ရှောင်းမျိုးနွယ်
Vol. 21 Ch. 291
ထိုရုပ်ချောချောနှင့် မင်းသားငယ်ကမူ ဟန်လိ ဘာတွေးနေသလဲကို သိမနေပါ။ ထိုအစား သူက ချင်းမျိုးနွယ်၏ သခင်မလေးများနှင့် စကားလက်ဆုံ ကျနေသည်။
ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် စိတ်ထဲကနေ အေးစက်စက် လှောင်ရယ်၏။
ထိုမင်းသားငယ်ကို အမှန်တကယ် မေးခွန်းထုတ်သင့်လေပြီ။ ချင်းမျိုးနွယ်စုမှ သခင်မလေးများကသာ သူ့လက်ထဲ အမှန်တကယ် ကျရောက်သွားခဲ့ပါက ရလဒ်မှာ ကျိန်းသေပေါက် ကောင်းလိမ့်မည် မဟုတ်ပါ။ မင်းသားငယ်သည် သည်ကလေးမများကို ကစားကာ ချန်ထားခဲ့လျှင်ပင် သည့်အတွက်ကြောင့် ဟန်လိက ထူးဆန်းသည်ဟု ထင်နေမည် မဟုတ်ပေ။
ခဏအကြာ မင်းသားရှင်းက ချင်းယန်ကို နှုတ်ဆက်ပြီး တခြားစားပွဲများထံ မင်းသားငယ်ကို ခေါ်ကာ သွားရောက် နှုတ်ဆက်သည်။ ထိုအခါ မင်းသားငယ်နှင့် စကားလက်ဆုံ ကျနေသော ချင်းမျိုးနွယ်မှ ဂျူနီယာများနှင့် ဟွာမောင်နှစ်မတို့မှာ စိတ်ပျက်မိသွားရသည်။
ဟန်လိက သူ့ကို မည်သူကမျှ အာရုံမစိုက်နေတာကို အခွင့်ကောင်းယူကာ မင်းသားငယ်၏ နောက်ကျောထံ တချက်လှမ်းကြည့်သည်။ သူ့မျက်လုံးထဲ၌ တစုံတစ်ခု လှစ်ခနဲ ဖြတ်ပြေးသွားလေသည်။ သည်လိုဖြင့် နောက်ထပ် သုံးလေးနာရီလောက် ကြာမြင့်ပြီးနောက်မှာ ညစာစားပွဲက ပြီးဆုံးလေ၏။
ဧည့်သည်များက အပြည့်အဝ ကျေနပ်အားရသွားသည့်အခါ သူတို့သည် မင်းသားရှင်းကို နှုတ်ဆက်စကားများ စပြောနေပြီ။
ချင်းယန်သည်လည်း ဟန်လိနှင့် သူ့ဂျူနီယာများကို ခေါ်ကာ နှုတ်ဆက်သည်။ ထို့နောက်တွင် သူတို့သည် မင်းသားရှင်း၏ အိမ်တော်ရှေ့ ဂိတ်တံခါးဝကနေ ထွက်ခွာလာကြသည်။
ချင်းမျိုးနွယ်၏ သခင်ကြီးချင်းသည် ဟန်လိကို သူ့ရထားလုံးထံ ခေါ်လာခဲ့စဉ် ဟန်လိက ရုတ်တရက် တစုံတစ်ခုကို မေးလာသည်။ ဟန်လိ၏ အမေးကြောင့် ချင်းယန်မှာ အံ့အားတသင့် ဖြစ်မိသွားသည်။
“ဦးလေးချင်း…သူတို့က ဘယ်သူတွေလဲ ကျုပ်ကို ပြောပြပါ။ ဦးလေး သူတို့ကို သိပါသလား…”
ဟန်လိ၏ စကားများမှာ ယဉ်ကျေးပါ၏။ သို့သော် သခင်ကြီးချင်းကား နည်းနည်းလေးမျှ ပြန်မဖြေဝံ့ဘဲ မနေရဲပါ။ သူက တဖက်သို့ ခေါင်းလှည့်ကာ ပြန်ဖြေသည်။ “တူလေးဟန်က အဲ့နှစ်ယောက်အကြောင်းကို ပြောနေတာကို။ အဲ့လူက ရှောင်းမျိုးနွယ်ရဲ့ အရှင်သခင်ပဲ။ သူဟာ ယွဲ့ကျင်းရဲ့ နာမည်ကျော် ရသာတိမ်တိုက် စားသောက်ဆိုင် ပိုင်ရှင်ပဲ။ သူက အတော်လေး သိုသိုသိပ်သိပ် နေတတ်တဲ့အတွက် ကျုပ်တော့ သူနဲ့ သိပ်မရှင်းနှီးလှပါဘူး။ သူ့ဘေးက ကောင်လေးကတော့ သူ့ မြေး ဖြစ်နိုင်လောက်တယ်…”
ချင်းယန်သည် ဟန်လိက မြေးအဘိုးနှစ်ယောက်ထံ လှမ်းကြည့်ကာ ထိုသို့ မေးသည့်အခါ အံ့အားသင့်သွားခဲ့ပေသည်။ ဟန်လိက ဘာကြောင့်များ ထိုနှစ်ယောက်အပေါ် ရုတ်တရက်ကြီး စိတ်ဝင်တစား ရှိသွားလဲကို သူ မသိလေပေ။
“အို…ဒီလိုကို။ ဦးလေးချင်း…ခင်ဗျား အရင် ပြန်နှင့်ပါ။ ကျုပ် ပြီးတော့မှ အိမ်တော်ကို ပြန်လိုက်လာခဲ့မယ်…”
ဟန်လိက တွေးတွေးဆဆဖြင့် ခေါင်းညိတ်ပြီးနောက် ထိုသို့ ပြောသည်။
ချင်းယန်၏ အဖြေကို စောင့်မနေတော့ဘဲ ဟန်လိက အိမ်တော်နံရံဘေးနားသို့ ဖြည်းဖြည်းချင်း လျှောက်သွားလေသည်။ ချင်းယန်သည် ဟန်လိ၏ နောက်ကျောကို လှမ်းကြည့်နေသည်။ ထို့နောက်တွင် သူ့အကြည့်က ရှောင်းမျိုးနွယ်သခင်ထံ ကျရောက်သွားသည်။ သူသည် ဟန်လိက ဘာကြောင့်များ ထိုတစ်ယောက်အပေါ် စိတ်ဝင်စားနေသလဲကို သူ စဉ်းစားမရ ဖြစ်နေလေ၏။
သို့ပေမည့် ခဏ စဉ်းစားပြီးနောက်မှာ ချင်းယန်သည် ရထားလုံးထဲဝင်ရန်သာ ဆုံးဖြတ်လိုက်ပြီး သူ့အစေခံကို မောင်းဖို့ အမိန့်ပေးသည်။
ထိုသို့ဖြင့် ချင်းမျိုးနွယ်မှ ရထားလုံးများသည် မင်းသားရှင်းနေအိမ် အရှေ့ဂိတ်တံခါးကနေ ပြန်ထွက်ခွာလာကာ မြို့အရှေ့ပိုင်းရှိ ချင်းအိမ်တော်ထံ ပြန်လာကြသည်။
ချင်းမျိုးနွယ်မှ သခင်လေး၊ သခင်မလေးများမှာ ဟန်လိ ပျောက်သွားသည့်အပေါ် စိတ်မဝင်စားကြ၊ ထိုအစား သူတို့က မင်းသားရှင်း၏နေအိမ်၌ ကျင်းပသော ယနေ့ပွဲတောင်အကြောင်းကိုသာ ပြန်ပြောင်း ဆွေးနွေးနေကြလေသည်။
သူတို့သည် အတော့်ကို စိတ်လှုပ်ရှား ဖြစ်ခဲ့ကြသည်။ သူတို့၌ အင်မောတယ်ကံမ္မ မပိုင်ဆိုင်ထားသော်ငြား ယနေ့ကိစ္စရပ်ကို ပြန်ရောက်သည်နှင့် သူတို့၏ မိတ်ဆွေအသိများထံ ကြွားလုံးထုတ်နိုင်လေပြီ။
...
ဟန်လိသည် ဆယ့်ငါးမီနစ်လောက် မင်းသားရှင်းအိမ်တော်၏ မြင့်မားသော နံရံများကို ပတ်၍ လျှောက်လာပြီးနောက်မှာ အနောက်ဘက်ဂိတ်တံခါးထံ ရောက်လာသည်။
အခုချိန်တွင် အိမ်တော် အနောက်ဘက်တံခါးမှာ သေချာ ပိတ်ထားသည်။ ထိုနေရာတွင် မည်သူမျှ ရှိမနေပေ။ ဟန်လိသည် ပြုံးကာ ကျေနပ်သွားသည်။ လူသူကင်းရှင်းနေသဖြင့် သူက မည်သည့်ကွယ်ဝှက်ခြင်း မှော်ပညာရပ်ကိုမျှ အသုံးပြနေစရာ မလိုတော့ပေ။
သူသည် ထိုဂိတ်တံခါးဝရှေ့တွင် မောက်မာစွာ ရပ်နေလျက် ကောင်းကင်ထက်သို့ ပျင်းရိပျင်းတွဲဟန်ဖြင့် မော့ကြည့်နေလေသည်။ အချိန်ခဏ ကြာပြီးနောက်မှာ ဟန်လိသည် အတွေးထဲ နစ်မြောသွားပုံ ရသည်။
ရုတ်တရက် ဟန်လိသည် သူ့ထံ လူများ လျှောက်လာသည်ဟု ခံစားမိသည်။ သူက ခေါင်းပြန်ချကာ နောက်ဘက်သို့ အေးစက်စက် လှမ်းကြည့်သည်။
ရှောင်းမျိုးနွယ်သခင်နှင့် ယောက်ျားလေးကဲ့သို့ ဝတ်ဆင်ထားသော သူ့မြေးမတို့ကို ဟန်လိ လှမ်းမြင်သည်။ ထိုအဘိုးအိုက ဟန်လိကို မြင်သည့်အခါ ချီတုံချတုံဖြင့် စိုးထိတ်ဟန် ဖြစ်ပေါ်သည်။ တဖက်တွင်မူ သူ့မြေးမကမူ စူးစမ်းချင်စိတ် အပြည့် ဟန်ပန် ရှိနေကာ နည်းနည်းလေးမျှ ကြောက်လန့်နေပုံ မပေါ်ပေ။
အဘိုးအိုသည် တစုံတစ်ခုကို ချက်ခြင်း သဘောပေါက်မိကာ သူ့အမူအရာမှာ မတည်မငြိမ်ဖြင့် ပြာလောင်ခတ်နေသည်။ သူက ရှေ့ဆက်လျှောက်လာသည်။ အမျိုးသမီးငယ်က သူ့နောက်မှ ကပ်ပါလာသည်။
“ဂျူနီယာ ရှောင်းကျန်းက မင်းသားအိမ်တော်ထဲမှာ သက်ညှာပေးခဲ့အတွက် စီနီယာကို အများကြီး ကျေးဇူးတင်မိပါတယ်။ ကျုပ်က စီနီယာကို ရန်စမိသလို ဖြစ်ခဲ့ရင် အနူးအညွတ် တောင်းပန်ပါတယ်…”
ဟန်လိ၏ အရှေ့သို့ လျှောက်လာပြီးနောက်မှာ အရှင်ရှောင်းသည် ဟန်လိ၏ ကျင့်ကြံမှုအဆင့် မည်မျှ နက်ရှိုင်းတာကို မဆုံးဖြတ်နိုင်သေးဘဲ ရှိသည်။ သူ ပို၍ တုန်လှုပ်သွားသည်။ သူက ဟန်လိကို ဂါဝရပြုကာ တလေးတစား တောင်းပန်၏။
ထိုသို့ ဂါဝရပြုခံရသည့်အတွက်ကြောင့် ဟန်လိ၏ အမူအရာမှာ ပြောင်းလဲမသွားပေ။ ထို့နောက်တွင် သူက ပြောသည်။
“မင်းက စိတ်ဝိညာဉ်ချီ ကင်းမဲ့တဲ့ ဒီလိုနေရာမှာတော့ မကျင့်ကြံဘူးမလား။ ဘာကြောင့်များ မင်း ယွဲ့ကျင်းမြို့တော်မှာ ပေါ်လာရတာလဲ။ မင်းက သေမျိုးလောကမှာ ခမ်းနားထည်ဝါမှုတွေကို မက်မောနေတာလား။ မင်း ဆက်ပြီး မကျင့်ကြံချင်တော့တာလား…”
“စီနီယာ…နားလည်မှု လွဲနေပါပြီ။ ဂျူနီယာရဲ့ အသက်ဟာ အိုမင်းလွန်းနေတာကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့ အခွင့်အရေး မရှိတော့ပါဘူး။ ဒါ့ကြောင့် ဂိုဏ်းက သေမျိုးလောကမှာ ရင်းမြစ်တွေနဲ့ ပတ်သတ်ပြီး ကြီးကြပ်တာဝန်ယူခိုင်းလိုက်တာပါ။ သေမျိုးလောကကို ပြန်လာပြီး နေထိုင်နေတာ မဟုတ်ရပါဘူး…”
မိုးပြာဝတ်စုံဖြင့် အဘိုးအိုသည် ဟန်လိ၏ စကားများကို ကြားသည့်အခါ စိတ်အေးသွားပြီး တည်တည်ငြိမ်ငြိမ် ပြန်ဖြေသည်။
“မင်းက ဂိုဏ်းတစ်ခုရဲ့ တပည့်တစ်ယောက် ဟုတ်လား…” ဟန်လိသည် သူတို့ကို လွယ်လွယ်တော့ လွှတ်ပေးမည် မဟုတ်၊ ထိုသို့ ထပ်မေးပြန်သည်။
ဟန်လိသည် သည်မြေးအဘိုးအိုက မည်သည့်ဂိုဏ်းကမှန်း သိချင်နေသည်။ သူတို့ကသာ နာမည်ကျော်ဂိုဏ်းတစ်ခု ဖြစ်နေခဲ့ပါက သူ့အနေဖြင့် သူတို့ကို ရန်မစချင်ပေ။ သို့သော် သည်ရှောင်းဆိုသည့်လူမှာ ကျော်ကြားသော ဂိုဏ်းတစ်ခုမှ ဟုတ်ပုံ မရပေ။
ဟန်လိ၏ အမေးကို ကြားသည့်အခါ ထိုအဘိုးအိုသည် ခဏတော့ ချီတုံချတုံ ဖြစ်နေသေးသည်။ သူက သူ့ဘေးရှိ မိန်းမပျိုကို လှမ်းကြည့်ပြီးနောက်မှာ တရိုတသေ ပြန်ဖြေသည်။
“ဂျူနီယာဟာ ယွမ်စီရင်စုရဲ့ ဖန်းမြစ်စမ်းတောင်တန်းက ရှောင်းဂိုဏ်းကပါ…”
“ဖန်းမြစ်စမ်းတောင်တန်းက ရှောင်းဂိုဏ်း…” ဟန်လိသည် မျက်မှောင်ကြုံ့ကာ ထိုအမည်ကို စဉ်းစားကြည့်သည်။ သူ မကြားဖူးသော ဂိုဏ်းနာမည်တစ်ခု ဖြစ်နေတာ သေချာသွားသည်။
“စီနီယာ အများကြီး စဉ်းစားနေဖို့ မလိုပါဘူး။ ရှောင်းဂိုဏ်းဟာ ဂိုဏ်းငယ်လေးတစ်ခုပါ။ ဒီဂိုဏ်းနာမည်ကို မကြားဖူးတာ ပုံမှန်ပါပဲ…”
အဘိုးအိုရှောင်းက အရှက်ရဟန်ဖြင့် ထိုသို့ ပြော၏။ သူ့မျက်နှာမှာလည်း ရှုံ့တွသွားသည်။
ဟန်လိက နည်းနည်းတော့ အံ့အားသင့်သွား၏။ သူသည် ဒီရှောင်းဆိုသူကို သုံးလေးကြိမ်လောက် စူးစမ်းလျက် ပုံမှန်အသွင်ဟန်ပန်ဖြင့် တည်ငြိမ်စွာ မေးသည်။
“ခင်ဗျားက ပွင့်လင်းသားပဲ။ ကျုပ်က ခင်ဗျားတို့နှစ်ယောက်ကို ရှင်းထုတ်ပစ်မှာကို မကြောက်ဘူးလား…”
ထိုအဘိုးအိုရှောင်းမှာ ဟန်လိ၏ စကားကို ဘာမျှ မတုန့်ပြန်၊ သို့ပေမည့် မိန်းမပျိုကမူ အမြှီးတပ်နင်းခံရသော ကြောင်ပေါက်လေးကဲ့သို့ ခုန်ထွက်လာသည်။ သူမ၏ မျက်နှာဟန်ပန်မှာ တင်းမာနေပြီး သူမ၏ခါးထံ ချက်ခြင်း လက်တင်သည်။ သူမသည် သိုလှောင်အိတ်အပေါ် လက်ဖြင့် ဆုပ်ကိုင်လိုက်မှန်း မေးနေစရာ မလိုပေ။
သို့သော် တအောင့်အကြာ၌ မိန်းမပျိုက ဟန်လိကော၊ သူမ၏ အဘိုးဖြစ်သူကောကပါ အမှန်တကယ် မလှုပ်ရှား၊ မတိုက်ခိုက်တာကို မြင်သည်။ ရှက်ရွှံ့သွားပြီး နီရဲသော မျက်နှာဖြင့် သူမ လက်ကို ပြန်ချသည်။
အဘိုးအိုက ဤသည်ကို မြင်သည့်အခါ မိန်းမပျိုထံ တချက်လှမ်းကြည့်သည်။ ထို့နောက်တွင် သူက ဟန်လိဘက်သို့ ပြန်လှည့်ကာ ခါးသီးစွာ ပြုံး၍ ပြောသည်။
“ကျနော်က စီနီယာရဲ့ ကျင့်ကြံမှုအဆင့်ကို ဖြတ်မမြင်နိုင်မှတော့ စီနီယာဟာ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက် ဖြစ်မှာ သေချာပါတယ်။ ကျနော် ဒါကို ကောင်းကောင်း နားလည်ပါတယ်…”
“စီနီယာက ဂျူနီယာရှိက မှော်ပစ္စည်းတွေ၊ ရတနာတွေ၊ ဆေးလုံးတွေကို လိုချင်နေလိမ့်မယ်လို့ ဂျူနီယာအနေနဲ့ မထင်မိပါဘူး…”
“တကယ်လို့ စီနီယာက အဲ့လိုလူတစ်ယောက် တကယ် ဖြစ်နေခဲ့မယ်ဆိုရင်လည်း ဂျူနီယာ ဘာမှ မတတ်နိုင်ပါဘူး။ ကျနော့်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ထွက်ပြေးတာ၊ ခုခံတာဟာ အချည်းနှီးပဲ ဆိုတာကို သိပါတယ်။ စီနီယာက ဂျူနီယာတို့မြေးအဘိုးကို သက်ညှာပေးနိုင်မလား မေးကြည့်ပါရစေ၊ ဂျူနီယာရဲ့ မြေးမလေးကိုတော့ လွှတ်ပေးစေချင်ပါတယ်။ သူမဟာ ဒီဂျူနီယာရဲ့ တစ်ဦးတည်းသော မျိုးဆက်ဖြစ်လို့ပါ…”
ထိုအဘိုးအို၏ စကားတို့မှာ ညှိုးငယ်မှုအပြည့်ပင်။ အဘိုးဖြစ်သူ၏ ထိုစကားများကြောင့် မိန်းမပျိုသည် အလွန်အမင်း လန့်သွားသလို ဒေါသလည်း ထွက်မိသည်။ သူမက မကျေမနပ်ဖြင့် ခပ်သွက်သွက် ဝင်ပြောသည်။
“အဘိုး…သူ့ကို ကြောက်နေဖို့ မလိုပါဘူး။ သူကသာ အဘိုးကို ထိခိုက်စေချင်ရင် ကျမတို့ အတူတူ တိုက်ခိုက်ကြမယ်။ ကျမတို့ သူ့ကို ကြောက်နေဖို့ မလိုပါဘူး…”
ဟန်လိသည် အဘိုးအိုရှောင်းနှင့် မိန်းမပျိုတို့၏ စကားများကို ကြားသည့်အခါ သူတို့ကို ခဏ စိုက်ကြည့်သည်။ သို့သော် သူက ထိုမြေးအဘိုးနှစ်ယောက်က မည်သို့ကြံစည်နေတာကို နားလည်သွားသည့်အခါ ရယ်ချင်မိသွားသည်။
ထိုအဘိုးအို၏ နှိမ့်ချညှိုးငယ်သော စကားများကလွဲ၍ ဟန်လိသည် ထိုသူမှာ သေလမ်းရှာနေသည့် အရိပ်အယောင်ကို လုံးဝ မမြင်ရလေပေ။ သူ့မှော်စွမ်းအားလှိုင်းများက သူ ကြိုပြင်ဆင်နေတာကို ညွှန်ပြနေသည်။ လုံးလုံး အညံ့ခံမည် ရည်ရွယ်ချက် တစိုးတစိမျှ ရှိမနေပေ။
သူသာ သည်နှစ်ယောက်ကို ရတနာများအတွက် သက်ချင်ပါက သူတို့သည် အစွမ်းကုန် ခုခံကြဖို့ ကြံစည်ထားတာ ထင်ရှားသည်။
မိန်းမပျိုမှာလည်း အတော်လေး ရယ်ချင်စရာ ကောင်းလှ၏။
သူမ၏ စကားများသည် မာကြောခက်ထက်ဟန် ရှိသော်လည်း သူမသည် ဟန်လိကို ကြည့်မနေ၊ ဘေး ပတ်လည်သို့သာ အဆက်မပြတ် ကြည့်နေလျက် ကလိမ်ဉာဏ်ထုတ်ရန် ဟန်ပြင်နေပေသည်။
သို့သော် ထိုမိန်းကလေးက ဟန်လိသည် မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ ပထမအဆင့်ကို ပြီးမြောက်ထားသည့်အချိန်မှစ၍ သူ့ စိတ်ဝိညာဉ်အာရုံသည် ပုံမှန်ကျင့်ကြံသူများထက် များစွာ အားကောင်းနေတာကိုတော့ သိမနေပေ။ သူမ၏ လှည့်ကွက်လေးက ဟန်လိထံ ကျရှုံးနေပြီး ဖြစ်သည်။
ဟန်လိ၏ မျက်နှာထက်တွင် အသိရခက်သော အပြုံးတစ်ခု ပေါ်လာပြီး သူက ထိုမြေးအဘိုးကို တိတ်တဆိတ် လှမ်းကြည့်သည်။
ထိုမြေးအဘိုးနှစ်ယောက်သည် စတည်းက သူတို့၏ လေးနက်သုန်မှုန်သော ဟန်ပန်ကို ထိန်းထားနိုင်ကြသည်။ သို့သော် အချိန်တစ်ခု ကြာသည့်အထိ ဟန်လိက သူတို့နှစ်ယောက်ကို ပျင်းရိပျင်းတွဲဟန်ဖြင့် မထူးခြားနားစွာ ဆက်ကြည့်နေပြီးနောက်မှာ အဘိုးအိုရှောင်းနှင့် မိန်းမပျိုတို့သည် တစ်ယောက်နှင့်တစ်ယောက် အကြောင်သား ကြည့်မိကုန်လေသည်။
“စီနီယာက…ဘာများ ဖြစ်ချင်တာပါလဲ…”
နောက်ဆုံးတွင်တော့ မိန်းမပျိုသည် သည်းမခံနိုင်တော့ပေ။ အဘိုးအို၏ တားမြစ်ထားသော အကြည့်ကို ချိုးဖျက်ကာ သူက ဟန်လိအရှေ့သို့ ခုန်ဝင်ပြီး ဒေါသထွက်သည့်ဟန်ပန်ဖြင့် လက်ညှိုးထိုးကာ ထိုသို့ မေးလိုက်လေ၏။