစ်ဆေးမခံရသေးသော လူငယ်လေးများသည် သူ့ကို ‘အင်မောတယ်အရှင်’ ဟု ခေါ်ဖို့ စိတ်မရှည်ကြတော့၊ သူတို့က သူ့နား ဝိုင်းအုံလာပြီး စိတ်ဝိညာဉ်ရင်းမြစ်များကို စစ်ဆေးကြည့်စေချင်ကြသည်။
ဆံဖြူအဘိုးအိုအင်မောတယ်ဝူသည် တက်တက်ကြွကြွပင်။ မငြင်းဆန်ဘဲ သူက ကျန်နေသေးသော လူတိုင်းကို စစ်ဆေးကြည့်ပေးသည်။
ကံမကောင်းစွာဖြင့် ဟွာမျိုးနွယ်နှင့် ချင်းမျိုးနွယ်တို့မှ ဂျူနီယာလေးများ၌ မည်သည့်စိတ်ဝိညာဉ်ရင်းမြစ်မှ ရှိမနေပေ။ သူတို့သည် သာမန်သေမျိုးများသာ။
သူတို့အတွက်တော့ ကြီးမားသော ရိုက်ချက်တစ်ခုပင်။ သူတို့အဖို့ တာအိုသခင်ဘေးကနေ ပြန်ထွက်လာရုံသာ တတ်နိုင်လေတော့သည်။ ကြည့်ရတာ အင်မောတယ်ကံမ္မသည် အလယ်တကူ ရောက်မလာနိုင်တာ အမှန်ဖြစ်ပုံ ရလေ၏။
ထိုသို့ဖြင့် လူအများသည် ‘ဖက်တီးလေးတုန်းကျင်း’ ကို မနာလိုအားကျစွာသာ ကြည့်နေရတော့သည်။ သည့်အတွက်ကြောင့် တာအိုသခင်ဘေးနားတွင် ရပ်နေကြသော အဖေနှင့်သားတို့၏ အပြုံးမှာ ရွှန်းရွှန်းဝေနေသည်။ သူတို့၏ စိတ်ခံစားချက်များကို ထိန်းထားနိုင်စွမ်း မရှိကြတော့ပေ။
ဟန်လိကမူ ငြင်းပယ်ခံရသော သခင်လေး၊သခင်မလေးများကို ခေါ်၍ ပြန်လာသော ချင်းယန်ကို မြင်သည့်အခါ သူ့အမူအရာသည် မပြောင်းလဲသွားခဲ့ပေ။ သူတို့က ဟန်လိကို ‘မကောင်းတဲ့ကောင်’ ဟူသော အကြည့်ဖြင့် လှမ်းကြည့်ကြသည်။
“ငါတော့ ခုထိ လက်မခံနိုင်သေးဘူး။ ငါတို့မှာ ဘာကြောင့်များ စိတ်ဝိညာဉ်ရင်းမြစ်တွေ မပိုင်ဆိုင်ရတာလဲဟာ၊ သူ့ထက် ငါတို့က အဆတစ်ရာလောက် ပိုတော်၊ပိုထက်တယ်မလား…”
ချင်းမျိုးနွယ်ရှိ သခင်မလေးတစ်ယောက်က မယုံကြည်နိုင်ဖြစ်နေသေးကာ တကိုယ်တည်း ထိုသို့ တီးတိုးရေရွတ်နေသည်။
“တော်လောက်ပြီ။ အဓိပ္ပာယ် မရှိတာတွေ ပြောမနေနဲ့တော့၊ ဘာမှ အထွန့်တက်နေစရာ မလိုဘူး…”
ချင်းယန်သည် တဖက်သို့ လှည့်ကာ ထိုမိန်းမပျိုကို မာန်မဲ၏။ သူ့အမူအရာမှာ သုန်မှုန်နေသည်။ ထို့နောက်တွင် သူက ထိုင်ခုံပေါ်မှာ ပြန်ထိုင်သည်။
သူ လှမ်းဟောက်လိုက်သောကြောင့် ချင်းမျိုးနွယ်စု၏ ထိုသခင်မလေးသည် ပါးစပ်ပိတ်သွားတော့သည်။ သူမ၏မျက်နှာထက်တွင်မူ မကျေမနပ်ဟန်ပန် ကျန်နေတုန်းပင်။
ထိုအချိန်တွင် အဘိုးအိုဟွာလည်း သူ့မြေးတွေနှင့်အတူ ပြန်ရောက်လာသည်။ စကားတခွန်းမှ မဆိုဘဲ သူက ချင်းယန်ဘေးမှာ ဝင်ထိုင်သည်။
သူတို့သည် တစ်ယောက်နှင့်တစ်ယောက် လှမ်းကြည့်မိသည်။ ရုတ်တရက် သူတို့သည် ခါးသီးစွာ ပြုံးမိကြ၏။ မသိလျှင် ညီအစ်ကိုချင်းချင်း နာကျင်မှုကို မျှဝေပေးကြသည့်နှယ်။
“ညီလေးချင်း…ဖက်တီးတုန်းကတော့ ရုတ်တရက်ကြီး ဒီလောကဟာ သူ့အပိုင်လို မျက်နှာပေးနဲ့ ဖြစ်သွားခဲ့ပြီပဲ…”
အဘိုးအိုဟွာသည် လှောင်ပြောပြောသည်။
“ဟူး…ဒါက ပုံမှန်ပါပဲ။ ကောင်းမွန်တဲ့ ကလေးတွေ ပိုင်ဆိုင်ထားတဲ့ ဘယ်သူမဆို အင်မောတယ်တစ်ယောက်ရဲ့ အကူအညီကို ချက်ခြင်း ရနိုင်တော့မှာ မလား…”
ချင်းယန်က သက်ပြင်းထပ်ချကာ မနာလိုနေသော လေသံဖြင့် ပြောလေ၏။
“ဒါပေမဲ့လည်း…”
အဘိုးအိုဟွာနှင့် ချင်းယန်တို့သည် စကားတစ်ထိုးနေကြတော့သည်။
သို့ပေမည့် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် စကားပြောဆိုနေကြသော်လည်း သူတို့၏ အာရုံတချို့တဝက်က အင်မောတယ်အရှင်ဝူနှင့် မင်းသားရှင်းတို့၏ အပြုအမူများထံ ကျရောက်နေသည်။
ထိုအခိုက်တွင် မင်းသားရှင်းသည် အင်မောတယ်ရင်းမြစ်အတွက် စမ်းသပ်စစ်ဆေးခံနေသော ဂျူနီယာများကို ကြည့်နေသည်။ ယင်းနောက်မှာ သူက မိန်းကလေးအစေခံတစ်ယောက်ဘက် ခေါင်းလှည့်ကာ သူမကို ခပ်တိုးတိုး ပြောသည်။
ထိုအစေခံမလေးသည် ချက်ခြင်းပင် ဘေးတံခါးထဲ ဝင်သွားလေ၏။
ထိုသို့ အမိန့်ပေးပြီးနောက်မှာ မင်းသားရှင်းသည် တဖက်သို့ ပြန်လှည့်လာပြီး သုံးလေးကြိမ်လောက် ချောင်းဟန့်ပြီး ပြုံး၍ ပြောလာသည်။
“ကျုပ်ရဲ့ ချစ်မြတ်နိုးရတဲ့ ကိုယ်လုပ်တော် နေပြန်ကောင်းမွန်လာတဲ့ အထိန်းအမှတ်ပွဲကို ကျင်းပတော့မယ်။ ကျုပ်ရဲ့သား ချွမ်းဇီနဲ့ တူတော်မောင်တုံးတို့ကိုလည်း အင်မောတယ်ဝူက တပည့်အဖြစ် လက်ခံပေးခဲ့ပြီး ဖြစ်တယ်။ ဒါ့ကြောင့် ကျေးဇူးပြုပြီး လူတိုင်းက သူတို့နဲ့ ပတ်သတ်ပြီး ဂုဏ်ပြုပေးကြပါ…”
ထိုသို့ပြောပြီးဆိုပြီးသည်နှင့် မင်းသားရှင်းက ချက်ခြင်း လက်ခုပ်တီးသည်။
“ဖြောင်း…ဖြောင်း…”
တအောင့်အကြာတွင် သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ထားသော အစေခံများသည် ခန်းမအပြင်ဘက်ကနေ အထဲသို့ လျှောက်လှမ်းလာကြသည်။ သူတို့၏ လက်ထဲ၌ အစားအသောက်များနှင့် အရက်များ ထည့်ထားသော လင်ဗန်းများကို သယ်ဆောင်လာကြသည်။
ကျွမ်းကျင်စွာဖြင့် ထိုအစေခံများသည် စားပွဲတစ်ခုချင်းစီထံ လှမ်းလာပြီး သေချာ ပြင်ဆင်ပေးသည်။ ခန်းမတစ်ခုလုံးတွင် မျက်စိတစ်မှိတ်အတွင်း အစားအသောက်ရနံ့များ၊ အရက်နံ့သင်းသင်းများဖြင့် ပြည့်နှက်သွားသည်။
“ကဲ…ဒီမင်းသားကပဲ အရင်ဆုံး ခွက်မြှောက်ပါ့မယ်…” မင်းသားရှင်းက ကျယ်လောင်စွာ ပြောလျက် အစေခံတစ်ယောက် တရိုတသေ ကမ်းပေးသော အရက်ခွက်ကို လှမ်းယူကာ ပင့်မြှောက်သည်။
“ကမ်းပေ့ပါ…မင်းသား…”
……
လူတိုင်းသည် အရက်တစ်ခွက်စီ မော့လိုက်ကြလေပြီ။ သည်ခန်းမမှာ ပို၍ အသက်ဝင်လာသည်။ မကြာမီ ဧည့်သည်များသည် တစ်ခွက်ပြီးတစ်ခွက် စမော့တော့သည်။
နောက်ဆုံးမှာတော့ ညစာစားပွဲ စတင်ခဲ့ပြီ။
မင်းသားရှင်း၏ ဟန်ပန်တွင် ထင်ထားသလိုမျိုး မော်ကြွားမောက်မာဟန် ရှိမနေပေ။
ချင်းယန်နှင့် တခြားသူများက မင်းသားရှင်းအပေါ် ချီးမွမ်းကြတာ အံ့ဩစရာ မရှိတော့ပါ။
အင်မောတယ်ဝူကမူ ထိုင်ခုံတွင် ဝင်မထိုင်၊ ထိုအစား သူက မင်းသားရှင်း ခွက်မြှောက်စဉ် စကားတခွန်းမှ မဆိုလေဘဲ ပြန်ထွက်သွားတော့သည်။
အင်မောတယ်ဝူက သည်ပျော်ပွဲရွှင်ပွဲအပေါ် စိတ်ပျက်လက်ပျက် ဖြစ်သွားလေသလားဟု လူတိုင်းက တွေးထင်ကြသည်။ သို့ပေမည့် ထိုသို့သော အတွေးက ပုံမှန်သာ။ သက်ရှိထင်ရှား အင်မောတယ်တစ်ယောက်အနေဖြင့် သေမျိုးတစ်ယောက်ကဲ့သို့ သောက်စားပျော်ပါးသည့်ပွဲတွင် ဘယ်ပါဝင်ပါ့မည်နည်း။
သူတို့က ထိုသို့တွေးမိပြီး သည်ကိစ္စကို ခေါင်းထဲမထားလေတော့ပေ။ သူတို့သည် တခြားသူများနှင့် စားကြသောက်ကြ၊ ပျော်ပါးကြလေတော့သည်။
စားသောက်ပွဲကျင်းပနေစဉ် အချိန်တစ်ဝက်လောက်မှာ မင်းသားရှင်းသည် ကျော့ရှင်းလှပသော အကမယ်များကို ခေါ်၍ ကပြခိုင်းသည်။ ထိုသို့ဖြင့် သည်ပွဲကို ပိုပျော်၊ပိုမြိုင်သွားစေသည်။
ထိုအချိန်တွင် အသက်နှစ်ဆယ်ဝန်းကျင်လောက် ရှိမည့် အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်သည် ခန်းမထဲ ဝင်လာသည်။ သူသည် အရပ်မြင့်မြင့်၊ ပိန်ပိန်သွယ်သွယ် ရှိ၏။ သူ၏ လှုပ်ရှားမှုကိုယ်ဟန်မှာ သေသပ်လှသည်။ အမျိုးသမီးထု၏ ရင်ထဲ၌ ရှိသည့် စိတ်ကူးယဉ်ချစ်သူတစ်ယောက်၏ ဟန်ပန်အသွင်မျိုးကို ပိုင်ဆိုင်ထားသော လူငယ်ပင်။
“မိုင်းအာ…လာခဲ့…မင်းဦးလေးတွေကို လာနှုတ်ဆက်ချေ…” မင်းသားချင်းက ထိုလူငယ်ကို မြင်သည့်အခါ အားရဝမ်းသာ လှမ်းခေါ်သည်။
မင်းသားရှင်းမှာ ချင်းယန်၏ စားပွဲနားတွင် ရောက်နေတာ ဖြစ်သည်။ လူငယ်က ပြုံး၍ လှမ်းလာလေသည်။
“ဦးလေးတို့နဲ့ ထပ်တွေ့ရတာ ဝမ်းသာစရာပါပဲ…” လူငယ်က ယဉ်ယဉ်ကျေးကျေး ပြောသည်။
“ကျုပ်က အဲ့လို အခေါ်မခံဝံ့ပါဘူး။ မင်းသားလေးက ယဉ်ကျေးလွန်းနေပါပြီ…”
ချင်းယန်နှင့် အဘိုးအိုဟွာတို့သည် ဟိတ်ဟန်ကြီးမနေဝံ့ကြဘဲ အလျင်စလို ထရပ်ကာ သည်လူငယ်ကို ပြန်နှုတ်ဆက်သည်။
“ခင်ဗျားတို့နှစ်ယောက်က သူ့ရဲ့ အကြီးအကဲတွေပါပဲ။ မိုင်းအာက ခင်ဗျားတို့ကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်သင့်ပါတယ်လေ။ ခင်ဗျားတို့က ဘာကြောင့်များ သူစိမ်းတွေလို ပြုမူနေရတာလဲ…”
မင်းသားရှင်းက မကျေမနပ်ဟန်ဖြင့် ဝင်ပြော၏။
ချင်းယန်နှင့် အဘိုးအိုဟွာတို့က သည်စကားကို ကြားသည့်အခါ တစ်ယောက်နှင့်တစ်ယောက် ကြည့်မိသွားပြီး အတန်ငယ် အရှက်ရသွားလေ၏။
မင်းသားရှင်း၏ စကားများက မမှန်တာ မဟုတ်၊ သို့သော် သူတို့နှစ်ယောက်က တော်ဝင်မိသားစုဝင်တစ်ယောက်ကို သူတို့၏ ဂျူနီယာကဲ့သို့ အဘယ်သို့ ပြုမူနိုင်ပါ့မည်နည်း။
သို့ပေမည့် ထိုနှစ်ယောက်လုံးမှာ အကင်းပါးသူများ ဖြစ်ကြသည်။ သူတို့က စကားစမြည် အနည်းငယ် ပြောကာ တခြားအကြောင်းအရာသို့ စကားလမ်းလွှဲသည်။ ထို့နောက်တွင် သူတို့က သူတို့နောက်ရှိ ဂျူနီယာများနှင့် မိတ်ဆက်ပေးသည်။
ဟန်လိသည်လည်း ထိုသို့ မိတ်ဆက်ပေးခံရသူများထဲ၌ ပါသည်သာ။
ဟန်လိကို မိတ်ဆက်ပေးချိန်တွင် မင်းသားရှင်း၏ မျက်လုံးက အရောင်တောက်သွားကာာ သူက ဟန်လိကို စိတ်ဝင်တစားဖြင့် အကြိမ်အနည်းငယ် စူးစမ်းကြည့်သည်။ သူ့မျက်နှာထက်တွင်လည်း ထူးခြားသောအပြုံးတစ်ခု ရှိနေလေ၏။ မင်းသားရှင်းမှာ ဟန်လိနှင့် ပတ်သတ်သည့် ကောလဟာလ စကားများအကြောင်း အနည်းအပါး သိထားတာ ထင်ရှားလေသည်။
“မိုင်းအာ…ဒီကိုလာခဲ့အုံး။ မင်းရဲ့ အစ်ကိုဟန်နဲ့ နှုတ်ဆက်စကားလေး ဘာလေး ပြောလိုက်ပါအုံး…”
မင်းသားရှင်း မည်သို့တွေးနေသလဲကို မသိရပါ။ သို့သော် မထင်မှတ်စွာဖြင့် သူသည် မင်းသားငယ်ကို ဟန်လိနှင့် မိတ်ဆက်ခိုင်းခဲ့သည်။
သူ့အဖေ၏ စကားကို ကြားသည့်အခါ မင်းသားငယ်က လှမ်းလာပြီး အစ်ကိုဟန် ဟု ယဉ်ကျေးစွာ နှုတ်ဆက်လေ၏။
ဟန်လိသည်လည်း ရူးကြောင်ကြောင်ဟန်အမူအရာဖြင့် ပြန်လည် နှုတ်ဆက်သည်။ သူသည် မင်းသားငယ်နှင့် မျက်နှာချင်းဆိုင်ရသည့်အခါ စိုးထိတ်နေသည့်နှယ်။ သို့သော် သူက သူ့တည်ငြိမ်မှုကိုတော့ ထိန်းထားသည်သာ။
မင်းသားငယ် သူ့ကို အနီးကပ် နှုတ်ဆက်လာချိန်တွင် ဟန်လိသည် သည်အိမ်တော်၏ အကြီးအကဲချုပ်ထံမှ ခံစားမိခဲ့သော အန္တရာယ်အာရုံကို အလားတူ ခံစားမိသည်။ ၎င်းခံစားချက်က အကြီးအကဲချုပ်လောက် အားမကောင်းသော်ငြားလည်း တူညီသော အန္တရာယ်အာရုံ ဖြစ်နေတာကိုတော့ သံသယ ရှိစရာ မလိုချေ။
သည့်အတွက်ကြောင့် ဟန်လိ၏ စိတ်ထဲ၌ တုန်လှုပ်မိသလို အံ့အားတသင့်လည်း ဖြစ်မိသွားသည်။